Transparency Myanmar

transparency.myanmar@gmail.com

eaglecentre.blogspot.com မှ ကူးယူဖော်ပြသည်။

၂၀၀၉ အောက်တိုဘာ ၈

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးအသင်း နှစ်ပတ်လည် ညီလာခံကို
လာမယ့် နိုဝင်ဘာ တတိယပတ်တွင် နေပြည်တော် ဇေယျာသီရိဗိမာန်၌
ကျင်းပပြုလုပ်မည် ဖြစ်သည်။ အဆိုပါ ညီလာခံသည် လာမည့် (၂၀၁၀) ရွေးကောက်ပွဲတွင်
ပါဝင်မည့် နိုင်ငံရေးပါတီအဖွဲ့အစည်းအတွက် လွန်စွာ အရေးကြီးပြီး
ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီအဖြစ် အသွင်ကူးပြောင်းဝင်ရောက်မည့်
ကြံ့ခိုင်ရေးအသင်း၏ ပါတီဖွဲ့စည်းပုံ၊ စည်းမျဉ်းစည်းကမ်းနှင့် မူဝါဒလမ်းစဉ်များ
အပြီးသတ်ညှိနှိုင်းဆွေးနွေးကြမည်ဟု သိရသည်။

ကြံ့ခိုင်ရေးအသင်းသည် လာမည့် ၂၀၁၀ တွင် ပါတီအသွင်ပြောင်း၍
ဖွဲ့စည်းနိုင်ရေးအတွက် ယခုကျင်းပပြုလုပ်မည့် နှစ်ပတ်လည်ညီလာခံ မတိုင်မီ
ရွေးကောက်ပွဲနှင့် ပတ်သက်သော ပါတီနိုင်ငံရေး အဖွဲ့အစည်းများ၏
စည်းမျဉ်းဥပဒေနှင့် ၂၀၁၀ ရွေးကောက်ပွဲ ကော်မရှင်ကိုလည်း လက်ရှိအစိုးရက
ထုတ်ပြန်တော့မည်ဟု သိရသည်။

ကြံ့ခိုင်ရေးအသင်းသည် လက်ရှိအစိုးရ၏ အထောက်အပံ့ဖြင့် ဖွဲ့စည်းထားပြီး
အစိုးရအတွင်းရှိ မကြာမီ အနားယူတော့မည့် ဗိုလ်ချုပ်များ၏ ဦးဆောင်မှုဖြင့် လာမည့်
ရွေးကောက်ပွဲတွင် “အမျိုးသားနိုင်ငံရေးဖွံ့ဖြိုးမှုပါတီ မ-န-ဖ” အမည်ဖြင့်
ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။

“ဘာပဲဖြစ်ဖြစ် ဒီညီလာခံမှာ ကြံ့ခိုင်ရေးက ပါတီဖွဲ့မယ်။ သူတို့ပါတီ
ဖွဲ့စည်းပုံအသေးစိတ်နဲ့ သူတို့ရဲ့ ကိုယ်စားလှယ်တွေက ဘယ်သူဘယ်မှာ
ဝင်ပြိုင်ရမယ်ဆိုတာ အတိအကျစီစဉ်ရမှာ ဖြစ်လို့ Election Law နဲ့ Election
Committee က အဲဒီရှေ့မှာ မဖြစ်မနေ ထွက်ပေါ်လာရမှာပဲ” ဟု ပြည်တွင်းနိုင်ငံရေး
စောင့်ကြည့်လေ့လာသူတစ်ဦးက ခန့်မှန်းတွက်ဆပြောကြားခဲ့သည်။

လာမည့် ၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ဝင်ရောက်ယှဉ်ပြိုင်
အရွေးချယ်ခံမည့်ပါတီ၊ အဖွဲ့အစည်းအနေနှင့်လည်း ယင်းကာလမတိုင်မီ မိမိတို့ပါတီ၊
အဖွဲ့အစည်းများ၏ မူဝါဒ လုပ်ငန်းစဉ်များကို အသေးစိတ် ကြိုတင်ပြင်ဆင်ထားသင့်ပြီး
ခိုင်မာသော နိုင်ငံရေးအင်အားစုများအဖြစ် ရပ်တည်နိုင်ရန် လိုအပ်ကြောင်း အဆိုပါ
လေ့လာသူက တိုက်တွန်းပြောကြားခဲ့သည်။

ယခုကျင်းပပြုလုပ်မည့် ကြံ့ခိုင်ရေးအသင်း၏ နှစ်ပတ်လည် ညီလာခံ မကျင်းပမီ
လာမည့် ၂၀၁၀ တွင် နိုင်ငံရေးပါတီတစ်ရပ်အဖြစ် ဝင်ရောက်အရွေးချယ်ခံမည့်
မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့၏ နှစ်ပတ်လည်ညီလာခံကိုလည်း နေပြည်တော်ရှိ
အဆိုပါခန်းမတွင် ကျင်းပဦးမည်ဖြစ်ကြောင်း သိရသည်။