Transparency Myanmar

transparency.myanmar@gmail.com

From Bloomberg.com

13 Nov 2009

          အမေရိကန်သမ္မတ ဘားရတ်အိုးဘားမားသည် အာရှတစ်ခွင် ၈ ရက်ခရီးစဉ်ကို စတင်ရန် တိုကျိုသို့ ယနေ့ ရောက်ရှိလာပြီး ဒေသတွင်း အမေရိကန်၏ လွှမ်းမိုးနိုင်မှုကို ဆက်လက် ထိန်းသိမ်းထားရန် ရည်ရွယ်ထားကြောင်း အခိုင်အမာ ရှင်းလင်းပြရန်အတွက် အမေရိကန်၏ အဓိက မြီရှင်၊ ကုန်သွယ်ဖက် ဂျပန်နှင့် တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ပါသည်။

          အစည်းအဝေးပြီးနောက် သောကြာနေ့ ညပိုင်းတွင် တိုကျို၍ ဂျပန်ဝန်ကြီးချုပ် မူကီယို ဟာတိုယားမားနှင့်အတူ သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည် ဖြစ်သည်။ အိုဘားမားသည် စနေနေ့တွင် မိန့်ခွန်း ပြောကြားမည် ဖြစ်ပြီး ကုန်သွယ်ရေး၊ ရာသီဥတု ပြောင်းလဲခြင်း၊ နျူကလီးယား လက်နက်ပြန့်ပွားမှု တားဆီးရေးတို့ အပါအဝင် ပထဝီနိုင်ငံရေးနှင့် စီးပွားရေးကိစ္စများပေါ်တွင် အခြေတည်ထားသည့် မဟာမိတ် ပစိဖိတ်ဒေသအပေါ် ရှုမြင်သုံးသပ်ချက်ကို ရှင်းလင်းတင်ပြရန် ရည်ရွယ်ထားပါသည်။

          ဝါရှင်တန်ရှိ Peterson Institute for International Economics မှ ဒါရိုက်တာ Fred Bergsten က ယခု မိန့်ခွန်းနှင့်တကွ အိုဘားမား၏ ကျန်ခရီးစဉ်အားလုံးကို အာရှနိုင်ငံများက အနီးကပ် စောင့်ကြည့်နေကြပြီး တရုတ်ကို ချိန်ခွင်လျှာညှိရန်အတွက် ဒေသတွင်းသို့ အမေရိကန်က ပိုမို တက်ကြွ လှုပ်ရှားသော အစီအစဉ်များ ယူဆောင်လာခြင်းကို မျှော်လင့်နေကြသည်ဟု ပြောကြားပါသည်။

          အိုဘားမားအစိုးရသည် ယခုအချိန်အထိ အာရှနိုင်ငံများနှင့် ကုန်သွယ်ရေး စီးပွားရေးကဏ္ဍများတွင် ထိရောက်သော ညှိနှိုင်းဆွေးနွေးမှုများ အားနည်းနေခြင်းနှင့် ပတ်သက်ပြီး အာရှတွင် စိတ်ပျက် အားလျော့နေကြသည်ဟု Bergsten ကဆိုပါသည်။ ကုန်သွယ်ရေး ကိစ္စနှင့်တကွ အရာရာတွင် အမေရိကန် ၏ လှုပ်ရှားမှု မရှိပါက တရုတ်ကို အခွင့်အရေးပေးသလို ဖြစ်သွားလိမ့်မည်ဟု ၎င်းက ဆက်လက် ပြောကြားပါသည်။

          အစိုးရတာဝန်ရှိ ပုဂ္ဂိုလ်များ၏ ပြောကြားချက်အရ အမေရိကန်သည် ခေါင်းဆောင်မှု အနေအထားကို လက်လွှတ်မည် မဟုတ်ကြောင်း သိသာသော သင်္ကေတပြသရန် အိုဘားမားက ဆန္ဒရှိနေသည်ဟု ဆိုပါသည်။

ခရီးရှည်

          လွန်ခဲ့သော ဆယ်စုနှစ်အတွင်း အာရှတွင် အမေရိကန်၏ သြဇာ တဖြည်းဖြည်း ကျဆင်းနေသည့် အချိန်တွင် တရုတ်၏ သြဇာလွှမ်းမိုးမှု ကြီးမားလာသည်ဟု ဒေသတွင်း အများစုက လက်ခံထား ကြသည်ဟု အမျိုးသား လုံခြုံရေးကောင်စီမှ အာရှရေးရာ ဒါရိုက်တာ Jeffrey Bader က ပြောပါသည်။ ယခု ခရီးစဉ်တွင် သမ္မတကြီး ပြောမည့် သတင်းစကားများအနက် တစ်ခုမှာ "မိမိတို့အားလုံးသည် အာရှပစိဖိတ်နိုင်ငံ ဖြစ်သည်။ မိမိတို့သည် ခရီးရှည် ချီတက်ရန် ရောက်ရှိနေခြင်း ဖြစ်သည်"ဟု ဆိုပါသည်။

          အိုဘားမားသည် တိုကျို၊ စင်ကာပူ၊ ရှန်ဟိုင်း၊ ဘေဂျင်း၊ ဆိုးလ် မြို့များတွင် ရပ်နားမည် ဖြစ်ပြီး စီးပွားရေး လျင်မြန်စွာ ကြီးထွား တိုးတက်လာသော အဆိုပါ အာရှနိုင်ငံများနှင့် ကုန်သွယ်ရေး မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေးကိစ္စများကို တိုးတက်လာစေရန် ကြိုးစားမည် ဖြစ်သည်။ ၎င်းအပြင် အမေရိကန်အပေါ် မှီခိုမှု ကင်းလွတ်အောင် ကြိုးစားသွားမည်ဟု ပြောကြားထားသော ဂျပန်ခေါင်းဆောင်နှင့်လည်း ဆက်ဆံရေး တိုးတက်အောင် ဆောင်ရွက်မည် ဖြစ်သည်။

          တိုကျိုတွင် မိန့်ခွန်းပြောကြားရာတွင် ဟာတိုယားမား ရာထူးရရှိလာခြင်းကြောင့် အမေရိကန်၏ မဟာမိတ်အနေအထား ပြောင်းလဲသွားမည် မဟုတ်ကြောင်း၊ အိုဘားမားက ထပ်မံ အတည်ပြု ပြောဆိုမည် ဖြစ်ပါသည်။ ဟာတိုယားမား၏ ဒီမိုကရက်တစ်ပါတီသည် ပြီးခဲ့သော သြဂုတ်လ က ရာစုနှစ်တစ်ဝက်မျှ  အာဏာရခဲ့သည့် လစ်ဘရယ်တီကို အနိုင်ရခဲ့ခြင်း ဖြစ်သည်။

          အသက် ၆၂ နှစ်ရှိ ဟာတိုယားမားနှင့် DPJ ပါတီက အမေရိကန်ပြည်ထောင်စုနှင့် တန်းတူညီတူ ဆက်ဆံသွားမည်ဟု ပြောကြားခဲ့ပြီး ဘိုကီနာဝါကျွန်းပေါ်ရှိ အမေရိကန် စစ်စခန်းများကို သက်တမ်းတိုးပေးခဲ့သည့် ၂၀၀၆ သဘောတူညီချက်ကို ပြန်လည် စဉ်းစားမည်ဟု ဂျပန်ပြည်သူများကို ကတိပေးခဲ့သည်။ နိုဝင်ဘာ ၁၀ ရက် NHK ရုပ်သံနှင့် အင်တာဗျူးတွင် အိုဘားမားက ဂျပန်အနေနှင့် သဘောတူ ညီချက်ကို လေးစား လိုက်နာသင့်သည်ဟု ပြောခဲ့သည်။

အာဖဂန်အကူအညီ

          လက်ရှိ အမေရိကန် နိုင်ငံခြားရေးမူဝါဒ၏ အရေးကြီးဆုံး ကဏ္ဍဖြစ်သော အာဖဂန်နစ္စတန်တွင် အမေရိကန် ဦးဆောင်သော မဟာမိတ်များနှင့်အတူ ဂျပန်နိုင်ငံ ပူးပေါင်းကူညီရေးကိုလည်း အိုဘားမားက ကြိုးစားဦးမည် ဖြစ်သည်။ အာဖဂန်စစ်ပွဲတွင် လောင်စာဆီဖြည့်တင်းရေး တာဝန် ထမ်းဆောင်နေသော ရေတပ်သင်္ဘောအုပ်စုကို ရုတ်သိမ်းပြီး အာဖဂန်ထူထောင်ရေး ရန်ပုံငွေ ဒေါ်လာ ၅ ဘီလျံပေးမည့် ဟာတိုယားမား၏ ဆုံးဖြတ်ချက်ကို မကျေမနပ်ဖြစ်နေသော အမေရိကန်အား ယခုအပတ်တွင် ဂျပန်က လျော့ပေးရန် ကြိုးစားခဲ့ပါသည်။

          ခေါင်းဆောင် ၂ ဦးသည် သက္ကရာဇ် ၂၀၅၀ တွင် ကမ္ဘာ့ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကို ၈၀% လျော့ချသွား၇န် ရည်ရွယ်သည့် ကြေငြာချက်ကိုလည်း ထုတ်ပြန်လိမ့်မည်ဟု Nikkei English News သတင်းများအရ သိရပါသည်။

          ဂျပန်မှတဆင့် အိုဘားမားသည် စင်ကာပူတွင် ရပ်နားကာ APEC အဖွဲ့ဝင် နိုင်ငံ ၂၀ မှ ခေါင်း ဆောင်များနှင့် အတူညီလာခံ တက်ရောက်မည် ဖြစ်သည်။

          APEC အဖွဲ့ဝင်နိုင်ငံများသည် ကြီးမားသော ကမ္ဘာ့အိမ်သုံးပစ္စည်း ထုတ်လုပ်ရေး၏ ထွက်ကုန် တစ်ဝက်ကျော်ခန့်ကို ထုတ်လုပ်သူများ ဖြစ်သည်။

          APEC ညီလာခံအပြီး နောက်တစ်ရက်တွင် တရုတ်သို့ နှစ်ရက်ကြာ သွားရောက်လည်ပတ်မည် ဖြစ်ပြီး အိမ်မပြန်ခင် တောင်ကိုရီးယားတွင် တစ်ထောက်နားမည် ဖြစ်သည်။

စီးပွားရေး ရင်းနှီးမြှုပ်နှံမှုများ

          အာရှတိုက်တွင် အမေရိကန်၏ ရင်းနှီးမှုပမာဏမှာ များသည်ဟု ဆိုရပါမည်။ IMF ၏ အစီရင်ခံစာတစ်ခုတွင် ယခင်လက ခန့်မှန်း တွက်ချက်မှုများအရ အာရှတိုက်၏ ဖွံ့ဖြိုးမှုနှုန်းသည် ၂၀၁၀ တွင် ၅.၇၅% တက်လာမည်ဖြစ်၍ G.7 ဂျီဆဲဗင်း နိုင်ငံများ၏ တိုးတက်မှုနှုန်းမှာ ၁.၂၅% သာရှိပါသည်။

          တရုတ်နှင့် ဂျပန်သည် ဒေါ်လာ ၁.၅ ထရီလီယံ တန်ဘိုးရှိ အမေရိကန်ငွေတိုက် စာချုပ်များကို ဝယ်ယူ ပိုင်ဆိုင်ထားပြီး အမေရိကန်က ၎င်း၏ ငွေးကြေး ဘတ်ဂျက်လိုအပ်မှုကြောင့် ချေးငှားခဲ့ခြင်း ဖြစ်သည်။ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်ဝမ်နှင့် စင်္ကာပူတို့၏ ကူးသန်းရောင်းဝယ်မှုမှာ စုစုပေါင်း အမေရိကန်ကုန်သွယ်ရေး ပမာဏ၏ ၂၅%ရှိသည်ဟု အမေရိကန် Census Bureau Figures စာရင်းများအရ သိရသည်။ ယခုကဲ့သို့ စီးပွားရေးအရ လျှင်မြန်စွာ ကြီးထွားခြင်းကြောင့် အာရှဒေသသည် အမေရိကန်နှင့် ကမ္ဘာလုံးဆိုင်ရာ ပြန်လည် နာလံထူရေးအတွက် အလွန် အရေးပါနေခြင်း ဖြစ်သည်။

          အာရှသည် ကမ္ဘာကြီး၏ အင်အားအကြီးဆုံး ဒေသဖြစ်လာသည်ဟု Center for Strategic and International Studies မှ အာရှရေးရာ ကျွမ်းကျင်သူ Michael Green က မှတ်ချက်ပေးပါသည်။ လက်ရှိ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး အကျပ်အတည်းမှ လွတ်မြောက်စေမည့် အဓိက အကြောင်းအရင်း ဖြစ်သည်ဟု ဆိုပါသည်။

          အာရှစီးပွားရေးကို တိုးတက်အောင် ကူညီမည့် အမေရိကန်ထက် နှိုင်းယှဉ်လျှင် အာရှနိုင်ငံများသည် တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်နေသည်ဟု ဆိုရပါလိမ့်မည်။

ကုန်သွယ်ရေးသဘောတူညီချက်များ

          အမေရိကန်ပြည်ထောင်စု မပါဝင်နိုင်သေးခင်မှာပင် အာရှနိုင်ငံများအတွင်း လွတ်လပ်စွာ ကုန်သွယ်ရေး စီမံချက်ပေါင်း ၇၀ ကျော် ပေါ်ထွက်လာခဲ့သည်ဟု Green က ပြောပါသည်။ ၂၀၀၇ ကပင် ညှိနှိုင်းနေခဲ့သော တောင်ကိုရီးယား အမေရိကန် ကုန်သွယ်ရေး သဘောတူညီချက်မှာ ကွန်ဂရက်လွှတ်တော် မဲခွဲဆုံးဖြတ်မှုကို စောင့်ဆိုင်းနေရဆဲ ဖြစ်သည်။

          အမေရိကန်သမ္မတ၏ ပထမဆုံး အာရှခရီးစဉ်အတွင်း အိုဘားမားသည် အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံ ဆွေးနွေးခြင်း ရှိ/မရှိ ကိုမူ ကြိုတင် မှန်းဆနိုင်ခြင်း မရှိပါဟု အိုဘားမား၏ ပြောရေးဆိုခွင့်ရ အရာရှိများက ပြောကြားပါသည်။ အိုဘားမားအစိုးရက ဒီမိုကရေစီ ထွန်းကားရေးအတွက် အစစ်အမှန် ဆောင်ရွက်ချက်များကို တစ်ဆင့်ပြီးတစ်ဆင့် ပြသရန် မြန်မာအစိုးရကို တိုက်တွန်းထားပါသည်။ အထိန်းသိမ်းခံ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ အားလုံးကို လွှတ်ပေးပြီး လွတ်လပ်၍ မျှတသော ရွေးကောက်ပွဲ ကျင်းပရန် အမေရိကန်က တောင်းဆိုထားပါသည်။

 


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment