Transparency Myanmar

transparency.myanmar@gmail.com

အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေး ဝန်ကြီးဌာန

ပြောရေးဆိုခွင့်ရှိသူ ရုံး



 အလျင်အမြန် ထုတ်ပြန်ရန်                                                                                                                                        ဒီဇင်ဘာ ၃၁၊ ၂ဝဝ၉ ၂ဝဝ၉ / ၁၃၂ဝ           

ပြောရေးဆိုခွင့် ရှိသူ အီယန် စီ၊ ကယ်လီ၏ ထုတ်ပြန်ကြေညာချက်

မြန်မာ့လွတ်လပ်ရေးနေ့

          ၂၀၁၀ ပြည့်နှစ် ဇန်နဝါရီ ၄ ရက်၊ တနင်္လာနေ့သည် ဗြိတိသျှတို့ လက်အောက်မှ မြန်မာ့လွတ်လပ်ရေး ရရှိသည့် ၆၂ နှစ်မြောက် နှစ်ပတ်လည်နေ့ ဖြစ်ပါသည်။ ယခုလို အခါ သမယတွင် မြန်မာပြည်သူများအတွက် ကျွန်ုပ်တို့က နွေးထွေးစွာ ဆုမွန်ကောင်း တောင်းအပ်ပါသည်။

          မကြာသေးမီက မြန်မာ့ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ရစဉ်တွင် လွတ်လပ်၊ ငြိမ်းချမ်း၊ စည်ပင်ဝပြောပြီး ဒီမိုကရေစီ ပြည့်ဝသည့် မြန်မာနိုင်ငံပေါ်ထွန်းရေးအတွက် အမေရိကန် ပြည်ထောင်စုက မမှိတ်မသုန် ထောက်ခံ အားပေးနေကြောင်း ထပ်မံအတည်ပြု ပြောကြားခဲ့ပါသည်။ မြန်မာပြည်သူများ၏ ဒီမိုကရေစီ ရရှိလိုသော ပြင်းပြသည့် အာသီသကို ဖြည့်ဆည်းပေးရန် မြန်မာအစိုးရက အပြန်အလှန်နှင့် အဓိပ္ပာယ်ရှိရှိ ကြိုးစားအားထုတ်မှုများပေါ် အခြေတည်၍ နှစ်ဦးနှစ်ဖက် ဆက်ဆံရေးကို တိုးမြှင့်ဆောင်ရွက်ရန် အမေရိကန် ပြည်ထောင်စုက အသင့်ရှိနေပါသည်။

          မည်သည့်နေရာမှာမဆို တစ်ကမ္ဘာလုံးက အသိအမှတ်ပြုထားသည့် လူ့အခွင့်အရေးများကို ရယူ ခံစားနိုင်ရေးအတွက် ပြည်သူလူထု၏ ငြိမ်းချမ်းစွာ ကြိုးစားအားထုတ်မှုများကို ကျွန်ုပ်တို့က ထောက်ခံအားပေးနေမည့်အပြင် မြန်မာပြည်သူများ ထိုသို့ ရယူပိုင်ဆိုင်နိုင်မည့် နေ့ကိုလည်း စောင့်မျှော်လျက် ရှိပါသည်။ ထိုနေ့ မကြာခင်မှာပင် ရောက်ရှိလာလိမ့်မည်ဟု ကျွန်ုပ်တို့ မျှော်လင့်ပါသည်။


U.S. DEPARTMENT OF STATE

OFFICE OF THE SPOKESMAN

For Immediate Release                                                                                                                                                          December 31, 2009

2009/1320

STATEMENT BY IAN C. KELLY, SPOKESMAN

Burma's Independence Day


Monday, January 4, 2010, marks the 62st anniversary of Burma's independence from British rule. We wish to express our warmest wishes to the people of Burma on this occasion.


In recent meetings with Burma's leaders, the United States reaffirmed its unwavering support for an independent, peaceful, prosperous, and democratic Burma. The United States stands

ready to take steps to improve bilateral relations based on reciprocal and meaningful efforts by the Burmese government to fulfill the Burmese peoples' democratic aspirations.


We support the peaceful efforts of people everywhere to exercise freely their universal human rights, and we look forward to the day when Burma's citizens will be able to do so.We hope that day will come soon.


--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာနိုင်ငံတွင်း အပြောင်းအလဲ ဖြစ်ပေါ်ရေး ဗြိတိန်က

ဆက်လက် တွန်းအား ပေးသွားမည်


        ဗြိတိန်ဝန်ကြီးချုပ် Gordan Brownက မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ထံသို့ စာတစ်စောင် ရေးသားပေးပို့ပြီး မြန်မာနိုင်ငံတွင်း အပြောင်းအလဲ ဖြစ်ပေါ်နိုင်ရေးအတွက် ဗြိတိန်နိုင်ငံအနေဖြင့် ဖြစ်နိုင်ခြေ ရှိသော တွန်းအားပေးမှုများ အားလုံးကို ဆက်လက် လုပ်ဆောင် သွားမည်ဟု အသိပေး ပြောဆိုလိုက်သည်။

အဆိုပါ စာထဲတွင် ဝန်ကြီးချုပ် Brown က လွတ်လပ်ပြီး လာမည့်နှစ်တွင် နိုင်ငံရေးသမားများ အားလုံး ပါဝင်နိုင်မည့် ရွေးကောက်ပွဲတစ်ရပ် ကျင်းပနိုင်ရေး၊ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အစိုးရအကြား ဒီမိုကရေစီ အရေးကိစ္စအတွက် စစ်မှန်သော ဒိုင်ယာလော့ တစ်ရပ် ပေါ်ပေါက်ရေး စသည်တို့ ဖြစ်ပေါ်လာရန် တိုက်တွန်း ဆော်ဩလိုက်သည်။

အဆိုပါစာကို ရန်ကုန်မြို့ရှိ ဗြိတိန်သံရုံးမှ တစ်ဆင့် မြန်မာ အာဏာပိုင်များထံသို့ ပုံမှန် လမ်းကြောင်းဖြင့် ပေးအပ်ခဲ့ခြင်း ဖြစ်ပါသည်။

ဗြိတိန်ဝန်ကြီးချုပ် Gordan Brown က ဒေါ်ဆောင်ဆန်းစုကြည်သို့ ပေးပို့သော စာအပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

 ခင်မင်ရင်းနှီးရပါသော ဒေါ်စု

ခင်ဗျားဟာ ဘဝတစ်ခုလုံးကို မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီနဲ့ လွတ်လပ်ခွင့် ဆိုတဲ့ အကြောင်း ကိစ္စတွေအတွက်ပဲ ဦးတည်ထားခဲ့တယ်။ ခင်ဗျားဟာ ခင်ဗျားရဲ့ ပုဂ္ဂိုလ်ရေး နာကျင် ခံစားချက်တွေ ထက် မြန်မာပြည်သူတွေရဲ့ နာကျင်မှုတွေကို ကိုယ်ကျိုးမဖက်ဘဲ အရေးပေးခဲ့တယ်။ နောက်ပြီးတော့ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ လေးစားမှုကို ရအောင် လုပ်နိုင်ခဲ့တဲ့ သတ္တိဟာ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက် အတွက် မဟုတ်ပါဘူး။ အကြောင်းအရင်း တစ်ခုအတွက်ပါ။

မြန်မာနိုင်ငံဟာ သမိုင်းတွင်မယ့် နှစ်တစ်နှစ်ကို ချဉ်းကပ် ရောက်ရှိနေပြီး ခင်ဗျားကလည်း မြန်မာနိုင်ငံရဲ့ စိန်ခေါ်မှုတွေကို  ပြတ်သားနိုင်သမျှ အပြတ်သားဆုံးနည်းနဲ့ ချဉ်းကပ်နေတယ်ဆိုတာ တစ်ကမ္ဘာလုံးက သိပါတယ်။

တကယ်လို့ အကြံအဖန် အကွက်ဆင် ရေးဆွဲထားတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ အတိုင်း ကျင်းပမယ့် ရွေးကောက်ပွဲမှာ အတိုက်အခံ ခေါင်းဆောင်တွေ မပါဝင်ဘူး၊ နိုင်ငံတကာရဲ့ လေ့လာ စောင့်ကြည့်မှုတွေ မပါဝင်ဘူးဆိုရင် စစ်အစိုးရ ခေါင်းဆောင်တွေဟာ ပြစ်တင်ကဲ့ရဲ့ခြင်း ခံရမှာ ဖြစ်သလို မြန်မာနိုင်ငံဟာလည်း သံတမန်နည်းအရ အထီးကျန်ဖြစ်ကာ စီးပွားရေး တိုးတက်မှုလည်း ဆိတ်သုန်းနေမှာပါ။

ဒါပေမဲ့ တကယ်လို့ ရွေးကောက်ပွဲမှာ အားလုံး အမှန်တကယ် ပါဝင်မယ်၊ လွတ်လပ်ပြီး မျှတမှု ရှိမယ်ဆိုရင် နိုင်ငံတကာ အသိုင်းအဝိုင်း တစ်ခုလုံးက မြန်မာနိုင်ငံနဲ့အတူ ရပ်တည်ဖို့ အဆင်သင့် ဖြစ်နေမှာပါ။ နိုင်ငံပေါင်းစုံ ပါဝင်တဲ့ အသိုင်းအဝိုင်းထဲကို ပြန်လည် ဝင်ရောက်ဖို့ ကြိုဆိုနေမှာ ဖြစ်ပါတယ်။  မြန်မာနိုင်ငံရဲ့ အနာဂတ်နဲ့ ကြွယ်ဝ ချမ်းသာမှုကို ပြန်လည် တည်ဆောက်ရာမှာ အကူအညီပေးဖို့လည်း အသင့် ဖြစ်နေမှာပါ။ ဒီလိုဖြစ်မှသာ မြန်မာပြည်သူတွေအတွက်  အနာဂတ် လုံခြုံမှု၊ တည်ငြိမ် အေးချမ်းမှု၊ တိုးတက်မှုတွေ ဖော်ဆောင်နိုင်မယ်ဆိုတဲ့ အချက်ဟာ ရှင်းနေပါတယ်။

နှစ်တစ်နှစ်သာ ကုန်သွားပြီး အရိပ် လက္ခဏာကောင်းတွေ မတွေ့ရတာကတော့ စိတ်မကောင်းစရာပဲ ဖြစ်ပါတယ်။ ခင်ဗျား ဆက်ပြီး အဖမ်းခံထားရတာရယ်၊ အကြမ်းဖက်တဲ့ အပြုအမူတွေကို ရပ်ဆိုင်းဖို့ ဒေသတွင်းနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းက တိုက်တွန်းတာတွေကို အရေးမစိုက် နားမထောင်ဘဲ နေပြတာရယ် စတာတွေကို ကြည့်ရင် စစ်အစိုးရရဲ့ မကောင်းတဲ့ သဘောထားကို ကွက်ကွက်ကွင်းကွင်း တွေ့ရပါတယ်။

ခင်ဗျားကို ရန်ကုန်မှာ ရှိတဲ့ သံတမန်တွေနဲ့ အဆက်အသွယ်တွေ ပိုလုပ်ခွင့် ပေးဖို့၊ ခင်ဗျားနဲ့ တွေ့ပြီး စေ့စပ် ညှိနှိုင်းမှုတွေ လုပ်ဖို့နဲ့ မြန်မာပြည်သူတွေ အနေနဲ့ သူတို့ရဲ့ အနာဂတ်နဲ့ မျှော်လင့်ချက်တွေ ပြန်ရစေမယ့် စစ်မှန်တဲ့ ဒိုင်ယာလော့ခ်ကို စတင်ဖို့ ကျွန်တော့်အနေနဲ့ စစ်အစိုးရကို ဆက်ပြီး တိုက်တွန်း ဆော်သြသွားမှာပါ။

မြန်မာပြည်သူတွေရဲ့ လွတ်လပ်မှုကို ထိမ်းသိမ်းဖို့အတွက် ကျွန်တော်တို့ရဲ့ လွတ်လပ်မှုကို အသုံးချပါလို့ ခင်ဗျား ပြောခဲ့ဖူးတယ်။ ကျွန်တော်တို့ ဗြိတိန်နိုင်ငံ ဆယ်စုနှစ်သစ် တစ်ခုထဲကို ရောက်တဲ့ အချိန်၊ နှစ်သစ်နှစ်ကို စတဲ့ အချိန်က စပြီး ခင်ဗျားရဲ့ နိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီနဲ့ အပြုသဘော ဆောင်တဲ့ အပြောင်းအလဲတွေ ထွက်ပေါ်လာဖို့ ဖြစ်နိုင်ခြေရှိသလောက် ဘာမဆို လုပ်သွားမယ် ဆိုတာကို ခင်ဗျားကို အသေအချာ ပြောချင်ပါတယ်။ ခင်ဗျားပြောခဲ့တဲ့ အတိုင်းပဲ မြန်မာနိုင်ငံမှာ ဘာမှ စောင့်ဆိုင်းမနေဘဲ လုပ်ဖို့ လိုတဲ့ အလုပ်တွေ အများကြီး ရှိနေပါတယ်။

ကျွန်တော်တို့ ဗြိတိန်နိုင်ငံဟာ ခင်ဗျားနဲ့ မြန်မာပြည်သူတွေနဲ့ အတူ မားမားမတ်မတ် ရပ်တည်နေပါတယ်။

 ရိုးသားစွာဖြင့်

 ဂေါ်ဒန်ဘရောင်း

 Number10.gov.uk ဝက်ဘ်ဆိုက်မှ UK to continue push for change in Burma – PM tells ASSK ကို ဘာသာပြန်ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

အိန္ဒိယရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ရေး ကုမ္ပဏီကြီးတစ်ခု ဖြစ်သော Oil & Natural Gas Corp (ONGC) က မြန်မာနိုင်ငံကမ်းရိုးတန်းဒေသ သဘာဝဓာတ်ငွေ့ တူးဖော်ရေးလုပ်ငန်းခွဲ အတွက် ရူပီးငွေ ၄၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၈၅၇ သန်း) ထုတ်ပေးလိုက်ကြောင်း သိရသည်။

 "ပိုက်ဆံတွေကို ဘဏ်မှာ အပ်ထားတာထက် စာရင် မြန်မာပြည်မှာ ဓာတ်ငွေ့တူးဖော်နေတဲ့ ONGC Videsh Ltd အတွက် လိုအပ်တဲ့ အက်ဆက်တွေပေးပြီး ရင်းနှီးမြှုပ်နှံတာ ပိုပြီး အဓိပ္ပာယ် ရှိပါတယ်" ဟု ONGC မှ ဥက္ကဋ္ဌနှင့် ဦးဆောင်ညွှန်ကြားရေးမှူး R.S Sharma က တယ်လီဖုန်း အင်တာဗျူး တစ်ခုတွင်ပြောကြားသည်။

ONGC သည် နယူးဒေလီ အခြေစိုက် ရေနံတူးဖော်ရေး ကော်ပိုရေးရှင်းဖြစ်ပြီး အိန္ဒိယတွင် အကြီးဆုံးဖြစ်သည်။ လက်ရှိအနေအထားတွင် အာရှ၌ တတိယမြောက် လောင်စာစားသုံးမှု အများဆုံး နိုင်ငံဖြစ်သော အိန္ဒိယအတွက် ONGC ကလောင်စာ ၂၅ ရာခိုင်နှုန်းခန့် တူးဖော်ရှာဖွေ လျက်ရှိသည်။

အိန္ဒိယ နိုင်ငံ၏ စွမ်းအင် လိုအပ်ချက်မှာ တစ်နေ့တခြား ကြီးမားလာသည်နှင့် အမျှ ONGC ကလည်း စွမ်းအင်တူးဖော်ရေး စီမံကိန်းများကို ပိုမိုအာရုံစိုက် လာသည်ကို တွေ့ရပါသည်။

ONGC သည် လာမည့် ၂၀၂၅ ခုနှစ်မှ စ၍ ပြည်ပနိုင်ငံရှိ စွမ်းအင်တူးဖော်ရေး စီမံကိန်းများမှ ရေနံတန်ချိန် သန်းပေါင်း ၆၀ မက်ထရစ်တန်နှင့် ညီမျှသော လောင်စာကို ရရှိရန် စီစဉ်ထားကြောင်း၊ အဆိုပါ ပမာဏသည် အိန္ဒိယ နိုင်ငံတွင် ထွက်ရှိသော စွမ်းအင်ပမာဏထက် နှစ်ဆခန့် ရှိကြောင်း သိရသည်။

"အိန္ဒိယမှာက စွမ်းအင်နဲ့ ပတ်သက်တဲ့ အခွင့်အလမ်းတွေက ကန့်သတ်ချက် ရှိနေတယ်။ အဲဒါကြောင့် လာမယ့်နှစ် အနည်းငယ်အတွင်းမှာ စွမ်းအင်လိုအပ်ချက်တွေ ပိုမိုကြီးမားလာ ပါလိမ့်မယ်။ အဲဒီ လိုအပ်ချက်အတွက် ONGC က ဖြစ်နိုင်ခြေရှိတဲ့ နေရာဒေသတွေ အားလုံးမှာ စွမ်းအင်ရဖို့ နပန်းလုံးနေတာပါ" ဟု Prabhudas Lilladher Pvt ၏ စွမ်းအင် သုတေသနဆိုင်ရာ ပညာရှင် Apurva Shah က သုံးသပ် ပြောကြားသည်။

အိန္ဒိယသည် ပြည်တွင်း စွမ်းအင်လိုအပ်ချက် အတွက် တရုတ်နိုင်ငံနှင့် အပြိုင် စွမ်းအင် ရရှိရေး စီမံကိန်းများကို နိုင်ငံတကာတွင် လုပ်ကိုင်လျက်ရှိသည်။ ONGC သည် ယခုနှစ်အတွင်း ရုရှားနိုင်ငံမှ စွမ်းအင် ရရှိရေးအတွက် Imperial Energy Plc ကုမ္ပဏီကို ပေါင ၁ ဒဿမ ၄ ဘီလီယံဖြင့် ဝယ်ယူခဲ့သေးသည်။ ONGC နှင့် အပြိုင် တရုတ်စွမ်းအင် တူးဖော်ရေး ကုမ္ပဏီများကလည်း အာဖရိကတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့များ တူးဖော် လုပ်ကိုင်ရေးအတွက် ဒေါ်လာ ၁ ဒဿမ ၆ ဘီလီယံ အသုံးပြုမည်ဟု ဆိုသည်။

မြန်မာ့သဘာဝဓာတ်ငွေ့

ONGC သည် မြန်မာနိုင်ငံရှိ A1 နှင့် A-3 လုပ်ကွက်များရှိ ရွှေ၊ ရွှေဖူးနှင့် မြ တူးဖော်ရေး ဧရိယာများတွင် အစုရှယ်ယာ ၁၇ ရာခိုင်နှုန်း ပါဝင်ထားသည်။ အဆိုပါ လုပ်ကွက် ဒေသများတွင် ကုဗလက်မ ၄ ဒဿမ ၅ မှ ၇ ဒဿမ ၇ ထရီလီယံရှိသော သဘာဝဓာတ်ငွေ့များ ရှိသည်ဟု ဆိုသည်။

တောင်ကိုရီးယားမှ ဒေဝူးအင်တာနေရှင်နယ် ကုမ္ပဏီက အဆိုပါ ဒေသတွင် တူးဖော်ရေး လုပ်ငန်းများကို ဦးဆောင် လုပ်ကိုင်လျက်ရှိပြီး အစုရှယ်ယာ ၅၁ ရာခိုင်နှုန်းခန့် ပိုင် ဆိုင်ထားကြောင်း သိရသည်။ မြန်မာ့ စွမ်းအင်နှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းက ၁၅ ရာခိုင်နှုန်း ပါဝင်ပြီး အိန္ဒိယမှ GAIL နှင့် တောင်ကိုရီးယားမှ Korea Gas Corp တို့က ၈ ဒဿမ ၅ ရာခိုင်နှုန်းစီပိုင်ဆိုင်ထားသည်။

အဆိုပါ အုပ်စုသည် တရုတ်နိုင်ငံပိုင် CNPC ကော်ပိုရေးရှင်း အတွက် တစ်နေ့လျှင် သဘာဝဓာတ်ငွေ့ သန်း ၅၀၀ ကုဗမီတာ ပေးပို့ ထောက်ပံလျက်ရှိသည်ဟု ဒေဝူး အင်တာနေရှင်နယ် ကော်ပိုရေးရှင်းက ဆိုသည်။

"ဒီစီမံကိန်း စတင်လည်ပတ်တာနဲ့ ONGC Videsh က ချေးငွေတွေ ပြန်ပေးသွားမှာပါ" ဟု Sharma ကဆိုသည်။

စီမံကိန်းအတွက်အခြေခံအဆောက်အအုံ

ဓာတ်ငွေ့ တူးဖော်ရေးအဖွဲ့သည် ယခုအခါ တရုတ်နိုင်ငံသို့ ၈၂၅ ကီလိုမီတာ ရှည်လျားသည့် ပိုက်လိုင်း သွယ်တန်းရေးအတွက် ဆွေးနွေး ညှိနှိုင်းလျက် ရှိကြောင်း၊ အဆိုပါ ပိုက်လိုင်း သွယ်တန်းမှုတွင် ONGC အနေဖြင့် အစုရှယ်ယာ ဝယ်ယူနိုင်သည့် အခြေအနေများ ရှိကြောင်း ONGC ၏ ဦးဆောင် ညွှန်ကြားရေးမှူးက ပြောသည်။

ဒေဝူး အင်တာနေရှင်နယ်သည် ယခုအခါ ကမ်းလွန်ပင်လယ်ပြင် ရေနံနှင့် ဓာတ်ငွေ့ တူးဖော်ရေး လုပ်ငန်းခွင် တည်ဆောက်ရန် Hyundai Heavy Industries ကုမ္ပဏီအား ဒေါ်လာ ၁ ဒဿမ ၄ ဘီလီယံ တန်ဖိုးရှိ ကန်ထရိုက် ပေးထားသည်။ အဆိုပါ ကန်ထရိုက်အရ တူးဖော်ရေး လုပ်ငန်းခွင် သာမက ကမ်းလွန်ပိုက်လိုင်းများကို ၂၀၁၂ အပြီး တည်ဆောက်ရန် သဘောတူညီမှု ရရှိထားကြောင်း ဒေဝူး အင်တာနေရှင်နယ်က ဆိုသည်။

Bloomberg မှ ONGC to Lend $857 Million to Unit for Myanmar Project ကို ဘာသာ ပြန်ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Irrawaddy, By Saw Yan Naing, 29th December 2009

          ဒီမိုကရက်တစ် ကရင် ဗုဒ္ဓဘာသာ တပ်မတော် (DKBA) သည် မြန်မာနိုင်ငံ အရှေ့ပိုင်းရှိ အဓိက မဟာမိတ် ဖြစ်ပြီး၊ စစ်အစိုးရ၏ အစီအစဉ် ဖြစ်သော နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် အစီအစဉ်ကို ပထမဆုံး ထောက်ခံပြီး လက်ခံကြောင်း ကြေညာခဲ့သော လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့ ဖြစ်ပါသည်။

          ပြီးခဲ့သည့် နိုဝင်ဘာလက ဒီမိုကရေစီသစ် တပ်မတော် - ကချင် (NDA – K) နှင့် ကရင်နီ အမျိုးသားပြည်သူ့ လွတ်မြောက်ရေးတပ်ဦးတို့သည် အခမ်းအနားဖြင့် နယ်ခြားစောင့်တပ် အသွင်ပြောင်းခဲ့ပြီး ဖြစ်သော်လည်း DKBA သည် ၎င်းတို့၏ ရပ်တည်ချက်နှင့် ပတ်သက်၍ တရားဝင် အသွင်ပြောင်းရေးကို လုပ်ဆောင်ခြင်း မရှိသေးပေ။

          အမှန်တကယ်တွင် DKBA သည် ၁၉၉၅ ခုနှစ် ၎င်း၏ မူရင်းအဖွဲ့ ဖြစ်သော KNU မှ ခွဲထွက်လာပြီးကတည်းက အစိုးရနှင့် ငြိမ်းချမ်းရေး ယူပြီး မဟာမိတ်အဖြစ် ရပ်တည်လာခဲ့ခြင်း ဖြစ်ပါသည်။

          ဝ သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) နှင့် ကချင် လွတ်မြောက်ရေးအဖွဲ့ (KIO) တို့က အစိုးရ၏ အစီအစဉ်ကို ငြင်းပယ်ခဲ့ကြပြီး DKBA မှာလည်း ၎င်း၏ ရပ်တည်ချက်ကို ပြန်လည် စဉ်းစားရန် ဖိအားပေး ခံခဲ့ရပါသည်။

          မြန်မာ့အရေး လေ့လာသူများက ဧရာဝတီသို့ ပြောကြားရာတွင် DKBA အဖွဲ့အတွင်း သဘောထား ကွဲလွဲမှုများကြောင့် ၎င်း၏ မူဝါဒကို ပြန်လည် စဉ်းစားနေပုံရကြောင်း ဆိုပါသည်။

          KNU အထွေထွေ အတွင်းရေးမှူး Zipporah Sein က ပြောကြားရာတွင် DKBA တပ်ဖွဲ့များသည် မြန်မာ့တပ်မတော် လက်အောက်တွင် နယ်ခြားစောင့်တပ် အသွင်ပြောင်းမည် ဖြစ်ပြီး၊ အချို့မှာမူ KNU သို့ ပြန်ကြလိမ့်မည် ဖြစ်ကြောင်း ဆိုပါသည်။

          DKBA အဖွဲ့ဝင် ရာဂဏန်းခန့်သည် ၎င်းတို့ ခေါင်းဆောင်၏ နယ်ခြားစောင့်တပ် အစီအစဉ်ကို လက်ခံခဲ့မှုကြောင့် ပြီးခဲ့သည့် ဧပြီလက KNU တပ်ဖွဲ့သို့ ပြန်သွားကြပါသည်။

          DKBA နှင့် ရင်းနှီးသော သတင်းများ၏ အဆိုအရ DKBA ခေါင်းဆောင်ပိုင်းသည် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးအတွက် ပြင်ဆင်နေရာတွင် တပ်ဖွဲ့အင်အားကို (၆၀၀၀ မှ ၉၀၀၀) ထိ တိုးချဲ့ရန် ရည်ရွယ်လျက် ရှိသည်ဟု သိရှိရပါသည်။

          နယ်ခြားစောင့်တပ် ဖွဲ့စည်းပုံအရ တပ်မဟာ တစ်ခုတွင် တပ်ဖွဲ့ (၃၂၆) ခုဖြင့် ဖွဲ့စည်းရမည် ဖြစ်ပြီး အရာရှိ (၁၈) ဦး ရှိရမည် ဖြစ်ပါသည်။ ၎င်းတို့ကို မြန်မာ့တပ်မတော်၏ ဒေသဆိုင်ရာ တိုင်းစစ်ဌာနချုပ်က ဖွဲ့စည်းပေးရမည် ဖြစ်ပါသည်။

          KNU သို့ ပြန်လည် ထွက်ပြေးလာသော DKBA စစ်သား Hsa Paw က ပြောကြားရာတွင် DKBA ခေါင်းဆောင်များက နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို လက်ခံခဲ့သော်လည်း DKBA စစ်သားအများစုက လက်မခံခဲ့ဘဲ မြန်မာ့တပ်မတော် ယူနီဖောင်းကို ဝတ်ဆင်ရန် ငြင်းဆန်ခဲ့သည်ဟု ဆိုပါသည်။

          Hsa Paw က ဆက်လက် ပြောကြားရာတွင် DKBA တွင် ကျန်ရစ်ခဲ့သော ၎င်း၏ သူငယ်ချင်းများသည် DKBA က နယ်ခြားစောင့်တပ် အသွင်ပြောင်းပြီဆိုလျှင် KNU သို့ ပြန်လည် ထွက်ပြေးလာမည်ဟု ပြောကြကြောင်း ထည့်သွင်း ပြောကြားခဲ့ပါသည်။

          ထိုင်း မြန်မာ နယ်စပ် မဲဆောက်တွင် ရှိသော ကရင် သတင်းများ အဆိုအရ DKBA စစ်သား အများအပြားသည် KNU သို့ ပြန်လာလိုကြသော်လည်း၊ ထွက်ပြေးပါက ဖမ်းမိပြီး အသတ်ခံရမည်ကို စိုးရိမ်ကြသည်ဟု သိရှိရပါသည်။

၎င်းတို့သည် အုပ်စုလိုက် ထွက်ပြေးရန် မလွယ်ကြောင်း၊ နည်းနည်းစီ လူစုခွဲ၍ ပြေးရလိမ့်မည် ဖြစ်ကြောင်း မဲဆောက်ရှိ ကရင် သတင်းထောက်က ဆိုပါသည်။

DKBA ခေါင်းဆောင်ပိုင်း ကြားတွင်လည်း သဘောထား ကွဲလွဲမှုများ တိုးပွားလာလျက် ရှိသည်ဟု သတင်းများ အဆိုအရ သိရှိရပါသည်။

ကရင် ဗဟိုသတင်းဌာနမှ အယ်ဒီတာ Paw Kay က ပြောကြားရာတွင် DKBA ၏ သဘောထား တင်းမာသော ခေါင်းဆောင် ဗိုလ်မှူးကြီး ချစ်သူက ယခင်က ပြောခဲ့ဖူးကြောင်း၊ ၎င်းတို့၏ အဖွဲ့အစည်းသည် နိုင်ငံရေး ကျားကွက် ရွေ့ရာတွင် ကျွမ်းကျင်မှု မရှိကြောင်း၊ DKBA ၏ ရည်မှန်းချက် ဖြစ်သော ကရင်ပြည်နယ် တစ်ခုလုံးကို ထိန်းချုပ်နိုင်ရန်ကိုသာ ရည်ရွယ်၍ နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် သဘောတူခဲ့ခြင်း ဖြစ်ကြောင်း ပြောခဲ့သည်ဟု ဆိုပါသည်။

DKBA ခေါင်းဆောင်ပိုင်းနှင့် နီးစပ်သော သတင်းတစ်ခု၏ အဆိုအရ DKBA ၏ နိုင်ငံရေးဌာနဖြစ်သော ဒီမိုကရက်တစ် ကရင်ဗုဒ္ဓဘာသာ အဖွဲ့ (DKBO) သည် ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်လိမ့်မည် မဟုတ်ကြောင်း သိရှိရပါသည်။

အကယ်၍ DKBA သည် နယ်ခြားစောင့်တပ် ဖြစ်လာမည်ဟု ဆိုပါက အဖွဲ့အစည်း အမည်ကို အစိုးရက ပြောင်းခိုင်းလိမ့်မည် ဖြစ်ပြီး လစာများကိုလည်း မြန်မာအစိုးရကသာ ပေးလိမ့်မည် ဖြစ်ကြောင်း ကရင်သတင်းများက ဆိုပါသည်။ DKBA ထိန်းချုပ်ထားသော ဧရိယာများကိုလည်း ဗဟိုအစိုးရကသာ အုပ်ချုပ်သွားမည် ဖြစ်ပြီး DKBA တပ်ဖွဲ့များသည် နယ်စပ်လုံခြုံရေး တာဝန်သာ ယူရလိမ့်မည် ဖြစ်ပါသည်။

မြန်မာအစိုးရကလည်း DKBA ကို စဉ်းစားရန် အချိန်ကို လိုလိုလားလား ပေးထားပုံ ရပါသည်။ ထို့အပြင် မြန်မာအစိုးရသည်လည်း အရှေ့မြောက်ပိုင်းတွင် ဝတပ်များ UWSA နှင့် ညှိနှိုင်း ဆွေးနွေးလျက် ရှိပါသည်။ လေ့လာသူ အများစုက UWSA နှင့် မဟာမိတ်များသည် စစ်အစိုးရ၏ အမိန့်ကို ငြင်းဆန်လိမ့်မည် ဖြစ်ပြီး၊ အစိုးရနှင့် ထိပ်တိုက် ရင်ဆိုင်မှုများ ဖြစ်လာလိမ့်မည်ဟု မျှော်လင့်နေကြသည်။

အဆိုပါ လေ့လာသူများက မြန်မာအစိုးရသည် DKBA အရေးကိစ္စထက် 'ဝ' နှင့် ၎င်းတို့၏ မဟာမိတ်များကို အလေးပေး ညှိနှိုင်းလိမ့်မည်ဟု ယူဆကြပါသည်။

ထို့ကြောင့် DKBA ခေါင်းဆောင်များသည် ၎င်းတို့၏ တပ်မှူးများအား နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် နားချ ဆွဲဆောင်ရန် အခွင့်အလမ်း ပိုရရှိမည် ဖြစ်ပါသည်။ သို့သော် အောင်မြင်စွာ စည်းရုံးနိုင်မည်လား ဆိုသည်ကိုမူ သံသယ ရှိနေကြပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Mizzima News, 28th December 2009

၂၀၀၉ ခုနှစ် မြဝတီ - မဲဆောက် နယ်စပ် ကုန်သွယ်ရေးသည် ၂၀၀၈ ခုနှစ်ကထက် (၂၇%) မြင့်တက်လာခဲ့ပြီး ဘတ်ငွေ (၂၄) ဘီလျံ (ဒေါ်လာ ၇၁၄ သန်း) ကျော်ခဲ့သည်ဟု သိရပါသည်။

ကြာသပတေးနေ့ နှောင်းပိုင်းက ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲကို သက်ဆိုင်ရာ အာဏာပိုင်များနှင့်အတူ ဦးဆောင် ကျင်းပခဲ့သူ ထိုင်းမြန်မာ နယ်စပ် တပ်ခ် ခရိုင် အုပ်ချုပ်ရေးမှူး ဆာမတ်လွိုင်ဖာက နယ်စပ် ကုန်သွယ်ရေး အနေအထားနှင့် ပတ်သက်၍ ပုံဖော် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယခုနှစ် မဲဆောက်-မြဝတီ ကုန်သွယ်ရေးသည် ဘတ်ငွေ (၂၄) ဘီလျံ (ဒေါ်လာ ၂၇၄ သန်း) ကျော်သွားခဲ့ပြီး အဆိုပါ နယ်စပ် စစ်ဆေးရေးဂိတ်ကို ဖြတ်သန်း ရောင်းဝယ်နေသူ လုပ်ငန်းရှင်များအား ပိုမို ရင်းနှီးမြှုပ်နှံရန် အားပေး တိုက်တွန်းနေသည်ဟု ၎င်းက ဆိုပါသည်။

မြန်မာနိုင်ငံမှ လယ်ယာ ထွက်ကုန်များ ဖြစ်သည့် ဆန်နှင့် ကြက်သွန်နီမှာ တရုတ်သို့ ပိုမို တင်ပို့နေသောကြောင့် ထိုင်းနိုင်ငံသို့ တင်ပို့မှု လျော့ကျနေသည့် အချိန်တွင်  ထိုင်းနိုင်ငံ၏ ပို့ကုန် ပမာဏ ပိုမို မြင့်တက်လာသည်ဟု မဲဆောက် အကောက်ခွန်ရုံး ညွှန်ကြားရေးမှူး ပွန်သက်ဘူဆပ်က ပြောကြားပါသည်။ လယ်ယာ ထွက်ကုန်များ အပေါ်တွင် အခွန်ကင်းလွတ်ခွင့် (၀ %) ပြုမည် ဖြစ်သော ၂၀၁၀ ဇန်နဝါရီတွင် စတင် သက်ရောက်မည့် အာဆီယံ လွတ်လပ်သော ကုန်သွယ်ရေး သဘော တူညီချက်ကို ထိုင်းသွင်းကုန် လုပ်ငန်းရှင်များက စောင့်ဆိုင်းနေသည့် အချိန်တွင် တရုတ်နိုင်ငံ၏ ဝယ်လိုအား ကြီးမားလာခဲ့ခြင်း ဖြစ်သည်ဟု ထိုင်း ဝက်ဘ်ဆိုက်တွင် ဖေါ်ပြသော အစီရင်ခံစာကို ကိုးကား၍ ၎င်းက ပြောကြားခဲ့ပါသည်။

ယခင် ထိုင်းဝန်ကြီးချုပ် အာနန်ပန်ညာအာချွန် ပထမဆုံး တင်ပြခဲ့သည့် အာဆီယံ လွတ်လပ်သော ကုန်သွယ်ရေး နယ်မြေ (AFTA) ဖွဲ့စည်းရန် အဆိုပြုချက်ကို ကွာလာလမ်ပူတွင် ကျင်းပသော အာဆီယံ စီးပွားရေး အရာရှိကြီးများ၏ အစည်းအဝေးတွင် ပြင်ဆင်မှုများ ပြုလုပ်၍ သဘောတူခဲ့ကြခြင်း ဖြစ်သည်။ (၁၅) နှစ်အတွင်း (AFTA) ကို အကောင်အထည်ဖော် ဖန်တီးမည့် စင်္ကာပူ ကြေညာစာတမ်းကို ၁၉၉၂ ခုနှစ် ဇန်နဝါရီတွင် အာဆီယံ အဖွဲ့ဝင်များက လက်မှတ်ထိုး ခဲ့ကြပါသည်။

ဒေသတွင်း အခွန်နှုန်းထား လျှော့ချမည့် ကြီးမား ကျယ်ပြန့်သော အစီအစဉ်ကို ၂၀၀၈ ခုနှစ်အတွင်း ပြီးမြောက်အောင် အကောင်အထည် ဖော်ရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။ သို့သော်လည်း အဆိုပါ နောက်ဆုံးရက် သတ်မှတ်ချက်မှာ ရှေ့တိုးလာခဲ့ပြီး ၂၀၀၃ ခုနှစ် ဇန်နဝါရီ (၁) ရက်တွင် AFTA ကို အပြည့်အဝ ဆောင်ရွက် အကောင်အထည် ဖော်နိုင်ခဲ့ခြင်း ဖြစ်ပါသည်။

ဆန် ကဲ့သို့သော ထိခိုက်လွယ်သည့် လယ်ယာထွက်ကုန်များနှင့် လူသုံးကုန် ပစ္စည်းများ အတွက် အခွန်နှုန်းထား လျှော့ချခြင်းကို ကျင့်သုံးခဲ့ခြင်း ဖြစ်သည်။ ၂၀၁၂ ခုနှစ် မတိုင်မီ  အခွန်နှုန်းထားများကို သုညမှ ငါးရာခိုင်နှုန်း (၀ - ၅%) အထိ လျှော့ချသွားရန် အာဆီယံ အဖွဲ့ဝင်များက ရည်မှန်းထားပါသည်။

ကုန်သွယ်ရေး စာရင်းတွင် ထိပ်ဆုံးမှ ပါဝင်သည့် ထိုင်းပို့ကုန် ပစ္စည်းများမှာ စားသုံးဆီ၊ ဓာတ်ဆီ၊ တစ်ပါတ်ရစ်ကားများ၊ အချိုမှုန့်၊ အသင့်ဖျော် ကော်ဖီမှုန့်၊ ကော်ဖီ ခရင်မာ၊ ဆေးဝါးနှင့် လျှပ်စစ် အသုံးအဆောင် ပစ္စည်းများ ဖြစ်ပါသည်။ မြန်မာနိုင်ငံမှ သွင်းယူလာသော ပစ္စည်းများမှာ ရေထွက်ကုန်ပစ္စည်းများ၊ သစ်နှင့် ပြုလုပ်သော ပရိဘောဂများနှင့် လယ်ယာထွက်ကုန်များ ပါဝင်သည်ဟု မဲဆောက် အကောက်ခွန်ရုံးမှ ပြောကြားမှုအရ သိရပါသည်။

ယခုလ အစောပိုင်းတွင် ထိုင်းနိုင်ငံ ကူးသန်း ရောင်းဝယ်ရေး ဒုတိယ ဝန်ကြီး အလွန်ခွန် ပွန်လာဘတ် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး အရေးပါသော အကျိုးရလဒ် (၂) ခု ပေါ်ထွက်ခဲ့ပါသည်။

ပထမအချက် အနေဖြင့် ၂၀၁၀ ပထမ လေးလပတ်အတွင်း ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည့် (၅) ကြိမ်မြောက် ထိုင်း-မြန်မာ ပူးတွဲ ကုန်သွယ်ရေး ကော်မတီ JTC အစည်းအဝေးမှတဆင့် ကုန်သွယ်ရေး ဆက်ဆံမှုနှင့် ရင်းနှီးမြှုပ်နှံမှုများကို ပြန်လည် စတင်ရန် ထိုင်းနှင့် မြန်မာတို့ သဘောတူခဲ့ကြပါသည်။

JTC အစည်းအဝေးများကို ရပ်နားထားသည်မှာ (၅) နှစ်ခန့် ရှိပြီ ဖြစ်သည်။ နယ်စပ် ကုန်သွယ်ရေး အဆင့်အတန်းကို မြှင့်တင်ရန် ရည်ရွယ်သည့် အနေဖြင့် ထိုင်း-မြန်မာ နယ်စပ်တဝိုက်တွင် လက်ကားနှင့် ပို့ကုန်ဈေးများ တည်ဆောက်ရန်နှင့် နှစ်နိုင်ငံစလုံး၏ တာဝန်ရှိ ကုန်သွယ်ရေးဌာနများ ဖွင့်လှစ်ရန် ကိစ္စများ အပါအဝင် ကိစ္စပေါင်းစုံကို JTC အစည်းအဝေးတွင် ဆွေးနွေးမည် ဖြစ်ပါသည်။

ဒုတိယအချက်မှာ ထိုင်း-မြန်မာ စီးပွားရေး ကောင်စီကို ဖွဲ့စည်းရေး ဖြစ်ပြီး ထိုင်း ကုန်သည်ကြီးများ အသင်းနှင့် မြန်မာ စက်မှုလုပ်ငန်းရှင်များ အသင်းတို့သည် ထိုင်းပုဂ္ဂလိက အဖွဲ့အစည်းများ ဖြစ်သည့် ထိုင်း စက်မှုလုပ်ငန်းရှင်များ အသင်း၊ ထိုင်း ဘဏ်လုပ်ငန်းရှင်များ အသင်းတို့နှင့် ပူးပေါင်း ဆောင်ရွက်၍ အကောင်အထည်ဖေါ် လုပ်ဆောင်မည် ဖြစ်သည်။ အဆိုပါ စီးပွားရေး ကောင်စီ ဖွဲ့စည်းခြင်းကို လာမည့်နှစ် ပထမ လေးလပတ်အတွင်း ပြီးစီး အောင်မြင်လိမ့်မည်ဟု မျှော်လင့်ထားပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Global Post , By Patrick Winn, 28th December 2009

          အမေရိကန်နှင့် မြန်မာနိုင်ငံတို့၏ ဆက်ဆံရေးသည် နွေးထွေးသော လက္ခဏာ ပြသနေပြီ ဆိုသော်လည်း မြန်မာနိုင်ငံသည် အမေရိကန် အစိုးရ၏ ပြင်းထန်သော အရေးယူ ပိတ်ဆို့မှုကို ခံနေရဆဲ ဖြစ်ပါသည်။

          မြန်မာ အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ပြစ်ဒဏ်ပေးသော အနေဖြင့် အမေရိကန် အစိုးရသည် မြန်မာနိုင်ငံတွင် ရင်းနှီး မြှုပ်နှံရန်နှင့် မြန်မာပစ္စည်းများ တင်သွင်းရန် ခွင့်မပြုခဲ့ပေ။ ထို့ကြောင့် အမေရိကန် တို့အနေဖြင့် မြန်မာနိုင်ငံမှ နှစ်သက်ဖွယ် ကောင်းသော သယံဇာတများ ဖြစ်သော ရှားပါးသော သစ်များနှင့် ကျောက်စိမ်းတို့ကို ဝယ်ယူခြင်းကို တားမြစ် ခံထားရပါသည်။ တစ်နည်းအားဖြင့် အဆိုပါ ပစ္စည်းများကို ဝယ်ယူခြင်းဖြင့် ဖိနှိပ်သော စစ်အစိုးရကို ငွေကြေး ထောက်ပံ့ပြုရာ ရောက်သည်ဟု ဆိုခြင်းကြောင့် ဖြစ်သည်။

          သို့သော် အမေရိကန် နိုင်ငံတွင် ပရိဘောဂ အရောင်း ကိုယ်စားလှယ်များသည် မြန်မာ့ကျွန်းသစ်ကို ကြော်ငြာ၍ ရောင်းဝယ်နေကြသည်။ မြန်မာ့ကျွန်းသစ်သည် ရှားပါးပြီး အရည်အသွေး ကောင်းမွန်မှုကြောင့် တဖြည်းဖြည်း ဈေးတက်လာနေပါသည်။ မြန်မာနိုင်ငံ၏ နာမည်ဆိုးကြောင့် အမေရိကန်တို့၏ တင်းကြပ်သော ဥပဒေများ ချမှတ်ထားသော်လည်း အမေရိကန်တို့သည် Website မှတစ်ဆင့် မြန်မာ့ သစ်မာများကို အလွယ်တကူ ဝယ်ယူနိုင်ဆဲပင် ဖြစ်ပါသည်။

          အဆိုပါ အရည်အသွေး ကောင်းသော သစ်များသည် စစ်အစိုးရအတွက် အကြီးမားဆုံး ငွေရပေါက်ရလမ်း ဖြစ်ရာ အဆိုပါငွေများဖြင့် ကိုယ့်တိုင်းပြည်ကို ပြန်ပြီး ဖိနှိပ်လျက် ရှိပေသည်။

          ဗြိတိန်နိုင်ငံ၏ အမြတ်ရယူသည့် လုပ်ငန်း မဟုတ်သည့် Global Witness ၏ အဆိုအရ ၂၀၀၇-၀၈ ခုနှစ်တွင် သစ်အမျိုးမျိုး တင်ပို့ ရောင်းရငွေသည် တိုင်းပြည်၏ စတုတ္ထ အများဆုံး ပို့ကုန်တန်ဖိုး ရှိခဲ့သည်ဟု သိရှိရပါသည်။ အာဖရိက၏ Blood Diamond စိန် ရောင်းဝယ်ရေးကို နာမည်ကျော်အောင် ပြုလုပ်ပေးခဲ့သော ရှေ့နေအဖွဲ့ တစ်ခုသည် မြန်မာ့သစ် ရောင်းဝယ်ရေးကို ရပ်ဆိုင်းသွားအောင် ပြင်းပြင်းထန်ထန် လုပ်ဆောင်လျက် ရှိပါသည်။

          ထို့အပြင် သစ်များ ခုတ်ယူမှုကြောင့် သစ်တောများ ပျက်စီးပြီး၊ ကမ္ဘာပေါ်တွင် ပတ်ဝန်းကျင်ဆိုင်ရာ ခြိမ်းခြောက်မှုများ ရှိလာကြောင်း Global Witness မှ သစ်တော ကျွမ်းကျင်သူ Jon Buckrell က ဆိုပါသည်။

          ယခု ၂၀၀၉ ခုနှစ် ဒီဇင်ဘာလတွင် အမေရိကန် ကုမ္ပဏီများသည် အင်တာနက်တွင် "မြန်မာ့သစ်" ဟူ၍ ပြောင်ကျကျ ကြော်ငြာ၍ ရောင်းချလာကြပါသည်။ ၎င်းတို့တွင် Floors To Go's က "Ulysses Burmese Teak" ဟုလည်းကောင်း၊ Can Trust Hardwood က "Solid Burmese Teak" ဟူ၍ လည်းကောင်း၊ Corona Hardwood က "Burma Mahogany" ဟူ၍ လည်းကောင်း၊ ကြော်ငြာခဲ့ကြပါသည်။ အဆိုပါ လုပ်ငန်းများသို့ မှတ်ချက်ပေးရန် ဆက်သွယ်ခဲ့ရာ Corana Hardwood တစ်ခုကသာ တုံ့ပြန်ခဲ့ပါသည်။ ၎င်းက တင်သွင်းသူ Elegance Wood Flooring ကို အဆိုပါသစ်များ အတွက် မူရင်းနိုင်ငံကို မေးမြန်းခဲ့ပါသည်။ အဆိုပါ တင်သွင်းသူကလည်း E-mail ဖြင့် ပြန်ကြားရာတွင် Burma Mahogany အတွက် မည်သည့် မှတ်ချက်မျှ မပေးခဲ့ပေ။ ၎င်းက မူရင်းနိုင်ငံကို Web Site ၌ ကြော်ငြာရာတွင် "Burma / Thiland"  ဟု အမည်တပ်ခဲ့သည်။

          မြန်မာ့ကျွန်းသစ်သည် စကြာဝဠာတွင် အလှပဆုံးသစ်အဖြစ် ဆိုရမည် ဖြစ်ပါသည်။ ၎င်းသည် ပျက်စီးခြင်း မရှိဘဲ၊ အရည်အသွေး ကျဆင်းသွားခြင်း မရှိဘဲ၊ မိုးထဲ လေထဲတွင် သဘာဝအတိုင်း ကြာရှည်ခံသောသစ် ဖြစ်ပါသည်။ ၎င်းကို ဗြိတိသျှတို့၏ Colonial – era navy စတိုင်အိမ်များ ဆောက်ရာတွင် ပိုမို အသုံးပြုကြပါသည်။ သက်တမ်း ရင့်သော ကျွန်းများကို ဝရံတာများ၊ ဝရံတာတွင် ထားရှိမည့် ပရိဘောဂများနှင့် ရွက်လှေများ တည်ဆောက်ရာတွင် အသုံးပြုပါသည်။ မြန်မာ့ကျွန်းသစ်သည် လူချမ်းသာများသာ အသုံးပြုနိုင်သည့် လူတန်းစား အမှတ်အသားတစ်ခု ဖြစ်ပါသည်။

          အမေရိကန်၏ ဖက်ဒရယ် ဥပဒေအရ မြန်မာသစ်များကို တင်သွင်းခြင်းကို ပိတ်ပင်ထားသော်လည်း၊ တင်သွင်းသူများသည် ဥပဒေ၏ ဟာကွက်များကို အသုံးချခဲ့ကြပါသည်။

          ၂၀၀၃ ခုနှစ်မှ စ၍ အမေရိကန် သမ္မတများသည် Burma Freedom and Democracy Act ကို နှစ်စဉ် အသစ် ပြန်လည် အတည်ပြုကြရာတွင် မြန်မာနိုင်ငံမှ ထုတ်ကုန် မှန်သမျှ တင်သွင်းရန် တားဆီး ပိတ်ပင်ထားပါသည်။

          ထိုဥပဒေကို လက်တစ်လုံးခြား လုပ်နိုင်ရန် အမေရိကန် သစ်လုပ်ငန်းရှင်များသည် မြန်မာသစ်များကို တရုတ်နိုင်ငံမှ တင်သွင်းကြပါသည်။ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမှ သစ်လုံးများကို ကားများ ဖြင့် နယ်စပ်မှ ထုတ်ယူသွားပြီး ခွဲသားများအဖြစ် ပြောင်းလဲခဲ့ကြပါသည်။

          ထို့ကြောင့် ကွန်ဂရက်သည် တရားမဝင် သစ်ဥပဒေကို အလေးအနက် ထားပြီး လွန်ခဲ့သည့် နှစ်တစ်ရာကျော်က ရှိခဲ့သော Lacey Act ကို ပြင်ဆင်ခြင်းဖြင့် ဖိအားပေးခဲ့ပါသည်။ ယခုအခါ အမေရိကန် ကုန်ပစ္စည်း တင်သွင်းသူများသည် သစ်၏ ခုတ်ယူသည့် မူရင်းနိုင်ငံကို ဖော်ပြရမည် ဖြစ်ရာ၊ အကယ်၍ မူရင်းနိုင်ငံသည် မြန်မာနိုင်ငံ ဖြစ်နေပါက အဆိုပါ သစ်တင်သွင်းသူသည် တရားမဝင် ဖြစ်လိမ့်မည် ဖြစ်ပါသည်။

          သို့သော် သစ်ကို မြန်မာနိုင်ငံမှ သစ်ဖြစ်ကြောင်း ခွဲခြား၍ မရနိုင်အောင် ပြုလုပ်၍ ရကြောင်း အမေရိကန် စိုက်ပျိုးရေးဌာနမှ ပြောခွင့်ရ အမျိုးသမီး Jessica Milteer က ပြောပါသည်။

          အဆိုပါ တရားမဝင်သစ်များကို တင်သွင်းကြောင်း တာဝန်ရှိသူများက သက်သေ ပြနိုင်သည့် အပေါ် မူတည်၍ ဒဏ်ငွေ အမေရိကန် ဒေါ်လာ ၂၅၀ မှ ငါးသိန်းအထိ ပေးဆောင်ရနိုင်ပြီး အချို့အမှုများတွင် ထောင်ဒဏ် ကျခံရနိုင်သည်ဟု ဆိုပါသည်။

          အဆိုပါ ပြင်ဆင်ချက်တွင် အမေရိကန် ကုန်ပစ္စည်း တင်သွင်းသူများသည် နိုင်ငံခြား တိုင်းပြည်များ၏ အပင်များကို ကာကွယ် စောင့်ရှောက်သော ဥပဒေများကို အလေးထားရမည် ဖြစ်ကြောင်း ဖော်ပြထားပါသည်။ ထို့ကြောင့် အကယ်၍ တရုတ်နိုင်ငံ ဥပဒေတွင် ရှားပါးသော မြန်မာ သစ်ပင်များ တင်သွင်းခြင်းကို ကန့်သတ်ထားသည်ဟု ဆိုလျှင် အမေရိကန် ကုမ္ပဏီများကလည်း အဆိုပါသစ်ကို တင်သွင်းခြင်းမှ တားမြစ်ခံရမည် ဖြစ်သည်ဟု ဆိုလိုခြင်း ဖြစ်ပါသည်။ Global Witness ၏ အဆိုအရ တရုတ်နိုင်ငံသည် လေထု ညစ်ညမ်းမှုအတွက် ဂရုမပြုသည့် နိုင်ငံ ဖြစ်သော်လည်း၊ တရားဝင် နှိမ်နှင်းမှုများအရ အချို့ဒေသများတွင် မြန်မာနိုင်ငံမှ တရားမဝင် သစ်တင်သွင်းမှုကို ၇၀% ခန့် လျော့ချနိုင်ခဲ့ပါသည်။

          အမေရိကန်တို့အနေဖြင့်မူ သစ်တင်သွင်းသူများကို အပြီးတိုင် အရေးယူမည့် အဆင့် ကျန်ရှိနေပါသေးသည်။ ဥပဒေ အသစ်ကလည်း သက်ရောက်မှု မရှိသေးသဖြင့် အမေရိကန် ကိုယ်စားလှယ်များသည် ကျန်ရှိသော မြန်မာသစ်များကို လွတ်လပ်စွာ ရောင်းဝယ်လျက် ရှိနေကြပါသေးသည်။

          အမေရိကန် နိုင်ငံခြားရေးဌာနက မြန်မာနိုင်ငံ၏ ၂၀၁၀ ရွေးကောက်ပွဲကြောင့် အချို့ အရေးယူ ပိတ်ဆို့မှုများကို ဖြေလျော့ပေးရန် အကြံပြုထားပါသည်။ သို့သော် မြန်မာနိုင်ငံ၏ အဖိုးတန် သစ်တောများကို ကာကွယ်ပေးသော အနေဖြင့် မြန်မာ့သစ်များအပေါ် ကန့်သတ်ထားမှုများကိုမူ ရုတ်သိမ်းပေးလိမ့်မည် မဟုတ်ပေ။ မြန်မာ့သစ်တောများသည် သစ်ခုတ်ယူမှုများ သတ္တု တူးဖော်မှုများကြောင့် ပျက်စီးနေပြီ ဖြစ်ပါသည်။

          ပြင်းထန်သော ဥပဒေများနှင့် ကျွန်းသစ် တင်သွင်းရမှု လျော့ကျလာသည့်အတွက် အမေရိကန်တွင် ကျွန်းစိုက်ပျိုးရန် စတင် ကြိုးစားလာရပြီ ဖြစ်ပါသည်။ အပူပိုင်း ရာသီဥတု ရှိသည့် အမေရိက အလယ်ပိုင်းနှင့် တောင်ပိုင်းတို့တွင် ပေါက်ရောက်ပါသည်။ သို့သော် အဆိုပါသစ်သည် အချို့ သင်္ဘော တည်ဆောက်သူများနှင့် ပရိဘောဂ အရောင်းကိုယ်စားလှယ်များ၏ အဆိုအရ သက်တမ်းရင့် မြန်မာ့ ကျွန်းသစ် အရည်အသွေးကို မည်သို့မျှ မယှဉ်နိုင်ကြောင်း သိရှိရပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Reuters, 27th Dec 2009

          မြန်မာနိုင်ငံမှ ဓာတ်ငွေ့နှင့် လျှပ်စစ် ဓာတ်အားကို တင်သွင်းရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရည်ရွယ်နေကြောင်း အစိုးရ အရာရှိကြီး တစ်ဦးက ပြောကြားခဲ့ပြီး စီးပွားရေး လျင်မြန်စွာ ကြီးထွားလာမှုကို ထောက်ပံ့ အားပေးရန်အတွက် စွမ်းအင် ဖြည့်ဆည်းမှုကို မြှင့်တင်ရန် ကြိုးစားနေခြင်း ဖြစ်သည်ဟု ဆိုပါသည်။

          အင်္ဂါနေ့တွင် ဒက်ကား၌ စတင် ကျင်းပမည့် နှစ်နိုင်ငံ ဝန်ကြီးအဆင့် ဆွေးနွေးပွဲ ၂ ရက်လုံးတွင် အထက်ပါ ကိစ္စကို အဓိက ဆွေးနွေးဖွယ် ရှိသည်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီး Mohamed Mijarul Quayes က ပြောပါသည်။

          မိမိတို့၏ ကြီးထွားလာသော စွမ်းအင် လိုအပ်ချက်ကို ပြည့်မီရန်အတွက် မြန်မာနိုင်ငံက ပိုလျှံ၍ ရောင်းချရန် အဆင်သင့် ဖြစ်နေသော လျှပ်စစ် ဓာတ်အားနှင့် ဓာတ်ငွေ့များကို တင်သွင်းမည့် ဒက်ကား၏ အစီအစဉ်များ ပါဝင်လိမ့်မည်ဟု ၎င်းက ရိုက်တာသို့ ပြောကြားပါသည်။

          ၎င်းဆွေးနွေးပွဲ၌ လျှပ်စစ်ဓာတ်အား တင်သွင်းရန်အတွက် မြန်မာနိုင်ငံတွင် တည်ဆောက်နေသော ရေအား လျှပ်စစ် စီမံကိန်းနှင့် ပတ်သက်၍ ဆွေးနွေးကြပါလိမ့်မည်။

          ဆင်းရဲ၍ လူဦးရေ ထူထပ်သော ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွက် ကြီးမားသည့် ဝန်ထုပ်ဝန်ပိုး ဖြစ်နေသော ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဒုက္ခသည် စခန်းများတွင် စုဝေး ရောက်ရှိနေသည် မြန်မာ မူဆလင် ဒုက္ခသည်များကို မြန်မာနိုင်ငံသို့ ပြန်ပို့ရန် ကိစ္စကိုလည်း ဆွေးနွေးကြပါလိမ့်မည်။

          ဘင်္ဂလားဒေ့ရှ် အရှေ့တောင်ပိုင်း Cox's Bazar ခရိုင်တွင် UNHCR ထူထောင်ထားသော ဒုက္ခသည် စခန်းများတွင် မြန်မာ ရိုဟင်ဂျာ မူဆလင် ၂၈၀၀၀ ကျော် နေထိုင်လျက် ရှိပါသည်။

          တိုးတက်မှု ၆ % ရှိနေသော စီးပွားရေး ကြီးထွားမှုကို တွန်းအားပေးရန် ဆင်းရဲ မွဲတေမှုကို တိုက်ဖျက်ရန်နှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများကို အားပေးရန်အတွက် ပြည်တွင်း၊ ပြည်ပ ရင်းမြစ်များမှ ရရှိမည့် ဓာတ်ငွေ့နှင့် လျှပ်စစ်ဓာတ်အား ဖြည့်ဆည်းမှုများ လိုအပ်နေသည်ဟု ဘင်္ဂလားဒေ့ရှ် အစိုးရ အရာရှိများ နှင့် ကျွမ်းကျင်သူများက ပြောကြားပါသည်။

          အဆိုပါ ပြဿနာများကို ဖြေရှင်းမည်ဟု ကတိပေး၍ ပြီးခဲ့သော ဇန်နဝါရီလက အာဏာ ရရှိလာသော ဝန်ကြီးချုပ် ရှိတ်ဟက်ဆီနာ၏ အစိုးရသည် နိုင်ငံ၏ လျှပ်စစ်ဓာတ်အားပေး ကွန်ယက်စနစ်အတွင်း လိုအပ်ချက်ကို လာမည့် နှစ်များအတွင်း ထိထိရောက်ရောက် ဖြည့်ဆည်း နိုင်လိမ့်မည်ဟု မျှော်လင့်ထားပါသည်။

          လက်ရှိ အချိန်တွင် ဘင်္ဂလားဒေ့ရှ်သည် တစ်နေ့လျှင် လျှပ်စစ် ဓာတ်အား ၃၈၀၀ မဂ္ဂါဝပ် ထုတ်လုပ်လျက် ရှိပြီး အမှန်တကယ် လိုအပ်ချက်ထက် ၁၂၀၀ မဂ္ဂါဝပ်မှ ၁၅၀၀ မဂ္ဂါဝပ်အထိ လျော့နည်းနေသည် ဟု စွမ်းအင် အရာရှိများက ပြောကြားပါသည်။

          ဘင်္ဂလားဒေ့ရှ်တွင် လက်ရှိ ထုတ်ယူနေသော ဓာတ်ငွေ့သိုက်မှာ ကုဗပေ ၇ . ၂ ထရီလီယံခန့် ရှိ၍ နောက်ထပ် ထွက်ရှိမည်ဟု ခန့်မှန်းထားသော အရံ ဓာတ်ငွေ့သိုက် ကုဗပေ ၅.၅ ထရီလီယံမှာလည်း လာမည့်နှစ် အနည်းငယ်အတွင်း သုံးစွဲလိုက်လျှင် ကုန်ခမ်းသွားမည် ဖြစ်သည်။

          မြန်မာ အစိုးရ၏ ဖိနှိပ်မှုများမှ လွတ်မြောက်ရန် ကြိုးစားသည့် အနေဖြင့် ၁၉၉၂ အစောပိုင်းက နယ်စပ်ဖြတ်ကျော် ထွက်ပြေးလာသော မြန်မာနိုင်ငံမှ ရိုဟင်ဂျာ ၂ သိန်းခွဲ ခန့်အနက် အများစုကို UNHCR က အဆိုပါ နှစ်ကုန်ကပင် မြန်မာနိုင်ငံသို့ ပြန်ပို့ခဲ့ပြီး အချို့မှာမူ မြန်မာနိုင်ငံသို့ ပြန်ရန် ငြင်းဆန်နေကြပါသည်။

          Cox'Bagor ခရိုင်အရာရှိများ၏ အဆိုအရ ရိုဟင်ဂျာ ၃ သိန်းခန့်သည် ဒုက္ခသည် စခန်းများ၏ ပြင်ပတွင် ဒေသခံ မူဆလင်များနှင့် ရောနှော နေထိုင်ကြပြီး အနည်းငယ်သာ နေရာရှိသော အလုပ်အချို့ကို ရရှိရန် အတွက် အလုအယက် ယှဉ်ပြိုင်နေကြသည်ဟု သိရပါသည်။

          အင်္ဂါနှင့် ဗုဒ္ဓဟူးတွင် ကျင်းပမည့် ဆွေးနွေးပွဲတွင် ရိုဟင်ဂျာ ကိစ္စသည်လည်း အဓိက ဆွေးနွေးရမည့် ကိစ္စ ဖြစ်သည်ဟု Quayes က ပြောကြားခဲ့သော်လည်း အသေးစိတ် ပြောကြားခြင်း မရှိပါ။

          ဒက်ကားနှင့် နေပြည်တော် အရာရှိများသည် စီးပွားရေး ဗီဇာနှင့် ပတ်သက်သော ပြဿနာများ ရှင်းလင်း ဖယ်ရှားရန် နည်းလမ်းများနှင့် ကုန်သွယ်ရေး တိုးတက်စေရန်အတွက် တိုက်ရိုက် ငွေပေးစနစ်ကို မိတ်ဆက် ကျင့်သုံးရန် ကိစ္စများကိုလည်း ဆွေးနွေးကြမည် ဖြစ်သည်။

          နှစ်နိုင်ငံကြား လက်ရှိ ကုန်သွယ်ရေး ပမာဏမှာ လွန်စွာ နည်းပါးပါသည်။ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့ ထိစပ်နေသော နယ်နိမိတ်မှာ ၃၂၀ ကီလိုမီတာ (မိုင် ၂၀၀) ခန့် ရှိပြီး အချို့အပိုင်းကို နတ်မြစ်က ပိုင်းခြားထားပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

            မြန်မာနိုင်ငံတွင်း အခြေခံ အခွင့်အရေးများ နည်းပါးနေမှုနှင့် မြန်မာစစ်အစိုးရ၏ စနစ်တကျ လူအခွင့်အရေး ချိုးဖောက်နေမှုများနှင့် ပတ်သက်၍ ကုလသမဂ္ဂက ပြစ်တင် ရှုတ်ချထားသော ဆုံးဖြတ်ချက်ကို စီနီယာ အတိုက်အခံ ခေါင်းဆောင်ကြီးတစ်ဦးက လှိုက်လှိုက်လှဲလှဲ ကြိုဆို လိုက်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေများအပေါ် ကုလသမဂ္ဂ အထွေထွေ ညီလာခံ (UNGA) က ချမှတ်ခဲ့သော ဆုံးဖြတ်ချက်ကို မြန်မာအတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် ၏ အမျိုးသား ဒီမိုကရေစီပါတီ (NLD) မှ ပါတီ ဗဟိုကော်မတီဝင် ဦးဝင်းတင်က ကြိုဆို လိုက်သည်။ ယခု ဆုံးဖြတ်ချက်သည် ကုလသမဂ္ဂ၏ လုပ်ရိုးလုပ်စဉ် အလုပ်တစ်ခု ဖြစ်သော်လည်း လူ့ကျင့်ဝတ် ကိုယ်ကျင့်တရားနှင့် ပတ်သက်၍ လွန်စွာ အရေးကြီးကြောင်း ဦးဝင်းတင်က ဆိုသည်။

 "ဒါဟာ မြန်မာနိုင်ငံအတွက် ကောင်းတဲ့ လက္ခဏာ တစ်ရပ်ပါ၊ တစ်ကမ္ဘာလုံးမှာ ရှိတဲ့ နိုင်ငံတွေက မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေကို အလေးအနက်ထား စဉ်းစားခဲ့တယ် ဆိုတာကို ဖော်ပြနေပါတယ်။ အဲဒါကြောင့်လည်း အခုလို မဲခွဲ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်" ဟု ဦးဝင်းတင်က မဇ္ဈိမ သတင်းဌာနသို့ ပြောကြားသည်။

မည်သို့ပင် ဖြစ်စေကာမူ ယခုကဲ့သို့ ကုလသမဂ္ဂက ဆုံးဖြတ်ချက် ထုတ်ပြန်ကာ ပြစ်တင် ဝေဖန်လိုက်ရုံ သက်သက်ဖြင့် မြန်မာနိုင်ငံတွင်း ဖြစ်ပေါ်နေသော တိုင်းရင်းသား လူမျိုးစုများပေါ် တိုက်ခိုက်မှုများ၊ စနစ်တကျ လူ့အခွင့်အရေး ချိုးဖောက်မှုများ နှင့် အဓမ္မကျင့်သည့် ကိစ္စကို လက်နက်သဖွယ် အသုံးပြုနေခြင်းများ လျော့ပါး သက်သာဖွယ် မရှိကြောင်း ဦးဝင်းတင်က ဆိုသည်။

      "ကုလသမဂ္ဂအနေနဲ့ လုံခြုံရေး ကောင်စီမှာ မြန်မာ့ လူ့အခွင့်အရေး ကိစ္စကို ပိုပြီး ဆွေးနွေး ညှိနှိုင်းသင့်ပါတယ်" ဟုလည်း ဦးဝင်းတင်က ပြောကြားခဲ့သည်။

            ကုလသမဂ္ဂ အဖွဲ့ကြီးက သက်သေ အထောက်အထားတွေ စုဆောင်းပြီး မြန်မာ စစ်တပ်ကဲ့သို့ အရေးတယူပြု တာဝန်ယူ ဆောင်ရွက်နိုင်သူများနှင့် ပူးပေါင်းမှသာ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများကို ရပ်တန့် ပစ်နိုင်မည် ဖြစ်သည်ဟု ၎င်းက ဖြည့်စွက် ပြောဆိုသည်။

      မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးနှင့် ပတ်သက်၍ ဒီဇင်ဘာလ ၂၃ ရက်နေ့က ကျင်းပပြုလုပ်သော ၆၄ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ (UNGA) တွင် ဒုတိယမြောက် ဆုံးဖြတ်ချက် မူကြမ်း တစ်ရပ်ကို ချမှတ်ခဲ့ကြသည်။ အထွေထွေ ညီလာခံတွင် မြန်မာ့ လူ့အခွင့်အရေး ကိစ္စအပေါ် နိုင်ငံပေါင်း ၈၆ နိုင်ငံ မဲခွဲ ဆုံးဖြတ်ရာ ၂၃ နိုင်ငံက ဆန့်ကျင်ပြီး ၃၉ နိုင်ငံက မဲမပေးဘဲ ကြားနေခဲ့သည်။ အထွေထွေ ညီလာခံ၏ ဆုံးဖြတ်ချက်တွင် လူ့အခွင့်အရေး အခြေအနေများအပေါ် တတိယ ကော်မတီ တစ်ရပ်၏ အစီရင်ခံစာနှင့် လူ့အခွင့်အရေးဆိုင်ရာ အထူး သံတမန်နှင့် ကိုယ်စားလှယ်များ၏ အစီရင်ခံစာ တို့လည်း ပါဝင်သည်။

UNGA က ထုတ်ပြန်သော ဆုံးဖြတ်ချက်တွင် ဖမ်းဆီး ထိန်းသိမ်းခံထားရသော နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများ အားလုံးကို အမြန်ဆုံး လွှတ်ပေးရန် စစ်အစိုးရကို ဖိအားပေး တောင်းဆိုထားသည်။

            ဆုံးဖြတ်ချက်ကို အတည်ပြုပြီးနောက် ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် တရားဝင် ထုတ်ပြန်ခဲ့သည်။ အဆိုပါ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ မြန်မာစစ်အစိုးရ၏ ကုလသမဂ္ဂဆိုင်ရာ အထူး ကိုယ်စားလှယ်များက လွန်စွာ စိတ်ပျက်မိကြောင်း ထုတ်ဖော် ပြောဆိုသည်။

      "နိုင်ငံရေးကို လွန်စွာ ဇောင်းပေးပြီး နိုင်ငံတစ်ခုတည်းကို ကွက်၍ ထုတ်ဖော်ခဲ့သော ဆုံးဖြတ်ချက်ကို မြန်မာနိုင်ငံက ဆန့်ကျင်မဲပေးပါသည်။ အဆိုပါ ဆုံးဖြတ်ချက်ကို ကန့်ကွက်ပါသည်" ဟူသော မြန်မာကိုယ်စားလှယ်အဖွဲ့က ကုလသမဂ္ဂသို့ တင်သွင်းသည့် အဆိုပြုလွှာကို ကိုးကား၍ ကုလသမဂ္ဂ၏ သတင်း ထုတ်ပြန်ချက်က ဆိုသည်။

      "နိုင်ငံရေး ဦးတည်ချက် သက်သက်ဖြင့် လူ့အခွင့်အရေး ချိုးဖောက်သည်၊ အလွဲသုံးစား ပြုလုပ်သည် ဟူသော အစီရင်ခံစာမှာ လက်သင့်ခံဖွယ် မရှိပေ။ ထို့အတူ မြန်မာနိုင်ငံ၏ အမျိုးသား နိုင်ငံရေး ဖြစ်စဉ်ကို ဝင်ရောက် စွက်ဖက်မှုအား လက်သင့်ခံမည် မဟုတ်သလို ခွင့်ပြုမည်လည်း မဟုတ်ပေ" ဟု မြန်မာ ကိုယ်စားလှယ်အဖွဲ့က ဆိုသည်။

            ရုရှား၊ တရုတ်၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် အစရှိသော နိုင်ငံများသည် အဆိုပါ UNGA ၏ ဆုံးဖြတ်ချက်ကို ဆန့်ကျင်ခဲ့သည့် အတွက် မြန်မာကိုယ်စားလှယ်အဖွဲ့က ကျေးဇူး အထူးတင်ရှိကြောင်း ထုတ်ဖော်ခဲ့သည်။ မြန်မာ၏ အိမ်နီးချင်း ထိုင်းနိုင်ငံက မဲမပေးဘဲ ကြားနေ နိုင်ငံအဖြစ် ရပ်တည်ခဲ့သည်။

Mizzima သတင်းဌာန၏ Opposition lauds UN resolution on Burma ကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Irrawady News, 26 Dec 2009

          မြန်မာနိုင်ငံ၏ အဓိက ကမ်းလွန် ဓာတ်ငွေ့သိုက်ဖြစ်သော ရွှေသဘာဝ ဓာတ်ငွေ့စီမံကိန်း၏ အဓိက ပင်မ လုပ်ကိုင်သူ တောင်ကိုရီးယား နိုင်ငံမှ ဒေဝူး အင်တာနေရှင်နယ်ကို ရောင်းချရန် စီစဉ် နေပါသည်။

          ဒေဝူး၏ သုံးပုံနှစ်ပုံကို ပိုင်ဆိုင်ထားသူမှာ တောင်ကိုရီးယား အစိုးရပိုင် ဘဏ္ဍရေးအဖွဲ့ ဖြစ်ပါ သည်။

          အစိုးရက ပိုင်ဆိုင်သော ဒေဝူး အင်တာနေရှင်နယ်၏ ရှယ်ယာ ၆၈% မှာ အမေရိကန်ဒေါ်လာ ၁.၈၇ ဘီလျံခန့် တန်ဘိုး ရှိပါသည်။

          ကိုရီးယား အစိုးရက ၎င်းပိုင်ဆိုင်သော ရှယ်ယာအများစုကို ၂၀၁၀ အစောပိုင်းတွင် ရောင်းချရန် ဆန္ဒရှိသည်ဟု နိုင်ငံပိုင် Korea Asset Management Corporation က ပြောကြား ပါသည်။

          အနည်းဆုံး ဓာတ်ငွေ့ကုဗမီတာ ၂၀၀ ဘီလျံခန့် ထွက်ရှိမည်ဟု ခန့်မှန်းထားသော ရွှေစီမံကိန်းရှိ ဓာတ်ငွေ့သိုက် ၂ ခုကို လုပ်ကိုင်နေသည့် ဒေဝူး၏ ဦးဆောင် ကဏ္ဍကို အထက်ပါ ရှယ်ယာ ရောင်းချမည့် ကိစ္စက မည်သို့ အကျိုးသက်ရောက်မှု ရှိလာမည်ကို ရှင်းလင်းစွာ မသိနိုင်သေးပါ။

          ဒေးဝူးကမူ ယခု သီတင်းပတ်တွင် မှတ်ချက် မပေးသေးပါ။ တောင်ကိုရီးယား၏ အကြီးဆုံး သံမဏိ လုပ်ငန်းရှင် POSCO က ဒေဝူး၏ ရှယ်ယာများကို ဝယ်ယူရန် စိတ်ဝင်စားကြောင်း ပြသခဲ့သည် ဟု တောင်ကိုရီးယား သတင်းမီဒီယာများက ဖော်ပြပါသည်။

          နိုဝင်ဘာလတွင် ဒေဝူးက ဒေါ်လာ ၁.၄ ဘီလျံ တန်ဘိုးရှိ ရွှေစီမံကိန်း ဆောက်လုပ်ရေး ကန်ထရိုက် လုပ်ငန်းကို တောင်ကိုရီးယား၏ ဟွန်ဒိုင်း အကြီးစား စက်မှုလုပ်ငန်းသို့ ပေးအပ်ခဲ့ပါသည်။

          အပြန်အလှန် ရှယ်ယာ ပိုင်ဆိုင်မှုများကြောင့် ဟွန်ဒိုင်းနှင့် POSCO တို့ ဆက်သွယ်မှု ရှိလာ ပါလိမ့်မည်။

          ဟွန်ဒိုင်းနှင့် ပြင်သစ် အင်ဂျင်နီယာ ကုမ္မဏီ ဒေါ်ရစ်စ် တို့သည် တန်ချိန် ၄ သောင်းရှိသော ဓာတ်ငွေ့တွင်း ပလက်ဖောင်းများ၊ ပင်လယ်ကြမ်းပြင် ပိုက်လိုင်းများနှင့် ရွှေစီမံကိန်း၏ ပို့တာမင်နယ်တို့ကို တည်ဆောက် တပ်ဆင်ကြမည်ဖြစ်ပြီး ၂၀၁၃ တွင် ဓာတ်ငွေ့ စတင်ထုတ်လုပ်ရန် စီစဉ် ထားပါသည်။

          ထွက်ရှိလာသော သဘာဝဓာတ်ငွေ့ အကုန်လုံးနီးပါးကို တရုတ်နိုင်ငံသို့ ရောင်းချရန် သဘော တူထားပြီး ဖြစ်၍ မြန်မာနိုင်ငံကို ဖြတ်သန်း တည်ဆောက်နေသော ပိုက်လိုင်းမှတဆင့် တင်ပို့မည် ဖြစ်သည်။

          ရွှေစီမံကိန်း၏ ရှယ်ယာ ၅၁%ကို ပိုင်ဆိုင်ထားသော ဒေဝူးနှင့် ရှယ်ယာ ပါတနာများမှာ မြန်မာ့ ရေနံနှင့် ဓာတ်ငွေ့လုပ်ငန်း၊ တောင်ကိုရီးယား အစိုးရပိုင် Korea Gas နှင့် အိန္ဒိယနိုင်ငံပိုင် ONGC တို့ ဖြစ်ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Washington Post,26 Dec 2009

          စားဝတ်နေရေး ကျပ်တည်း ဆင်းရဲလှသော မြန်မာနိုင်ငံနှင့် သံချေးတက်နေသော သံဇကာ စည်းရိုး ပါးပါးလေးတစ်ချပ်သာ ခြားသည့် စီးပွားရေးကြွယ်ဝသော တရုတ် အနောက်တောင်ပိုင်း ယူနန် ပြည်နယ်ရှိ ဖွံ့ဖြိုးနေသော နယ်စပ်မြို့လေးသည် ကမ္ဘာတစ်ဝှမ်း တားဆီး နိမ်နင်းနေကြသည့် လူကုန်ကူးမှုများ၏ ရှေ့တန်း စစ်မျက်နှာအသစ် အဖြစ် ပေါ်ထွက်လာပါသည်။

          နေ့တစ်နေ့ မကုန်ဆုံးမီ ညနေ နှောင်းပိုင်းများတွင် ၆ ပေမြင့်သော နယ်စပ်စည်းရိုးကို ကိုက်တစ်ရာခန့် အကွာမှ တရုတ် နယ်ခြားစောင့်ရဲများ မမြင်အောင် ကျော်တက်နေသော လူများကို ပုံမှန် တွေ့ရလေ့ရှိပါသည်။ နေ့စားအလုပ်ရှာဖွေမည့် မြန်မာအမျိုးသားများ၊ အရောင်းအဝယ်ကောင်း သော တရုတ်ဈေးများတွင် ဟင်းသီးဟင်းရွက်များ ရောင်းချရန် လာသော မြန်မာ အမျိုးသမီးများ အကြားတွင် လူကုန်ကူးသူများ၏ အန္တရာယ်က မသေးလှပါ။

          အတင်းအကျပ် သော်လည်းကောင်း၊ အချို့မှာ အောင်သွယ်များမှ တစ်ဆင့် ၎င်းတို့ဆန္ဒ အလျှောက် သော်လည်းကောင်း မြန်မာအမျိုးသမီးများအား တရုတ်အမျိုးသားများနှင့် လက်ထပ်ရန် အတွက် တရုတ်နိုင်ငံဖက်သို့ ခေါ်ဆောင်သွားကြခြင်း ဖြစ်သည်။ မွေးကင်းစ ကလေးများကိုလည်း တရုတ်နိုင်ငံတွင် ရောင်းချရန် ယူဆောင်သွားကြပါသည်။ ဆင်းရဲနွမ်းပါးသော တရုတ်ကုန်းတွင်းပိုင်း ဒေသများမှ တရုတ် အမျိုးသမီးများမှာမူ ဆန့်ကျင်ဘက်လားရာသို့ ဦးတည်ထွက်ခွာကြပြီး အရှေ့ တောင်အာရှဒေသ လိင်ဝန်ဆောင်မှု လုပ်ငန်းများတွင် ဝင်ရောက် လုပ်ကိုင်ကြပါသည်။

          လူကုန်ကူးမှု အမှောင်လောက အကြောင်းကို အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် ပြည်ပ ထောက်ပံ့ရေး အေဂျင်စီများမှ အကြံပေးများက ပြောပြရာတွင် တရုတ်နိုင်ငံသည် မူလမြစ်ဖျားခံရာ နိုင်ငံ၊ ခရီးလမ်းဆုံးနိုင်ငံ၊ ခရီး တစ်ထောက်နားရာနိုင်ငံ စသည့် ကဏ္ဍ အားလုံးတွင် အကျုံးဝင် ပတ်သက်နေသည်ဟု ဆိုပါသည်။

          အချို့သော ယူနန် မိန်းကလေးများသည် ထိုင်းနိုင်ငံတွင် အလုပ်ကောင်းကောင်း ရမည်ဟု ယူဆ နေကြကြောင်း ပြောကြားသူမှာ ဘီဂျင်းရှိ United Nation's International Labour Office မှ နည်းပညာအကြံပေးအကြီးအကဲ Kathleen Speake ဖြစ်ပါသည်။ တရုတ်ပြည်တွင်းသို့ မြန်မာများ တဖွဲဖွဲ ဝင်လာလျက်ရှိသည့် မွေးစားမည့် ကလေးများအား မှောင်ခိုသွင်းလာခြင်းလား၊ လက်ထပ်မည့် မိန်းကလေးများအား မှောင်ခိုသွင်းလာခြင်းလား ဆိုသည်ကို မိမိတို့ စောင့်ကြည့်နေသည်ဟု သူမကဆို ပါသည်။

          တရားမဝင် လူကုန်ကူးမှု အတိုင်းအတာနှင့် ပတ်သက်၍ တိကျသော ကိန်းဂဏန်းများ ရရှိရန် မလွယ်ကူပါ။ ဘီဂျင်း အခြေစိုက် ယူနီဆက် UNICEF စီမံကိန်းအရာရှိ Kirsten Di Martino ၏ ပြော ကြားချက်အရ တရုတ်ပြည်သူ့ လုံခြုံရေးဗျူရိုသည် လူကုန်ကူး အမှုပေါင်း ၄၄၀၀၀ ခန့်ကို စုံစမ်း စစ်ဆေးခဲ့ပြီး အမျိုးသမီးနှင့် ကလေး တစ်သိန်းသုံးသောင်းခန့်ကို ကယ်တင်နိုင်ခဲ့သည်ဟု သိရပါသည်။ အဆိုပါ အရေအတွက်သည် အဖျားအနား လောက်သာရှိသည်ဟု သူမကဆိုပါသည်။

          တရုတ်နိုင်ငံတွင် အလွန်ကြီးလွန်းသည့် နယ်ခြားဒေသများကလည်း အများကြီးပင်ဖြစ်သည်။ ပြဿနာတွေကလည်း တပြုံကြီး ရှိနေသည်ဟုလည်း သူမကပြောပါသည်။

          ယူနန်ပြည်နယ် ရွှေလီမြို့တွင် ရာဇဝတ်ဂိုဏ်း ၂ ခုကို ဖြိုခွဲခဲ့ပြီး အမျိုးသမီး ၁၄ ဦးကို ယခုနှစ်ဦး ပိုင်းတွင် ကယ်တင်ခဲ့သည်ဟု အသစ်ဖွဲ့စည်းလိုက်သော လူကုန်ကူးမှု တားဆီးရေးဆိုင်ရာ တရုတ်-မြန်မာ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့မှ မင်ရီလျန်က ပြောကြားပါသည်။

ဥပဒေနှင့်ငြိစွန်းနေသော အောင်သွယ်တောင်လုပ်ငန်း

          မြန်မာနယ်စပ်ရှိ ရွာများတွင် အောင်သွယ်တော်အဖြစ် လုပ်ကိုင်နေသူများ ရှိနေသည်။ ၎င်းတို့အနက် တရားမဝင် လူကုန်ကူးသူများ ပါဝင်နေသည်။ မည်သူက အောင်သွယ်တော်များဖြစ်ပြီး မည်သူက လူကုန်ကူးသမားများ ဖြစ်သည်ကို ခွဲခြား၍ပြောရန် မလွယ်ကူလှပါဟု သူမကဆက်လက် ပြောကြားပါသည်။

          ဥပဒေအရ ရှုပ်ထွေးလှသည့် ဒေသတွင်းရှိ အောင်သွယ်တော် လုပ်ငန်းသည် တရုတ်ရိုးရာ ဓလေ့မှ ဆင်းသက်လာခြင်း ဖြစ်၍ အမျိုးသမီးတစ်ဦးအား လက်ထပ်ရန် ငွေကြေးဖြင့် အလဲအလှယ် လုပ်ခြင်းကို ခွင့်ပြုထားပါသည်။

          အဆိုပါ နယ်စပ်တွင် အောင်သွယ်တော်များအတွက် အလုပ်ရှာဖွေရန် မခက်လှပါ၊ ရွှေလီမှလာ သော ကျောက်ခင်းလမ်းသည် အနောက်ဖက်သို့ ဦးတည်လာပြီး မြန်မာနယ်စပ်နှင့် ရှေးဒေအိရွာသားများ ၏စပါးခင်းများကို အပြိုင် ဖြတ်သန်း ဖောက်လုပ်ထားပါသည်။ မူဆယ်မှ အသက် ၂၈ နှစ်အရွယ် အောင်သွယ်လုပ်ငန်း ကျွမ်းကျင်သူ အမျိုးသမီးတစ်ဦး၏ အဆိုအရ သူမသည် ယင်းလုပ်ငန်းကို လုပ်ကိုင်ခဲ့သည်မှာ ၈ နှစ်ခန့် ရှိပြီဖြစ်၍ တရုတ် ဝယ်လက်များနှင့် မြန်မာ မိန်းကလေးများ စုံတွဲ ၂၀ ခန့်ကို အောင် မြင်စွာ အောင်သွယ် ပေးခဲ့သည်ဟု သိရှိရပါသည်။

          ဥပဒေအရ ငြိစွန်းနေသော အသက်မွေးဝမ်းကျောင်း လုပ်ငန်းကြောင့် နာမည်ကို မထုတ်ဖော်ရန် တောင်းဆိုခဲ့သော အထက်ပါ အောင်သွယ်တော်အမျိုးသမီး၏ အဆိုအရ ဒေသခံ တရုတ် မိန်းကလေး တစ်ဦး၏ တန်ဘိုးမှာ ယွမ် ၅၀၀၀၀ (ဒေါ်လာ ၇၃၀၀)ခန့် ရှိသော်လည်း မြန်မာ မိန်းကလေး တစ်ဦး၏ တန်ဖိုးမှာမူ ယွမ် ၂၀၀၀၀ (ဒေါ်လာ ၃၀၀၀)မျှသာ ရှိသည်ဟု သိရှိရပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.