Transparency Myanmar

transparency.myanmar@gmail.com

CNN,4 - Dec - 2009

        အယ်ကိုင်ဒါ ခေါင်းဆောင် Osama Bin Laden သည် ပါကစ္စတန်နိုင်ငံ၏ တောင်ကြားများတွင် ပုန်းအောင်းနေသည် ဆိုသည့် သတင်းကို ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ်က ကြာသပတေးနေ့က ငြင်းဆို ခဲ့ပါသည်။ ထိုသတင်းကြောင့် အကြမ်းဖက်သမား နှိမ်နင်းရေးနှင့် ပတ်သက်၍ အစ္စလာမ် မာဘတ်သို့ တစ်ကမ္ဘာလုံးက ဖိအားပေးခဲ့ကြပါသည်။

          ဗြိတိန်နိုင်ငံရောက် ပါကစ္စတန် ဝန်ကြီးချုပ် Yousaf Raza Gilani သည် ဗြိတိန် ဝန်ကြီးချုပ် Gordon Brown နှင့် ပူးတွဲ သတင်းစာ ရှင်းလင်းပွဲတွင် မိမိတို့သည် အကြမ်းဖက်မှု နှိမ်နင်းရေးအတွက် တိုက်ပွဲများ ဆင်နွှဲလျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။

          မိမိတို့တွင် ကာကွယ်ရေး အင်အား ကောင်းကောင်း ရှိကြောင်း၊ အမေရိကန် ပြည်ထောင်စုနှင့် ထောက်လှမ်းရေး ပူးပေါင်း ဆောင်ရွက်မှုများ ရှိကြောင်းနှင့် Osama Bin Laden သည် ပါကစ္စတန်နိုင်ငံတွင် ရှိနေသည်ဟု မိမိ မထင်ကြောင်း ၎င်းက ပြောပါသည်။

          ၂၀၀၁ ခုနှစ်တွင် အယ်ကိုင်ဒါတို့ အမေရိကန်နိုင်ငံကို တိုက်ခိုက်အပြီးတွင် အာဖဂန် နစ္စတန်နိုင်ငံတွင် အဓိက စစ်ရေးအရ တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး၊ Bin Laden ၏ နေရာကို မရှာဖွေနိုင်ခဲ့ပါ။ ထိုစဉ်ကတည်းက ပါကစ္စတန်နိုင်ငံသည် Bin Laden ပုန်းအောင်းနေသည်ဟု သံသယ ရှိသည့် နေရာများကို မှန်မှန်စုံစမ်း ဖော်ထုတ်ခဲ့သည်ဟု ဆိုပါသည်။

          ဗြိတိသျှ ဝန်ကြီးချုပ် Brown သည် ဗြိတိန် မြေပေါ်တွင်ပါ ခြိမ်းခြောက်လာနေသော အကြမ်းဖက်သမားများအား တိုက်ဖျက်ရန် ပါကစ္စတန်သို့ ပေါင်သန်း (၅၀) (အမေရိကန်ဒေါ်လာ ၈၃ သန်း) အကူအညီပေးရန် ကြာသပတေးနေ့က စီစဉ်ခဲ့ပါသည်။ Brown သည် ယခင်က ပါကစ္စတန်အား Bin Laden အား ခြေရာခံနိုင်ခြင်း မရှိ၍ ဝေဖန်ခဲ့ဖူးပါသည်။

          ယခုတိုက်ပွဲများသည် ပါကစ္စတန်၏ တိုက်ပွဲ ဖြစ်သလို၊ ဗြိတိသျှတို့၏ တိုက်ပွဲလည်း ဖြစ်ကြောင်း Brown က Gilani သို့ ပြောကြားခဲ့ပါသည်။ အစ္စလာမ် မာဘတ် မြောက်ပိုင်း Swat တောင်ကြား၌ ပါကစ္စတန် တာလီဘန်များ နေရာယူထားသော ဒေသများကို မကြာသေးမီက ပါကစ္စတန်တို့ စစ်ဆေးရေးများ ပြုလုပ်ခဲ့ရာ၊ ဗြိတိသျှတို့က အဆိုပါ စစ်ဆင်ရေး တိုးမြှင့် လုပ်ဆောင်နိုင်ရန် အားပေးခဲ့ပါသည်။

          "ပြီးခဲ့တဲ့ လများအတွင်း အဆွေတော်ရဲ့ ခေါင်းဆောင်မှုများဟာ အလွန် အရေးပါခဲ့တယ်" ဟု Brown က Gilani သို့ ပြောကြားခဲ့ပါသည်။

          ယခုအပတ် အစောပိုင်းက Brown သည် ဗြိတိသျှ စစ်သား (၅၀၀) ကို အာဖဂန် နစ္စတန်သို့ စေလွှတ်ရန် စီစဉ်ခဲ့ပါသည်။ ထို့အပြင် အမေရိကန် သမ္မတ Barack Obama ကလည်း ပါကစ္စတန်နှင့် အာဖဂန် နစ္စတန် နယ်စပ်တစ်လျှောက် အကြမ်းဖက်သမားများ နှိမ်နင်းရန် အမေရိကန် တပ်ဖွဲ့ (၃၀၀၀၀) စေလွှတ်ရန် စီစဉ်ခဲ့ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment