Transparency Myanmar

transparency.myanmar@gmail.com

DBV,3 - Dec - 2009

        မြန်မာနိုင်ငံ၏ ဆိုင်ကလုန်း ဒဏ်ခံ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသတွင် အရေးပေါ် လယ်ယာ စိုက်ပျိုးရေး အထောက်အပံ့များ လိုအပ်နေဆဲ ဖြစ်၍ စိုက်ပျိုးရေး ကဏ္ဍအတွက် အစိုးရ၏ ရန်ပုံငွေ ထောက်ပံ့မှုမှာ လုံလောက်မှုမရှိဟု လယ်သမားများက ဖွင့်ဟ ပြောကြားပါသည်။

          ယခင်နှစ် မေလက ဆိုင်ကလုန်းကြောင့် ပျက်စီးသွားခဲ့ရသော ပတ်ဝန်းကျင်ကို ယခုထိ ပြန်လည် ထူထောင်နေရဆဲ ဖြစ်သည်။ ဆိုင်ကလုန်းကြောင့် ဆိုးဆိုးဝါးဝါး ပျက်စီးခဲ့ရသော ဘိုကလေးနှင့် လပွတ္တာမြို့နယ်များမှ ဒေသခံများမှာ လယ်ယာထွက်ကုန် ကျဆင်းမှု ရလဒ်ကို တွေ့ကြုံ ခံစားနေရပါသည်။

          တစ်ဧကလျှင် ချေးငွေ (၈,၀၀၀) ကျပ် (၈ ဒေါ်လာ) ထောက်ပံ့မည့် အစိုးရ၏ စိုက်ပျိုးစရိတ် ချေးငွေ အစီအစဉ်သည် လုံလောက်မှု မရှိဟု လယ်သမားတစ်ဦးက ဖြေကြားပါသည်။

          အစိုးရပိုင် လယ်ယာ စိုက်ပျိုးရေးဘဏ်တွင် ဝန်ထမ်းများစွာ ရှိကြောင်း ၎င်းတို့ကို ခရီးသွားစရိတ် ပေး၍ ကျေးလက်ဒေသ အရောက် ချေးငွေ ဖြန့်ဝေပေးနိုင်ပါက အချိန်နှင့် ငွေများစွာ သက်သာသွားမည်ဟု ၎င်းက ဆိုပါသည်။

          တစ်ဧက ချေးငွေ (၈,၀၀၀) ကျပ်သည် ဘာမှ သုံးလို့ မရပါ။ တစ်ဧက၏ စိုက်ပျိုးစရိတ်သည် (၇) သောင်းမှ (၈) သောင်းကျပ် (ဒေါ်လာ ၇၀ မှ ၈၀) အတွင်း ကုန်ကျပါသည်။ အစိုးရက တစ်ဧက ချေးငွေ (၅) သောင်းကျပ် (ဒေါ်လာ ၅၀) ထုတ်ပေးနိုင်မည် ဆိုပါက အဆင်ပြေဖွယ် ရှိသည်ဟု အဆိုပါ လယ်သမားက ပြောကြားပါသည်။

          နာဂစ်စ် အလွန် ပြန်လည် ထူထောင်ရေးနှင့် ပြင်ဆင်ရေး အစီအစဉ် သတင်းများအရ ဆိုင်ကလုန်းကြောင့် ပျက်စီးသွားသော လယ်မြေ ဧရိယာ (၇၈၃,၀၀၀) ဟက်တာခန့် ရှိသည်ဟု သိရပါသည်။ မြစ်ဝကျွန်းပေါ်ဒေသနေ မိသားစုများ၏ (၆၀ %) သည် စိုက်ပျိုးရေးလုပ်ငန်းမှ ရရှိသော အဓိက ဝင်ငွေကို မှီခိုရသူများ ဖြစ်ပါသည်။

          ဧရာဝတီ မြစ်ဝကျွန်းပေါ် ပုလိုင်းကြီး စံပြကျေးရွာတွင် နေထိုင်သော နာဂစ်စ် ဒုက္ခသည်များမှာ ခြိုးခြံချွေတာ၍ အဆက်မပြတ် ရုန်းကန်နေရပြီး ၎င်းတို့၏ ဇာတိဒေသသို့ ပြန်ခွင့်ပြုရန် တောင်းဆိုနေကြသည်ဟု သိရှိရပါသည်။

          အဆိုပါ ကျေးရွာတွင် နေထိုင်သူ (၅၀ %) မှာ ဆိုင်ကလုန်းကြောင့် ပျက်စီးသွားသော အခြားရွာများမှ ဒုက္ခသည်များ ဖြစ်ပါသည်။

          ၎င်းတို့ဒေသသို့ ပေးနေသော နိုင်ငံတကာ အထောက်အပံ့များ ရပ်တန့်သွားမှုနှင့် ဇာတိဒေသသို့ မပြန်ရန် အစိုးရက တင်းကြပ်စွာ တားမြစ်မှုတို့ကြောင့် ရွာသားများ၏ အနေအထားမှာ ပိုမို ဆိုးဝါးနေပါသည်။

          မြစ်ဝကျွန်းပေါ် ဒေသရှိ လူပေါင်း (၁၇၈,၀၀၀) ခန့်မှာ လုံလောက်သော အမိုးအကာ မရှိသေးဟု ကုလသမဂ္ဂက ယခင်လက ထုတ်ပြန် ကြေညာပါသည်။ အများစုမှာ ယခင်နှစ် မေလ နာဂစ်စ်အပြီးတွင် ဖြန့်ဝေထားသော တာပေါ်လင် အမိုးများဖြင့် နေထိုင်နေရဆဲ ဖြစ်သည်။ နာဂစ်ဒဏ်ခံ ဒေသများသို့ နိုင်ငံခြား ကယ်ဆယ်ရေး လုပ်သားများ လာရောက်ခြင်းကို အစိုးရက တားမြစ်ထားသောကြောင့် ကယ်ဆယ် ကူညီရေး လှုပ်ရှားမှုများမှာ အဟန့်အတားများနှင့် ရင်ဆိုင်နေရပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment