Transparency Myanmar

transparency.myanmar@gmail.com

eaglecentre.blogspot.com မှ ကူးယူဖော်ပြသည်။ (By Lawi Weng, from The Irrawady) 5th Oct, 2009

အကယ်၍ မြန်မာအစိုးရသာ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ကို နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကိုသာ ဆက်လက်တောင်းဆိုနေမည်ဆိုပါက လက်နက်နှင့် ရင်ဆိုင်မှုများ ဖြစ်လာနိုင်ကြောင်း KIO အထွေထွေ အတွင်းရေးမှူးက စစ်အစိုးရ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့ပါသည်။

“ကျွန်တော်တို့ဟာ ရေရှည် ငြိမ်းချမ်းရေးကို လိုလားပါတယ်။ စစ်မဖြစ်ချင်ပါဘူး။ ဒါပေမဲ့ အစိုးရက ကျွန်တော်တို့တပ်တွေ အသွင်ပြောင်းဖို့ အတင်းအကျပ်လုပ်လာရင်တော့ ဒီဒေသရဲ့ ငြိမ်းချမ်းရေးကတော့ ပျက်စီးသွားမှာပဲ” ဟု KIO အထွေထွေ အတွင်းရေးမှူး လဂျာ(La Ja) က ဧရာဝတီသို့ တနင်္လာနေ့က ပြောကြားပါသည်။

လဂျာနှင့် KIO အဖွဲ့ဝင်များ ပါဝင်သော ကိုယ်စားလှယ်အဖွဲ့သည် ပြီးခဲ့သည့် အင်္ဂါနှင့် ဗုဒ္ဓဟူးနေ့များက မြောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်းနှင့် မြစ်ကြီးနားတွင် တွေ့ဆုံခဲ့ပါသည်။

လဂျာက တိုင်းမှူးသည် KIO ကို နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးကို ရည်ရွယ်၍ KIO ဌာနများအကြောင်း၊ KIO တပ်၏ စီမံခန့်ခွဲမှုအကြောင်းများနှင့် ပတ်သက်၍ မေးခွန်းများစွာ မေးပါသည်ဟု ပြောပါသည်။

KIO ခေါင်းဆောင်များသည် မြန်မာစစ်ခေါင်းဆောင်များနှင့် အဆိုပါ နယ်ခြားစောင့်တပ်နှင့် ပတ်သက်၍ ရှစ်ကြိမ်တိုင် တွေ့ဆုံခဲ့ပြီး ဖြစ်ပါသည်။ KIO က ကချင်ပြည်နယ်စောင့်တပ်အဖြစ် အသွင်ပြောင်းရေးကိုသာ အဆိုပြုတင်ပြခဲ့ပါသည်။

“ကျွန်တော်တို့ဟာ တစ်ချိန်မှာ နယ်ခြားစောင့်တပ်အဖြစ်ပြောင်းဖို့ လုံးဝသဘောတူပါတယ်။ ဒါပေမဲ့ အခုအချိန်ဟာ ပြောင်းဖို့အချိန်မရောက်သေးပါဘူး။ ပြောင်းလဲဖို့ဆိုရင် အချိန်ရော အခြားအချက်အလက်များရော လိုအပ်ပါတယ်” ဟု လဂျာက ပြောပါသည်။ လဂျာက ဆက်လက်ပြောကြားရာတွင် KIO တပ်သည် ဗဟိုအစိုးရ၏ နယ်ခြားစောင့်တပ် ဖြစ်လာမှာဖြစ်ကြောင်း၊ သို့သော် မြန်မာနိုင်ငံမှာ စစ်မှန်သော ဒီမိုကရေစီ ကျင့်သုံးနိုင်သော နိုင်ငံရေးပြုပြင်ပြောင်းလဲမှု ပြုလုပ်နိုင်သည့် အချိန်ကျမှသာ အသွင်ပြောင်းပေးမှာ ဖြစ်ကြောင်း၊ ထည့်သွင်းပြောကြားသွားပါသည်။

ရှမ်းပြည်နယ် အရှေ့မြောက် တရုတ်နိုင်ငံ နယ်စပ်ရှိ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်မဟာ ၄ ကို ရုတ်သိမ်းရန် အစိုးရက အမိန့်ပေးသည်ဆိုသော သတင်းမှာမူ မဟုတ်ကြောင်း KIO က ပြောပါသည်။

အစိုးရနှင့် ငြိမ်းချမ်းရေးသဘောတူထားသော အဓိက လက်နက်ကိုင်အဖွဲ့ ၁၇ ဖွဲ့က စစ်အစိုးရ၏ နယ်ခြားစောင့်တပ် ပြောင်းလဲရေးအဆိုပြုချက်ကို လက်မခံကြောင်း ပြောကြားခဲ့သည်။

အစိုးရ၏ နယ်ခြားစောင့်တပ် ပြောင်းလဲရေးအတွက် သတ်မှတ်ထားသော နောက်ဆုံးရက်မှာ အောက်တိုဘာဖြစ်သည်။ ၂၀၀၈ ခုနှစ် အခြေခံဥပဒေအရ ငြိမ်းချမ်းရေးယူထားသော တိုင်းရင်းသား လက်နက်ကိုင်တပ်များသည် အစိုးရ၏ လက်အောက်တွင်သာ ရှိရမည်ဟု ဆိုသည်။

0 comments:

Post a Comment