Transparency Myanmar

transparency.myanmar@gmail.com

မြန်မာနိုင်ငံတွင် အငြင်းပွားဖွယ်ရေနံပိုက်လိုင်း တည်ဆောက်မှုစီမံကိန်းကို ဦးဆောင် လုပ်ကိုင်နေသူ ကိုရီးယားကုမ္ပဏီက ကမ္ဘာ့အင်အားကြီး သံမဏိကုမ္ပဏီကြီးတစ်ခုထံမှ စိတ်ဝင်စား မှုကို လက်ခံရရှိပြီးနောက် ရှယ်ယာဈေးနှုန်းများတက်သွားကြောင်း ထုတ်ပြန်ကြေငြာခဲ့သည်။
          ငွေကြေးအဖွဲ့အစည်း ကိုးခုက ၎င်းတို့စုဆောင်းထားသော ကုမ္ပဏီတွင် ရင်းနှီးမြှုပ်နှံထား သည့် ငွေပမာဏ၏ ၆၈%ကို ရောင်းချရန် ကြေငြာအပြီးတွင် ဒေ၀ူးအင်တာနေရှင်နယ်အနေဖြင့် စိတ်ပါဝင်စားမှုများကို ဆွဲဆောင်နိုင်ခဲ့သည်ဟု ရိုက်တာသတင်းများအရ သိရှိရသည်။
          ရှယ်ယာတန်ဘိုးမှာ အမေရိကန်ဒေါ်လာ ၁.၈ဘီလျံခန့်ရှိပြီး ကမ္ဘာ့နံပါတ်(၆) အင်အားကြီး သံမဏိကုမ္ပဏီ ပေါ်စကိုမှ စိတ်ဝင်စားကြောင်း ဖော်ပြခဲ့ခြင်းဖြစ်သည်။
          ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းအမည်ရှိ အမေရိကန်ဒေါ်လာ (၆.၇)ဘီလျံတန်ဘိုးရှိသော ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းတည်ဆောက်ရေးစီမံကိန်းတွင် ပါဝင်နေသော ဒေ၀ူးကုမ္ပဏီ၏ အခန်းကဏ္ဍနှင့်ပတ်သက်၍ ပြင်းထန်စွာဝေဖန်မှုများရှိနေသည့်ကြားမှ ယခုသတင်းများထွက်ပေါ် လာခဲ့ခြင်းဖြစ်သည်။
          မြန်မာနိုင်ငံမှ ဘင်္ဂလားပင်လယ်အော်နှင့် တရုတ်နိုင်ငံတောင်ပိုင်း ယူနန်ပြည်နယ်ကို ဆက်သွယ်မည့်ရေနံပိုက်လိုင်းကို တည်ဆောက်နေသော ကုမ္ပဏီအုပ်စုအား ဒေ၀ူးက ဦးဆောင် နေခြင်းဖြစ်သည်။ ၎င်းပိုက်လိုင်းသည် အရှေ့အလယ်ပိုင်းမှ ရေနံတင်သင်္ဘောများဖြင့် ရောက်လာ သောရေနံများကို မြန်မာနိုင်ငံအားဖြတ်၍ ပို့ဆောင်ပေးမည်ဖြစ်သည်။
          မြန်မာအစိုးရ၏ ကောင်းမွန်စွာပံ့ပိုးမှုပေးထားသည့် စီမံကိန်းမှ ရရှိသောအကျိုးအမြတ်များ ကြောင့် ဒေ၀ူးကုမ္ပဏီယခုကဲ့သို့ အောင်မြင်တိုးတက်လာခြင်းဖြစ်သည်။
          မြန်မာနိုင်ငံတွင်းရှိ ထုတ်လုပ်မှုကုန်ကျစရိတ်များမှာ အခြားနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် အနည်းဆုံးဖြစ်သည်ဟု ယူဆရပြီး အကြောင်းရင်းများစွာရှိသည့်အနက် သဘာဝပတ်ဝန်းကျင် ဆိုင်ရာကဏ္ဍများ၏ အားနည်းချက်များသည်လည်း တစိတ်တပိုင်းပါဝင်နေပါသည်။
          စောင့်ကြည့်လေ့လာရေးအဖွဲ့များက ပိုက်လိုင်းသွယ်တန်းမှု ဒေသတလျှောက်တွင်ရှိသော စစ်ဖက်အုပ်ချုပ်ရေး၏ ပါဝင်ပတ်သက်မှုနှင့် သဘာ၀၀န်းကျင်ထိခိုက်ယိုယွင်းစေမှုများကြောင့် လူသားနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ကုန်ကျစရိတ်ကြီးမားလိမ့်မည်ဟု သတိပေးထားသည်။
          စောင့်ကြည့်လေ့လာရေးအဖွဲ့များက ဆက်လက်၍ အိုင်အယ်အို (ILO) ၏ သတင်း ထုတ်ပြန်ချက်များအတိုင်း ကိုးကားပြီး တိုးတက်ဖွံ့ဖြိုးရေးခေါင်းစဉ်အောက်ရှိ မြန်မာနိုင်ငံတ၀ှမ်းရှိ စီမံကိန်းများမှ လက်ရှိအလုပ်သမား ၈သောင်းကျော်မှာ အခကြေးငွေအနည်းငယ် (သို့မဟုတ်) လုံးဝပေးခြင်းမရှိဘဲ အတင်းအကြပ်ခိုင်းစေခြင်းခံနေရကြောင်း ဖော်ပြထားသည်။
          တပ်မတော်အစိုးရသည် လတ်တလောတွင် အမေရိကန်ဒေါ်လာ 4.83 ဘီလျံကို စင်္ကာပူဘဏ်များသို့ တရားမ၀င်နည်းလမ်းများဖြင့် ရွှေ့ပြောင်းအပ်နှံခဲ့ကြောင်း အမ်သ်ရိုက်အင်တာ နေရှင်နယ်မှ စွပ်စွဲခဲ့ပြီး ပုံမှန်မဟုတ်သော ငွေလဲလှယ်မှုနှုန်းထားများကို အသုံးပြု၍ လူထု၏ ငွေစာရင်းများမှ ငွေများကို အလွဲသုံးစားပြုနေကြောင်းလည်း ထပ်မံစွပ်စွဲလိုက်သည်။

0 comments:

Post a Comment