Transparency Myanmar

transparency.myanmar@gmail.com

DVB,4 Dec 2009

          ယမန်နေ့က ရန်ကုန်မြို့ရှိ တရားရုံးတွင် လူသုံးဦးအား မြန်မာနိုင်ငံ၏ လျှို့ဝှက် လိုဏ်ခေါင်း စီမံကိန်း သတင်းများ ပေါက်ကြားစေရန် သူလျှိုလုပ်မှုဖြင့် စွပ်စွဲကာ တရားစွဲဆိုခဲ့ပါသည်။ အဆိုပါ ပြစ်မှုအရ သေဒဏ်အထိ အပြစ်ပေး ခံရနိုင်ကြောင်း သိရှိရပါသည်။

          အဆိုပါသုံးဦးတွင် တစ်ဦးမှာ စစ်တပ်မှာ ဗိုလ်မှူးဟောင်းတစ်ဦး ဖြစ်ပြီး၊ နောက်နှစ်ဦးမှာ မြန်မာ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ဝန်ထမ်းများ ဖြစ်ကြပါသည်။ ၎င်းတို့ကို စွပ်စွဲသည့် အချက်များတွင် အစိုးရ အဆင့်မြင့်ပုဂ္ဂိုလ် မြောက်ကိုရီးယားနှင့် ရုရှားတို့သို့ သွားရောက် လည်ပတ်သော ခရီးစဉ် အသေးစိတ် ပေါက်ကြားမှုလည်း ပါဝင်ပါသည်။

          အထက်ပါ ခရီးစဉ်နှင့် ပတ်သက်သော ထောက်လှမ်းရေး အထောက်အထား အသေးစိတ်နှင့် မြေအောက် စစ်ရေးဆိုင်ရာ တူးဖော်မှုများတွင် မြောက်ကိုရီးယားတို့ ပါဝင်သော ပတ်သက်မှု အထောက်အထားများကို DVB က ရရှိထားပါသည်။

          အဆိုပါ အထောက်အထားများအရ တပ်မတော် အစိုးရ SPDC သည် ၁၉၉၆ ကတည်းက လိုဏ်ခေါင်း များကို စတင် ပြုလုပ်ခဲ့သည်ဟု သိရှိရသည်။

          အဆင့်မြင့် ဆက်သွယ်ရေးစနစ်များ၊ လက်နက်စက်ရုံများ၊ ဥမင်လိုဏ်ခေါင်းများသည် စစ်ရေးအရ ဝင်ရောက်လာမှုများ ရှိလျှင် မြန်မာ့စစ်တပ်အား ဖြည့်တင်းပေးနိုင်ရန် ရည်ရွယ်ခဲ့ပါသည်။

          အထက်ပါ ပုဂ္ဂိုလ်သုံးဦးမှ ဗိုလ်မှူးဟောင်း ဝင်းနိုင်ကျော် ဆိုသူသည် ၂၀၀၁ ခုနှစ်က ရဟတ်ယာဉ် ပျက်ကျသေဆုံးသွားသော အတွင်းရေးမှူး ၂ ဒုတိယ ဗိုလ်ချုပ်ကြီးတင်ဦး၏ ကိုယ်ရေးအရာရှိ တာဝန် ထမ်းဆောင်ခဲ့ဖူးပါသည်။ ၎င်းသည် စစ်တပ်မှ ထွက်ပြီး UNDP လက်အောက်မှ NGO တစ်ခုတွင် ဝင်ရောက် လုပ်ကိုင်ကာ ကမ္ဘောဒီးယားသို့ သင်တန်း သွားရောက် တက်ခဲ့ဖူးပါသည်။ ၎င်းသည် ပြီးခဲ့သည့် ဇူလိုင်လ ၂၉ ရက်နေ့က ရန်ကုန်လေဆိပ်တွင် အပြန်ခရီးတစ်ခု၌ အဖမ်းခံခဲ့ရပါသည်။

          ဝင်းနိုင်ကျော်နှင့်အတူ နိုင်ငံခြားရေး ဝန်ကြီးဌာန ဥရောပဆိုင်ရာဌာနမှ အကြီးတန်းစာရေး သူရကျော်သည် ၂၀၀၆ ခုနှစ်က ဗိုလ်ချုပ်ကြီးမောင်အေး ရုရှားသို့သွားရောက်၍ ကာကွယ်ရေး ဒုဝန်ကြီး Yury Nikolayerich Baluyevsky နှင့် မော်စကိုတွင် တွေ့ဆုံကာ လိုရာပစ်နိုင်သော ဒုံးကျည်စနစ် ဝယ်ယူရေးဆွေးနွေးမှု သတင်း ပေါက်ကြားမှုအတွက် စွပ်စွဲခံရပါသည်။

          ၎င်းတို့နှစ်ဦးသည် ၂၀၀၈ ခုနှစ်က ဗိုလ်ချုပ်ကြီးရွှေမန်း မြောက်ကိုရီးယားသို့ သွားရောက်၍ တောင်နံရံများတွင် တူးထားသော ဓာတုလက်နက်များနှင့် လက်နက်ကြီးများကို ခံနိုင်ရည်ရှိသော ဥမင် လိုဏ်များကို သွားရောက်လေ့လာမှု မှတ်တမ်း ပေါက်ကြားမှုကိုလည်း စွပ်စွဲခံခဲ့ရပါသည်။

          အစိုးရ အာဏာပိုင်များသည် ဝင်းနိုင်ကျော်၏ ကွန်ပြူတာတွင် သိမ်းဆည်းထားသော အချက်များအရ အထက်ပါခရီးစဉ် ၂ ခုနှင့် ပတ်သက်သော သတင်းမှာ အမေရိကန်တွင် နေထိုင်သူ ယခင် ထောက်လှမ်းရေး အရာရှိဟောင်း အောင်လင်းထွဋ်မှ ရရှိခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

          တတိယတရားခံ ပျံစိန်သည် နေပြည်တော် အနီးရှိ ဥမင်လိုဏ်များ သတင်းကို ဖြန့်ဝေမှုဖြင့် အစွပ်စွဲခံ ရပါသည်။ အဆိုပါ သတင်းများကို မဆင့်ဆိုသူ အမျိုးသမီးထံမှ ရရှိခဲ့ပါသည်ဟု ဆိုပါသည်။

          ၎င်းတို့ သုံးဦးအား နိုင်ငံခြားငွေ လဲလှယ်မှု အက်ဥပဒေ၊ အရေးပေါ် အက်ဥပဒေ၊ အီလက်ထရွန်းနစ် အက်ဥပဒေနှင့် လျှို့ဝှက်ချက် ပေါက်ကြားမှု အက်ဥပဒေများဖြင့် စွဲချက်တင်ထားပြီး နောက်ဆုံး စွဲချက်မှာ ထောင်ဒဏ် တစ်သက်တစ်ကျွန်း သော်လည်းကောင်း၊ သေဒဏ် သော်လည်းကောင်း ကျခံရနိုင်ပါသည်။

          အဆိုပါအမှုနှင့် ပတ်သက်၍ စစ်တပ်အရာရှိများကိုလည်း ဖမ်းဆီးထားပါသည်။ အရာရှိတစ်ဦး ဖြစ်သူ အောင်ကျော်လင်းမှာ စစ်ခုံရုံးမှ ပြစ်ဒဏ်ချပြီး စစ်ထောင်တွင် ပြစ်ဒဏ် ကျခံနေရပါသည်။

          အဆိုပါ အမှုများကို နိုဝင်ဘာလ ၃ ရက်နေ့က စတင်ခဲ့ပြီး ရန်ကုန်မြို့ အင်းစိန်ထောင်ရှိ အထူး တရားရုံးတွင် စစ်ဆေးနေပါသည်။ အဆိုပါ တရားရုံးတွင် ယခုနှစ် အစောပိုင်းက ဒေါ်အောင်ဆန်းစုကြည် အမှုအား စစ်ဆေးခဲ့ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment