Transparency Myanmar

transparency.myanmar@gmail.com

အောက်တိုဘာ ၇

ရန်ကုန်ယူနိုက်တက်ဘောလုံးအသင်းနှင့် ရတနာပုံ အက်ဖ်စီ အသင်းတို့ ကစားသောပွဲတွင် မန္တလေးတိုင်း ဒုတိယတိုင်းမှူးမှ ထူးကုမ္ပဏီ၏ ထိပ်ပိုင်းခေါင်းဆောင်များကို ခြိမ်းခြောက်ဆက်ဆံခဲ့ကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ တစ်ဦးက ပြောကြားသည်။

အောက်တိုဘာလ ၁ ရက်နေ့က ဗထူးအားကစားကွင်း၌ ပြုလုပ်သော ရတနာပုံ အက်ဖ်စီနှင့် ရန်ကုန်ယူနိုက်တက်တို့ ယှဉ်ပြိုင်သော ဘောလုံးပွဲတွင် အရေးကြီး ပုဂ္ဂိုလ်များထိုင်ခုံရှေ့တန်းတွင် ထိုင်နေသော ထူးကုမ္ပဏီမှ မန်နေဂျာများနှင့်အတူ ဘောလုံးပွဲကြည့်ရှုနေသူများ၏ စာရင်းနှင့် ကိုယ်ရေးရာဇဝင်ကို ၎င်းထံ စုဆောင်း အစီရင်ခံရမည်ဟု ဒုတိုင်းမှူးမှ ရုံးဖိုင်တစ်ခုကို ပစ်ပေါက်ညွှန်ကြားခဲ့ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။

မြန်မာ့တပ်မတော်မှ တိုင်းမှူးအဆင့်၊ တပ်မမှူးအဆင့်၊ ဗျူဟာမှူးအဆင့်ရှိသူ တချို့သည် လက်ရှိတပ်မတော် ထိပ်ပိုင်းခေါင်းဆောင်ကြီးများနှင့် အလွမ်းသင့်၍ ကြွယ်ဝချမ်းသာနေသော လုပ်ငန်းရှင်များနှင့် တိုင်းရင်းသားအပစ်အခတ်ရပ်စဲရေး အဖွဲ့များမှ ခေါင်းဆောင်များအား အမြင်မကြည်၊ နှစ်သက်ခြင်းမရှိ၍ အခွင့်သာလျှင် သာသလို အာဏာပြဆက်ဆံလေ့ရှိကြောင်း မြန်မာ့အရပ်ဖက်၊ စစ်ဖက် ဆက်ဆံရေးကို စောင့်ကြည့်လေ့လာနေသူတစ်ဦးက ပြောကြားသည်။

“နာဂစ်ကယ်ဆယ်ရေးတုန်းက ထိပ်တန်းကုမ္ပဏီပိုင်ရှင် သူဋ္ဌေးကြီးတချို့ သတင်းမပို့လို့ ဆိုပြီး တပ်ရင်းမှူးအဆင့်လောက်က အကျယ်ချုပ်နဲ့ ကန့်သတ်တာမျိုးတောင် ရှိတယ်” ဟု ၎င်းက ဆိုသည်။

ထူးကုမ္ပဏီအနေဖြင့် ရန်ကုန်ယူနိုက်တက်အသင်း၏ ပရိသတ် ၂၅၀၀ ကျော်အား ရထား ၂ စီး၊ အဝေးပြေးခရီးသည်ယာဉ် အစီး ၃၀ နှင့် ကျပ်သိန်း ၅၀၀ ကျော်ကုန်ကျခံ၍ ရတနာပုံ အက်ဖ်စီ အသင်းနှင့် ကန်မည့်ပွဲအား ကြည့်ရှုရန် စီစဉ်ပေးခဲ့ကြောင်း အပတ်စဉ်ထုတ် အားကစားဂျာနယ်များ၌ ဖော်ပြခဲ့သည်။

ဘောလုံးပွဲ အပြီး၌ ရန်ကုန်ပရိသတ်များ လိုက်ပါလာသော ယာဉ်များအနီးသို့ မန္တလေးပရိသတ်အချို့မှ ဆိုင်ကယ်ဖြင့် ဘေးချင်းယှဉ်ကပ်၍ ခဲဖြင့် ပစ်ပေါက်သကဲ့သို့ မြို့ဟောင်းဘူတာအနီးတွင်လည်း အမြန်ရထား ၂ စီးကို ခဲဖြင့် ပစ်ပေါက်ခဲ့၍ ရန်ကုန်ပရိသတ်များ ဒဏ်ရာရရှိခဲ့ကြောင်း အပတ်စဉ်ထုတ် သတင်းစာများမှ သိရှိရသည်။

ရတနာပုံအက်ဖ်စီအသင်းက ၂ ဂိုး ၁ ဂိုး နှင့် အနိုင်ရရှိသော အဆိုပါပွဲစဉ်တွင် မန္တလေးပရိသတ်များ ဒေသစွဲနှင့် တစ်ဖက်သတ်အားပေးခြင်းသည် မဖြစ်သင့်သော်လည်း အတွေ့အကြုံနည်း၍ ရင့်ကျက်မှုမရှိသေးသော ပရိသတ်များအဖြစ် လက်ခံခွင့်လွှတ်လို့ ရကြောင်း ထူးကုမ္ပဏီမှ မန်နေဂျာအဆင့် ထိပ်ပိုင်းဝန်ထမ်းများကို မန္တလေးတိုင်းမှူးမှ ခြိမ်းခြောက်ပြဿနာရှာခြင်းကိုမူ စဉ်းစားမရကြောင်း ရန်ကုန်မှ ဘောလုံးဝါသနာရှင်တစ်ဦးက သုံးသပ်ပြောကြားသည်။

အဆိုပါ မန္တလေး ဒုတိုင်းမှူးသည် ရခိုင်ပြည်နယ် စစ်တွေတွင် ဒကစမှူး (စစ်ဒေသ ကွပ်ကဲရေးမှူး) မှ မန္တလေးသို့ ဒုတိုင်းမှူးအဖြစ် ရွှေ့ပြောင်းလာခြင်း ဖြစ်ကြောင်း သိရှိရသည်။

မြန်မာ့တပ်မတော် ဖွဲ့စည်းပုံအရဖြစ်စေ၊ နယက စစ်ကောင်စီ ဖွဲ့စည်းပုံအရဖြစ်စေ၊ ဒုတိယတိုင်းမှူး အများစု၏ အခန်းကဏ္ဍ မှေးမှိန်နေတတ်ပြီး အကယ်၍ တိုင်းမှူးများ ရာထူးအဆင့်မြင့်သွားလျှင်လည်း တပ်မမှူးအများစုသာ တိုင်းမှူးဖြစ်လာလေ့ရှိကြောင်း စစ်ရေးအကဲခတ်သူ တစ်ဦးက သုံးသပ်ပြောကြားသည်။

Eaglecentre.blogspot.com မှကူးယူဖော်ပြသည်။

0 comments:

Post a Comment