Transparency Myanmar

transparency.myanmar@gmail.com

From the Irrawaddy

13 Nov 2009

          ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ ပါတီခေါင်းဆောင်များအား သူမနှင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တိုက်ရိုက်တွေ့ဆုံ၍ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာမှ ချမှတ်ထားသော အရေးပိတ်ဆို့မှုများ ဖယ်ရှားနိုင်ရေးအတွက် စကားပြောရန် အဆိုပြုထားကြောင်း NLD နှင့် နီးစပ်သော သတင်းများအရ သိရှိရပါ သည်။

ဗုဒ္ဓဟူးနေ့က ဒေါ်အောင်ဆန်းစုကြည်သည် NLD ပြောခွင့်ရ ပုဂ္ဂိုလ်ဦးဥာဏ်ဝင်းနှင့်တွေ့ဆုံ၍ သူမ၏အရေးကြီးသော အဆိုပြုချက်ကို NLD ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့သို့ အကြောင်းကြား ရန် ပြောကြားခဲ့ပါသည်။ ဦးဉာဏ်ဝင်းကမူ အဆိုပြုချက်ကို ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပါ။

သောကြာနေ့က ဧရာဝတီမှ ဦးဉာဏ်ဝင်းသို့ ဒေါ်အောင်ဆန်းစုကြည်နှင့် စီးပွားရေးအရေးယူ ပိတ်ဆို့မှုများနှင့် ပတ်သက်၍ ဗိုလ်ချုပ်မှူးသန်းရွှေနှင့် တွေ့ဆုံရန် ကိစ္စကို ဆွေးနွေးခဲ့ပါသလားဟု မေးမြန်းခဲ့ရာ အရေးယူ ပိတ်ဆို့မှုကိစ္စများမှာ အဆင့်မြင့် ပုဂ္ဂိုလ်များ စတင်ဆွေးနွေးရန် အသင့်တော်ဆုံးကိစ္စ ဖြစ်ကြောင်း ဖြေကြားပါသည်။ လာမည့် အင်္ဂါနေ့တွင် စောင့်ကြည့်ပါဟု ၎င်းက ပြောပါသည်။

၎င်းက ဆက်လက် ပြောကြားရာတွင် NLD ဗဟိုအလုပ်အမှုဆောင် ကော်မတီသည် ဒေါ်အောင်ဆန်းစုကြည်၏ အဆိုပြုချက်ကို တနင်္လာနေ့တွင် ဆွေးနွေးမည် ဖြစ်ပြီး အင်္ဂါနေ့တွင် ကြေညာချက် ထုတ်ပြန်မည် ဖြစ်ကြောင်းဆိုပါသည်။

ဖြစ်နိုင်သည်မှာ သူမ၏ ပါတီမှ ခွင့်ပြုခဲ့ပါက ဒေါ်အောင်ဆန်းစုကြည်သည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ဆုံရန် ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်မှ တစ်ဆင့် အဆိုပြုလိမ့်မည်ဟု ယူဆရပါသည်။

သတင်းများ၏ အဆိုအရ ဒေါ်အောင်ဆန်းစုကြည်သည် NLD ပါတီ၏ ကျန်းမာရေး မကောင်းသော ခေါင်းဆောင်သုံးဦးဖြစ်သော ဥက္ကဋ္ဌ ဦးအောင်ရွှေ၊ အတွင်းရေးမှူး ဦးလွင်နှင့် ဦးလွန်းတင်တို့ နေအိမ်များသို့ သွားရောက် လည်ပတ်ရန် အစိုးရထံ ခွင့်ပြုချက် တောင်းခံမည် ဖြစ်ကြောင်း သိရှိရပါသည်။

ယခင်က သူမ၏ စီးပွားရေး ပိတ်ဆို့မှုများကို ထောက်ခံခဲ့မှုကြောင့် စစ်အစိုးရက စိတ်ဆိုးခဲ့ပါသည်။ သို့သော် ပြီးခဲ့သည့်လများက ပိတ်ဆို့မှုများ ဖယ်ရှားရေးအတွက် အစိုးရနှင့် ပူးပေါင်းလုပ်ဆောင်ရန် ကမ်းလှမ်းခဲ့ပါသည်။ အမေရိကန်သည် မြန်မာနိုင်ငံနှင့် တိုက်ရိုက် ပြန်လည်ဆက်ဆံရန် မူဝါဒ ပြောင်းပြီး အဆင့်မြင့် ဗိုလ်ချုပ်များနှင့် အကြိုညှိနှိုင်းမှုများ ပြုလုပ်ခဲ့ချိန်မှစ၍ သူမ၏ ရပ်တည်ချက် ပြောင်းလဲသွားခြင်း ဖြစ်ပါသည်။

ပြီးခဲ့သည့် သြဂုတ်လက ဒေါ်အောင်ဆန်းစုကြည်သည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံသို့ စာရေးသား ပေးပို့ခဲ့ပြီး၊ အဆိုပါစာတွင် အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်ရန်နှင့် အရေးယူပိတ်ဆို့မှုများ၏ သဘောနှင့် သက်ရောက်မှုများကို အနောက်နိုင်ငံ သံတမန်များနှင့် ဆွေးနွေးခွင့်ပြုရန် အဆိုပြုခဲ့ပါ သည်။

ထို့ကြောင့် သူမသည် ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်နှင့် နှစ်ကြိမ် တွေ့ဆုံခဲ့ပြီး ရန်ကုန်အခြေစိုက် ဗြိတိန်၊ သြစတြေးလျနှင့် အမေရိကန်ပြည်ထောင်စုတို့မှ သံတမန်များနှင့် တွေ့ဆုံခွင့်ရခဲ့ပါ သည်။

ပြီးခဲ့သည့် တနင်္လာနေ့က ဖိလစ်ပိုင်နိုင်ငံ မနီလာတွင် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းလွင်က AP သတင်းဌာနသို့ မကြာခင် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန် အစီအစဉ်ရှိကြောင်း ပြောကြားခဲ့ပါသည်။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ် အကျယ်ချုပ်မှ လွှတ်ပေးလိမ့်မည် သို့မဟုတ် လွတ်လပ်စွာ ပိုမို လှုပ်ရှားခွင့် ပြုလိမ့်မည်ဆိုသော မျှော်လင့်ချက်များ ရန်ကုန်မြို့တွင် ပေါ်ထွက်ခဲ့ပါသည်။

ထိုအတောအတွင်း သောကြာနေ့က သူမ၏ ရှေ့နေများသည် ဗဟိုတရားရုံးသို့ သူမ၏ အမှုအတွက် အယူခံ တင်သွင်းခဲ့ပါသည်။

ကြာသပတေးနေ့တွင် အမေရိကန်ပြည်ထောင်စုက ၂၀၁၀ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်အား ပါဝင်ခွင့်မပြုပါက နိုင်ငံတကာ အသိုင်းအဝိုင်းက လက်ခံနိုင်ဖွယ် မရှိသော ရွေးကောက်ပွဲ အဖြစ် သတ်မှတ်လိမ့်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်ကလည်း လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲအဖြစ် သက်သေပြနိုင်ရန် ဒေါ်အောင်ဆန်းစုကြည်အား ချွင်းချက်မရှိ လွှတ်ပေးရန် တောင်းဆိုခဲ့ပါသည်။


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment