Transparency Myanmar

transparency.myanmar@gmail.com

From The Irrawaddy (by Wai Moe), 16th Oct, 09

မြန်မာနိုင်ငံ၏ အဓိက အတိုက်အခံပါတီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် "ရှင်သန် ရပ်တည်နိုင်မှု ပေါ်လစီ (Survival Policy)" ကို ကျင့်သုံးလာခဲ့သည်မှာ နှစ်ပေါင်းများစွာ ရှိနေခဲ့ပေပြီ။ သို့သော် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ မတိုင်မီ ကာလအတွင်း အဆိုပါ ပေါ်လစီကို ဆက်လက် ကျင့်သုံးရန် ကိစ္စနှင့် ပတ်သက်၍ ပါတီအတွင်း အခြေအတင်များ ဖြစ်လျက် ရှိသည်။

၁၉၈၉ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်အား ထောင်ဒဏ်အပြစ်ပေးပြီးသော ကာလတွင် NLD ခေါင်းဆောင်များ၊ အထူးသဖြင့် စစ်တပ်အရာရှိဟောင်းများသည် ရှင်သန် ရပ်တည်မှုပေါ်လစီကို ကျင့်သုံးခဲ့ပါသည်။ အဆိုပါ ပေါ်လစီ၏ ရည်ရွယ်ချက်မှာ စစ်အာဏာပိုင်များက ဖမ်းဆီးမှုများနှင့် ပါတီကို မည်သို့ပင် ဖျက်ဆီးခြိမ်းခြောက်စေကာမူ၊ ပါတီသည် မြန်မာလူထုအကြားတွင် သူ၏ တည်ရှိမှုကို ဆက်လက် ထိန်းသိမ်းသွားရန် ဖြစ်ပါသည်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် သစ္စာရှိသူ အသိပညာရှင်များအဖွဲ့မှ NLD ကို စစ်အစိုးရက ဖျက်သိမ်းသွားသည့်တိုင် ပါတီအဖွဲ့ဝင်များသည် ဒီမိုကရေစီလှုပ်ရှားမှုများကို ဆက်လက်လုပ်ကိုင်ရန် အားပေးမည့် "အဓိက ပေါ်လစီ (Principle Policy)" ကို ထုတ်ပြန်ခဲ့သည်။

အတွေးအခေါ်ပိုင်းဆိုင်ရာ ဆွေးနွေးမှုများနှင့် အခြားအရေးကြီးသည့် ကိစ္စများဖြစ်သည့် လာမည့် ရွေးကောက်ပွဲတွင် ပါဝင်ရေး၊ မပါဝင်ရေး ကိစ္စသည် NLD အဖွဲ့ဝင်များအကြား ပုံမှန် ဆွေးနွေးရသော အကြောင်းတစ်ခု ဖြစ်နေကြောင်း NLD မှ ဧရာဝတီသတင်းဌာနသို့ ပြောခဲ့သည်။

လွန်ခဲ့သည့် အပတ်က ပဲခူးမြို့နှင့် မန္တလေးမြို့တို့တွင် ရှိသော NLD အဖွဲ့ဝင်များက ပူးပေါင်း တင်ပြသည့် စာဖြင် လာမည့်နှစ် ရွေးကောက်ပွဲတွင် ပါဝင်မည့် NLD အခန်းကဏ္ဍကို ဆွေးနွေးရန် သင်းလုံးကျွတ် ညီလာခံ ခေါ်ယူကျင်းပပေးရန် တိုက်တွန်းခဲ့သည်။ မန္တလေးတိုင်း မိတ္ထီလာမြို့နယ်၏ NLD တာဝန်ခံ စည်းရုံးရေးမှူး ဒေါ်မြင့်မြင့်အေးက "ကျွန်မတို့ သင်းလုံးကျွတ်ညီလာခံ ကျင်းပဖို့ တောင်းဆိုရခြင်းက အခုအချိန်ဟာ နိုင်ငံသမိုင်းမှာ အရေးကြီးတဲ့ အချိန်ဖြစ်လို့ပဲ။" ဟု ပြောကြားခဲ့သည်။ "ဒါပေမဲ့ အခုထိတော့ အဖွဲ့ချုပ်က အစည်းအဝေးအတွက် ဘာမှ ပြောလာတာတွေ မရှိသေးပါဘူး" ဟုလည်း ဆက်လက် ပြောကြားသွားသည်။

NLD ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးခင်မောင်ဆွေက NLD သင်းလုံးကျွတ် ညီလာခံ ကျင်းပဖို့သည် မြို့နယ်အများစုပါဝင်မှသာ ဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။ ၎င်းကပင် ဆက်လက်၍ NLD သည် နိုင်ငံတစ်ဝှမ်းလုံးရှိ ကိုယ်စားလှယ်များအား ရွေးကောက်ပွဲ ဥပဒေ ထုတ်ပြန် ကြေညာပြီး နိုင်ငံရေးပါတီများ ဖွဲ့စည်းမှုနှင့် စည်းရုံးမှုများ လွတ်လပ်စွာ လုပ်ပိုင်ခွင့် ရရှိသော အချိန်တွင် ညီလာခံကို ခေါ်ယူပေးမည်ဖြစ်ကြောင်း ပြောကြားသွားသည်။

ဗုဒ္ဓဟူးနေ့က ဥရောပသမဂ္ဂ၏ အဖွဲ့ဝင် ၂ဝ ပါသော အဖွဲ့ကို တွေ့ဆုံရာတွင် ဦးခင်မောင်ဆွေ ပါဝင်ခဲ့သည်။ အစည်အဝေးတွင် ဥရောပသမဂ္ဂအဖွဲ့ဝင် သံတမန်များက၂ဝ၁ဝ ရွေးကောက်ပွဲနှင့် ပတ်သက်သည့် NLD ပါတီ၏ အနေအထား၊ မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှု ရပ်ဆိုင်းခြင်းနှင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်၍ သုံးသပ်ချက်များကို မေးမြန်းခဲ့သည်။ ဦးခင်မောင်ဆွေက NLD ပါတီ ညီလာခံ ကျင်းပရန်ကိစ္စကို အလေးပေးပြောကြားခြင်းမရှိသော်လည်း NLD ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဝင်းတင်က ပါတီညီလာခံကျင်းပရန် အရေးကြီးကြောင်း ပြောကြားသွားသည်။

NLD ဝါရင့် အဖွဲ့ဝင်များက ရွေးကောက်ပွဲကိစ္စအတွက် အခြေအတင်ဆွေးနွေးမှုများ မည်သို့ပင် ရှိစေကာမူ ပါတီ၏ တရားဝင် ရပ်တည်ချက်မှာ ဧပြီလက ထုတ်ပြန်ခဲ့သော ရွှေဂုံတိုင် ကြေညာစာတမ်းတွင် ပါဝင်သော အချက် ချက် အပေါ် အခြေခံကြောင်း ပြောခဲ့ကြသည်။

အဆိုပါ ချက်မှာ- နိုင်ငံရေး အကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးရန်၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပါရှိသော ဒီမိုကရေစီ အခြေခံမူများနှင့် ကိုက်ညီမှုမရှိသည့် အချက်များကို ပြင်ဆင်ပေးရန်နှင့် အပြည်ပြည်ဆိုင်ရာ ကြီးကြပ်မှုအောက်တွင် လွတ်လပ်၍ မျှတသော မဲဆန္ဒပေးပွဲ ကျင်းပရန်တို့ ဖြစ်သည်။

သို့သော်အချို့သော NLD အဖွဲ့ဝင်များက ၎င်းတို့အနေဖြင့် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ဒီမိုကရေစီနှင့် ကိုက်ညီခြင်း မရှိစေကာမူ ၎င်းတို့အနေဖြင့် ရွေးကောက်ပွဲတွင် NLD မှ တစ်ဆင့် သို့မဟုတ် အဖွဲ့ခွဲအဖြစ် သို့မဟုတ် လွတ်လပ်စွာဖြင့် ပါဝင်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။ ဝါရင့်ပါတီဝင် ဦးအုံးကြိုင်က ရွေးကောက်ပွဲနှင့် ပတ်သက်၍ အခြေအတင် ဆွေးနွေးမှုများ ရှိနေကြောင်း၊ သို့သော်လည်း ဒီမိုကရေစီစနစ်သည် အခြေအတင် ဆွေးနွေးမှုများနှင့် မတူညီသော ထင်မြင်ယူဆချက်များကို တန်ဖိုးထားသောကြောင့် အချို့သော ပါတီအဖွဲ့ဝင်များက ရွေးကောက်ပွဲတွင် ပါဝင်လိုခြင်းနှင့် အချို့က မပါဝင်လိုခြင်းတို့ကို လက်ခံရမည်ဖြစ်ကြောင်း ပြောသည်။ သို့သော် လက်ရှိအခြေအနေအရ ပါတီပေါ်လစီသည် ရွှေဂုံတိုင် ကြေညာစာတမ်း အတိုင်းသာ ဖြစ်ကြောင်း ပြောခဲ့သည်။

နေပြည်တော်မှ ရွေးကောက်ပွဲဥပဒေကို ထုတ်ပြန်ပြီးသည့်အချိန်တွင် NLD အနေဖြင့် လာမည့် ရွေးကောက်ပွဲနှင့် ပါတီ၏ အနာဂတ်အတွက် ပြတ်သားစွာ ဆုံးဖြတ်မှု ပြုလုပ်ရမည် ဖြစ်ကြောင်းလည်း ပြောဆိုခဲ့သည်။

NLD အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်သည် လွန်ခဲ့သည့် နှစ်ပေါင်း ၂ဝ နှစ်ကာလအများစုတွင် ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရသော်လည်း သူမသည် ပါတီအတွင်း၌ ဩဇာအရှိဆုံးသောသူ ဖြစ်နေဆဲပင် ဖြစ်သည်။ ရွေးကောက်ပွဲနှင့် ပတ်သက်၍ လုပ်ဆောင်ရန် ကိစ္စများနှင့် ပါတီ၏ အနာဂတ်နှင့် ပတ်သက်၍ သူမ၏ ယူဆချက်များသည် အရေးပါကြောင်းကို မည်သူကမှ သံသယဖြစ်ခြင်း မရှိပါ။

NLD ခေါင်းဆောင်များက ၎င်းတို့နှင့် ဒေါ်အောင်ဆန်းစုကြည်ကို ပါတီ၏ ပေါ်လစီနှင့် ရွေးကောက်ပွဲ ကိစ္စများအတွက် ဆွေးနွေးမှုများ ပြုလုပ်ရန် တောင်းဆိုချက်ကို စစ်အစိုးရက ယခုတိုင် ခွင့်ပြုခဲ့ခြင်း မရှိပါ။ သို့သော် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေကိုမူ အမေရိကန်လူမျိုး John H. Yettaw ဒေါ်အောင်ဆန်းစုကြည် နေအိမ်သို့ ကျူးကျော်ဝင်ရောက်လာစဉ်က လက်ခံထားမှုအတွက် တရားစွဲဆိုစဉ် ကာလအတွင်း တွေ့ဆုံခွင့် ပြုခဲ့ပါသည်။

လွန်ခဲ့သည့် နှစ်ပတ်အတွင်းက ဒေါ်အောင်ဆန်းစုကြည်သည် စစ်အစိုးရ၏ ဆက်သွယ်ရေးအရာရှိ ဦးအောင်ကြည်နှင့် အနောက်နိုင်ငံသံတမန်များနှင့် လက်ရှိဖြစ်ပေါ်နေသည့် ကိစ္စရပ်များကို ဆွေးနွေးရန် တွေ့ဆုံခဲ့သည်။ လေ့လာသူများ၏ ပြောဆိုချက်အရ နိုင်ငံတကာပိတ်ဆို့ ဒဏ်ခတ်မှုကိစ္စနှင့် NLD (၂၀၁၀) ခုနှစ် ရွေးကောက်ပွဲပေါ်လစီနှင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကိစ္စများလည်း ပါဝင်သည်ဟု သိရှိရပါသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အဆိုပါအစည်းအဝေးနှင့် ပတ်သက်သည်များကို သူမ၏ ရှေ့နေ ဦးဥာဏ်ဝင်းကို သောကြာနေ့က ပြောကြားခဲ့သည်။ သို့သော် NLD ပြောရေးဆိုခွင့်ရှိသူလည်း ဖြစ်သည့် ဦးဥာဏ်ဝင်းက ဧရာဝတီသတင်းဌာနသို့ ပြောရာတွင်  အသေးစိတ်ကို ပြောကြားခြင်း မရှိကြောင်း သိရသည်။

ပြည်သူ့ပါလီမန်ကို ကိုယ်စားပြုသည့် ကော်မတီ၏ လက်အောက်ခံအဖွဲ့မှ အတွင်းရေးမှူး အေးသာအောင်က ဒေါ်အောင်ဆန်းစုကြည်၏ ဆုံးဖြတ်ချက်သည် NLD ပေါ်လစီပေါ်တွင် သက်ရောက်မှုများစွာ ရှိကြောင်း ပြောကြားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် သူ၏အဖွဲ့ဝင်များ တွေ့ဆုံခြင်းသည် NLD အတွက်ရော မြန်မာနိုင်ငံရေး အတွက်ပါ အရေးကြီးကြောင်း ပြောပါသည်။

NLD သည် သူ၏ ရှင်သန်ရပ်တည်မှု ပေါ်လစီ (Survival Policy) သို့မဟုတ် အခြေခံပေါ်လစီ (Principle policy) များကို ဆက်လက် ကျင့်သုံးမည်ဆိုလျှင် ထက်မြက်ထိရောက်သော နည်းဗျူဟာနှင့် စည်းလုံးမှုရှိရန် လိုကြောင်း၊ စစ်အစိုးရက သွေးခွဲ၍ အုပ်ချုပ်သော နည်းဗျူဟာကို ရွေးကောက်ပွဲ မတိုင်မီ ကျင့်သုံးနေကြောင်း အေးသာအောင်က ပြောကြားခဲ့သည်။ NLD သည် နိုင်ငံပြောင်းလဲရေးအတွက် သူ၏ ကိစ္စရပ်များအပြင် အခြားသော ကိစ္စရပ်များကိုလည်း စဉ်းစားဆင်ခြင်ရန် အချိန်ကျလာပြီ ဖြစ်ပါသည်။


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment