Transparency Myanmar

transparency.myanmar@gmail.com

BBC News,4 - Dec - 2009

        ယခုနှစ် ဇန်နဝါရီ သို့မဟုတ် ဖေဖေါ်ဝါရီလက အိုစမာ ဘင်လာဒင်သည် မည်သည့်နေရာတွင် ရှိသည်ဟူသော သတင်းနှင့် ပတ်သက်သည့် အချက်အလက်များ သိရှိခဲ့သည်ဟု ပါကစ္စတန်တွင် ဖမ်းဆီးထားသည့် တာလီဘန်တစ်ဦးက အခိုင်အမာ ထွက်ဆိုပါသည်။

          ၎င်း၏ ထွက်ဆိုချက်များကို အတည်မပြု နိုင်သော်လည်း စုံစမ်း စစ်ဆေးသင့်သည်ဟု အမေရိကန် ကျွမ်းကျင်သူ အဖွဲ့ခေါင်းဆောင်က ပြောကြားပါသည်။

          အဖမ်းဆီးခံ တာလီဘန်က ဖြတ်ကူးလာသော အိုစမာ ဘင်လာဒင်ကို တွေ့မြင်ခဲ့ရသည်မှာ (၁၅) ရက်ခန့်သာ ရှိသေးသည်ဟု ဆိုသော ယုံကြည်ရသည့် အဆက်အသွယ် တစ်ဦးနှင့် ယခု စောစောပိုင်းက တွေ့ဆုံခဲ့သည်ဟု ၎င်းက ပြောကြားပါသည်။

          ၂၀၀၉ ခုနှစ် ဇန်နဝါရီ (သို့) ဖေဖေါ်ဝါရီလက အထက်ပါ မိတ်ဆွေနှင့် တွေ့ဆုံခဲ့ကြောင်း ထိုသူသည် အိုစမာ ဘင်လာဒင်နှင့် တွေ့ဆုံပြီး ပြန်လာခြင်း ဖြစ်၍ မိမိအားလည်း တွေ့ဆုံခွင့်ရရန် စီစဉ်ပေးနိုင်သည်ဟု ပြောကြားခဲ့ကြောင်း ၎င်းက ဆိုပါသည်။

          အထက်ပါ ယုံကြည်ရသော အဆက်အသွယ်သည် မာဆဒ် မျိုးနွယ်စုဝင်တစ်ဦး ဖြစ်ပြီး ပြည်ပ အခြေစိုက် အယ်လကေးဒါး အဖွဲ့များကို ဘင်လာဒင်နှင့် တွေ့ဆုံနိုင်ရန် စီစဉ်ပေးရသော တာဝန်ရှိသူ ဖြစ်သည်ဟု သိရပါသည်။

          ဘင်လာဒင်သည် တစ်နေရာထဲတွင် နေထိုင်လေ့ မရှိပါ။ မာဆဒ်လူမျိုး အဆက်အသွယ်သည် ဂန်ဇီ ပြည်နယ်မှ လာခဲ့သောကြောင့် အဆိုပါ ဒေသတွင် ဘင်လာဒင် ရှိနိုင်သည်ဟု ထင်မြင်မိကြောင်း အဖမ်းဆီးခံ တာလီဘန်က ပြောဆိုပါသည်။

အန္တရာယ်ရှိသော နေရာများ

          အာဖဂန် နစ္စတန် အရှေ့ပိုင်း ဂန်ဇီပြည်နယ်တွင် တာလီဘန်တို့၏ စိုးမိုးမှု အားကောင်း နေပါသည်။ ပြည်နယ်၏ ကြီးမားသော နယ်မြေ အစိတ်အပိုင်းများမှာ မဟာမိတ်တပ်များနှင့် အာဖဂန် အစိုးရတပ်များ အတွက် အန္တရာယ်များသော ဒေသများ ဖြစ်ပါသည်။

          တာလီဘန် အကျဉ်းသား၏ အဆိုအရ အမေရိကန် မောင်းသူမဲ့ ဒရုန်းလေယာဉ်၏ တိုက်ခိုက်မှု အန္တရာယ်ကြောင့် စစ်သွေးကြွများသည် ပါကစ္စတန် ပိုင်နက်ကို ရှောင်ရှားလျက်ရှိသည်ဟု သိရပါသည်။

          လောလောဆယ် ပါကစ္စတန်သည် တာလီဘန်များအတွက် အဆင်မပြေပါ။ ဒရုန်းလေယာဉ် တိုက်ခိုက်မှုများကြောင့် ဝါရင့်အရာရှိများစွာ ကျဆုံးခဲ့ရသည်ဟု ၎င်းက ပြောပါသည်။

          ပါကစ္စတန် ထောက်လှမ်းရေး အရာရှိများ၏ အဆိုအရ ၎င်းသည် ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်ရှိ တာလီဘန် ခေါင်းဆောင်များနှင့် ရင်းနှီးသူ ဖြစ်ပြီး ပြန်ပေးဆွဲမှုများ၊ ရန်ပုံငွေ ရှာဖွေရေး၊ စစ်ဆေးရေးများနှင့် ပတ်သက် ဆက်နွယ်နေသည်ဟု သိရပါသည်။ ၎င်းအား ဖမ်းမိရန် ယခင်လက အခွင့်အရေး (၂) ကြိမ်ခန့် ရခဲ့သည်ဟု ဆိုပါသည်။ ပါကစ္စတန် စစ်ကြောရေး အရာရှိက ၎င်းပြောသမျှကို နားထောင်နေခဲ့ပါသည်။

          အမေရိကန် ပြည်ထောင်စုနှင့် ဗြိတိန်တို့၏ အယူအဆနှင့် ကွဲလွဲစွာ ဘင်လာဒင်သည် မိမိပိုင်နက်တွင် ရှိမနေဟု ယူဆထားသူ ပါကစ္စတန်အတွက် အထက်ပါ အကျဉ်းသား၏ ထွက်ဆိုချက်က အထောက်အကူ ပြုပါသည်။

          သို့ရာတွင် စီအိုင်အေ အရာရှိဟောင်း အမေရိကန် ကျွမ်းကျင်သူ Bruce Riedel က ထိုသူပြောသော ဇာတ်လမ်းသည် ကြောင်းကျိုး ဆက်စပ်မှုရှိ၍ စုံစမ်း စစ်ဆေးမှု ပြုလုပ်သင့်သည်ဟု ပြောကြားပါသည်။

          စီအိုင်အေနှင့် အမ်အိုင် (၆) ပါဝင်သော အနောက်နိုင်ငံ ထောက်လှမ်းရေး အဖွဲ့အစည်းသည် လွန်ခဲ့သော ခုနှစ်နှစ်လုံးလုံး ဘင်လာဒင်ကို မြေလှန် ရှာနေခဲ့သော်လည်း ယခုကဲ့သို့ သတင်းရင်းမြစ်မျိုး ထွက်ပေါ်ခဲ့ဖူးခြင်း မရှိဟု ဆိုပါသည်။

          အထက်ပါ သတင်းသည် သာမန်ထက် ပိုမိုထူးခြား အရေးကြီးသော ဇာတ်လမ်းတစ်ခု ဖြစ်ပြီး အကယ်၍ မှန်ကန်ခဲ့သည် ဆိုပါက ပွပေါက်တိုးခြင်းပင် ဖြစ်သည်။

          အိုစမာ ဘင်လာဒင် အသက်ရှင် နေသေးကြောင်း မိမိတို့ သိပါသည်။ ၎င်းသည် အာဖဂန်နစ္စတန်နှင့် ပါကစ္စတန် နယ်ခြားတစ်လျှောက်ကို ခက်ခဲ ကြမ်းတမ်းသော နယ်မြေများတွင် နေထိုင်နေသည်ဟု မိမိတို့ သိရှိထားသည်ဟု Bruce Riedel က ဆိုပါသည်။

          ယခု သတင်း၏ သာမန်မဟုတ်သော (မရိုးသားသော) အချက်မှာ တစ်စုံတစ်ယောက်သည် မိမိတို့ထံ တည့်တည့် ဝင်တိုးပြီး "အိုစမာ ဘင်လာဒင်နှင့် တွေ့ဆုံဖူးပါသည်။ မကြာသေးခင်ကပင် ဘင်လာဒင်နှင့် တွေ့ဆုံရန် အခွင့်အရေး ရခဲ့ပါသည်" ဟု ပြောဆိုခဲ့ခြင်းပင် ဖြစ်သည်ဟု Riedel က မှတ်ချက်ပေးပါသည်။

          အကျဉ်းသား၏ ထွက်ဆိုချက်ကြောင့် ၎င်းသည် မည်သည့်အရာကို ရည်ရွယ်ပါသနည်း ဟူသော မေးခွန်းများ ပေါ်ထွက်လာပါသည်။

          အထက်ပါ သတင်းသည် ကြိုးစား ရှာဖွေကြည့်ရန်အတွက် အလွန် အရေးကြီးသော သဲလွန်စ တစ်ခုဖြစ်သော်လည်း လွယ်ကူလိမ့်မည် မဟုတ်ဟု Riedel က သုံးသပ်ပါသည်။

          အနောက်နိုင်ငံ စုံစမ်း စစ်ဆေးရေးမှူးများတွင် မေးစရာ မေးခွန်းပေါင်း များစွာ ရှိနေသော်လည်း ယခုအချိန်အထိ အဆိုပါ အကျဉ်းသားကို လက်လှမ်းမမီသေးပါ။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment