Transparency Myanmar

transparency.myanmar@gmail.com

အခြေခံဥပဒေကို ပြင်ဖို့ တောင်းဆိုနေသံများ

17th Oct, 2009 (ပြည်သူတစ်ဦး)

ယခုတလော မြန်မာနိုင်ငံ၏ နိုင်ငံရေးဇာတ်ခုံပေါ်တွင် လှုပ်လှုပ်ရှားရှား ရှိနေပါသည်။ မြန်မာစစ်အစိုးရအနေဖြင့်လည်း စဉ်းစားစရာ အချက်ပေါင်းများစွာ ပေါ်လာနေသည်ဟု ယူဆရပါသည်။ တရုတ်နိုင်ငံနှင့် မဟာဗျူဟာကျသော ဆက်ဆံရေး အပြောင်းအလဲ၊ အမေရိကန်အရွေ့တွင် ဒေါ်အောင်ဆန်းစုကြည်၏ ပြောင်းလဲလာသော သဘောထား၊ နယ်စပ်တိုင်းရင်းသားများအရေး၊ ဘင်္ဂလားဒေ့ရှ်နှင့် ရေပိုင်နက် အငြင်းပွားမှု၊ စစ်တပ်အတွင်း ဗိုလ်ချုပ်များကို နေရာချထားမှုအရေး စသည်ဖြင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ခေါင်းစားရမည့် အရေးများစွာ ရှိနေပါသည်။

အဓိက ပြည်ပမီဒီယာများတွင်လည်း ရေးစရာသတင်းများ၊ ဆောင်းပါးများ ရှိလာ၊ ရှိနေသည်ကို တွေ့ရသည်။ အဆိုပါ သတင်းများ၊ ဆောင်းပါးများကို ဖတ်ပြီး ကျွန်တော်တို့လို ပြည်သူများအနေဖြင့် သဘောပေါက်လာသော အရေးကြီးသည့် အချက်မှာ မြန်မာ့နိုင်ငံအရေး စိတ်ဝင်တစားရှိကြသော အမေရိကန်အပါအဝင် အနောက်နိုင်ငံများရော၊ အတိုက်အခံများ (ပြည်တွင်းရော ပြည်ပအပါအဝင်) ရော၊ မြန်မာနိုင်ငံအတွင်း နေထိုင်ကြသည့် ပြည်သူများ၏ ခံစားချက်များ၊ ပြောပြလိုသည့် အကြောင်းများကို အရင်းအတိုင်း သိရှိရန်လိုသည့် အချက် ဖြစ်ပါသည်။

ကျွန်တော်မှာ ပြည်သူတစ်ဦး သက်သက်သာ ဖြစ်ပြီး နိုင်ငံရေးနှင့် ပတ်သက်၍ Activist တစ်ဦး မဟုတ်ပါ။ ဗမာတွေ ဘာတွေ ခံစားနေရသည်၊ ဘယ်လိုအမြင် (Vision) ရှိသည်ကို အလွန်တရာ ပြောပြချင်ပါသည်။ မိမိတို့ ခံစားနေရသည်များကို နောင်တွင် ရေးပြပါမည်။ ဥပမာ- Sanction နှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်ကလည်း သူ့ကဏ္ဍနှင့်သူ လှုပ်ရှားနေသည်။ အတိုက်အခံများကလည်း သူ့ကဏ္ဍနှင့်သူ လှုပ်ရှားနေသည်။ ဘာမျှ မလုပ်ဘဲ နေသည်က ဗိုလ်ချုပ်မှူးကြီး ဖြစ်သည်။ မြန်မာနိုင်ငံအပေါ်  အမေရိကန်နှင့် အနောက်နိုင်ငံများက ချမှတ်ထားသော Sanction များရှိသလို၊ ဗိုလ်ချုပ်မှူးကြီးက ပြည်သူများအပေါ် ချမှတ်ထားသော Sanction များကလည်း ရှိသေးသည်။ ဗိုလ်ချုပ်မှူးကြီးက မည်သည့် Sanction မျှ မရုတ်သိမ်းစေလိုသည်မှာ သူ၏ စေတနာ အစစ်အမှန်ဖြစ်သည်ဟု ဆိုသည့်အကြောင်းများ ဖြစ်သည်။ Sanction, itself is one of the supporting factors to live long the military regime. Sanction များသည် စစ်အာဏာရှင် သက်ဆိုးရှည်စေရေးအတွက် အထောက်အပံ့ပြုသော အချက်တစ်ခု ဖြစ်နေ၍ ဖြစ်သည်။

ပြောနေလျှင် အရှည်ကြီးဖြစ်၍ ပြောလိုသည့်အချက်မှ သွေဖည်သွားပါမည်။ ကျွန်တော် ယခုပြောလိုသည့်အချက်မှာ ၂၀၀၈ အခြေခံ ဥပဒေကို ပြင်ဆင်ရန် တောင်းဆိုနေသည့် ကိစ္စကို ဖြစ်ပါသည်။

အမေရိကန်က တောင်းဆိုသည့်အချက်တွင် ဤအချက်မပါဝင်ပါ။ သို့သော် အတိုက်အခံအချို့နှင့် NLD ၏ ရွှေဂုံတိုင် ကြေငြာချက်တွင် အခြေခံဥပဒေကို ပြင်ဆင်ရန် တောင်းဆိုနေကြပါသည်။

ကျွန်တော်အမြင်ပြောရလျှင် ဤတောင်းဆိုမှုမှာ အဓိပ္ပာယ်မရှိ (Nonsense) ဟု ဆိုချင်ပါသည်။ စစ်အစိုးရသည် ကိုယ့်တံတွေး ကိုယ်ပြန်မျိုလိမ့်မည် မဟုတ်ပါ။ အခြေခံဥပဒေကို ပြည့်စုံသော ဥပဒေအဖြစ် မပြောလိုပါ။ တရားဝင် ဖြစ်အောင် ဆန္ဒခံယူပွဲ (လိမ်သည်ဟုပဲ ပြောပြော) နှင့် အတည်ပြုပြီး ဖြစ်သည်။ မည်သည့်အာဏာပိုင် အစိုးရမဆို အတည်ပြုပြီး ဖြစ်နေသည်ကို ပြန်ပြင်လိမ့်မည် မထင်ပါ။ သို့ကြောင့် NLD အပါအဝင် အတိုက်အခံများအနေဖြင့် သဘောမတူကြောင်း ပြလို၍ ပြင်ဆင်ရန် တောင်းဆိုသည်ဟု ဆိုလျှင် ဘာမျှမပြောလိုပါ။ တောင်းဆိုရမှာက ကိုယ့်တာဝန်ဟု ဆိုလျှင် ဘာမျှမပြောလိုပါ။ စစ်အစိုးရက ဘယ်သောအခါမျှ ပြင်ဆင်ပေးလိမ့်မည် မဟုတ်ပါ။ အစိုးရက မပြင်ပေးလျှင် ကိုယ့်ဘာသာ ပြင်ဖို့ (Alternate Way) ဖြင့် ကြိုးစားကြည့်ရပေမည်။ လောကနိယာမအရ လူလုပ်ထားသော အရာ လူက ပြန်ပြင်လျှင် ရပါသည်။ သို့သော် လွှတ်တော်ထဲ ရောက်အောင် ဝင်ပြီး နောက်ဆယ်နှစ်ကြာလျှင် ပြင်လို့ ရလိမ့်မည်ဟု ယုံကြည်ပါသည်။ ဘာမျှ မဖြစ်လဲ စစ်အာဏာရှင် လက်အောက်တွင် နှိပ်စက်ခံပြီး ၂၂ နှစ် လောက်တောင် နေခဲ့ကြပြီး ဖြစ်သည်။

အကယ်၍များ ဗိုလ်ချုပ်မှူးကြီးက "မင်းတို့ အဲဒီလောက် ပြင်ချင်ကြလျှင် ငါပြင်ပေးမယ်၊ အမျိုးသားညီလာခံ ထပ်ခေါ်လိုက်၊ နောက် ၁၅ နှစ်ကြာအောင် ပြင်ဖို့ ဆွေးနွေးလိုက်ဦး၊ အဲဒီအချိန်အတွင်းမှာ ငါတို့ ယခုအတိုင်း ဆက်အုပ်ချုပ်လိုက်ဦးမယ်။" ဟု ဆိုလျှင် မိတ်ဆွေတို့ ဘယ်လို လုပ်ကြမည်နည်း။

 www.eaglecentre.blogspot.com မှ ကူးယူဖော်ပြသည်။

 


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment