Transparency Myanmar

transparency.myanmar@gmail.com

The Irrawaddy, By Saw Yan Naing, 29th December 2009

          ဒီမိုကရက်တစ် ကရင် ဗုဒ္ဓဘာသာ တပ်မတော် (DKBA) သည် မြန်မာနိုင်ငံ အရှေ့ပိုင်းရှိ အဓိက မဟာမိတ် ဖြစ်ပြီး၊ စစ်အစိုးရ၏ အစီအစဉ် ဖြစ်သော နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် အစီအစဉ်ကို ပထမဆုံး ထောက်ခံပြီး လက်ခံကြောင်း ကြေညာခဲ့သော လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့ ဖြစ်ပါသည်။

          ပြီးခဲ့သည့် နိုဝင်ဘာလက ဒီမိုကရေစီသစ် တပ်မတော် - ကချင် (NDA – K) နှင့် ကရင်နီ အမျိုးသားပြည်သူ့ လွတ်မြောက်ရေးတပ်ဦးတို့သည် အခမ်းအနားဖြင့် နယ်ခြားစောင့်တပ် အသွင်ပြောင်းခဲ့ပြီး ဖြစ်သော်လည်း DKBA သည် ၎င်းတို့၏ ရပ်တည်ချက်နှင့် ပတ်သက်၍ တရားဝင် အသွင်ပြောင်းရေးကို လုပ်ဆောင်ခြင်း မရှိသေးပေ။

          အမှန်တကယ်တွင် DKBA သည် ၁၉၉၅ ခုနှစ် ၎င်း၏ မူရင်းအဖွဲ့ ဖြစ်သော KNU မှ ခွဲထွက်လာပြီးကတည်းက အစိုးရနှင့် ငြိမ်းချမ်းရေး ယူပြီး မဟာမိတ်အဖြစ် ရပ်တည်လာခဲ့ခြင်း ဖြစ်ပါသည်။

          ဝ သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) နှင့် ကချင် လွတ်မြောက်ရေးအဖွဲ့ (KIO) တို့က အစိုးရ၏ အစီအစဉ်ကို ငြင်းပယ်ခဲ့ကြပြီး DKBA မှာလည်း ၎င်း၏ ရပ်တည်ချက်ကို ပြန်လည် စဉ်းစားရန် ဖိအားပေး ခံခဲ့ရပါသည်။

          မြန်မာ့အရေး လေ့လာသူများက ဧရာဝတီသို့ ပြောကြားရာတွင် DKBA အဖွဲ့အတွင်း သဘောထား ကွဲလွဲမှုများကြောင့် ၎င်း၏ မူဝါဒကို ပြန်လည် စဉ်းစားနေပုံရကြောင်း ဆိုပါသည်။

          KNU အထွေထွေ အတွင်းရေးမှူး Zipporah Sein က ပြောကြားရာတွင် DKBA တပ်ဖွဲ့များသည် မြန်မာ့တပ်မတော် လက်အောက်တွင် နယ်ခြားစောင့်တပ် အသွင်ပြောင်းမည် ဖြစ်ပြီး၊ အချို့မှာမူ KNU သို့ ပြန်ကြလိမ့်မည် ဖြစ်ကြောင်း ဆိုပါသည်။

          DKBA အဖွဲ့ဝင် ရာဂဏန်းခန့်သည် ၎င်းတို့ ခေါင်းဆောင်၏ နယ်ခြားစောင့်တပ် အစီအစဉ်ကို လက်ခံခဲ့မှုကြောင့် ပြီးခဲ့သည့် ဧပြီလက KNU တပ်ဖွဲ့သို့ ပြန်သွားကြပါသည်။

          DKBA နှင့် ရင်းနှီးသော သတင်းများ၏ အဆိုအရ DKBA ခေါင်းဆောင်ပိုင်းသည် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးအတွက် ပြင်ဆင်နေရာတွင် တပ်ဖွဲ့အင်အားကို (၆၀၀၀ မှ ၉၀၀၀) ထိ တိုးချဲ့ရန် ရည်ရွယ်လျက် ရှိသည်ဟု သိရှိရပါသည်။

          နယ်ခြားစောင့်တပ် ဖွဲ့စည်းပုံအရ တပ်မဟာ တစ်ခုတွင် တပ်ဖွဲ့ (၃၂၆) ခုဖြင့် ဖွဲ့စည်းရမည် ဖြစ်ပြီး အရာရှိ (၁၈) ဦး ရှိရမည် ဖြစ်ပါသည်။ ၎င်းတို့ကို မြန်မာ့တပ်မတော်၏ ဒေသဆိုင်ရာ တိုင်းစစ်ဌာနချုပ်က ဖွဲ့စည်းပေးရမည် ဖြစ်ပါသည်။

          KNU သို့ ပြန်လည် ထွက်ပြေးလာသော DKBA စစ်သား Hsa Paw က ပြောကြားရာတွင် DKBA ခေါင်းဆောင်များက နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို လက်ခံခဲ့သော်လည်း DKBA စစ်သားအများစုက လက်မခံခဲ့ဘဲ မြန်မာ့တပ်မတော် ယူနီဖောင်းကို ဝတ်ဆင်ရန် ငြင်းဆန်ခဲ့သည်ဟု ဆိုပါသည်။

          Hsa Paw က ဆက်လက် ပြောကြားရာတွင် DKBA တွင် ကျန်ရစ်ခဲ့သော ၎င်း၏ သူငယ်ချင်းများသည် DKBA က နယ်ခြားစောင့်တပ် အသွင်ပြောင်းပြီဆိုလျှင် KNU သို့ ပြန်လည် ထွက်ပြေးလာမည်ဟု ပြောကြကြောင်း ထည့်သွင်း ပြောကြားခဲ့ပါသည်။

          ထိုင်း မြန်မာ နယ်စပ် မဲဆောက်တွင် ရှိသော ကရင် သတင်းများ အဆိုအရ DKBA စစ်သား အများအပြားသည် KNU သို့ ပြန်လာလိုကြသော်လည်း၊ ထွက်ပြေးပါက ဖမ်းမိပြီး အသတ်ခံရမည်ကို စိုးရိမ်ကြသည်ဟု သိရှိရပါသည်။

၎င်းတို့သည် အုပ်စုလိုက် ထွက်ပြေးရန် မလွယ်ကြောင်း၊ နည်းနည်းစီ လူစုခွဲ၍ ပြေးရလိမ့်မည် ဖြစ်ကြောင်း မဲဆောက်ရှိ ကရင် သတင်းထောက်က ဆိုပါသည်။

DKBA ခေါင်းဆောင်ပိုင်း ကြားတွင်လည်း သဘောထား ကွဲလွဲမှုများ တိုးပွားလာလျက် ရှိသည်ဟု သတင်းများ အဆိုအရ သိရှိရပါသည်။

ကရင် ဗဟိုသတင်းဌာနမှ အယ်ဒီတာ Paw Kay က ပြောကြားရာတွင် DKBA ၏ သဘောထား တင်းမာသော ခေါင်းဆောင် ဗိုလ်မှူးကြီး ချစ်သူက ယခင်က ပြောခဲ့ဖူးကြောင်း၊ ၎င်းတို့၏ အဖွဲ့အစည်းသည် နိုင်ငံရေး ကျားကွက် ရွေ့ရာတွင် ကျွမ်းကျင်မှု မရှိကြောင်း၊ DKBA ၏ ရည်မှန်းချက် ဖြစ်သော ကရင်ပြည်နယ် တစ်ခုလုံးကို ထိန်းချုပ်နိုင်ရန်ကိုသာ ရည်ရွယ်၍ နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် သဘောတူခဲ့ခြင်း ဖြစ်ကြောင်း ပြောခဲ့သည်ဟု ဆိုပါသည်။

DKBA ခေါင်းဆောင်ပိုင်းနှင့် နီးစပ်သော သတင်းတစ်ခု၏ အဆိုအရ DKBA ၏ နိုင်ငံရေးဌာနဖြစ်သော ဒီမိုကရက်တစ် ကရင်ဗုဒ္ဓဘာသာ အဖွဲ့ (DKBO) သည် ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်လိမ့်မည် မဟုတ်ကြောင်း သိရှိရပါသည်။

အကယ်၍ DKBA သည် နယ်ခြားစောင့်တပ် ဖြစ်လာမည်ဟု ဆိုပါက အဖွဲ့အစည်း အမည်ကို အစိုးရက ပြောင်းခိုင်းလိမ့်မည် ဖြစ်ပြီး လစာများကိုလည်း မြန်မာအစိုးရကသာ ပေးလိမ့်မည် ဖြစ်ကြောင်း ကရင်သတင်းများက ဆိုပါသည်။ DKBA ထိန်းချုပ်ထားသော ဧရိယာများကိုလည်း ဗဟိုအစိုးရကသာ အုပ်ချုပ်သွားမည် ဖြစ်ပြီး DKBA တပ်ဖွဲ့များသည် နယ်စပ်လုံခြုံရေး တာဝန်သာ ယူရလိမ့်မည် ဖြစ်ပါသည်။

မြန်မာအစိုးရကလည်း DKBA ကို စဉ်းစားရန် အချိန်ကို လိုလိုလားလား ပေးထားပုံ ရပါသည်။ ထို့အပြင် မြန်မာအစိုးရသည်လည်း အရှေ့မြောက်ပိုင်းတွင် ဝတပ်များ UWSA နှင့် ညှိနှိုင်း ဆွေးနွေးလျက် ရှိပါသည်။ လေ့လာသူ အများစုက UWSA နှင့် မဟာမိတ်များသည် စစ်အစိုးရ၏ အမိန့်ကို ငြင်းဆန်လိမ့်မည် ဖြစ်ပြီး၊ အစိုးရနှင့် ထိပ်တိုက် ရင်ဆိုင်မှုများ ဖြစ်လာလိမ့်မည်ဟု မျှော်လင့်နေကြသည်။

အဆိုပါ လေ့လာသူများက မြန်မာအစိုးရသည် DKBA အရေးကိစ္စထက် 'ဝ' နှင့် ၎င်းတို့၏ မဟာမိတ်များကို အလေးပေး ညှိနှိုင်းလိမ့်မည်ဟု ယူဆကြပါသည်။

ထို့ကြောင့် DKBA ခေါင်းဆောင်များသည် ၎င်းတို့၏ တပ်မှူးများအား နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် နားချ ဆွဲဆောင်ရန် အခွင့်အလမ်း ပိုရရှိမည် ဖြစ်ပါသည်။ သို့သော် အောင်မြင်စွာ စည်းရုံးနိုင်မည်လား ဆိုသည်ကိုမူ သံသယ ရှိနေကြပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment