Transparency Myanmar

transparency.myanmar@gmail.com

eaglecentre.blogspot.com မှ ကူးယူဖော်ပြသည်။
(By Hwang Jang- Jin) (From The Korea Herald Newspaper: 8- 10- 2009)

အမေရိကန် ပြည်ထောင်စု သမ္မတ Barack Obama သည် မြောက်ကိုရီးယားအရေးအပါအဝင် နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် မဟာမိတ်ပြုမှုဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ သမ္မတ Lee Myung-bak နှင့် ထိပ်သီးဆွေးနွေးပွဲ ကျင်းပရန် နိုဝင်ဘာ ၁၈ မှ ၁၉ ရက်အတွင်း ဆိုးလ် မြို့သို့ သွားရောက်လိမ့်မည်ဟု Cheong Wa Dae က ယမန်နေ့က ကြေညာသည်။

နိုဝင်ဘာ ၁၄ မှ ၁၅ နှစ်အတွင်း စင်ကာပူနိုင်ငံတွင် ကျင်းပခဲ့သော Asia Pacific Economic Cooperation Summit သို့ နှစ်နိုင်ငံ ခေါင်းဆောင်များ တက်ရောက်ခဲ့ပြီးနောက် ယခုခရီးစဉ် ပေါ်ထွက်လာခြင်းဖြစ်သည်။ Obama သည် ဂျပန်နိုင်ငံနှင့် တရုတ်နိုင်ငံသို့လည်း သွားရောက်မည် ဖြစ်သည်။

ယခုထိပ်သီးဆွေးနွေးပွဲသည် မြောက်ကိုရီးယား အရေးတွင် ပူးပေါင်းဆောင်ရွက်ရေး မူဝါဒအပေါ် ပိုမိုအာရုံစိုက်လုပ်ဆောင်ရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်သည်။ ပြီးခဲ့သော လကုန်ပိုင်းတွင် “လီ” က “ကြီးကျယ်ခမ်းနားသော ဈေးဆစ်မှု”(Grand Bargain) ကို အဆိုပြုလိုက်ပြီး နိုင်ငံတကာ အသိုင်းအဝန်း၏ စီးပွားရေးပိတ်ဆို့မှုနှင့် လုံခြုံရေးအာမခံမှုများကို လက်ခံ၍ ပြုံးယမ်း၏ နျူကလီယားအစီအစဉ်များကို ဖျက်သိမ်းပေးရန် တိုက်တွန်းလိုက်သည်။

နှစ်နိုင်ငံ ဥပဒေပြု အာဏာပိုင်အဖွဲ့များ အဆင့်တွင် ရပ်တန့်နေသော လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက်များ ရှေ့ဆက်၍ အကောင်အထည်ဖော်ရေး အပါအဝင် နှစ်နိုင်ငံကြား ဖြစ်ပေါ်လာနိုင်သော အရေးကိစ္စများကို သမ္မတနှစ်ဦး ဆွေးနွေးကြလိမ့်မည်ဟု တာဝန်ရှိသူများက ပြောကြားသည်။

အနာဂတ်သို့ ဦးတည်သော “ကိုရီးယား - အမေရိကန် မဟာဗျူဟာ မိတ်ဖက်” အပါအဝင် နှစ်နိုင်ငံအကြား ပိုမိုနက်ရှိုင်းကျယ်ပြန့်စွာ ပူးပေါင်းဆောင်ရွက်သွားမည့် ဆက်ဆံရေးနှင့် ပတ်သက်သော ကိစ္စရပ်များကို သမ္မတ Lee နှင့် သမ္မတ Obama တို့ ဆွေးနွေးကြမည်ဟု Cheong Wa Dae က ပြောကြားခဲ့ပါသည်။

“လီ” နှင့် အိုဘာမားတို့နှစ်ဦးသည် ရာစုနှစ်ဝက်ကျော်နေသော ကာကွယ်ရေး မဟာမိတ်ပြုမှုကို ကမ္ဘာလုံးဆိုင်ရာ ပိုမိုကျယ်ပြန့်သော မဟာဗျူဟာမိတ်ဖက် အဖြစ် အသွင်ပြောင်းလဲရန် ကတိပြုထားသော ပူးတွဲဆုံးဖြတ်ချက်ကို ဇွန်လက လက်ခံချမှတ်ခဲ့ပါသည်။

ခေါင်းဆောင်နှစ်ဦးသည် ကမ္ဘာလုံးဆိုင်ရာ ငွေကြေး အကျပ်အတည်း၊ ရာသီဥတုပြောင်းလဲမှု၊ နျူကလီယား မပြန့်ပွားရေးနှင့် အကြမ်းဖက်မှု တန်ပြန်နှိမ်နင်းရေး ကိစ္စများ အပါအဝင် နိုင်ငံတကာ ကိစ္စရပ်များကိုလည်း ဆွေးနွေးကြမည်ဟု သိရှိရပါသည်။

လီ နှင့် အိုဘားမား တို့၏ ထိပ်သီးဆွေးနွေးပွဲသည် ဧပြီလက လန်ဒန်တွင် တစ်ကြိမ်၊ ဇွန်လတွင် ဝါရှင်တန်၌ တစ်ကြိမ် ကျင်းပခဲ့ပြီးနောက် ယခု တတိယအကြိမ်မြောက် ကျင်းပခဲ့ခြင်းဖြစ်သည်။

0 comments:

Post a Comment