Transparency Myanmar

transparency.myanmar@gmail.com

www.chinaview.cn,30-11-2009

        ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ချုပ် WTO ၏ ဖွံ့ဖြိုးဆဲအဖွဲ့ဝင် နိုင်ငံများက ဒိုဟာ ညှိနှိုင်း အစည်းအဝေး (Doha Round) မှ မပြီးပြတ်သေးသော ကိစ္စရပ်များကို ဖြေရှင်းရန် အမြန်ဆုံး ဆောင်ရွက်ရေးအတွက် တနင်္လာနေ့တွင် တိုက်တွန်းလိုက်ပါသည်။ သို့မှသာ ၂၀၁၀ ခုနှစ် အစည်းအဝေးတွင် အပြီးသတ် ဆုံးဖြတ်ရန် ရည်မှန်းထားချက် အထမြောက် အောင်မြင်နိုင်မည်ဟု ဆိုပါသည်။

          ဖွံ့ဖြိုးဆဲ အဖွဲ့ဝင်နိုင်ငံများ အုပ်စုတစ်ခုဖြစ်သည့် (G-20) က တနင်္လာနေ့တွင် ကျင်းပမည့် (၇) ကြိမ်မြောက် WTO ဝန်ကြီးအဆင့် အစည်းအဝေး မတိုင်မီ ထုတ်ပြန်ခဲ့သော အစီရင်ခံစာတွင် နိုင်ငံရေးနှင့် သက်ဆိုင်သော အစီရင်ခံစာများသည် ဆွေးနွေး ညှိနှိုင်းမှုအဖြစ် အကောင်အထည် ပေါ်လာရန် အရေးတကြီး လိုအပ်နေသည်ဟု ဖေါ်ပြထားပါသည်။

          လိုလားချက် သဘောထားများ ပေါင်းစည်းနိုင်ရေးအတွက် မပြီးပြတ်သေးသော ကိစ္စများအပေါ် သဘောကွဲလွဲမှုများကို ဆွဲစေ့ပေးနိုင်မည့် လုပ်ငန်းနည်းလမ်းတစ်ခု လိုအပ်နေသည်ဟု အထက်ပါ အစီရင်ခံစာတွင် ဖေါ်ပြထားသည်။

          အိန္ဒိယ၊ ဘရာဇီး၊ တရုတ် စသော အဓိက ဖွံ့ဖြိုးဆဲနိုင်ငံများ ပါဝင်သည့် (G-20) အဖွဲ့က ထုတ်ပြန်သည့် အစီရင်ခံစာကို ဒိုဟာ ကုန်သွယ်ရေး ညှိနှိုင်း အစည်းအဝေးတွင် တက်ရောက်ခဲ့သည့် ဖွဲ့ဖြိုးဆဲနိုင်ငံ (၁၀၀) ကျော်ကလည်း ထောက်ခံခဲ့ပါသည်။

          အဆိုပါကိစ္စများကို အမြန်ဆုံး အဆုံးသတ်ချင်ပြီ ဖြစ်ကြောင်း ပြောကြားခဲ့သူမှာ (G-20) ဝန်ကြီးများ အစည်းအဝေး၏ ညှိနှိုင်းရေး တာဝန်ခံ ဘရာဇီး နိုင်ငံခြားရေးဝန်ကြီး Celso Amorin ဖြစ်ပါသည်။

          ဒိုဟာ ညှိနှိုင်း အစည်းအဝေး၏ အောင်မြင်မှု အဓိပ္ပာယ်မှာ ချစ်ခင် ရင်းနှီးစွာ အကောင်အထည်ဖေါ် ဆောင်ရွက်ရေး ဖြစ်သင့်သည်ဟု ဆိုလိုခြင်း ဖြစ်ကြောင်း Amorin က သတင်းစာ ရှင်းလင်းပွဲတွင် အလေးထား ပြောကြားခဲ့ပါသည်။

          ဖွံ့ဖြိုးရေးသို့ ဦးတည်မှု၏ အရေးကြီးပုံနှင့် တန်ဖိုးများ၊ စည်းမျဉ်း အခြေခံ နိုင်ငံပေါင်းစုံ ကုန်သွယ်ရေး စနစ်များကို အလေးပေးသင့်ကြောင်း ကမ္ဘာစီးပွားရေး အကျပ်အတည်းက မီးမောင်း ထိုးပြနေသည်ဟု အစီရင်ခံစာက ဆိုပါသည်။

          ဒိုဟာ အစည်းအဝေး၏ မပြီးပြတ်မှုကို အပြီးသတ်ခြင်းဖြင့် နိုင်ငံပေါင်းစုံ ကုန်သွယ်ရေးစနစ်၏ ယုံကြည်စိတ်ချရမှုကို ခိုင်မြဲစေခြင်း၊ ကိုယ်ကျိုးစီးပွား ကာကွယ်ရေးဝါဒကို တားဆီးခြင်း၊ ကွဲလွဲမှုများကို စေ့စပ်နေသည့် အချိန်တွင် ကမ္ဘာစီးပွားရေးကို အားဖြည့်တင်းခြင်း စသော ကိစ္စများတွင် အထောက်အကူ ဖြစ်စေမည် ဖြစ်သည်။

          ၂၀၀၁ ခုနှစ်က စတင်ခဲ့သော ဒိုဟာ ညှိနှိုင်း ဆွေးနွေးမှုများ၏ မူလ ရည်ရွယ်ချက်မှာ ကုန်သွယ်ရေး ဖွင့်လှစ်မှုဖြင့် ဆင်းရဲနွမ်းပါးသော နိုင်ငံများ ဖွံ့ဖြိုးလာအောင် ကူညီရန် ဖြစ်ပါသည်။ သို့ရာတွင် (၈) နှစ်ကျော် ကြာလာသည့်တိုင်အောင် အပြီးမသတ်နိုင်သေးဘဲ ခက်ခဲ ရှုပ်ထွေးသော ညှိနှိုင်းမှုများ ကျန်ရှိနေဆဲ ဖြစ်ပါသည်။ WTO အဖွဲ့ဝင်များသည် အဓိက ကိစ္စများဖြစ်သည့် လယ်ယာ ထွက်ကုန်ဆိုင်ရာ အခွန်အကောက်နှင့် ထောက်ပံ့ကြေးများ၊ စက်မှုထွက်ကုန်ဆိုင်ရာ ဈေးကွက် အခွင့်အလမ်းများတွင် ဟာကွက်များကို ပိတ်နိုင်ခြင်း မရှိသေးပါ။

          လုပ်ငန်း ပြီးဆုံးရက်ကို အကြိမ်ပေါင်းများစွာ လွဲချော်ခဲ့ပြီး ယခုနောက်ဆုံး ၂၀၁၀ ခုနှစ် ညှိနှိုင်း အစည်းအဝေးတွင် လုပ်ငန်းများ အပြီးသတ်ရန် WTO အဖွဲ့ဝင်များက သတ်မှတ်ခဲ့ပါသည်။

          သို့ရာတွင် အမေရိကန် အစိုးရက လွတ်လပ်စွာ ကုန်သွယ်ရေး ဆွေးနွေးမှုများထက် ၎င်း၏ ပြည်တွင်းကိစ္စများ (ကျန်းမာရေး စောင့်ရှောက်မှု အစီအစဉ်) ကို ပိုမို စိတ်ဝင်စားနေသောကြောင့် WTO ၏ လုပ်ငန်း  အပြီးသတ် အစည်းအဝေး ဖြစ်နိုင်ချေနှင့် ပတ်သက်၍ သံသယများ တိုးပွားလျက် ရှိပါသည်။

          ထို့ကြောင့် တနင်္ဂနွေနေ့က ထုတ်ပြန်သော (G-20) အစီရင်ခံစာတွင် ဖွံ့ဖြိုးဆဲ နိုင်ငံများက WTO ၏ ရည်ရွယ်ချက်ကို အလေးထားနေသည့် အချိန်တွင် ဖွံ့ဖြိုးပြီး နိုင်ငံများကလည်း အသိအမှတ်ပြု တုန့်ပြန်ရန် တိုက်တွန်းထားခြင်း ဖြစ်သည်။

          တနင်္လာနေ့တွင် ကျင်းပမည့် (၇) ကြိမ်မြောက် WTO ဝန်ကြီးအဆင့် အစည်းအဝေးသည် ဒိုဟာ ညှိနှိုင်းရေး အစီအစဉ်နှင့် မသက်ဆိုင်ပါ။

          သို့ရာတွင် ကုန်သွယ်ရေး ဝန်ကြီးများသည် ဒိုဟာ ညှိနှိုင်းရေး အစီအစဉ်၏ လက်ရှိ အနေအထားနှင့် လာမည့်လ အနည်းငယ်တွင် မည်သို့မည်ပုံ စေ့စပ် ညှိနှိုင်းကြမည် ဆိုသည့်ကိစ္စကို ဆွေးနွေး သုံးသပ်ကြလိမ့်မည်ဟု WTO တာဝန်ရှိ ပုဂ္ဂိုလ်များက ပြောကြားခဲ့ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment