Transparency Myanmar

transparency.myanmar@gmail.com

ကင်ဂျုံအီလ် ခေါင်းဆောင်သော မြောက်ကိုရီးယား ကွန်မြူနစ်အစိုးရက ယခု တစ်ပတ်အတွင်း ငွေကြေး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်မည်ဟု သတင်း ထုတ်ပြန် လိုက်သည်။ ဤသို့ပြုလုပ်ခြင်းသည် စီးပွားရေးစနစ် ကောင်းတစ်ခုနှင့် ပတ်သက်မှုမရှိပေ။ သို့သော် Wall Street Journal ၏ အဆိုအရ မြောက်ကိုရီးယား ငွေကြေး ပြုပြင် ပြောင်းလဲမှုသည် ပြုံယမ်း အစိုးရ၏ ပရိယာယ်တစ်ခု ဖြစ်သည်။ စွန့်ဦး တီထွင်နိုင်သူ လူတန်းစားများ ကြီးထွားလာရေး အတွက် ဖြတ်လမ်းတစ်ခုကို ပရိယာယ်ဖြင့် ရွေးချယ်လိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

ပုံမှန်ဘောဂဗေဒ စည်းမျဉ်းအရ ပြောပါက ငွေကြေး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခြင်းသည် ဆိုးရွားသော ပြဿနာ မဟုတ်ပေ။ တည်ငြိမ်မှု ရှိသော အစိုးရ အတော်များများသည် လွဲမှားသော စီးပွားရေး ပေါ်လစီများကို ပြန်လည်ပြင်ဆင် ရေးဆွဲနိုင်ရန် အလားတူ ငွေကြေး ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်လေ့ ရှိသည်မှာ ဓမ္မတာပင် ဖြစ်သည်။

မှန်ကန် ကောင်းမွန်သော ငွေကြေး ပြုပြင်ပြောင်းလဲမှုဟု ဆိုရာတွင် ဈေးကွက်တွင်း အသုံးပြုလျက် ရှိသော ငွေစက္ကူဟောင်းများကို တဖြည်းဖြည်းချင်း ပျောက်ကွယ်အောင် ဖျက်သိမ်းပြီး ငွေစက္ကူသစ်များ ရိုက်နှိပ်ထုတ်ဝေခြင်း၊ ငွေမာများဖြစ်သော ဒေါ်လာနှင့် ယူရို အစရှိသည့် ငွေများကို ပြည်သူများ အလွယ်တကူ ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ရန် အစိုးရက တာဝန်ယူပေးခြင်း တို့ကို ဆိုလိုပေသည်။

ဤသို့ဖြင့် မက်ခရိုစီးပွားရေးဆောင်ရွက်ချက်များကို ပြုလုပ်နိုင်မည်ဖြစ်သည်။  ယခုနှစ်များအတွင်း တူရကီနှင့် ဂါနာ နိုင်ငံတို့သည် ငွေကြေးပြုပြင်ပြောင်းလဲမှုများကို အောင်မြင်စွာအကောင်အထည်ဖော်နိုင်ခဲ့လေသည်။

မြောက်ကိုရီးယား ကွန်မြူနစ် အစိုးရက ပြုလုပ်သော ငွေကြေးပြုပြင် ပြောင်းလဲမှုများမှာ အထက်ပါ နည်းလမ်းများနှင့် အတော့်ကို ကွဲလွဲလေသည်။ တူရကီနှင့် ဂါနာတို့က ပြည်သူများ လက်ဝယ်ရှိသော ငွေစက္ကူဟောင်းများ အားလုံးကို အဆင်ပြေ ချောမွေ့စွာ လဲလှယ်နိုင်ရန် ပြုလုပ်နိုင် ခဲ့သော်လည်း ပြုံယမ်းအစိုးရကမူ ငွေကြေးများကို အကန့်အသတ်ဖြင့်သာ လဲလှယ်ခွင့်ပြုခဲ့သည်။ သို့အတွက်ကြောင့် ဝမ်ငွေစက္ကူဟောင်း ကိုင်ဆောင်သူများ အကြား ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့ရသည်။

မည်သည့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုမဆို အခွင့်အလမ်း များစွာကို ဖန်တီးပေးနိုင်သည် ချည်းသာပင် ဖြစ်သည်။ ၂၀၀၂ ခုနှစ်တွင် ပြုလုပ်ခဲ့သော ဈေးနှုန်းနှင့် လုပ်အားခများ ပြုပြင်ပြောင်းလဲမှုသည် မြောက်ကိုရီးယား စစ်တပ်အတွက် အတော့်ကို အကျိုးအမြတ် ထွက်ပေါ်ခဲ့သည်။

ယခု ပြောင်းလဲမှုသည် ဈေးကွက်အင်အား ခေါင်းထောင်လာမှုနှင့် ဓနအင်အား ဖန်တီးနိုင်စွမ်းကို လျှော့ချနိုင်အောင် ပြုလုပ်လိုသည့် မြောက်ကိုရီးယား အစိုးရ၏ ဗျူဟာတစ်ရပ်ပင် ဖြစ်လေသည်။ မြောက်ကိုရီးယား အရင်းရှင် စီးပွားရေးစနစ်တွင် စက်ရုံ လုပ်သားမှအစ အစိုးရ အရာရှိများ အထိပါဝင်သည်။ သို့သော် သူတို့အားလုံးသည် နိုင်ငံတွင်း ထွက်ရှိသော ဆန်ကြမ်း၊ ဂျုံကြမ်းမှ အစ တရုတ်ပြည်မှ တင်သွင်းသော ကုန်ပစ္စည်းများ အားလုံးကို ရောင်းဝယ်မှု ပြုလုပ်နိုင်သည် ဟူသော စီးပွားရေး အသိတရားများ ရိုက်ချိုး ခံထားရလေသည်။

အစိုးရ၏ ချုပ်ကိုင်မှုအောက်သို့ လုံးလုံးလျားလျား ရောက်ရှိနေသော မြောက်ကိုရီးယား လူ့အဖွဲ့အစည်းတွင် ပုဂ္ဂလိကကဏ္ဍနှင့် ပတ်သက်သော ဈေးကွက်ဟူသည် မိမိဘာသာ အသက်ဆက် လည်ပတ်ရန် မနည်း ကြိုးစားနေရသည့် သဘောတွင်ရှိသည်။

မြောက်ကိုရီးယား ပြည်သူများ အကြား တစ်ဦးနှင့် တစ်ဦး အစိုးရ မသိနိုင်အောင် အပြန်အလှန် အရောင်းအဝယ် ပြုလုပ်ခြင်းမျိုးသာ ဖြစ်သည်။ အစိုးရက အရာရာ ချုပ်ကိုင်ထားသည် ဆိုသော်လည်း ပုဂ္ဂလိက ဈေးကွက်မှာမူ အစိုးရနှင့် သီးခြားဖြစ်နေသည့် သဘောကို ဆောင်သည်။ သို့အတွက်ကြောင့် အစိုးရက စီးပွားရေးယန္တရားကြီး တစ်ခုလုံး နိုင်ငံတော်လက်အောက်မှ လွတ်ထွက်သွားမည့် သဘောမျိုးဖြစ်လာမည်ကို ပြုံယမ်းအစိုးရက စိုးရိမ် ပူပန်လာသောကြောင့် ငွေကြေးပြုပြင် ပြောင်းလဲမှုများ ပြုလုပ်ခြင်း ဖြစ်ပေသည်။

မှတ်တမ်းများ အရ ၁၉၄၈ ခုနှစ်တွင် နိုင်ငံစတင် ထူထောင်ခဲ့သည့် အချိန်မှစ၍ အစိုးရက ငွေကြေး ပြုပြင်ပြောင်းလဲမှု၊ သို့တည်း မဟုတ် အလားတူ စီးပွားရေး ပေါ်လစီ ပြောင်းလဲမှုများကို ၁၀ နှစ် တစ်ကြိမ် ပြုလုပ်လာခဲ့သည်။  ပုဂ္ဂလိကပိုင်ငွေကြေးများ၊ လုပ်အားများ နှင့် ပစ္စည်းများ အားလုံးကိုလည်း မကြာခဏဆိုသလို ပြည်သူပိုင် သိမ်းလေ့ရှိသည်။ ယခုနောက်ဆုံး ပြုလုပ်လိုက်သည့် မြောက်ကိုရီးယား ငွေကြေး ပြုပြင် ပြောင်းလဲမှုအတွက် စီးပွားရေး စေ့ဆော်မှု အတော်အတန် ပေါ်ထွက်ခဲ့ဟန်ရှိသည်။

မြောက်ကိုရီးယား နိုင်ငံတွင်း ဆန်စပါး စားသုံးမှု၏ သုံးပုံနှစ်ပုံမှာ ပြည်တွင်း ထုတ်လုပ်မှုကို မှီခို အားထားရသည်။ ကျန်ရှိသော တစ်ပုံမှာ နိုင်ငံတကာမှ ရရှိသော အကူအညီ အထောက်အပံ့ ဖြစ်သည်။ လက်ရှိ အခြေအနေတွင် ဆန်စပါးထွက်ရှိမှု ကျင်းဆင်းပြီး ကောက်ပဲသီးနှံ ဈေးနှုန်းများလည်း အလွန်အမင်း မြင့်တက်လျက် ရှိရာ လယ်သမားများသည် အစိုးရထက် မှောင်ခိုဈေးကွက်ကို ပိုမိုအားထား လာရသည့် သဘောသို့ ရောက်ရှိလာသည်။ ကုလသမဂ္ဂက ချမှတ်ပြဋ္ဌာန်းလိုက်သော ပိတ်ဆို့ အရေးယူမှု ကြောင့်လည်း နိုင်ငံဘဏ္ဍာရေး ကဏ္ဍတွင် ကမောက်ကမ ဖြစ်မှုများ ပိုမိုထွက်ပေါ် လာလေသည်။

ယခု ငွေကြေးပြုပြင် ပြောင်းလဲမှုများ ပြုလုပ်ခြင်းသည် ပြုံယမ်းအစိုးရက ပုဂ္ဂလိက အခန်းကဏ္ဍ စီးပွားရေး ဆောင်ရွက်ချက်များကို နှိပ်ကွပ်ရန် ကြိုးပမ်းမှု သက်သက်ချည်း မဟုတ်ပေ။ ဈေးကွက် ဗဟိုပြုသော စီးပွားရေး ဆောင်ရွက်ချက်များကို ဗဟိုကော်မတ ဖွဲ့စည်းပြီး ထိန်းချုပ်ရန် ကြိုးစားသလို ခေါင်းပုံဖြတ် အမြတ်ကြီးစား လုပ်နိုင်ရန်လည်း အစိုးရက ကြိုးပမ်းလျက် ရှိသည်။ကြိုးနီစနစ် ဆန်သော အလေ့အထမျိုးဖြင့် ပုဂ္ဂလိက ဈေးကွက်ကို ထိန်းချုပ်ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၀၄ နှင့် ၂၀၀၇ ခုနှစ်တို့တွင် သတ်မှတ် ပြဋ္ဌာန်းခဲ့သော မြောက်ကိုရီးယား စီးပွားရေး စည်းမျဉ်းစည်းကမ်းအရ တရားမဝင်သော စီးပွားရေး ဆောင်ရွက်မှုမျိုးကို ရာဇဝတ်မှုအဖြစ် သတ်မှတ်သည်။ ယင်းသို့ ဆောင်ရွက်မှုမျိုး တွေ့ရှိပါက အလုပ်သမား သင်တန်းသို့ ၂ နှစ်နှင့် အထက် တက်ရောက်ရသည်။ ထို့ပြင် ဟိုတယ်၊မိုတယ်၊ စားသောက်ဆိုင်၊  အရက်ဘားနှင့် စတိုးဆိုင်များ အစရှိသော စီးပွားရေး လုပ်ငန်းကြီးများ လုပ်ကိုင်ခြင်းကို နိုင်ငံတော် အဆင့် ရာဇဝတ်မှုမျိုး အဖြစ် သတ်မှတ်သည်။ ပြစ်ဒဏ်မှာလည်း လွန်စွာကြီးမားသည်။

လေ့လာ သုတေသန ပြုချက်များအရ မြောက်ကိုရီးယားအစိုးရက ဦးဆောင်ပြီး စီးပွားရေး လုပ်ငန်းများအပေါ် လွန်စွာ ဖိနှိပ်ချုပ်ခြယ်မှုများ ပြုလုပ်ခြင်းသည် ဈေးကွက်စီးပွားရေး ဆောင်ရွက်ချက်များကို လွန်စွာ ကမောက်ကမ ဖြစ်စေကြောင်း သိရသည်။

ဈေးကွက်စီးပွားရေး ဆောင်ရွက်မှုများတွင် ပါဝင်သူများ ထက်ဝက်ကျော်ခန့်မှာ ဖမ်းဆီး ထိန်းသိမ်းခံ ထားရသည်။ အဖြစ်အပျက်များမှာ ကြောက်ခမန်းလိလိပင် ဖြစ်သည်။ တရားမဝင် စီးပွားရေး ဆောင်ရွက်ခြင်းကြောင့် ဖမ်းဆီးထိန်းသိမ်း ခံထားရသော အကျဉ်းသားများမှာ အလုပ်သမား စခန်းများတွင် ပန်ပင်းဆင်းရဲကြီးစွာ နေထိုင်ကြရသည်။ California San Diego တက္ကသိုလ်မှ ပြုလုပ်သော စစ်တမ်းအရ ၂၀၀၈ ခုနှစ်အတွင်း မြောက်ကိုရီးယားနိုင်ငံတွင်း စီးပွားရေး ရာဇဝတ်မှု ကျူးလွန်ခြင်းကြောင့် ဖမ်းဆီးထိန်းသိမ်း ခံရမှုနှုန်းများနှင့် နှိပ်စက်ညှဉ်းပန်းမှု နှုန်းများမှာ အောက်ပါအတိုင်းဖြစ်သည်။

သေဒဏ်ပေးသည့် နှုန်း ၆၀ ရာခိုင်နှုန်းထိ။ အစာရေစာ အငတ်ထားခြင်း ၉၀ ရာခိုင်နှုန်း အထိ။ ရိုက်နှက် ညှဉ်းပန်းခြင်းကြောင့် သေဆုံးခြင်း ၂၀ ရာခိုင်နှုန်း အထိ။

အဆိုပါ ရာခိုင်နှုန်းမှာ တစ်နှစ်အတွင်း မြင့်တက်လာသော ကိန်းဂဏန်းများ ဖြစ်ပြီး အလုပ်သမား စခန်းတွင် ဖြစ်ပေါ်ခဲ့သည့် ဖြစ်ရပ်များလည်း ဖြစ်သည်။

ဤသို့ ဖိနှိပ်ချုပ်ခြယ်မှုများ အမျိုးမျိုး ပြုလုပ်ခြင်းကြောင့် ပြုံယမ်းအစိုးရမှာ အကျိုးအမြတ်ပေါင်း များစွာရရှိနေပါသည်။ စီးပွားရေး ရာဇဝတ်မှုများဖြင့် ဖမ်းဆီးထိန်းသိမ်းမှုများ တိုးပွား လာခြင်းကြောင့် အစိုးရတွင်း လာဘ်ပေးလာဘ်ယူမှု များလည်း မြင့်တက်ခဲ့သည်။ ပြုံယမ်းအစိုးရက ဦးစီးသော ဗဟို စီးပွားရေး ဦးစီးမှု ကော်မတီ၏ ဖိနှိပ်မှုများ၊ ကန့်သတ်ပိတ်ပင်မှုများ အဆမတန် များပြားလာလေ အစိုးရအရာရှိများ၊ ဝန်ထမ်းများ အလွဲသုံးစားမှု၊ အဂတိလိုက်စားမှု ကြီးထွားလာလေသာ ဖြစ်သည်။ ဤသို့သော စရိုက်လက္ခဏာများက စီးပွားရေးတွင် ပြုံယမ်း ကွန်မြူနစ်အစိုးရ၏ အခန်းကဏ္ဍကို မြှင့်တင်ပေးရုံသာမက စနစ်တကျ အဂတိ လိုက်စားမှုများ ဖြစ်ပေါ်အောင်လည်း ပြုလုပ်ပေးနေသကဲ့သို့ ရှိပေသည်။

ယခုလို ပုဂ္ဂလိက အခန်းကဏ္ဍကို နှိပ&