Transparency Myanmar

transparency.myanmar@gmail.com

Reuters, 27th Dec 2009

          မြန်မာနိုင်ငံမှ ဓာတ်ငွေ့နှင့် လျှပ်စစ် ဓာတ်အားကို တင်သွင်းရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရည်ရွယ်နေကြောင်း အစိုးရ အရာရှိကြီး တစ်ဦးက ပြောကြားခဲ့ပြီး စီးပွားရေး လျင်မြန်စွာ ကြီးထွားလာမှုကို ထောက်ပံ့ အားပေးရန်အတွက် စွမ်းအင် ဖြည့်ဆည်းမှုကို မြှင့်တင်ရန် ကြိုးစားနေခြင်း ဖြစ်သည်ဟု ဆိုပါသည်။

          အင်္ဂါနေ့တွင် ဒက်ကား၌ စတင် ကျင်းပမည့် နှစ်နိုင်ငံ ဝန်ကြီးအဆင့် ဆွေးနွေးပွဲ ၂ ရက်လုံးတွင် အထက်ပါ ကိစ္စကို အဓိက ဆွေးနွေးဖွယ် ရှိသည်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီး Mohamed Mijarul Quayes က ပြောပါသည်။

          မိမိတို့၏ ကြီးထွားလာသော စွမ်းအင် လိုအပ်ချက်ကို ပြည့်မီရန်အတွက် မြန်မာနိုင်ငံက ပိုလျှံ၍ ရောင်းချရန် အဆင်သင့် ဖြစ်နေသော လျှပ်စစ် ဓာတ်အားနှင့် ဓာတ်ငွေ့များကို တင်သွင်းမည့် ဒက်ကား၏ အစီအစဉ်များ ပါဝင်လိမ့်မည်ဟု ၎င်းက ရိုက်တာသို့ ပြောကြားပါသည်။

          ၎င်းဆွေးနွေးပွဲ၌ လျှပ်စစ်ဓာတ်အား တင်သွင်းရန်အတွက် မြန်မာနိုင်ငံတွင် တည်ဆောက်နေသော ရေအား လျှပ်စစ် စီမံကိန်းနှင့် ပတ်သက်၍ ဆွေးနွေးကြပါလိမ့်မည်။

          ဆင်းရဲ၍ လူဦးရေ ထူထပ်သော ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွက် ကြီးမားသည့် ဝန်ထုပ်ဝန်ပိုး ဖြစ်နေသော ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဒုက္ခသည် စခန်းများတွင် စုဝေး ရောက်ရှိနေသည် မြန်မာ မူဆလင် ဒုက္ခသည်များကို မြန်မာနိုင်ငံသို့ ပြန်ပို့ရန် ကိစ္စကိုလည်း ဆွေးနွေးကြပါလိမ့်မည်။

          ဘင်္ဂလားဒေ့ရှ် အရှေ့တောင်ပိုင်း Cox's Bazar ခရိုင်တွင် UNHCR ထူထောင်ထားသော ဒုက္ခသည် စခန်းများတွင် မြန်မာ ရိုဟင်ဂျာ မူဆလင် ၂၈၀၀၀ ကျော် နေထိုင်လျက် ရှိပါသည်။

          တိုးတက်မှု ၆ % ရှိနေသော စီးပွားရေး ကြီးထွားမှုကို တွန်းအားပေးရန် ဆင်းရဲ မွဲတေမှုကို တိုက်ဖျက်ရန်နှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများကို အားပေးရန်အတွက် ပြည်တွင်း၊ ပြည်ပ ရင်းမြစ်များမှ ရရှိမည့် ဓာတ်ငွေ့နှင့် လျှပ်စစ်ဓာတ်အား ဖြည့်ဆည်းမှုများ လိုအပ်နေသည်ဟု ဘင်္ဂလားဒေ့ရှ် အစိုးရ အရာရှိများ နှင့် ကျွမ်းကျင်သူများက ပြောကြားပါသည်။

          အဆိုပါ ပြဿနာများကို ဖြေရှင်းမည်ဟု ကတိပေး၍ ပြီးခဲ့သော ဇန်နဝါရီလက အာဏာ ရရှိလာသော ဝန်ကြီးချုပ် ရှိတ်ဟက်ဆီနာ၏ အစိုးရသည် နိုင်ငံ၏ လျှပ်စစ်ဓာတ်အားပေး ကွန်ယက်စနစ်အတွင်း လိုအပ်ချက်ကို လာမည့် နှစ်များအတွင်း ထိထိရောက်ရောက် ဖြည့်ဆည်း နိုင်လိမ့်မည်ဟု မျှော်လင့်ထားပါသည်။

          လက်ရှိ အချိန်တွင် ဘင်္ဂလားဒေ့ရှ်သည် တစ်နေ့လျှင် လျှပ်စစ် ဓာတ်အား ၃၈၀၀ မဂ္ဂါဝပ် ထုတ်လုပ်လျက် ရှိပြီး အမှန်တကယ် လိုအပ်ချက်ထက် ၁၂၀၀ မဂ္ဂါဝပ်မှ ၁၅၀၀ မဂ္ဂါဝပ်အထိ လျော့နည်းနေသည် ဟု စွမ်းအင် အရာရှိများက ပြောကြားပါသည်။

          ဘင်္ဂလားဒေ့ရှ်တွင် လက်ရှိ ထုတ်ယူနေသော ဓာတ်ငွေ့သိုက်မှာ ကုဗပေ ၇ . ၂ ထရီလီယံခန့် ရှိ၍ နောက်ထပ် ထွက်ရှိမည်ဟု ခန့်မှန်းထားသော အရံ ဓာတ်ငွေ့သိုက် ကုဗပေ ၅.၅ ထရီလီယံမှာလည်း လာမည့်နှစ် အနည်းငယ်အတွင်း သုံးစွဲလိုက်လျှင် ကုန်ခမ်းသွားမည် ဖြစ်သည်။

          မြန်မာ အစိုးရ၏ ဖိနှိပ်မှုများမှ လွတ်မြောက်ရန် ကြိုးစားသည့် အနေဖြင့် ၁၉၉၂ အစောပိုင်းက နယ်စပ်ဖြတ်ကျော် ထွက်ပြေးလာသော မြန်မာနိုင်ငံမှ ရိုဟင်ဂျာ ၂ သိန်းခွဲ ခန့်အနက် အများစုကို UNHCR က အဆိုပါ နှစ်ကုန်ကပင် မြန်မာနိုင်ငံသို့ ပြန်ပို့ခဲ့ပြီး အချို့မှာမူ မြန်မာနိုင်ငံသို့ ပြန်ရန် ငြင်းဆန်နေကြပါသည်။

          Cox'Bagor ခရိုင်အရာရှိများ၏ အဆိုအရ ရိုဟင်ဂျာ ၃ သိန်းခန့်သည် ဒုက္ခသည် စခန်းများ၏ ပြင်ပတွင် ဒေသခံ မူဆလင်များနှင့် ရောနှော နေထိုင်ကြပြီး အနည်းငယ်သာ နေရာရှိသော အလုပ်အချို့ကို ရရှိရန် အတွက် အလုအယက် ယှဉ်ပြိုင်နေကြသည်ဟု သိရပါသည်။

          အင်္ဂါနှင့် ဗုဒ္ဓဟူးတွင် ကျင်းပမည့် ဆွေးနွေးပွဲတွင် ရိုဟင်ဂျာ ကိစ္စသည်လည်း အဓိက ဆွေးနွေးရမည့် ကိစ္စ ဖြစ်သည်ဟု Quayes က ပြောကြားခဲ့သော်လည်း အသေးစိတ် ပြောကြားခြင်း မရှိပါ။

          ဒက်ကားနှင့် နေပြည်တော် အရာရှိများသည် စီးပွားရေး ဗီဇာနှင့် ပတ်သက်သော ပြဿနာများ ရှင်းလင်း ဖယ်ရှားရန် နည်းလမ်းများနှင့် ကုန်သွယ်ရေး တိုးတက်စေရန်အတွက် တိုက်ရိုက် ငွေပေးစနစ်ကို မိတ်ဆက် ကျင့်သုံးရန် ကိစ္စများကိုလည်း ဆွေးနွေးကြမည် ဖြစ်သည်။

          နှစ်နိုင်ငံကြား လက်ရှိ ကုန်သွယ်ရေး ပမာဏမှာ လွန်စွာ နည်းပါးပါသည်။ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့ ထိစပ်နေသော နယ်နိမိတ်မှာ ၃၂၀ ကီလိုမီတာ (မိုင် ၂၀၀) ခန့် ရှိပြီး အချို့အပိုင်းကို နတ်မြစ်က ပိုင်းခြားထားပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment