Transparency Myanmar

transparency.myanmar@gmail.com

          မြန်မာတပ်မတော် အစိုးရအနေဖြင့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ပါဝင်ယှဉ်ပြိုင်နိုင်သော သန့်ရှင်းလွတ်လပ်မှု အပြည့်အ၀ရှိသည့် ဒီမိုကရေစီ ရွေးကောက်ပွဲ တစ်ရပ်ကို ကျင်းပပေးရန် အမေရိကန်ပြည်ထောင်စုနှင့် အာဆီယံနိုင်ငံများက ပူးပေါင်းပြောဆို တိုက်တွန်းမည် ဖြစ်ကြောင်း အေပီသတင်းအရ သိရပါသည်။ ကျင်းပဆဲဖြစ်သည့် အမေရိကန် သမ္မတအိုဘားမားနှင့် အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံမှ ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲ အပြီးတွင် ထုတ်ပြန်မည့် ပူးတွဲကြေညာချက်ကို ကိုးကား၍ အေပီသတင်းဌာနက သတင်းရေးသားလိုက်ခြင်း ဖြစ်သည်။

          အမေရိကန်နှင့် အာဆီယံတို့သည် မြန်မာ့အရေးနှင့် ပတ်သက်ပြီး အလားတူ တိုက်တွန်း ပြောဆိုမှုများ ပြုလုပ်ခဲ့ပြီး ဖြစ်သော်လည်း ယခုတစ်ကြိမ် ထုတ်ပြန်မည့် ကြေညာချက်မှာ နိုင်ငံရေး အရ ပိုမို သိသာ ထင်ရှားမည် ဖြစ်သလို အလေးအနက်သဘောလည်း ဆောင်မည် ဖြစ်သည်။ အိုဘားမားနှင့် အာဆီယံခေါင်းဆောင်များ ပထမဆုံး တွေ့ဆုံကြသည့် ထိပ်သီးဆွေးနွေးပွဲတွင် မြန်မာတပ်မတော် အစိုးရ ခေါင်းဆောင်များလည်း ပါဝင်သည်။

          အေပီသတင်းဌာနက ရရှိလိုက်သော မြန်မာ့အရေးဆိုင်ရာ ကြေညာချက်မူကြမ်းတွင် ၂၀၁၀ တွင်ကျင်းပမည့် ဒီမိုကရေစီရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတမှုရှိသော နည်းလမ်းကို ကျင့်သုံးကာ ကျင်းပပေးခြင်းမျိုး ဖြစ်ရမည်ဟု ရေးသားထားပြီး နိုင်ငံရေးသမားများ အားလုံးပါဝင်ခွင့် ရရှိကာ နိုင်ငံတကာအသိုင်းအဝိုင်း၏ ယုံကြည် စိတ်ချမှုမျိုးလည်း ရရှိနိုင်ရမည်ဟု သတိပေးထားသည်ကို တွေ့ရသည်။

          အမည်မဖော်လိုသူ အမေရိကန် အရာရှိကြီးတစ်ဦး၏ အဆိုအရ အဆိုပါ အာဆီယံနှင့် အမေရိကန် အစိုးရ ပူးတွဲကြေညာချက် မူကြမ်းကို ယခုအခါ ရေးဆွဲလျက်ရှိပြီး ထိပ်သီးဆွေးနွေးပွဲ အပြီးတွင် ထုတ်ပြန်မည်ဟု သိရသည်။

          အမေရိကန်အစိုးရသည် မြန်မာနိုင်ငံအပေါ် ထားရှိသည့် စီးပွားရေးပိတ်ဆို့မှု မူဝါဒချည်း သက်သက် ကျင့်သုံးခြင်းထက် စေ့စပ်ညှိနှိုင်းမှုများပါ ပြုလုပ်သွားရန် စီစဉ်ထားပြီး ဖြစ်သည်။ အဆိုပါ မူဝါဒသည် နှစ်များစွာ ကာလအတွင်း အမေရိကန်အစိုး၏ ပထမဆုံး မူဝါဒအပြောင်းအလဲ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ထိန်းသိမ်းထားခြင်းမှ အမြန်ဆုံး လွှတ်ပေးရန် တောင်းဆိုမှုများစွာ ထွက်ပေါ်နေသော်လည်း မြန်မာစစ်အစိုးရက ခေါင်းမာစွာ ငြင်းဆန်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် အမေရိကန်တို့ကို မသိကျိုးကျွံ ပြုလုပ်လျက်ပင် ရှိသည်။

          အာဆီယံအဖွဲ့တွင် မြန်မာ  ပါဝင်နေသောကြောင့် အမေရိကန်ပြည်ထောင်စုက ချမှတ်ထားသော ပိတ်ဆို့ရေး မူဝါဒသည် အမေရိကန်နှင့် အာဆီယံတို့ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ရာ ဟန့်တားနေသကဲ့သို့ ရှိသည်။ သို့သော် အဆိုပါမူဝါဒမှာ ပြီးခဲ့သည့် ရက်သတ္တပတ်ခန့်က အမေရိကန်အထူး သံတမန်များ မြန်မာနိုင်ငံသို့ လာရောက်ပြီး စစ်အစိုးရခေါင်းဆောင်များနှင့် စေ့စပ်ညှိနှိုင်းမှုများ ပြချိန်တွင် ပြောင်းလဲသွားခဲ့သည်။ ယခု ကျင်းပလျက်ရှိသည့် ထိပ်သီးဆွေးနွေးပွဲတွင် အမေရိကန်သမ္မတ အိုဘားမားနှင့် မြန်မာတပ်မတော် အစိုးရ ဝန်ကြီးချုပ်ဗိုလ်ချုပ်ကြီး သိန်းစိန်တို့ တစ်စားပွဲထဲ ထိုင်ကာ  တွေ့ဆုံစကားပြောခွင့် ရရှိကြလိမ့်မည်။

"အခု ကျွန်တော်တို့ ထုတ်ပြန်ဖို့ ကြိုးစားနေတဲ့ ကြေညာချက်ဟာ မြန်မာ့အရေးကို အကြောင်းပြပြီး အာဆီယံကို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်ဖို့ မဟုတ်ပါဘူး။ ကျွန်တော်တို့အာဆီယံ ၁၀ နိုင်ငံစလုံးနဲ့ တွေ့ဆုံမှာပါ။ ဆွေးနွေးပွဲစကားဝိုင်းမှာ မြန်မာပါလို့ဆိုပြီး တခြားအဖွဲ့ဝင် ကိုးနိုင်ငံ ကို ပြဿနာရှာမှာလည်း မဟုတ်ပါဘူး" ဟု အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီမှ အရာရှိဖြစ်သူ ဂျက်ဖရီဘေဒါက ပြောကြားသည်။

          "ကျွန်တော်တို့ စိတ်ရှုပ်နေတာ တစ်ခုကတော့ ဒီနှစ်ပိုင်းတွေမှာ မြန်မာနိုင်ငံနဲ့ အပြန်အလှန် ဆက်ဆံမှုမျိုး မလုပ်နိုင်ခဲ့တာကြောင့် အမေရိကန်အနေနဲ့ အာဆီယံတစ်ဖွဲ့လုံးနဲ့ပါ အပြန်အလှန် ဆက်ဆံမှုမျိုး မလုပ်နိုင်ခဲ့ဘူးဆိုတဲ့ အချက်ပါ" ဟု မစ္စတာဘေဒါက ပြောကြားသည်။

          မြန်မာနိုင်ငံသာ ဒီမိုကရေစီအသွင် ကူးပြောင်းမှု မပြုလုပ်နိုင်ပါက စီးပွားရေး ပိတ်ဆို့မှုများကို ဖယ်ရှားပေးမည် မဟုတ်ကြောင်း အမေရိကန်အစိုးရက အတိအလင်း သဘောထားထုတ်ပြန်ထား သည်။ "ဒါဟာ ထူးခြားတဲ့ ဖြစ်ရပ်တစ်ခုပါ။ အမေရိကန်နဲ့ အာဆီယံဟာ ထိပ်သီး ဆွေးနွေးမှုတွေ လုပ်တယ်ဆိုတာ တကယ့်ကို ထူးခြားတာပါ။ အရင်တုန်းကဆိုရင် မြန်မာ့အရေးဟာ တကယ့်ကို ပြဿနာ ဖြစ်စေတဲ့ကိစ္စတစ်ခု ဖြစ်ခဲ့ပါတယ်" ဟု စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး ဂျော့ရိုးက ပြောကြား သည်။ အတောအတွင်း မြန်မာစစ်အစိုးရ၏ ထိပ်တန်း သံတမန်တစ်ဦးဖြစ်သော ဦးမင်းလွင်က ၎င်း တို့အစိုးရသည် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မကြာခင် လွှတ်ပေးဖွယ် ရှိကြောင်း၊ သို့အတွက်ကြောင့် ဒေါ်စုအနေဖြင့် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်မည် ဖြစ်ကြောင်း ပြောကြားသည်။

          မည်သို့ဆိုစေကာမူ မြန်မာစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပြီး ဒီမိုက ရေစီရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ပြုမည်ဟူသော ကိစ္စမှာ ဖြစ်နိုင်ခြေမရှိပေ။ စစ်အစိုးရက ရေးဆွဲထားသော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေက ဒေါ်အောင်ဆန်းစုကြည်အား ရွေး ကောက်ပွဲသို့ ၀င်ရောက်ခြင်းမှ ဟန့်တားထားပြီး စစ်တပ်သြဇာအာဏာ ပိုမို ကြီးထွားရန်သာ ဦးတည်ထားသည်ကို တွေ့ရသည်။

အေပီသတင်းဌာန၏ US ASEAN to tell Myanmar to hold 'credible polls ကို ဘာသာပြန်ထားခြင်း ဖြစ်ပါသည်။



--
Posted By icypress to Sensible Rumour at 11/13/2009 03:29:00 AM

0 comments:

Post a Comment