Transparency Myanmar

transparency.myanmar@gmail.com

မြန်မာဖွဲ့စည်းပုံ အခြေခံဥပဒေသည် လူမျိုးစုအဖွဲ့များအတွက် သေဒဏ်ဖြစ်နေ
The Irrawaddy, 13th Oct 09
မြန်မာနိုင်ငံတွင် မိုးရာသီ ကုန်ဆုံးတော့မည် ဖြစ်သည့်အလျှောက် မြန်မာနိုင်ငံအရှေ့ပိုင်းတွင် ရှိသော လူမျိုးစု ကရင်ရွာသားများသည် စစ်တပ်၏ သတ်ဖြတ်ခြင်း ခံရမည့် အန္တရာယ်ကို ရင်ဆိုင်ရတော့မည် ဖြစ်သည်။ ယခု ပြုလုပ်မည့် စစ်ဆင်ရေးအသစ်သည် ဇွန်လက ပြုလုပ်ခဲ့သော စစ်ဆင်ရေးထက် ပိုမိုကြီးမားမည်ဟု မျှော်လင့်ထားကြသည်။ ဇွန်လစစ်ဆင်ရေးကြောင့် လူ (၆၀၀၀) ခန့်သည် သူတို့၏ အသက်အန္တရာယ်ကြောင့် ထွက်ပြေးခဲ့ကြသည်။
စစ်ဆင်ရေးအသစ်သည် ဖာပွန်မြို့နယ်ရှိ ဒူပလာရားနှင့် မူသရောတို့တွင် ပြုလုပ်မည် ဖြစ်ကြောင်း ယုံကြည်လောက်သည့် သတင်းရရှိထားပါသည်။ အဆိုပါဒေသအတွင်း၌ မိုးရာသီတစ်လျှောက်လုံးတွင် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြသည်။ လွန်ခဲ့သည့် (၃) နှစ် ကာလအတွင်းက မြန်မာအစိုးရစစ်တပ်များသည် မိုးရာသီတွင် များသောအားဖြင့် အပစ်အခတ် ရပ်စဲထားခဲ့သော်လည်း ယခုအခါ အရပ်သားတို့မှာ ခေတ္တ ခဏသာ ငြိမ်းချမ်းမှုကို ရခဲ့ရသည်။
အဘယ်ကြောင့် အဆိုပါ စစ်ဆင်ရေးများမှာ အရေးကြီးသလဲဟု မေးစရာ ရှိပါသည်။ အကြောင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲ၍ ဖမ်းဆီးထားမှု သက်တမ်းတိုးခြင်း၊ လွန်ခဲ့သည့် ၂ နှစ်အတွင်း နိုင်ငံရေးအကျဉ်းသားဦးရေ ၂ ဆ တိုးလာခြင်း၊ ငြိမ်းချမ်းရေးယူထားသော အဖွဲ့များနှင့် အပစ်အခတ် ရပ်စဲရေးကို ချိုးဖောက်၍ အဆိုပါ လူမျိုးစုလက်နက်ကိုင် အဖွဲ့အစည်းများကို စစ်အစိုးရတပ်၏ ထိန်းချုပ်မှုအောက်တွင် ထားရှိရန် တောင်းဆိုခြင်းအကြောင်းရင်းတို့နှင့် အတူတူပင် ဖြစ်သည်။ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ မပြုလုပ်မီ အတိုက်အခံ ဆန့်ကျင်ဘက်အားလုံးနှင့် လူမျိုးစုများကို ချေမှုန်းပစ်ရန် ဖြစ်သည်။
ရွေးကောက်ပွဲသည် ဖွဲ့စည်းပုံအခြေခံဥပဒေ အသစ်ကို ပေါ်ပေါက်လာစေပြီး အာဏာရှင်စနစ်ကို လူထု အကြားတွင် တရားဝင် ဖြစ်ပေါ်စေပြီး လွှတ်တော်က စစ်တပ်အလိုကျ အကောင်အထည်ဖော်ပေးလိမ့်မည် ဖြစ်ပါသည်။ မြန်မာဗိုလ်ချုပ်များအတွက်မူ ဤဖွဲ့စည်းပုံ အခြေခံဥပဒေသည် ၎င်းတို့၏ အုပ်ချုပ်မှုကို ဆက်လက် တည်တံ့စေရန် ရည်ရွယ်သည်။
ယခင်ကလည်း အကြိမ်ပေါင်းများစွာ လိမ်ညာခဲ့ဖူးသည့် သရုပ်ကို သိသော်လည်း အပြည်ပြည်ဆိုင်ရာ အသိုင်းအဝန်းသည် သူတို့၏ ထောင်ချောက်ထဲသို့ ကျရောက်နေပြီ ဖြစ်ပါသည်။ တိုင်းပြည်အများစုသည် ရွေးကောက်ပွဲပြုလုပ်ရန် ကိစ္စကိုသာ အာရုံပြုထားလျက် ရှိပါသည်။ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်လာရေးနှင့် နိုင်ငံရေးအရ အခွင့်အလမ်းများ ရရှိရန် မျှော်လင့်နေကြသည်။
လွန်ခဲ့သော နှစ်က အခြေခံဥပဒေကို အတည်ပြုရန် လူထုဆန္ဒခံယူပွဲကို နာဂစ်မုန်တိုင်းကြောင့် လူသန်းပေါင်းများစွာ အစာရေစာနှင့် နေစရာမဲ့နေသည့်ကြားက ပြုလုပ်ခဲ့သည့် စက်ဆုပ်ဖွယ်ကောင်းသော ဖြစ်ရပ်ကို အပြည်ပြည်ဆိုင်ရာအသိုင်းအဝိုင်းက မေ့များနေပြီလားဟု မေးရမည်သာ ဖြစ်သည်။ ပြည်သူ့ဆန္ဒ ခံယူပွဲက နိုင်ငံရေးအခွင့်အလမ်း ဘာကိုမှ ဖန်တီးပေးခဲ့ခြင်း မရှိပါ။
ဆန္ဒမဲ ပေးရန် လှုံ့ဆော်သူများကို ညှင်းပန်းနှိပ်စက်သည်။ ဖမ်းသည်။ ရိုက်နှက်ခဲ့ကြသည်။ မရိုးသားမှုများ လုပ်ခဲ့သော ပြည်သူ့ဆန္ဒခံယူပွဲက (၉၂) ရာခိုင်နှုန်းက ထောက်ခံသည်ဟု မယုံကြည်နိုင်လောက်သော အဖြေကို ပေးခဲ့သည်။ ထိုဆန့်ကျင်ဘက် ဖြစ်နေသည့် သက်သေများ ရှိနေလျက်နှင့် (၂၀၁၀) ရွေးကောက်ပွဲသည် နိုင်ငံရေးအခွင့်အလမ်းသစ်ကို ဖြစ်ပေါ်စေမည်ဟု တချို့က ငြင်းဆိုနေဆဲ ဖြစ်သည်။
ရွေးကောက်ပွဲကို အာရုံပြုနေကြသည့် ကာလအတွင်း ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ပတ်သက်၍ အာရုံပြုမှု လျော့ခဲ့ရသည်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေပေါ်တွင် အလေးထားသော နိုင်ငံအနည်းစုကပင်လျှင် ပါလီမန်၏ ၂၅ ရာခိုင်နှုန်းသော နေရာကို စစ်တပ်အတွက် ပေးခြင်းနှင့် စစ်တပ်မှ ပြောင်းလဲမှုများအပေါ် ဗီတိုအာဏာသုံးနိုင်ရန် ခွင့်ပြုထားခြင်းများသည် ဒီမိုကရေစီနှင့် ကိုက်ညီမှု မရှိကြောင်း ပြောကြားခဲ့သည်။
နိုင်ငံတော်အကြီးအကဲသည် စစ်တပ်မှ ဖြစ်ရမည်ဟု ဖော်ပြထားသော ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ ဖြည့်စွက်ချက်များသည် အထူးအာရုံပြုစရာ ဖြစ်နေသည်။
ဘုန်းကြီး ၄၀၀,၀၀၀ ခန့်မှာ မဲပေးပိုင်ခွင့် မရှိခဲ့ပါ။ လက်ရှိဖိနှိပ်ချုပ်ချယ်သော ဥပဒေများကိုလည်း ပြင်ဆင်ခြင်း မရှိခဲ့ပါ။
ဤဖွဲ့စည်းပုံအခြေခံ ဥပဒေသည် လူမျိုးစုများအပေါ် မည်သို့ သက်ရောက်မှုရှိမည်ဟု ဘယ်သူကမှ ဂရုပြုခဲ့ခြင်း မရှိခဲ့ပါ။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေသည် လူမျိုးစုများအတွက် သေမိန့်သာ ဖြစ်ပါသည်။ စစ်တပ်က ခန့်ထားသော တိုင်းမှူးများကသာ လူမျိုးစုတို့၏ ဒေသများကို ထိန်းချုပ်မည် ဖြစ်သည်။ ကိုယ်ပိုင်အုပ်ချုပ်ရေး အဆင့် မရှိပေ။
ကျွန်ုပ်တို့ရဲ့ ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့ထုံးစံများကို အကာအကွယ်ပေးမှုများ မရှိပါ။ ကျွန်ုပ်တို့ရဲ့ ရိုးရာဓလေ့များကို ကျင့်သုံးဖို့ အခွင့်အလမ်းရော ဘာသာ စာပေနှင့် စကားကို သင်ကြားခွင့်လည်း ရှိမည်မဟုတ်ပေ။ ဗမာမှု ပြုခြင်း လုပ်ဆောင်မှု အဆင့်ဆင့်သည် ဆယ်စုနှစ် တစ်ခုခန့် ရှိခဲ့ပြီး ဆက်လက်၍လည်း လုပ်ဆောင်ဦးမည် ဖြစ်သည်။
ကရင်တို့သည် ကိုယ်တွေ့အတွေ့အကြုံများအရ ဤလုပ်ဆောင်မှုသည် မည်မျှ ဆိုးရွားကြောင်းကို သိရှိပြီး ဖြစ်သည်။ မြစ်ဝကျွန်းပေါ်ဒေသနှင့် ရန်ကုန်မြို့တွင် ရှိသော ကရင်များသည် သူတို့၏ လူမျိုးသတ်မှတ်ချက်များ မရှိတော့ဘဲ မျိုးဆက်သစ်များသည် မိမိ၏ မိခင်ဘာသာစကား စာပေကိုပင် မဖတ်တတ်၊ မရေးတတ် ဖြစ်နေကြပေသည်။ လူမျိုး၏ သမိုင်းကိုလည်း မသိရှိတော့ဘဲ အလုပ်ရှာဖွေရာတွင် လူမျိုးရေးခွဲခြားမှုများကို ရှောင်ရန် မြန်မာအမည်များကိုသာ မှည့်ခေါ်လာကြသည်။ ကျွန်ုပ်တို့ မျှော်မှန်းသည်မှာ လူမျိုးစုတို့၏ ရပိုင်ခွင့်များကို အာမခံချက်ပေးမည့် ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖြစ်ပါသည်။
အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းသည် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲမှ ဖြစ်ပေါ်လာမည် ဆိုသည့် နိုင်ငံရေးအခွင့်အလမ်းများကို ကျေနပ်စွာ စောင့်ကြည့်နေကြပါသည်။ သူတို့သည် ရန်ကုန်နှင့် နေပြည်တော်အနီးတွင် ရှိသော အရေးကြီးသော ကိစ္စရပ်များကိုသာ အာရုံစိုက်နေချိန်တွင် ကျန်ပတ်ဝန်းကျင်တွင် ရှိဒေသအားလုံးတွင် ပိုမိုဆိုးရွားသော လူ့အခွင့်အရေးကိစ္စများနှင့် လူသားချင်းဆိုင်ရာ ပြဿနာများ ဖြစ်နေပါသည်။ ၎င်းတို့အနေဖြင့် လက်ရှိအခြေအနေ အရေးကြီးမှုကို သိရှိ၍ နိုးထလာစေရန် လိုအပ်နေပြီ ဖြစ်သည်။
ပြဿနာက ကျွန်ုပ်တို့ မျက်စိရှေ့မှာပင် ဖြစ်ပေါ်လာနေပြီ ဖြစ်သည်။ လူမျိုးစုများအပေါ် စစ်တပ်က တိုးမြှင့်တိုက်ခိုက်ခြင်းသည် ကြီးမားသော လူသားချင်းဆိုင်ရာ ပြဿနာကို ဖြစ်စေပြီး ဒေသတွင်း မတည်ငြိမ်မှုကိုလည်း ပိုမိုဖြစ်ပွားစေပါသည်။ ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတွင် ထောင်ပေါင်းများစွာသော ဒုက္ခသည်များ ရောက်ရှိနေပြီ ဖြစ်သည်။ ကရင်နီနယ်နှင့် ရှမ်းပြည်နယ်တို့သို့ စစ်တပ်များ ပိုမိုတပ်စွဲစေခဲ့ပြီး ဗိုလ်ချုပ်များသည် ငြိမ်းချမ်းရေးသဘောတူညီချက်ကို ချိုးဖောက်ထားပြီး ဖြစ်သည့်အလျှောက် ကချင်နှင့် မွန်ပြည်နယ်တို့တွင် စစ်ဖြစ်ပွားရန် ဦးတည်လျက် ရှိပါသည်။
လက်ရှိနေထိုင်ကြသော ကျွန်ုပ်တို့ အနေဖြင့် ကမ္ဘာ့ကုလသမဂ္ဂသည် အာဏာရှင်စနစ်က လုံခြုံရေးကောင်စီနှင့် အထွေထွေညီလာခံတို့ကို ဆန့်ကျင်လျက် သူ့သဘောကျ လမ်းစဉ်အတိုင်း လုပ်ဆောင်နေခြင်းကို ခွင့်ပြုပြီး အဘယ်ကြောင့် ကျေနပ်နေရသနည်းဟု နားမလည်နိုင်တော့ပါ။
ကုလသမဂ္ဂက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ လူမျိုးစု ကိုယ်စားလှယ်များနှင့် အာဏာရှင်တို့အကြား (၃) ပွင့်ဆိုင် ဆွေးနွေးမှုများ ပြုလုပ်ရန် အချိန်နှင့်အမျှ ပြောကြားခဲ့သည်။
ကရင်အမျိုးသားအဖွဲ့က ဆွေးနွေးရန် အသင့်ရှိသည်။ အခြားသော လူမျိုးစုအဖွဲ့များကလည်း အဆင်သင့်ဖြစ်သည်။ ဗိုလ်ချုပ်များကသာ ဆွေးနွေးရန် ငြင်းဆန်နေကြသည်။ ကုလသမဂ္ဂကလည်း ဆွေးနွေးမှုသာရှိပြီး လုပ်ဆောင်အကောင်အထည်ဖော်မှု ဘာမှမရှိခြင်းက သူတို့အတွက် ကံကောင်းစေပါသည်။

--
Posted By icypress to Sensible Rumour at 10/21/2009 09:44:00 PM

0 comments:

Post a Comment