Transparency Myanmar

transparency.myanmar@gmail.com

www.eubusiness.com,4.12.2009  

          ဥရောပသမဂ္ဂသည် မြန်မာနိုင်ငံနှင့် နိုင်ငံရေးနှင့် ပတ်သက်သော ဆွေးနွေးမှုများ အဆက်မပြတ် ပြုလုပ်ရန် စတင်တော့မည် ဖြစ်ကြောင်း ဒေသတွင်း အဖွဲ့၏ သံအမတ်က ကြာသပတေးနေ့က ပြောကြားခဲ့ပါသည်။ ယခုကဲ့သို့ ပြောကြားခဲ့မှုမှာ အမေရိကန်နှင့် တပ်မတော် အစိုးရကြား နွေးထွေးသော ဆက်ဆံရေး နောက်တွင် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်ပါသည်။

          သံအမတ်ကြီး David Lipman သည် နေပြည်တော်တွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံသို့ သံအမတ် ခန့်အပ်လွှာ ပေးအပ်ပြီး နောက်တစ်နေ့တွင် ရန်ကုန်၌ သတင်းထောက်များကို အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။

          သံအမတ်ကြီး Lipman သည် ဗိုလ်ချုပ်မှူးကြီးနှင့် မိနစ် ၃၀ ခန့် တွေ့ဆုံခဲ့ပြီး ဥရောပသမဂ္ဂနှင့် မြန်မာနိုင်ငံတို့အကြား အနာဂတ် ဆက်ဆံရေးနှင့် ပတ်သက်၍ ကောင်းကောင်း ဆွေးနွေးနိုင်ခဲ့ကြောင်း မိမိတို့ ရှေ့ဆက် လှမ်းနိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

          Lipman က ဆက်လက် ပြောကြားရာတွင် မြန်မာအစိုးရသည် အမေရိကန် ပြည်ထောင်စုနှင့် ဆက်ဆံရေး ထူထောင်ပြီး ဖြစ်ရာ၊ ဥရောပ သမဂ္ဂနှင့်လည်း ဆက်ဆံမှု ပြုလုပ်လိုသည်ဟု ထင်ကြောင်း ထည့်သွင်း ပြောကြားသွားပါသည်။

          ပြီးခဲ့သည့်လက အမေရိကန်သမ္မတ အိုဘားမားသည် စင်ကာပူနိုင်ငံတွင် Asean ခေါင်းဆောင် များနှင့်အတူ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်အား တွေ့ဆုံစဉ်တွင် မြန်မာနိုင်ငံနှင့် ပတ်သက်၍ ချဉ်းကပ်မှု ပုံစံသစ်ကို ပြသခဲ့ပါသည်။

          အမေရိကန် ပြည်ထောင်စုရော ဥရောပသမဂ္ဂကပါ မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက် မှုများနှင့် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်အား ထိန်းသိမ်း ထားမှုကြောင့် မြန်မာနိုင်ငံအပေါ် အရေးယူ ပိတ်ဆို့မှုများ ပြုလုပ်ထားခဲ့ပါသည်။

          Lipman က ရှင်းလင်း ပြောကြားရာတွင် ဥရောပ သမဂ္ဂသည် မြန်မာနိုင်ငံအပေါ် နည်းလမ်း သုံးသွယ်ဖြင့် ဆက်ဆံရေး ပြုလုပ်မည် ဖြစ်ကြောင်း ပထမနည်းလမ်းမှာ အထွေထွေ လူသားချင်း စာနာမှုဆိုင်ရာ အထောက်အပံ့များ ပေးရေး၊ ဒုတိယ နည်းလမ်းမှာ NGO များမှ တစ်ဆင့် ငွေကြေးဆိုင်ရာ အကူအညီများ ပေးရေးနှင့် တတိယ နည်းလမ်းအဖြစ် နိုင်ငံရေးဆိုင်ရာ တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်ရေးပင် ဖြစ်ကြောင်း၊ ရှင်းပြပါသည်။

          ယခု လောလောဆယ်တွင်မူ မိမိတို့သည် တတိယ နည်းလမ်း ဖြစ်သည့် နိုင်ငံရေးဆိုင်ရာ တွေ့ဆုံ ဆွေးနွေးမှုများကို စတင် ပြုလုပ်ရန် ပြင်ဆင်နေပြီ ဖြစ်ကြောင်း ၎င်းက ပြောပါသည်။

          လာမည့် တနင်္လာနေ့တွင် ကိုပင်ဟေဂင်၌ ပြုလုပ်မည့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ညီလာခံတွင် တက်ရောက်မည့် နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းနှင့် ဥရောပသမဂ္ဂ အာဏာပိုင်များ စတင် စကားပြောရန် မျှော်လင့်ထားကြောင်း Lipman က ပြောပါသည်။

          မြန်မာ အာဏာပိုင်များကမူ အဆိုပါ အစည်းအဝေးသို့ ဦးဥာဏ်ဝင်း တက်ရောက်မည် ဆိုသည်ကို အတည်မပြု နိုင်သေးကြောင်း ဆိုပါသည်။

          ကျွန်ုပ်တို့ အနေဖြင့် ကိုပင်ဟေဂင်တွင် ဦးဥာဏ်ဝင်းနှင့် တွေ့ဆုံ ဆွေးနွေးနိုင်ရန် မျှော်လင့်ကြောင်း၊ သို့မှသာ နောက်တစ်ဆင့် မြန်မာအစိုးရနှင့် ဆွေးနွေးနိုင်ရေးကို စတင်နိုင်ရေး အတွက် ဆွေးနွေးနိုင်လိမ့်မည် ဖြစ်ကြောင်း Lipman က ပြောပါသည်။

          မြန်မာနိုင်ငံတွင် ၁၉၆၂ ခုနှစ်ကတည်းက စစ်တပ်မှ အုပ်ချုပ်လျက်ရှိပြီး၊ ယခုမြန်မာ တပ်မတော် ခေါင်းဆောင်များသည် လမ်းပြမြေပုံ ခုနှစ်ချက်အတွက် လာမည့်နှစ်တွင် ရွေးကောက်ပွဲ ပြုလုပ်ပေးမည် ဖြစ်ကြောင်း ကတိပြုထားပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment