Transparency Myanmar

transparency.myanmar@gmail.com

မျက်ခင်းစိမ်းပေါ်က ကစားပွဲု

(သစ်ထိန်)

          ပရိုလိဂ်အစပိုင်း ပွက်လောရိုက်လာသော မေးခွန်းများတွင် အောက်ပါမေးခွန်းတစ်ခုလည်း အပါအဝင်ဖြစ်သည်။

" ဒီလောက်ဆင်းရဲတဲ့နိုင်ငံမှာပိုက်ဆံသိန်းထောင်ချီသုံးပြီး ဘောလုံးအသင်းထောင်၊ ပရိုလိဂ်လုပ်၊ ရည်ရွယ်ချက်က ဘာလဲ"

          အထက်ပါရည်ရွယ်ချက်နှင့် ပတ်သက်၍ ဘောလုံးဥက္ကဌ ဦးဇော်ဇော် အမြဲတမ်း ပြောဆိုလေ့ ရှိသော စကားတစ်ခွန်းရှိသည်။

" အမျိုးသားအားကစားဖြစ်တဲ့ ဘောလုံးကို တိုးတက်စေချင်လို့ပါ၊ ကမ္ဘာ့အဆင့်မီချင်လို့ပါ"

          လေ့လာသူများကမူ ထိုထက်ပိုသည်။ သို့မဟုတ် ထိုမျှမကဟု ဆိုကြသည်။အဓိက ပြဿနာမှာ ဗိုလ်ချုပ်ကြီး၏ စေတနာ။ ဗိုလ်ချုပ်မှူးကြီး၏ အမိန့်မရဘဲနှင့် နိုင်ငံတွင်းမည်သည့်အရာမျှ ကြီးကြီးမား မား "လှုပ်" ၍မရသော မြန်မာနိုင်ငံတွင် ဘောလုံးကို ဆုကြေးစားပြိုင်ပွဲအသွင်ပြောင်းရာ၌ ၎င်း၏ ဆန္ဒ အရသာ ဖြစ်လာသည်ဆိုခြင်းကို မည်သို့မျှ သံသယမရှိကြပါ။အချို့ကမူ 'သူတို့မြေးအဖိုး၏တစ်ရေးနိုး အကြံပေါ်တာပါ' ဟုပင်ဆိုကြသည်။

          ဗိုလ်ချုပ်မှူးကြီး၏ မြေးဖိုးလပြည့် အမည်ရနေရွှေသွေးအောင်မှာ ဘောလုံးတွင်သည်းသည်း လှုပ်ကြောင်း နီးစပ်သူအားလုံးသိသည်။ ဂျပန်နာမည်ကျော် ဘောလုံးသမားနာကာတာ လာရောက်၍ ရန်ပုံငွေပွဲကန်တုန်းကပင်ဝင်ဟဲလိုက်သေးသည်။ ထိုပွဲတုန်းကလည်းဖိုးလပြည့်လေး ဂိုးသွင်းနိုင်အောင် ဟ ပေးခဲ့ရဖူးသည်ဟူ၏။ ထားတော့..

          ပြန်ကောက်ရလျှင် ဗိုလ်ချုပ်မှူးကြီး၏ မြန်မာနိုင်ငံအပေါ်ထားသောစေတနာ။ ဘယ်တုန်းကမှ မမှန်ခဲ့သော စေတနာ။ ယခုထူးထူးဆန်းဆန်း စေတနာမှန်သွားသည်ဆိုလျှင်မူ အံ့သြဖွယ်ရာဖြစ်သည်။

          စနစ်ဆိုးအောက်မှ စေတနာမမှန်ကြောင်းကို လက်ဝေခံဘောလုံးအသင်းပိုင်ရှင်များ၏ ဘောလုံးအသင်းစီမံခန့်ခွဲပုံများကလည်း သက်သေထူနေသည်။ အပေါ်လွင်ဆုံးကိစ္စမှာ ယင်းအသင်း ပိုင်ရှင်များသည် မိမိတို့၏ ဘောလုံးအသင်းတွင် ပေါ်ပြူလာဖြစ်သော လူကြိုက်များသော နေရာများတွင် ငွေပုံသုံးလေ့ရှိသည်ပင်။ဥပမာ-ကြေငြာခြင်းများ၊အသင်းနိုင်လျှင်ငွေမည်မျှသုံးမည်ဟု အသံဟစ်ခြင်း။(တစ်ကယ်ပေးမပေးမူကား မည်သူမျှမသိပါ)

          အချို့အသင်းပိုင်ရှင်များသည်  အရှုံးပွဲများအတွက်ပင် ဆုပေးလိုက်သေးသည်။ ဘောလုံးအသင်းကို ပေါ်ပြူလာဖြစ်အောင်လုပ်ရာတွင် အထင်ရှားဆုံးမှာ ဒေါက်တာစိုင်းဖြစ်သည်။လိဂ်စသည်နှင့် အပီအပြင်ကြေငြာသည်။ နိုင်ငံခြားဘောလုံးသမားသာမက နည်းပြကိုပါခေါ်သည်။ (ယင်းအချိန်က နိုင်ငံခြားနည်းပြခေါ်ရန် မည်သည့်အသင်းမျှလေသံမဟသေးပါ။)အားကစားမီဒီယာများနှင့် နွေးထွေးစွာ ဆက်ဆံသည်။ သာမန်စီးပွားရေးလုပ်ငန်းရှင်ဘဝတွင် သတင်းထောက်များနှင့် ရှားရှားပါးပါးသာ တွေ့ဆုံလေ့ရှိသော် လည်း 'ဘောလုံးအတွက်ဆိုလျှင် welcome' ဆိုသည့်အဆင့်ရှိလာသည်။

          တဖက်တွင်မူ ဘောလုံးအသင်းများကို အဓိကမဏ္ဍိုင်ပြုထားသော ဘောလုံးသမားများ(လူမြင် ကောင်းရန် လစာအများအပြားပေးထားသည်ဆိုသော်လည်း) အာဟာရနှင့် ပတ်သက်၍မူ မည်မည်ရရ စီမံမှုမရှိကြောင်း နီးစပ်သူအချို့က ဆိုသည်။ ၎င်းတို့၏ အစားအသောက်အတွက် တစ်နေ့ကို ၃၅၀၀ ကျပ်မှ ၅၀၀၀ ကျပ်အထိသာ သုံးသည်ဆိုလျှင် စာရှုသူ ယုံဖွယ်ရာရှိမည်မထင်။ သို့သော် ယင်းကားအမှန်တစ်ကယ်ဖြစ်ရပ်။

          ဘောလုံးအသင်းတစ်သင်း၏ ဘောလုံးသမားတစ်ဦးချင်းစီ၏  ခန္ဓာကိုယ်နှင့် အာဟာရ ဓါတ်လို အပ်ချက်ကို ပညာရှင်များကတွက်ချက်၍ စီမံရသည်။ဘောလုံးသမားများကိုမောင်းရန်သာသိပြီးအားကစားသမားအကြောင်းဘုမသိ၊ဘမသိ ပိုင်ရှင်များအနေဖြင့် "တခါတခါ အနားယူခြင်းက ပိုကောင်းသည်" ဟူသော ဘောလုံးသမားများအ တွက် အဆိုကိုပင် ကြားဖူးမည်မထင်ပါ။

          "ဘောလုံးအသင်းအများစုက ဆိုင်ကထမင်းကို ချိုင့်ဆွဲကျွေးတယ်။ ကြက်ဥ၊နွားနို့်ပါတယ်" ဟု ဘောလုံးအသင်းတော်တော်များများ အာဟာရနှင့် ပတ်သက်၍ စီမံခန့်ခွဲပုံကို မယုံမရှိပါနှင့်။သို့ဆိုလျှင် နိုင်ငံတကာအဆင့်မီကျင်းပနေသည်ဆိုသော မြန်မာနေရှင်နယ်လိဂ်မှာ ရပ်ကွက်ပွဲများနှင့် ဘာများခြား နားပါသနည်း။          ရပ်ကွက်ပွဲများတွင်လည်းကြက်ဥ၊နွားနို့ကတော့ပုံမှန်ရသည်ပင်။ယင်းကား ဗိုလ်ချုပ်မှူးကြီး၏ မည်သည့်ရည်ရွယ်ချက်ဖြင့် ဖန်တီးလိုက်မှန်းတိတိပပ မသိရသော မြန်မာနေရှင်နယ်လိဂ် အသင်းပိုင်ရှင်များ၏ 'အ' ခြင်းလား၊စေတနာမမှန်ခြင်းလား။

          နောက်ထပ်အကြောင်းအရာတစ်ခုမှာဆုများကို'လ'ူဖြင့်ဖြတ်ပေးခြင်းဖြစ်သည်။ ရန်ကုန်အသင်း  ပိုင်ရှင်ဦးတေဇမှသည် အခြားအသင်းပိုင်ရှင်များအထိ ဆုများကို စနစ်ကျသော မူ ဖြင့်မဖြတ်ဘဲ ပေးချင်ရာပေးသည်ဟု ကျွမ်းကျင်သူများကဝေဖန်ဖူးသည်။ မပေးတာထက်စာရင်ပေးတာက ပိုကောင်းသည်မှာ မှန်သော်လည်းပေးပုံပေးနည်းမမှန်ပါက အသင်းသားများ၏ စိတ်ပိုင်းဆိုင်ရာကို ထိခိုက်နိုင်ကြောင်း နည်းပြအချို့ထောက်ပြသည်။ ဆုပေးပုံပေးနည်းကား ကစားသမားများ၏အကျိုးထက် အသင်းပိုင်ရှင်များက မိမိဘယ်လိုဘယ်လောက်ပေးကြောင်း ကြွားလုံးထုတ်ချင်သည်က များမည်ဖြစ်ကြောင်း သုံးသပ်ကြသူများလည်း မနည်းကြပါ။

          ထိုသို့ဆိုလျှင် မေးခွန်းများစွာ ပေါ်လာသည်။ ထိုအထဲမှ တစ်ခုက… ဘောလုံးကစားနေတာ ဘောလုံးသမားတွေလား။ နိုင်ငံစီးပွားရေးကို ခွဲဝေလက်ဝါးကြီးအုပ်ထားသော စီးပွားရေးလုပ်ငန်းရှင် တွေလား။

          " ဘောလုံးပွဲကြောင့် ကျွန်တော့်အစ်ကို သူဌေးတွေကွင်းထဲရောက်လာကြတယ်" ဟု မီဒီယာများနှင့် ဆက်ဆံရာတွင် ပါးနပ်လှသော ဦးဇော်ဇော်က မကြာခဏပြောလေ့ရှိသည်။ အချို့ စီးပွားရေး လုပ်ငန်းရှင်များသည်လည်း ဘောလုံးကို လုံးဝစိတ်မဝင်စားဘဲ ကွင်းထဲရောက်လာသည်မှာ သေချာသည်။ သူတို့တတွေ ဘောလုံးပွဲကြည့်ရန် စိတ်အပန်းဖြေရန်ကား မဟုတ်တန်ရာ။ ကိုယ်ကျိုးစီးပွားအတွက် ဘောလုံးဝင်ကစားရန်သာ ဖြစ်ကြောင်းသေချာသည်။

        ဗိုလ်ချုပ်မှူးကြီးမြေးအဖိုး၏ တရေးနိုးပေါ် သောအကြံမှသည် နိုင်ငံရေးရည်ရွယ်ချက်အထိ ဘာမဆိုဖြစ်နိုင်သော ရည်ရွယ်ချက်ဖြင့် ကျင်းပသော မြန်မာလိဂ်ပွဲစဉ်များတွင် စီးပွားရေးသမားများလည်း မျက်နှာလို မျက်နှာရဝင်ဟဲရသည်။ ဝင်ရင်းပေး ရသည်။မိမိတို့၏ အချိန်၊ငွေ။

          " ကျွန်တော်တို့ မြန်မာအားကစားတိုးတက်ဖို့အတွက် အရှုံးခံပြီးလုပ်နေပါတယ်။" ဟု လူကြား ကောင်းအောင် အမြဲတစေထုတ်ဖော်ပြောဆိုလေ့ရှိသော သူဌေးကြီးများမှာ ကိုယ်ကျိုးစီးပွားကိုပင် အခြေခံကြောင်း၊ ထောင်မြင်၍ ရာစွန့်ကြောင်း သံသယရှိရန်မလိုပါ။ ဘောလုံးပွဲတွင် ဝင်မဟဲဖြစ်ပါက၊ ကျန်ခဲ့ပါက ၎င်းတို့လက်လွတ်လိုက်ရမည့် ပမာဏကားမနည်းမနော။

          သို့ဆိုလျှင် ယင်းပြိုင်ပွဲမှာ မြန်မာပြည်သူလူထုဘာကိုများ မျှော်လင့်နိုင်ပါသနည်း။ စိတ်အပန်းဖြေမှုလော။ အပြည်အဝမဖြစ်နိုင်ပါ။ အမျိုးသမီး ပြည်သူလူထုအတွက် နိုင်ငံခြားရုပ်သံဇာတ်လမ်းတွဲများရှိ နှင့်ပြီးဖြစ်သည်။အမျိုးသားများအတွက်မူ ကမ္ဘာကျော် ပရီးမီးယားလိဂ်ရှိသည်။

          မြန်မာလိဂ် မျက်ခင်းစိမ်းများပေါ်တွင် အမှန်တကယ် ကစားရန် စီးပွားရေး၊နိုင်ငံရေး အမြတ် ထွက်သွားသူများမှာဗိုလ်ချုပ်မှူးကြီးမျက်နှာအတွက် မချစ်သော်လည်း အောင့်ကာနမ်းရသောလက်ဝေ ခံစီးပွားရေးသမားများသာ ဖြစ်ကြောင်း ကောက်ချက်ဆွဲမည်ဆိုက မှားမည်မထင်ပါ။

 


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment