Transparency Myanmar

transparency.myanmar@gmail.com

VOA News,3 - Dec - 2009

        ဆိုမာလီယာ နိုင်ငံသားများဟု ယူဆရသော ပင်လယ်ဓားပြ (၁၃) ဦးကို အိုမန် ကမ်းလွန်တွင် ကုန်သင်္ဘောတစ်စီးကို အပိုင်စီးရန် ကြိုးစားစဉ် ဖမ်းဆီးရမိခဲ့သည်ဟု ဒတ်ခ်ျရေတပ်က ပြောကြားပါသည်။

          ဒတ်ခ်ျ ကာကွယ်ရေး ဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်ချက်အရ ပင်လယ်ဓားပြများသည် BBC Togo ကုန်သင်္ဘောသို့ စပိဒ်ဘုတ်များဖြင့် ဗုဒ္ဓဟူးနေ့က ချဉ်းကပ်ခဲ့ပြီး ကုန်သင်္ဘောကို သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်ဟု ဆိုပါသည်။ ပင်လယ်ဓားပြများသည် သင်္ဘောပေါ်သို့ တက်ရန် ကြိုးစားခဲ့သော်လည်း သံဆူးကြိုးများဖြင့် ကာကွယ်ထားသော အတားအဆီးများကို ကျော်လွှားနိုင်ခြင်း မရှိခဲ့ဟု သိရပါသည်။

          အကြီးစား ကုန်သင်္ဘောမှ ဆုတ်ခွာလာသော ပင်လယ်ဓားပြများကို ဆာလာလား၏ တောင်ဘက် (၂၈၀) ကီလိုမီတာအကွာ ပင်လယ်ပြင်တွင် ဖမ်းဆီးမိခဲ့သည်ဟု ဒတ်ခ်ျ ရေတပ်မတော်က ပြောပါသည်။

          ပင်လယ်ဓားပြများ ဖမ်းဆီးထားသည့် တန်ဇန်းနီးယား တံငါသည် (၂) ဦးကို ပြန်လွှတ်ပေးခဲ့ပြီး အေကေ (၄၇) ရိုင်ဖယ် သေနတ်များနှင့် ဒုံးပစ်လောင်ချာများ အပါအဝင် လက်နက်များလည်း သိမ်းဆည်းခဲ့သည်ဟု သိရပါသည်။

          ယခု အိုမန် ကမ်းခြေ ဖမ်းဆီးမှု အပြီးတွင် ကြားသိရသော အခြားသတင်းတစ်ရပ်အရ ဆိုမာလီယာ ပင်လယ်ဓားပြများသည် (၆) လကြာ ဖမ်းဆီးထားခဲ့သော ဂျာမန်ပိုင် ကုန်သင်္ဘော တစ်စင်းနှင့် သင်္ဘောသား (၁၀) ဦး အဖွဲ့ကို လွှတ်ပေးခဲ့သည်ဟု ဆိုပါသည်။

          ကြာသပတေးနေ့တွင် အီးယူက ထုတ်ပြန်သော အထက်ပါ ကြေညာချက်တွင် ပြန်ပေးငွေ ပေးရခြင်း ရှိ / မရှိကို ဖေါ်ပြခြင်း မရှိပါ။

          အန်တီဂွါ နှင့် ဘာဘူဒါ အလံ လွှင့်တင်ထားသော Mr Charelle သင်္ဘောကို အိုမန် တောင်ပိုင်း (၉၅) ကီလိုမီတာ အကွာအဝေးရှိ ပင်လယ်ပြင်တွင် ဇွန်လ (၁၂) ရက်၌ ပင်လယ်ဓားပြများက အပိုင်စီးခဲ့ခြင်း ဖြစ်သည်။

          အဆိုပါ ဒေသအတွင်း ပင်လယ်ဓားပြ အပိုင်စီးမှုများမှာ လွန်ခဲ့သော (၁၈) လ အတွင်း လျင်မြန်စွာ တိုးပွားလာခဲ့ပါသည်။ ၂၀၀၉ ခုနှစ်အတွင်း ဆိုမာလီ ကမ်းခြေ ပင်လယ်ဓားပြ တိုက်ခိုက်မှုများမှာ ယခင်နှစ် စာရင်းများထက် ကျော်လွန်သွားခဲ့ပြီး ဖြစ်သည်ဟု International Maritine Bureau က ထုတ်ပြန် ကြေညာပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment