Transparency Myanmar

transparency.myanmar@gmail.com

27th Oct, 09 (Irrawaddy)

အင်္ဂါနေ့မနက် နာရီခန့်က KNU နှင့် ၎င်းစစ်ဘက်အဖွဲ့အစည်း KNLA မှ ခေါင်းဆောင် ၁ဝ ဦးကျော်တို့၏ အိမ်များ၊ ရုံးများကို ထိုင်းစစ်တပ်နှင့် ရဲများက ဝင်ရောက်စီးနင်းခဲ့သည်ဟု KNU သတင်းများက ဆိုပါသည်။

KNU ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မြ၏ သား ဗိုလ်မှူးကြီး နာဒဲမြ၏ ဇနီးကို နေအိမ်တွင် ပေါက်ကွဲစေနိုင်သော ယမ်းမှုန့်များ တွေ့ရှိရမှုဖြင့် ရဲက ထိန်းသိမ်းထားသည်ဟု သိရသည်။

ယခုကဲ့သို့ ဝင်ရောက်စီးနင်းခြင်း၏ ရည်ရွယ်ချက်ကိုမူ ရှင်းလင်းစွား မသိနိုင်သေးပါ။

KNU ဥက္ကဋ္ဌဗိုလ်ချုပ်တာမလာတော၊ KNU အထွေထွေ အတွင်းရေးမှူး ဇစ်ဗိုရာစိန်၊ KNU ဒုတိယဥက္ကဋ္ဌ စောဒေးဗစ်တာကာဘောတို့၏ နေအိမ်များကို ထိုင်းရဲက စီးနင်းရှာဖွေခဲ့ခြင်း ဖြစ်သည်။

ထိုင်းလုံခြုံရေးအရာရှိများက ခဲယမ်းမီးကျောက်များကို ရှာဖွေခဲ့ခြင်း ဖြစ်သော်လည်း KNU / KNLA ခေါင်းဆောင်များ၏ အိမ်များတွင် တွေ့ရှိရခြင်းမရှိ၍ ဖမ်းဆီးထိန်းသိမ်းခြင်း မခံခဲ့ရပါဟု ဆိုပါသည်။

ပြည်ပရောက် လူမှုရေးနှင့် နိုင်ငံရေး အဖွဲ့အစည်းများ၏ ရုံးများနှင့် ရွှေ့ပြောင်းနေထိုင်သော ဒုက္ခသည်များ၏ ကျောင်းများကို လုံခြုံရေးအရ ပိတ်ထားခဲ့ပါသည်။ ရှာဖွေစီးနင်းမှုများ ပိုမိုဖြစ်ပွားလာစရာ ရှိသည်ဟူသော ကောလာဟလသတင်းများ မဲဆောက်မြို့တွင် ပျံ့လွင့်လျက် ရှိသည်။

ထိုင်းအာဏာပိုင်များသည် ယခုနှစ်စောစောပိုင်းမှ စ၍ KNU/ KNLA ခေါင်းဆောင်များအပေါ် ဖိအားပေးမှုများ ပိုမိုပြုလုပ်လာခြင်း ဖြစ်သည်ဟု လေ့လာသူများက ပြောပါသည်။

မဲဆောက်မြို့ရှိ ပြည်ပရောက် မြန်မာအဖွဲ့အစည်း ခေါင်းဆောင်များက မဲဆောက်မြို့၏ လုံခြုံရေး အခြေအနေသည် ပိုမိုဆိုးဝါးလာပြီး မြန်မာတပ်မတော်က ကျင်းပပေးမည့် ၂၀၁၀ ရွေးကောက်ပွဲ အပြီးတွင် ပိုမိုအန္တရာယ်ရှိလာလိမ့်မည်ဟု ခန့်မှန်းပါသည်။

မြန်မာအစိုးရ၏ မဟာမိတ်ဖြစ်ပြီး KNU မှ ခွဲထွက်လာသည့် DKBA နှင့် KNU/ KNLA ငြိမ်းချမ်းရေးကောင်စီတို့သည် မြန်မာ့တပ်မတော်၏ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များတွင် ပါဝင်ပူးပေါင်း လုပ်ဆောင်နေကြပြီး မဲဆောက်အခြေစိုက် အတိုက်အခံအဖွဲ့အစည်းများကို ခြိမ်းခြောက်ရန် ရည်ရွယ်ပုံရသည်ဟု ဆိုပါသည်။

KNLA သည် မြန်မာအစိုးရကို ၁၉၄၈ မှစ၍ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

၁၉၉၅ တွင် မာနယ်ပလောရှိ KNU ဌာနချုပ်ကို မြန်မာ့တပ်မတော်က သိမ်းပိုက်ခဲ့ပြီးနောက် KNLA သည် ထိုင်း-မြန်မာ နယ်စပ်အနီးရှိ မြန်မာနိုင်ငံအရှေ့ပိုင်း သစ်တောများတွင် ယာယီအခြေစိုက်၍ မြန်မာ့စစ်တပ်ကို ပြောက်ကျားစစ်ဆင်ရေး ဆင်နွှဲနေခြင်း ဖြစ်သည်။

ပြီးခဲ့သော မတ်လတွင် ထိုင်းအာဏာပိုင်များက KNU ခေါင်းဆောင်များကို ထိုင်းပိုင်နက်ပေါ် ရှိနေခိုက် စစ်ရေးလှုပ်ရှားမှုများ မပြုလုပ်ရန် တားမြစ်ခဲ့ပြီး မဲဆောက်သို့ ဝင်ရောက်လိုပါက ခွင့်ပြုချက်ရယူရန် အမိန့်ပေးခဲ့ပါသည်။

ယခု သီတင်းပတ်တွင် ထိုင်းနိုင်ငံ ချာအမ်း၌ ကျင်းပသည့် ၁၅ ကြိမ်မြောက် အာဆီယံထိပ်သီးညီလာခံတွင် မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်က ထိုင်းဝန်ကြီးချုပ် အဘီဆစ်ဗဲ့ဂျာဂျီဗာအား "ထိုင်းနိုင်ငံကို တိုက်ခိုက်မည့် မည်သူကိုမဆို မြန်မာပိုင်နက်အား အသုံးပြုခွင့်ပေးလိမ့်မည်မဟုတ်" ဟု ပြောကြားခဲ့ပါသည်။

 



--
Posted By icypress to Sensible Rumour at 10/28/2009 09:23:00 AM

0 comments:

Post a Comment