Transparency Myanmar

transparency.myanmar@gmail.com

ရန်ကုန်၊ အောက်တိုဘာ ၂၁
မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံကြီးများ၏ ပိတ်ဆို့အရေးယူခြင်းကြောင့် အစိုးရပိုင်လေကြောင်းလိုင်းနှင့် အစိုးရ၏ ရှယ်ယာပါနေသော ပြည်တွင်းလေကြောင်းလိုင်း သုံးလိုင်းလုံး၏ လေယာဉ်အကြီးစာ ပြုပြင်မှုကို မလုပ်နိုင်ဘဲ ရှိရာ ကုလသမဂ္ဂဌာနအသီးသီးမှ ဝန်ထမ်းများ အန္တရာယ်ကင်းစွာ သွားလာနိုင်ရေးအတွက် သီးခြားကိုယ်ပိုင်လေယာဉ် ထားရှိရန် ပြင်ဆင်နေကြောင်း သိရသည်။
မြန်မာနိုင်ငံရှိ ပုဂ္ဂလိက လေကြောင်းလိုင်း ၃ လိုင်းလုံးသည် ATR လေယာဉ်များကို အများသုံးပုံစံ ပြုထားပြီး အစိုးရကို အခမဲ့ပေးထားရသော အစုရှယ်ယာများကြောင့် ထိုလေယာဉ်များ၏ ကြံ့ခိုင်ရေး၊ ကြံ့ခိုင်မှုစစ်ဆေးရေး၊ ပြုပြင်ရေးများကို ပြင်သစ် ATR ကုမ္ပဏီက အသိအမှတ်ပြုထားသော ဝန်ဆောင်မှုများ ရရှိရန် ခက်ခဲနေကြောင်း ယင်းကြောင့် လက်ပူတိုက်ကာ ပြေးဆွဲနေရခြင်း ဖြစ်ကြောင်းသိရသည်။
လေကြောင်းလိုင်းများကို နိုင်ငံတကာတွင် Grading များ သတ်မှတ်လေ့ရှိရာ မြန်မာနိုင်ငံရှိ အဲပုဂံ၊ အဲမန္တလေးနှင့် အဲရန်ကုန်လေကြောင်း (၃) လိုင်းလုံး (C) Grade သာ ရှိတော့သည်ဟု ဆိုသည်။ အစိုးရပိုင် မြန်မာ့လေကြောင်းမှာမူ အခြေအနေအဆိုးဆုံး ဖြစ်သည်ဟု ဆိုသည်။

--
Posted By icypress to Sensible Rumour at 10/23/2009 05:01:00 AM

City Mart တွင် သတင်းဂျာနယ် ဈေးနှုန်း မှန်ကန်
အောက်တိုဘာ ၂၃
ရန်ကုန်မြို့တော် City Mart ဆိုင်ခွဲများတွင် ရောင်းချသည့် သတင်းဂျာနယ်များ၏ ဈေးနှုန်းသည် ဖြန့်ချိသည့်ဈေးနှုန်းအတိုင်း ဝယ်ယူရရှိနိုင်ကြောင်း လသာမြို့နယ်မှ ကိုယ်တိုင်ဝယ်ယူခဲ့သူ တစ်ဦးက ပြောကြားသည်။
လမ်းဘေး ဂျာနယ်ဆိုင်များနှင့် လက်ပွေ့ရောင်းသူများ ဈေးနှုန်းသည် ကိုယ်တိုင်ဖြန့် ဈေးနှုန်းထက် ကျပ် ၁၀၀ နီးပါးခန့် ပိုများကြောင်း တစ်ခါတစ်ရံ သတင်းထူးပါလျှင် ၎င်းတို့နှုတ်ထွက်ဈေးနှုန်း ဖြစ်လာကြောင်း City Mart တိုင်း ဈေးနှုန်းမှန်ကန်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
အပတ်စဉ်ထုတ် သတင်းဂျာနယ် အယ်ဒီတာတစ်ဦးက ၎င်းတို့အနေဖြင့် စာဖတ်သူထံ အသက်သာဆုံးနည်းဖြင့် ဂျာနယ် အရောက်ဖြန့်လိုကြောင်း၊ သို့ရာတွင် ဖြန့်ချိရေးဆိုင်ရာ ပြဿနာအချို့ရှိနေပြီး လက်ပွေ့ဆိုင်များ ဈေးနှုန်းကို မထိန်းနိုင်သေးကြောင်း ပြောကြားသည်။
City Mart ဂျာနယ် ဈေးနှုန်းမှန်ကန် သက်သာသော်လည်း မနက် ၉ နာရီ ၃၀ မှ ဖွင့်ကြောင်း၊ သတင်းဂျာနယ် ဖတ်ချင်သူများအနေဖြင့် မနက်စောစော သတင်းဖတ်ရမှ သတင်းအရသာ အပြည့်အဝ ခံစားရကြောင်း၊ City Mart ကို လူတိုင်း လက်လှမ်းမမှီကြောင်း၊ လမ်းဘေးဂျာနယ်ဆိုင်များသည် မနက် ၇ နာရီကျော်လျှင် ဂျာနယ်သစ်များ ရကြောင်း လမ်းမတော်မြို့နယ် ၈ လမ်းမှ သတင်းဂျာနယ်များကို စိတ်ဝင်စားဖတ်ရှုသူတစ်ဦးက ပြောကြားသည်။
လမ်းဘေးဂျာနယ်ဆိုင်များအနေဖြင့် စောင်ရေများများရောင်းပြီး အမြတ်နည်းနည်းယူ ပုံစံမျိုး ရောင်းလိုသော်လည်း ဂျာနယ်ပရိသတ် ထင်သလောက်တိုးမလာဘဲ ဂျာနယ်များသာ များလာကြောင်း လမ်းဘေးဆိုင်အများစု လိုင်းကြေးအပါအဝင် မမြင်ရသည့် စရိတ်များ ရှိနေကြောင်း မြေနီကုန်းမီးပွိုင့်တွင် ငါးနှစ်ခန့် ဂျာနယ်ရောင်းဝယ်သူတစ်ဦးက ပြောကြားသည်။
နေ့                     ဂျာနယ် အမည်    လက်ပွေ့    City Mart
တနင်္ဂနွေ               True                400           350
                          Flower News     400           350
တနင်္လာ               Weekly Eleven   400
                          Crime -
အင်္ဂါနေ့               News week - -
                         ပြည်မြန်မာ - -
ဗုဒ္ဓဟူး                 ရန်ကုန်တိုင်းမ်      700            500
                         7 Days News      500           480
                          News Popular - 600
ကြာသပတေး          Bi Weekly - -
                           မြန်မာတိုင်းမ်     800            750
သောကြာ               မော်ဒန်           500 -
                         လျှပ်တပြက်        600            550
စနေ              The Voice Weekly   500            450
                      News Watch        400 -

--
Posted By icypress to Sensible Rumour at 10/23/2009 04:14:00 AM

By LALIT K JHA
မြန်မာဒီမိုကရေစီအရေးကို ထောက်ခံလှုပ်ရှားသူ ခေါင်းဆောင်များ ကိုယ်စားလှယ်အဖွဲ့သည် အမေရိကန် ဆီနိတ်တာ Jim Webb နှင့် တွေ့ဆုံ၍ မြန်မာနိုင်ငံ၏ လက်ရှိအနေအထားအပေါ် ရှုမြင်မှုများ၊ ရှေ့ခရီးစဉ်နှင့် ပတ်သက်သော သုံးသပ်မှုများကို တင်ပြခဲ့ပြီး မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြန်လည်ထွန်းကားရေး ဆောင်ရွက်မှုများနှင့် အရေးယူပိတ်ဆို့မှုများနှင့် ပတ်သက်သော ၎င်းတို့၏ ကိုယ်ပိုင်အမြင်တို့ကို တင်ပြဆွေးနွေးခဲ့သည်ဟု သိရှိရသည်။
National Council of the Union of Burma ၏ အထွေထွေ အတွင်းရေးမှူး မောင်မောင်နှင့် National Coalition Government of the Union of Burma (ပြည်ပရောက် မြန်မာအစိုးရ) နိုင်ငံခြားရေး ဝန်ကြီး ဘိုလှတင့်တို့က ကိုယ်စားလှယ်အဖွဲ့ကို ခေါင်းဆောင်ခဲ့ပြီး Public international Law and Policy Group မှ ဥပဒေ အကြံပေးများလည်း ပါဝင်သည်ဟု ဆိုသည်။
Jim Webb သည် ဆယ်စုနှစ်အတွင်း မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သော ပထမဆုံးအမေရိကန် လွှတ်တော်အမတ်ဖြစ်ပြီး မြန်မာနိုင်ငံ မူဝါဒသစ်ကို အကောင်အထည်ဖော်နေသော အိုဘားမားအစိုးရအဖွဲ့၏ အရေးကြီးသော သော့ချက်ပုဂ္ဂိုလ် (Key Player) အဖြစ် ထင်ရှားလာပါသည်။ ၎င်း၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံခဲ့ပါသည်။
ယခုတွေ့ဆုံမှုသည် တစ်ဦးစီ၏ ရှုထောင့်အမြင်များကို နားလည်နိုင်ရန် အထောက်အကူ ဖြစ်ခဲ့ပြီး တူညီသော ပန်းတိုင်တစ်ခုဆီသို့ ချီတက်နေခြင်း ဖြစ်ကြောင်း သဘောပေါက် နားလည်ခဲ့သည်ဟု မောင်မောင်က ပြောဆိုသည်။
Webb က အရေးယူမှုများနှင့် ပတ်သက်သော ၎င်း၏သဘောထားမှာ အရေးယူမှုများ ရပ်ဆိုင်းရေး မဟုတ်ကြောင်း ရှင်းလင်းခဲ့ပြီး မီဒီယာများ၏ မှားယွင်းစွာ နားလည်ဖော်ပြခဲ့မှုသာ ဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း မောင်မောင်က ဧရာဝတီသို့ ပြောပါသည်။ Webb ၏ သဘောထားမှာ အရေးယူမှုများ ချက်ချင်း ရုတ်သိမ်းပေးရန် မဟုတ်ဘဲ အချိန်အတိုင်းအတာ တစ်ခုအတွင်း ဆောင်ရွက်ရန်သာ ဖြစ်သည်ဟု မိမိတို့ နားလည်ခဲ့ကြောင်း မောင်မောင်က ဆက်လက်ပြောကြားပါသည်။
Webb က မြန်မာနိုင်ငံတွင် စီးပွားရေးဖွံ့ဖြိုးမှုများ၊ ငြိမ်းချမ်းရေးနှင့် ကြွယ်ဝချမ်းသာမှုများ ဖြစ်ထွန်းလာစေရန် ဆန္ဒရှိသည်ဟု ပြောကြားခဲ့ပြီး မြန်မာနိုင်ငံကို ကူညီလိုခြင်း ဖြစ်သည်ဟု ဆိုပါသည်။
အရေးယူပိတ်ပင်မှုများကို မရုတ်သိမ်းသေးဘဲ သံတမန်ဆက်ဆံမှုများကို ဦးစားပေးဆောင်ရွက်သွားမည့် အမေရိကန် မူဝါဒသည် သင့်မြတ်လျှော်ကန်သည်ဟု မိမိတို့က Webb အား ပြန်လည် ပြောကြားခဲ့သည်ဟု မောင်မောင်က ပြောခဲ့သည်။
မြန်မာနိုင်ငံဆိုင်ရာ မူဝါဒသစ်ကို မိမိထောက်ခံအားပေးမည် ဖြစ်ပြီး အမေရိကန် အနေဖြင့် စဉ်ဆက်မပြတ် အာရုံစူးစိုက် ဆောင်ရွက်သွားရန် လိုအပ်သည်ဟု မောင်မောင်က ဆက်လက် ပြောကြားသည်။
အဆိုပါ ကိုယ်စားလှယ်အဖွဲ့က အမျိုးသား ပြန်လည်ပေါင်းစည်းရေးနှင့် တိုင်းရင်းသားလူမျိုးစုဆိုင်ရာ ကိစ္စများနှင့် ပတ်သက်သော အစီရင်ခံစာကို ဆီနိတ်တာထံ ပေးအပ်ခဲ့သည်ဟု သိရသည်။

--
Posted By icypress to Sensible Rumour at 10/23/2009 04:11:00 AM

တရုတ်-မြန်မာ နယ်ခြားဒေသ တည်ငြိမ်ရေး

ထိရောက်စွာ ပူးပေါင်းဆောင်ရွက်သွားရန် ကတိပြု
12th Oct, 09 – Xinhua

တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် ကဏ္ဍအသီးသီးတွင် ထိရောက်သော အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန်နှင့် နယ်ခြားဒေသများ တည်ငြိမ်ရေးကို ထိန်းသိမ်းစောင့်ရှောက်သွားရန် တနင်္လာနေ့က ကတိပြုခဲ့ကြသည်။
တရုတ်နိုင်ငံတောင်ပိုင်း Guangxi Zhuang ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမြို့တော် Nanning တွင် တနင်္လာနေ့က ကျင်းပသော တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် Li Keqiang နှင့် မြန်မာအစိုးရ SPDC အဖွဲ့အတွင်းရေးမှူး (၁) ဗိုလ်ချုပ်ကြီးတင်အောင်မြင့်ဦးတို့၏ အစည်းအဝေးတွင် ယင်းကဲ့သို့ သဘောတူ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
၎င်းတို့ နှစ်ဦးသည် အောက်တိုဘာ ၂၀ မှ ၂၄ ရက်အထိ ကျင်းပမည့် တရုတ်-အာဆီယံ ကုန်စည်ပြပွဲကို တက်ရောက်ဆင်နွှဲကြမည် ဖြစ်သည်။
တရုတ်အစိုးရသည် တရုတ်-မြန်မာ ဆက်ဆံရေး အနေအထားကို အထူးပင် အလေးထားခဲ့ပြီး မြန်မာနိုင်ငံ၏ စီးပွားရေးတည်ဆောက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဆက်လက် ကူညီပံ့ပိုးသွားမည်ဟု Li က ပြောကြားခဲ့သည်။
တရုတ်နှင့် မြန်မာတို့သည် အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေးကို ပိုမို ခိုင်မာအောင် အတူတကွ ကြိုးပမ်းသွားရမည် ဖြစ်ပြီး နှစ်နိုင်ငံစလုံး၏ အကျိုးစီးပွားအတွက် နယ်စပ်ဒေသ တည်ငြိမ်ရေးကို ထိန်းသိမ်းစောင့်ရှောက်သွားကြမည်ဟု 'Li' က ဆက်လက်ပြောကြားသည်။
ဗိုလ်ချုပ်ကြီး တင်အောင်မြင့်ဦးက တရုတ်နိုင်ငံနှင့် ချစ်ကြည်စွာ ဆက်ဆံရေးကို မြန်မာနိုင်ငံက နားလည် လက်ခံပါကြောင်းနှင့် တရုတ်နိုင်ငံ၏ ကူညီပံ့ပိုးမှုများကို ကျေးဇူးတင်ပါကြောင်း အဆိုပါ အစည်းအဝေးတွင် ပြောခဲ့သည်။
မြန်မာနိုင်ငံသည် အပြန်အလှန် အကျိုးဖြစ်ထွန်းမည့် ပူးပေါင်း ဆောင်ရွက်ရေးကို ထိရောက်စွာ ဆက်လက်လုပ်ဆောင်သွားရန် ဆန္ဒရှိပြီး တရုတ်နိုင်ငံနှင့် ရေရှည် ဆက်ဆံသွားနိုင်ရန်အတွက် နယ်ခြားဒေသ တည်ငြိမ်ရေးကို စောင့်ရှောက်သွားမည်ဟု ၎င်းက ဆက်လက်ပြောကြားသွားသည်။
--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.









-~----------~----~----~----~------~----~------~--~---

ဝီကီလွှတ်တော်၊ ဝီကီအစိုးရ
by ရွက်မွန်
(၁)
ကျနော်ဒီစာအုပ်ကို ဝယ်ထားတာတော့ ကြာပြီ။ မဖတ်ဖြစ်ဘူး။ အခုတော့
အကြောင်းတခုကြောင့် ပြန် ဖတ် ဖြစ်နေတယ်။ အကြောင်းကတော့ စကားဝိုင်းတခုမှာ
မိတ်ဆွေတယောက်က ဆွေးနွေးလာတဲ့အချက်နဲ့ ဆိုင် နေသလို ဖြစ်လို့ပါပဲ။
ဒီစာအုပ်ရဲ့ အမည်က ဝီကီနောမစ် (Wikinomics) ပါ။ အပြည့်အစုံ ပြောရရင်
Wikinomics: How Mass Collaboration Changes Everything ဆိုတဲ့ စာအုပ်ပါ။
Don Tapscott နဲ့ Anthony D। Williamas တို့က ရေးသားကြပြီး (Portfolio)
Pen-guin Group က ၂၀၀၆၊ ၂၀၀၈ ခုနှစ်တွေမှာ ထုတ်ဝေထားတဲ့ စာအုပ်ပါ။

ဒီစာအုပ်ကို ဝယ်ဖြစ်ရတဲ့အကြောင်းကတော့ ခေတ်သစ် အခြေအနေအောက်မှာ လူအများ
စုပေါင်း ဆောင် ရွက်ကြတဲ့ ကိစ္စ တွေ၊ အောင်မြင်ကြတဲ့ ကိစ္စတွေ ဘယ်လို
ဖြစ်လာသလဲ ကျနော်လေ့လာချင်လို့ပါပဲ။ ဒီစာအုပ်ကတော့ အထူးသဖြင့် စီးပွား
ရေးလုပ်ငန်းကဏ္ဍတွေကို အလေးပေး ရေးထားပေမယ့် အတော် စဉ်းစား စရာကောင်းတဲ့
စာအုပ်လို့ ထင်မိတယ်။ ဒီစာအုပ် စထုတ်တဲ့ ကာလက ကမ္ဘာပေါ်မှာ
အပြောင်းအလဲကြီးတွေလို့ ခေါ်နိုင်လောက်တဲ့ အဖြစ်အပျက်တွေ ပေါ်ပေါက်နေတဲ့
အချိန်ပါ။ ၂၀၀၆ ခုနှစ်မှာ ကမ္ဘာကျော် တိုင်းမ်စ် မဂ္ဂဇင်းကြီးက ဒီနှစ်အတွက်
အထူးချွန်ဆုံးသူ (Person of the year) ဆိုပြီး မဂ္ဂဇင်းမျက်နှာဖုံးမှာ
ရွေးချယ် ဖော်ပြခဲ့ရာမှာ "သင်" (You) လို့ ဖော်ပြခဲ့တယ်။ အကြောင်းကတော့
ဝက်ဘ် (၂) web2.० လို့ခေါ်တဲ့ အင်တာနက် နည်းပညာဖွံ့ဖြိုး
ဖြစ်ထွန်းလာပြီးတဲ့နောက်မှာ လူအများ ပူးပေါင်းဆောင်ရွက်မှု၊ လူမှုရေး
ကွန်ရက် ချိတ်ဆက်မှုတွေ အလျှင်အမြန် တိုးတက်လာတာ ဖော်ပြချင်လို့ ဖြစ်တယ်။
My Space (မိုင် စပေ့စ်) လို့ခေါ်တဲ့ လူမှုကွန်ရက်စနစ်က တပတ်ကို အဖွဲ့ဝင် ၂
သန်းကျော် တိုးတက်လာနေတယ်။ အဖွဲ့ဝင် သန်း ၅၀၀ ပြည့်ဖို့ အနည်းငယ်ပဲ
လိုတော့တဲ့ အချိန်ပါ။ လူတွေ ကိုယ့်စိတ်ကြိုက်ရေးသားတင်ပြနိုင်တဲ့ ဘလောက်
(Blog) တွေကလည်း နာရီမလပ်၊ စက္ကန့် မလပ် တိုးတက်လာနေတယ်။ ဝီကီ ပိဒိယ
(Wikipedia) လို့ခေါ်တဲ့ လူအများ က စုပေါင်းရေးသားပြုစုတဲ့
စွယ်စုံကျမ်းကြီး ကလည်း အလျှင်အမြန် ဖွံ့ဖြိုးလာနေတယ်။ ယူကျုဘ် (Youtube)
လို့ခေါ်နေတဲ့ အင်တာနက်ပေါ်က ဗီဒီယိုဖြတ်ပိုင်းတွေ တင်ထားရာ နေရာကလည်း
တကယ့် သတင်းဌာန ကြီးတွေလို၊ ဖျော်ဖြေရေး ရုပ်သံလိုင်းတွေလို လူတွေ
အာရုံထားကြည့် စရာ ဖြစ်လာနေတယ်။ အလားတူပဲ ဒီကနေ့ ကျနော်တို့ သုံးနေကြတဲ့
ကွန်ပြူတာ ဆော့ဖ်ဝဲယားတွေ မူပိုင်ခွင့်နဲ့ ဈေးကြီး ပေးနေရတာတွေကို
ချိုးဖျက်ဖို့ လင်းနက် (Linux) တို့လို၊ လူအများ အခမဲ့ သုံးနိုင်တဲ့
ဆော့ဝဲယားတွေလည်း ပေါ်ပေါက် လာနေ တယ်။ ဘာတွေ ပြောင်းလဲသွားသလဲ ဆိုတာ
အတော့်ကို စိတ်ဝင်တစား လေ့လာစရာ ကောင်းတဲ့ ကာလပါပဲ
ဒီလိုနဲ့ အခုစာအုပ်ကို ကျနော် ၀ယ်ထားဖြစ်လိုက်တယ်။ မဖတ်တော့ မဖတ်ဖြစ်ဘူး။
စာအုပ်စင်မှာ အိပ် လျက်သား…။

(၂)
ကျနော်တို့ စကားဝိုင်းမှာ မိတ်ဆွေတယောက်က သူ့စိတ်ကူးမိတာကို စတင်ပြောလာတယ်။
သူကတော့ အခု ကျနော် ခေါင်းစဉ်ပေးထားသလို "ဝီကီလွှတ်တော်၊ ဝီကီ အစိုးရ"လို့
တိတိကျကျ ပြောတာတော့ မဟုတ် ပါဘူး။ အခု စစ်အစိုးရ ကျင်းပပေးမယ့် ၂၀၁၀
ခုနှစ်၊ ရွေးကောက်ပွဲ နောက်ပိုင်း ဘာတွေ ဆက်ဖြစ်လာ နိုင်တယ်ဆိုတာ
ဦးဏှောက် မုန်တိုင်းဆင် ငြင်းခုန်ဆွေးနွေးကြရင်း သူက ပြောတာပါ။

အခုအခြေအနေမှာတော့ မြန်မာနိုင်ငံ အခြေအနေက ရှေးခေတ် ဘုရင်တွေလက်ထက်
သက်ဦးဆံပိုင် ဘုရင်စနစ်ထက် တောင် ဆိုးတယ်လို့ ဆိုရနိုင်တယ်။ မူဝါဒတွေ၊
ပေါ်လစီတွေက ဘယ်က ကျလာမှန်း မသိရဘူး။ ဘယ်လို စဉ်းစားလို့ ဒီလို မူဝါဒတွေ
ချမှတ်တယ် ဆိုတာ မသိရဘူး။ ဘယ်နေရာကနေ မူဝါဒတွေ ချမှတ်နေတယ် ဆိုတာလည်း
မသိရဘူး။ ဝန်ကြီး တွေကလည်း ဝန်ကြီးတွေ ပီပီပြင်ပြင် ကိုယ့်တာဝန်ကို
ကိုယ်မသိကြဘူး။ အထက်ကလာမယ့် အမိန့်ဆိုတာကြီးကို စောင့် နေကြရတယ်။
အထက်ဆိုတာ၊ သူတို့ ပြောပြောနေတဲ့ နိုင်ငံ တော်အကြီးအကဲ ဆိုတာကလည်း
တယောက်လား၊ နှစ် ယောက်လား ဘယ်သူမှ မသိနိုင်ဘူး။ သေချာတာ ကတော့ ဒီလိုနဲ့
ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အကြွင်းမဲ့ အာဏာရှင် ဖြစ် လာတယ်။
အချို့ဥပဒေတွေဆိုရင် သူ့သဘောတူညီချက်ကို စောင့်နေကြရတယ်။ ဥပမာ —
သိတဲ့လူတွေ အပြောအရ အထူးစီးပွားဇုန် (Special Economic Zones –SEZs)
ဥပဒေမူကြမ်းက အကြိမ်ကြိမ် ပြင်ဆင်လာတာ ၁၃ ကြိမ်တိုင်တိုင် ရှိနေပြီး ပြီး
သလောက်ရှိပြီလို့ ဆိုတယ်။ မြန်မာပြည်က ဂျာနယ် မဂ္ဂဇင်းတွေမှာလည်း ၂၀၀၇
ခုနှစ်၊ နှစ်ကုန်တုန်းကတောင် ထွက်နိုင်ကောင်းရဲ့လို့ရေးသား
ဖော်ပြခဲ့ကြတယ်။ အခုတော့ ဒီ SEZ ဥပဒေ ကလည်း ဗိုလ်ချုပ်သန်းရွှေစားပွဲ
ပေါ်မှာ အိပ်လျှက်လို့ ဆိုတယ်။

ရှေးခေတ်က ဘုရင်တွေကဥပဒေ၊ ဆုံးဖြတ်ချက် တခုခုကို လုပ်ရာမှာ အခုခေတ်လောက်
မဆိုးဘူး။ အနည်းဆုံး ဘုရင့် လွှတ်တော် ခေါ်ကြရတယ်။ သက်တော်ရှည်
မှူးမတ်ကြီးတွေနဲ့ တိုင်ပင်ကြရတယ်။ လွှတ်တော်ထဲမှာ ဘုရင်ကိုးကွယ်တဲ့
မင်းဆရာ ဘုန်းတော်ကြီးတွေ အကြံရယူတာရှိသလို၊ အာဏာကို ရည်ရွယ်နေတဲ့ အခြား
အုပ်စုတွေလည်း ရှိကြတော့ ဘုရင်က ထင်သလို မလုပ်ရဲဘူး။

နောက်တခါ ဘုရင်ကသူ့ဆီကို ပြည်နယ်၊ ဒေသတွေက အခွန်တော် လာဆက်သတာကို
စောင့်တယ်။ သူ့ကို အခွန်ပဏ္ဍာ လာဆက်သရင် သူက ကျေနပ်တယ်။ အခွန်ပဏ္ဍာ
လာမဆက်သဘူးဆိုရင်တော့ သူက တပ်တွေ စေလွှတ်တတ်တယ်။ သူက ဒေါသဖြစ်ကြောင်း
ပြတတ်တယ်။ ဒါပေမယ့် အခုခေတ်လို ဘုရင်က လယ်ကွင်း ထဲထိဆင်းပြီး ကြက်ဆူပင်
စိုက် ရမယ်၊ ရေနက်ကွင်း စိုက်ရမယ် ဆိုတာမျိုး အထိ အသေးစိတ် အညိုအညင်
ပေးကြတာတော့ မဟုတ်ဘူး။ ဒါကြောင့် သက်ဦးဆံပိုင် ဘုရင်စနစ်ကတောင် အခုခေတ်
အခြေအနေထက် ကောင်းသေးလို့ ဆိုနိုင်တယ်။

ထားပါတော့။ အခုတော့ စစ်အစိုးရက ၂၀၁၀ မှာ ပါတီစုံရွေးကောက်ပွဲ
ကျင်းပပေးမယ်လို့ ကတိပေးထားတယ်။ ဖြစ်-မဖြစ်တော့ သေချာ မပြောနိုင်သေးသလို၊
ရွေးကောက်ပွဲ ဥပဒေ၊ ပါတီစည်းမျဉ်းတွေကလည်း မထွက် သေးဘူး။ အဲဒါအပြင် ဖြစ်
လာမယ့် လွှတ်တော်မှာလည်း စစ်တပ်က ကိုယ်စားလှယ်နေရာ ၂၅% ကို ရယူ ထား
လိုက်သေးတယ်။

ဘယ်လိုပဲဖြစ်ဖြစ်ပေါ့ ရွေးကောက်ပွဲ ဖြစ်လာခဲ့ရင် အနည်းနဲ့ အများဆိုသလို
အရပ်သားလွှတ်တော် ကိုယ်စား လှယ် တွေ နေရာ ရလာကြလိမ့်မယ်။ တကယ့်
ဒီမိုကရေစီကျကျ မဟုတ်သေးရင်တောင်မှ လွှတ်တော်တွေထဲမှာ မူဝါဒချမှတ်ရေး၊
ပေါ်လစီကိစ္စ ဆွေးနွေး ငြင်းခုန်မှုတွေ ရှိလာရလိမ့်မယ်။ အခုလို တကိုယ်တော်
မူဝါဒ၊ ဆုံးဖြတ် ချက်တွေ ချနေတာထက် စာရင် အနည်းနဲ့အများ
ကိစ္စတော်တော်များများမှာ ပွင့်လင်းမှုတွေ ရှိလာနိုင် ကောင်းရဲ့ လို့
ယူဆရတယ်။ မဟုတ်ရင်တောင် မူဝါဒ ပေါ်လစီတွေအပေါ် မေးခွန်းထုတ်
မေးမြန်းကြတာတွေလည်း ရှိလာနိုင်တယ်။

ကျနော့်မိတ်ဆွေ ဆွေးနွေးချက်က အခုလို ကျနော် ပြောနေတာတွေ၊ စစ်တပ်တပိုင်း
လွှတ်တော်ထဲမှာ ကျနော် တို့က သွား ပြီး မူဝါဒ ပေါ်လစီချမှတ်နိုင်ရေး
ကိစ္စတွေကို သူပြောနေတာ မဟုတ်ဘူး။ သူပြောတာက လာမယ့် ၂၀၁၀ အပြီး လွှတ်တော်က
ဘယ်လိုပဲဖြစ်ဖြစ် ထားလိုက်ပေါ့။ ကျနော်တို့က အင်တာနက်ပေါ်မှာ၊ ဒါမှမဟုတ်
ဖိုရမ်၊ သို့မဟုတ် ဆွေးနွေး နိုင်တဲ့ စပေ့စ်တွေမှာ လူတိုင်းက
ကိုယ့်ကိုယ်ကို လွှတ်တော်အမတ်တွေလို သဘော ထား၊ နိုင်ငံ တိုးတက်ကြီးပွားရာ
ကြီးပွားကြောင်း ဆွေးနွေးငြင်းခုန်ကြရင် မဖြစ်နိုင်ဘူးလား၊ မူဝါဒ
ပေါ်လစီတွေကို အဆိုပြုကြရင် မဖြစ်နိုင်ဘူးလားလို့ သူက အကြံပြုတာပါ။
အနည်းဆုံး အင်တာနက်မှာ ရေးသားနိုင်တဲ့ နိုင်ငံ သားတိုင်းက
ပါဝင်ဆောင်ရွက်နိုင်ကြသလို၊ တိုင်းပြည် အတွက် တကယ်အလုပ်ဖြစ်နိုင်တဲ့
အကြံအစည်တွေ လည်း ထွက်ပေါ်လာနိုင်တယ်။ နောက်ဆုံး အခု ဆွေးနွေးခန်းတွေက
သိပ်ကောင်းလာတဲ့အခါ စစ်တပ်တပိုင်း (၂၀၁၀ အပြီး) လွှတ်တော်ထဲက
စိတ်ကောင်းစေတနာ ရှိသူတွေ၊ တိုင်းပြည် တိုးတက် ကြီးပွားစေချင်သူ တွေ
ကတောင် လှမ်းလို့ ကြည့်ရတာမျိုး၊ အင်တာနက်ပေါ်က (လွှတ်တော်အပြင်က)
ဆွေးနွေးနေ တာတွေကို လွှတ်တော်ထဲ ရောက်အောင် ယူသွားပြီး ဆွေးနွေးကြတာမျိုး
ဖြစ်လာနိုင်တယ်လို့ သူက အကြံပြုတာပါ။
ဒီလိုနဲ့ သူ့အကြံကို ကျနော်က "ဝီကီလွှတ်တော်၊ ဝီကီအစိုးရ" လို့
နာမည်ပေးလိုက်တယ်။

(၃)
အဲဒီ စကားဝိုင်းပြီးသွားတော့မှ အခု စာအုပ်ကို ပြန်လှန်ဖြစ်တယ်။
အခု ခေတ်သစ်အခြေအနေ၊ အင်တာနက် နည်းပညာ web2.0 ပြောင်းလဲ
တိုးတက်လာအပြီးမှာ စီးပွားရေး လောကမှာတောင် ထူးခြားတွေ့မြင်လာရတဲ့
လက္ခဏာတွေကို အခု စာရေးဆရာတွေက ထောက်ပြထားတယ်။

ပထမအချက်ကတော့ ပွင့်လင်းလာခြင်း (Being open) ပါပဲ။ အဖွဲ့အစည်း၊ နိုင်ငံ
နယ်စည်းတွေ ကျော်သွား တယ်။ ဂလို ဘယ်လိုက်ဇေးရှင်းနဲ့အတူ
ပွင့်လင်းလာကြတယ်။အရင်က လျှို့ဝှက်ချက်တွေ၊ ဥပဒေတွေတောင် လိုက်မမီ
ဖြစ်လာတယ်။ ဒါကို စာရေးဆရာတွေက ဥပမာကောင်းတွေနဲ့ တင်ပြထားတယ်။

ဥပမာအနေနဲ့ ကနေဒါနိုင်ငံက ဂိုးလ်ကော့ပ် (Goldcorp) ကုမ္ပဏီကို
ဥပမာဖော်ပြထားတယ်။ ဒီကုမ္ပဏီက ရွှေတူးရာ ကနေ သူတို့ ရွှေသိုက်က
အထွက်ကျလာနေပြီ။ အပြိုင်အဆိုင်လည်း များလာတဲ့ခေတ်မှာ ဘယ်လို လုပ်ရပါ့
ဆိုတဲ့ အခြေအနေပါ။ ဒီမှာတင် ကုမ္ပဏီကို ဦးဆောင်သူက လုံးဝ တော်လှန်ရေး
ကြီးလို ပြောင်းလဲ ပစ်လိုက်တယ်။ သူပိုင်တဲ့မြေ ၅၅,၀၀၀ ဧကပေါ်မှာ အရင်က
သူတို့စူးစမ်းလေ့လာဖူးသမျှ ဒေတာ အချက် အလက်တွေ အားလုံးကို တင်လိုက်ပြီး
ရွှေတူးဖို့ ခန့်မှန်း ပေးနိုင်တဲ့၊ နည်းလမ်းပေးနိုင်တဲ့ သူတွေကို
ဆုချမယ်ဆိုပြီး ဖိတ်ခေါ်လိုက်တယ်။ တကယ်တော့ ရွှေတူးတယ်ဆိုတာ
လျှို့ဝှက်ချက်ဆန်လွန်းတဲ့ ကိစ္စတွေပါ။ ဒေတာ အချက်အလက် တွေကို ဘယ်သူက
အပေါက်ကြားခံနိုင်ပါ့မလဲ။ ဒါပေမယ့် နိုင်ငံပေါင်း ၅၀ ကျော်က
ပညာရှင်ပေါင်းစုံ ၀င်ပြိုင်ကြတယ်။ ပြိုင်တဲ့သူတွေက ထောင်ချီတယ်၊
ကျောင်းသားတွေ၊ ပညာရှင်တွေ၊ စစ်တပ်အရာရှိ၊ သင်္ချာပညာရှင်တွေတောင်ပါ
တယ်။သူတို့က ရွှေထွက်နိုင်မယ့် နောက်ထပ် နေရာ ၁၁၀ ကို တွက်ချက်
ထုတ်ပေးခဲ့ကြတယ်။ ဒီကုမ္ပဏီက အောင်မြင်တဲ့ ကုမ္ပဏီတခု ဖြစ်လာခဲ့တယ်။
နိုင်ငံတော် အရေးဆိုတာ သိပ် လျှို့ဝှက် ဆန်းကြယ်နိုင်လှတယ်။
နိုင်ငံတော်အုပ်ချုပ်တယ်ဆိုတာ သာမာန်လူထုတွေအတွက် မလွယ်လှပေဘူးဆိုတဲ့
ခေတ်လည်း ကုန်ခဲ့ပြီလို့ ထင်မိတယ်။ လူတိုင်းဟာ ကိုယ်ကျွမ်းကျင်ရာ
ကိစ္စတွေမှာ အကြံပေးနိုင်ကြတာချည်းပါပဲ။

ဒုတိယအချက်ကတော့ peering လို့ခေါ်တဲ့ မိတ်ဆွေ တန်းတူရည်တူ
အပေါင်းအသင်းတွေက စုပြီး လုပ်ငန်း တခုကို လုပ်ကြတဲ့ အသွင်ပါပဲ။ အခုအခါမှာ
ဆော့ဖ်ဝဲယားတွေကို စုပေါင်းရေးကြတယ်။ အခမဲ့ပေးသုံးတယ်။ ကုမ္ပဏီကြီးတွေရဲ့
သြဇာ အာဏာကိုတောင် အံတုလာနိုင်ခဲ့တယ်။ အဲသည်အနေအထားမှာ ယခင် ထက်/ အောက်
ထောင်လိုက်ရှိခဲ့တဲ့ ဆက် ဆံရေးစနစ်တွေ၊ ဖွဲ့စည်းမှုစနစ် အသစ်တွေကို
ပြန်နေရာချရဖို့ ဖြစ်လာ ခဲ့တယ်။ အင်တာနက်ပေါ်က မိတ်ဆွေအကြံပေးတဲ့
လွှတ်တော်မျိုးလည်း ဖြစ်လာနိုင်ပေတာပေါ့။

တတိယအချက်ကို စာရေးဆရာက ဝေငှခြင်း sharing သဘော ပြောပါတယ်။ စီးပွားရေးကို
စစ်ပွဲတွေလို ကိုယ်နိုင်သူရှုံး အခြေအနေကနေ နှစ်ဖက် အနိုင်ရနိုင်တဲ့ ဝေငှ
ပေးဝေခြင်း (ပူးပေါင်းဆောင်ရွက်ခြင်း) သဘောကိုပါ စာရေးသူက ထည့်
စဉ်းစားခိုင်းတယ်။ ပူးပေါင်းဆောင်ရွက်မှုကြောင့် ဝီကီပိဒိယလို အခမဲ့
စွယ်စုံကျမ်ကြီးတွေ ဖြစ်လာတယ်။ အခြား လူသုံး များ ဆော့ဖ်ဝဲယား အများ၊
မိတ်ဆွေဖွဲ့ကွန်ရက် အများ ဖြစ်လာရတယ်။

စတုတ္ထအချက်ကို ဂလိုဘယ် ကမ္ဘာ့ပုံစံ ဆန်လာခြင်း (Being global) လို့
ဆွေးနွေးထားတယ်။ စက်ရုံတွေရဲ့ ပလက်ဖောင်း ကို ကမ္ဘာတခုလုံး
ဖြန့်ခင်းလိုက်သလို၊ ကျနော့်မိတ်ဆွေ ဆွေးနွေးသလို မြန်မာ့ လွှတ်တော်
ကိုလည်း တကမ္ဘာလုံးကို ဖြန့်ခင်း လိုက်လို့ မဖြစ်နိုင်ပေဘူးလား။
စဉ်းစားစရာပဲ။ မြန်မာပြည်ကို လက်တွေ့ ပြန်ဖို့ ခက်ခဲနေသေးသူတွေ၊
ကျွမ်းကျင်သူ ပညာ ရှင်တွေ၊ အငြိမ်းစား မျိုးချစ် နိုင်ငံချစ် အရာရှိ
ဟောင်းတွေက တိုင်း ပြည်ကို ပြန်ပြီး အကျိုးပြုစေဖို့ ဖြစ်နိုင်တာပေါ့။
မြန်မာ နိုင်ငံအတွက် လွှတ်တော်ဆိုတာ အခု သူတို့ဆောက်နေတဲ့ နေပြည်တော်မှာသာ
မဟုတ်။ တကမ္ဘာလုံးက အဝေးရောက် မြန်မာတွေကိုလည်း အင်တာနက်ပေါ်က လွှတ်တော်မှာ
ကိုယ်စားပြုထားနိုင်ပါသေးတယ်။

ပဉ္စမအချက်ကိုတော့ စာရေးဆရာက Generation-N Norms လို့ ဖော်ပြထားတယ်။
မျိုးဆက် N (အဲန်) ဆိုတာကတော့ အခု နည်းပညာပိုင်းဆိုင်ရာ
သာလွန်တဲ့မျိုးဆက်တွေရဲ့ တန်ဖိုးထားမှုကိုပါ ထည့် စဉ်းစားဖို့ ပြောတယ်။
သူတို့ရဲ့ ပြောရေး ဆိုခွင့်၊ လွတ်လပ်မှု၊ ပွင့်လင်းမှု၊ တီထွင်
ဖန်တီးလိုမှု၊ ရွှေ့လျား နေလိုတဲ့ ဆန္ဒ၊ တကယ့် အစစ်အမှန် ဖြစ်လိုတဲ့ စိတ်၊
ဆော့ ကစားတာကိုလည်း တပိုင်းက ခုံမင်နေသေးတဲ့ ဒီမျိုးဆက်တွေရဲ့ အားကိုလည်း
ထည့်စဉ်းစားစရာပေပဲ။

စာရေးဆရာ Don Tapscott နဲ့ Anthony Williams တို့ကတော့ ခေတ်သစ်
အခြေအနေအောက်မှာ စီးပွားရေး ကုမ္ပဏီ တွေ ပြန်လည်ဖွဲ့စည်းမှု ပုံစံအသစ်၊
အုပ်ချုပ်ရေးနည်းနာ ပုံစံအသစ်၊ လူအများ ပူးပေါင်းဆောင်ရွက်မှုကို အခြား
နည်းနဲ့ ရယူ နိုင်တဲ့ အကြောင်းတွေ အဓိက ဆွေးနွေးထားခဲ့တာပါ။

သူ့စာအုပ်နာမည်လိုပဲ ကျနော် ဆက်စဉ်းစားနေမိတာက ခေတ်သစ် အခြေအနေအောက်မှာ
လူအများ ပူးပေါင်း ဆောင်ရွက် ကြမယ်၊ မြန်မာပြည် ကောင်းကျိုးအတွက် ဝီကီ
လွှတ်တော်ကို အင်တာနက်ပေါ်မှာ ဖွဲ့ကြမယ်၊ ဝီကီအစိုးရ ဖွဲ့ကြမယ်
မဖြစ်နိုင်ဘူးလား။ ကျနော့်မိတ်ဆွေ အကြံပေးသလို ဖြစ်နိုင်တာပဲလို့
ထင်နေမိပါကြောင်း။

ဤဆောင်းပါးကို အမေရိကန်ပြည်ထောင်စု၊ အနောက်ပိုင်းဒေသမှ
မြန်မာများထုတ်ဝေနေကြသည့် မန္တလေး ဂေဇက် သတင်းစာ စက်တင်ဘာ/အောက်တိုဘာ ၂၀၀၉
တွင်လည်း ဖော်ပြထားပါသည်။

--
Posted By icypress to Sensible Rumour at 10/23/2009 03:56:00 AM

By- LAWI WENG
20th Oct, 09
မြန်မာအစိုးရကို ထောက်ခံသော NGO များက Hua Hin တွင် ကျင်းပမည့် အာဆီယံထိပ်သီးညီလာခံတွင် ၎င်းတို့၏ ကိုယ်စားလှယ်များ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စများအား ဆွေးနွေးမည့် အရေးကို မလိုလားကြောင်း ပြောကြားခဲ့ပြီးနောက် ပြည်ပရောက် မြန်မာနိုင်ငံရေး အဖွဲ့အစည်း Burmese Exile Civil Society Organizations (CSOS) က အာဆီယံ ညီလာခံသို့ ကိုယ်စားလှယ်စေလွှတ်မည် ဖြစ်ကြောင်း အင်္ဂါနေ့က Cha-am တွင် ကျင်းပသည့် Asean People's Forum တက်ရောက်သူများ၏ ပြောကြားချက်အရ သိရသည်။
Alternative Asean Network on Burma ၏ ညှိနှိုင်းရေးမှူး Debbie Stodhard က ပြည်ပရောက် မြန်မာ့နိုင်ငံရေး အဖွဲ့အစည်းများအနေနှင့် ညီလာခံတက်ရောက်မည့် ကိုယ်စားလှယ်များ ရွေးချယ်ထားရမည်ဖြစ်ကြောင်း၊ ပြည်တွင်းအဖွဲ့အစည်းများသည် လူ့အခွင့်အရေးကိစ္စများကို ဆွေးနွေးရဲမှာ မဟုတ်သည့်အပြင် အစည်းအဝေးမှပင် ထွက်ခွာသွားနိုင်ကြောင်း သုံးသပ်ထားပါသည်။
Asean Intergovernmental Commission on Human Rights (AICHR) ၏ ဖွင့်ပွဲ အခမ်းအနားကို ထိုင်းနိုင်ငံက ဦးဆောင်ဖွင့်လှစ်ပေးမည် ဖြစ်ပြီး တက်ရောက်လာသော နိုင်ငံများ၏ ကိုယ်စားလှယ်များက ၎င်းတို့နိုင်ငံတွင်းရှိ လူ့အခွင့်အရေးဆိုင်ရာ အနေအထားများကို ဆွေးနွေးနိုင်ရန် အားခဲထားကြသည်။
Network for Democracy ၏ အမျိုးသမီးနာယက အဖွဲ့ဝင် ခင်ဥမ္မာက အာဆီယံညီလာခံသို့ တက်ရောက်မည့် CSOs ၏ ကိုယ်စားလှယ် အဖြစ် သူမအား ရွေးချယ်ထားသည်ဟု အတည်ပြုပြောကြားပါသည်။
မြန်မာအစိုးရက ၎င်း၏ ပြည်တွင်း NGO များမှ အဖွဲ့ဝင် ၁၅ ယောက် တက်ရောက်ရန် စီစဉ်ထားပြီး ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း၊ မူးယစ်ဆေးဝါး ဆန့်ကျင်ရေး အဖွဲ့အစည်းများနှင့် အမျိုးသမီးရေးရာအဖွဲ့တို့ ပါဝင်သည်ဟု သိရပါသည်။
မြန်မာအစိုးရသည် ၎င်းတို့၏ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်များကို ညီလာခံသို့ စေလွှတ်ရန် ရည်ရွယ်ထားသည်ဟု ဆိုပါသည်။
Asean People's Forum ကို တက်ရောက်ခဲ့သော ပြည်ပရောက်နိုင်ငံရေး လှုပ်ရှားသူ ကျော်လင်းဦးက ဧရာဝတီသို့ ပြောကြားရာတွင် မြန်မာအစိုးရသည် ၎င်းတို့တွင် ပြည်သူများအား ကိုယ်စားပြုသော ကိုယ်စားလှယ်များရှိကြောင်းကို အမေရိကန်နှင့် ဥရောပသမဂ္ဂအား ပြသလိုခြင်း ဖြစ်ပြီး အမှန်တကယ် ကိုယ်စားပြုခြင်း ဟုတ်မဟုတ် မေးမြန်းစစ်ဆေးခံရမည်ကို ကြောက်ရွံ့နေပုံရသည်ဟု ပြောပါသည်။
လူ့အခွင့်အရေးဆိုင်ရာ နယ်ပယ်ကို ကျွမ်းကျင်စွာ ဆွေးနွေးနိုင်သူ Asean Human Rights Charter အဓွန့်ရှည်ရေးကို အထောက်အကူ ပြုနိုင်မည့်သူမျိုးကိုသာ ကိုယ်စားလှယ်အဖြစ် ရွေးချယ်ရန် ထိုင်းနိုင်ငံက မြန်မာနိုင်ငံအား တိုက်တွန်းထားသည်။
ယခု အာဆီယံ ညီလာခံသည် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်နှင့် ပြည်ပရောက်နိုင်ငံရေး အဖွဲ့အစည်းများ တွေ့ဆုံနိုင်သည့် ပထမဆုံး အခမ်းအနားဖြစ်ပြီး မြန်မာဝန်ကြီးချုပ်သည် အခြားအာဆီယံ ကိုးနိုင်ငံမှ ခေါင်းဆောင်များနှင့်လည်း အောက်တိုဘာ ၂၃ တွင် တွေ့ဆုံ ဆွေးနွေးမည် ဖြစ်သည်။
အာဆီယံညီလာခံတွင် ပြည်ပရောက် မြန်မာအဖွဲ့အစည်းများမှ ကိုယ်စားလှယ် တက်ရောက်ရန် ထိုင်းနိုင်ငံက အဆိုပြုခဲ့ပါက နောက်ဆုံးကျင်းပမည့် အာဆီယံ အစည်းအဝေးကို တက်ရောက်မည်မဟုတ်ကြောင်း ဗိုလ်ချုပ်ကြီးသိန်းစိန်က ဖေဖော်ဝါရီလက ခြိမ်းခြောက် ကန့်ကွက်ခဲ့ပါသည်။
ပြည်ပရောက် နိုင်ငံရေးအဖွဲ့ ၂ ဖွဲ့နှင့် ခင်ဥမ္မာတို့သည် ဖေဖော်ဝါရီလက ကျင်းပခဲ့သော အဆိုပါ အစည်းအဝေးကို တက်ရောက်ခွင့်မရဘဲ တားမြစ်ခံခဲ့ရပါသည်။
ထိုင်းနိုင်ငံ၊ ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားတို့သည် လူ့အခွင့်အရေးဆိုင်ရာ နယ်ပယ်တွင် အမှန်တကယ် လှုပ်ရှားနေသူများကို ၎င်းတို့၏ ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခဲ့ကြပြီး မြန်မာနိုင်ငံအပါအဝင် ကျန်နိုင်ငံများမှာမူ လူ့အခွင့်အရေးဆိုင်ရာ ကျွမ်းကျင်သူများကို ကိုယ်စားလှယ်အဖြစ် ရွေးချယ်ရန် ငြင်းပယ်ခဲ့ကြသည်။
AICHR ဆိုင်ရာ နိုင်ငံကိုယ်စားလှယ်များ ရွေးချယ်ရာတွင် ပွင့်လင်းမြင်သာမှု အားနည်းခဲ့ခြင်းအတွက် CSO များက အာဆီယံနိုင်ငံများကို ဝေဖန်ခဲ့ပါသည်။
အာဆီယံက အဆက်မပြတ် ရှေ့သို့လှမ်းနေစဉ် မြန်မာနိုင်ငံက အခန်းထဲက ထွက်မရသော ဆင်ကြီးပမာ ကျန်နေခဲ့လိမ့်မည်ဟု ဟာသနှော၍ အလင်္ကာဆန်စွာ ပြောပြပါသည်။ အာဆီယံ၏ အချိန်မရွေး ဆောင်ရွက်နိုင်သော စိတ်ဓာတ်ခွန်အားကို အမှန်တကယ် အားနည်းသွားစေသည်ဟု Stothard က AP သို့ အင်္ဂါနေ့က ပြောခဲ့သည်။
မြန်မာနိုင်ငံအတွင်း နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးများ ဖြစ်ပေါ်လာအောင် အာဆီယံအနေဖြင့် စွမ်းဆောင်နိုင်ခြင်း မရှိသည်မှာ ထင်ရှားကြောင်း၊ သို့ဖြစ်၍ မျှော်လင့်ချက်များစွာ မထားကြောင်း စသဖြင့် NLD ၏ ပြောရေးဆိုခွင့်ရှိသူ ဥာဏ်ဝင်း၏ ပြောကြားချက်ကို ကိုးကား၍ AP က ဖော်ပြခဲ့ပါသည်။

--
Posted By icypress to Sensible Rumour at 10/23/2009 03:20:00 AM

တစ်နှစ်ရေနံစိမ်း တန်သန်း၂၅၀ ပို့လွှတ်နိုင်မည်ကီလိုမီတာ ၁၁၀၀ရှည် ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း 2013 အပြီးတည်ဆောက်မည်

(From Alexander's Gas and Oil Research Store)
26 - August 2009
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ တရုတ်နိုင်ငံသို့ ရေနံနှင့်သဘာဝဓာတ်ငွေ့များ ပို့လွှတ်ရေး အတွက် ပိုက်လိုင်းများတည်ဆောက်ရေးစီမံကိန်းများကို ၂၀၀၉ ခုနှစ် စက်တင်ဘာလတွင် စတင် ခဲ့ပါသည်။
၂၀၀၉ ခုနှစ် မတ်လတွင် မြန်မာနှင့်တရုတ်နိုင်ငံအစိုးချင်း သဘောတူထားသော စာချုပ် အရ ရေနံပိုက်လိုင်းနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းနှစ်ခုလုံး တပြိုင်နက် တည်ဆောက်သွားမည် ဖြစ်သည်ဟု ဖော်ပြထားပါသည်။ ပိုက်လိုင်းနှစ်ခုစလုံးသည် မြန်မာနိုင်ငံအနောက်ဖက်ကမ်းရိုးတန်း ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူဆိပ်ကမ်းမှ စတင်သွယ်တန်းမည်ဖြစ်ပြီး တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ နယ်စပ်မြို့ဖြစ်သော Ruili သို့ဝင်ရောက်မည်ဖြစ်ပါသည်။
ကျောက်ဖြူမှ သဘာဝဓာတ်ငွေ့ပိုက်လိုင်းသည် ယူနန်ပြည်နယ် မြို့တော်ကူမင်းသို့ သဘာဝဓာတ်ငွေ့များ ပို့ဆောင်မည်ဖြစ်သည်။ တည်ဆောက်မှုလုပ်ငန်းများသည် ၂၀၁၃ ခုနှစ်တွင် ပြီးစီးမည်ဖြစ်သည်။ သဘာဝဓာတ်ငွေ့ မပို့လွှတ်မီ စုစုပေါင်းသိုလှောင်မည့်နေရာနှင့် ရေနံတင် သင်္ဘောများကပ်ရန် ဆိပ်ကမ်းကို ကျောက်ဖြူအနီးရှိ ကျွန်းတစ်ကျွန်းတွင် တည်ဆောက်မည် ဖြစ်ပြီး၊ နှစ်နိုင်ငံသဘောတူညီချက်အရ တည်ဆောက်မှုစရိတ်အားလုံးကို တရုတ်ဖက်မှ ကျခံမည် ဖြစ်ပါသည်။ 1100 km ရှည်သော ရေနံပိုက်လိုင်းသည် အရှေ့အလယ်ပိုင်းနိုင်ငံများနှင့် အာဖရိက နိုင်ငံများမှ ရေနံစိမ်းတစ်နှစ်လျှင် မက်ထရစ်တန် သန်း၂၅၀ ပို့လွှတ်နိုင်မည်ဟု ခန့်မှန်းထားပါ သည်။
သဘာဝဓာတ်ငွေ့ပိုက်လိုင်းသည် ကူမင်းမှ Guizhou ပြည်နယ်နှင့် Guangxi Zhuang ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသသို့ စုစုပေါင်း 2806 ကီလိုမီတာ ထပ်မံတိုးချဲ့ဆွဲယူသွားမည် ဖြစ်ပါသည်။ အဆိုပါ သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှ တရုတ်နိုင်ငံသို့ တစ်နှစ်လျှင် သဘာဝ ဓာတ်ငွေ့ 12 bn en (၁၂ ဘီလီယံကုဗမီတာ) ပို့လွှတ်နိုင်မည်ဟု ခန့်မှန်းရပါသည်။ အဆိုပါ တရုတ်-မြန်မာ ဓာတ်ငွေ့ပိုက်လိုင်းသည် နောက်ပိုင်းတွင် တရုတ်၏ဓာတ်ငွေ့ ၀ယ်ယူမှုကို တိုးချဲ့ လာမည်ဖြစ်ပြီး နှစ်အနည်းငယ်အတွင်း သဘာဝဓာတ်ငွေ့တစ်နှစ်လျှင် 100 bn cm (၁၀၀ ဘီလီယံ ကုဗမီတာ) အထိ တိုးချဲ့ဝယ်ယူမည်ဟု ခန့်မှန်းထားပါသည်။
ရေနံပိုက်လိုင်းသွယ်လိုက်ခြင်းဖြင့် ရေနံစိမ်းကို သင်္ဘောဖြင့်သယ်ယူခြင်းထက် ကီလိုမီတာ 1200 ခန့်ခရီးလမ်းကြောင်း ကျုံ့သွားမည်ဟု ကျွမ်းကျင်သူများက ပြောပါသည်။ ပို၍အရေးကြီး သော အချက်မှာ တရုတ်၏ရေနံတင်သွင်းမှုအတွက် မလက္ကာရေလက်ကြားအပေါ် မှီခိုရမှုကို သက်သာသွားစေမည်ဖြစ်သည်။
ယခုပိုက်လိုင်းသည် တရုတ်နိုင်ငံ၏ ရေနံနှင့်သဘာဝဓာတ်ငွေ့တင်သွင်းခြင်းအတွက် စတုတ္ထလမ်းကြောင်းဖြစ်သည်။ ပထမလမ်းကြောင်းမှာ သင်္ဘောဖြင့်ရေနံစိမ်းတင်သွင်းခြင်း လမ်းကြောင်းဖြစ်ပြီး၊ ဒုတိယလမ်းကြောင်းမှာ တရုတ်-ကာဇက်စတန် ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက်လိုင်းဖြစ်ကာ တတိယလမ်းကြောင်းမှာ တရုတ်-ရုရှား ရေနံပိုက်လိုင်းတို့ဖြစ်ပါသည်ဟု အတွင်း လူတစ်ဦးက ပြောပါသည်။
ရေနံနှင့်သဘာဝဓာတ်ငွေ့တို့နှင့် ပတ်သက်၍ စောင့်ကြည့်လေ့လာသူတစ်ဦး အဆိုအရ အဆိုပါသဘာဝဓာတ်ငွေ့များ၏ မူရင်းပိုင်ရှင်များဖြစ်သော ရခိုင်ဒေသမှ လူအများမှာမူ စစ်အစိုးရ၏ အလွဲသုံးစားပြုမှုများကြောင့် ဆင်းရဲမွဲတေမြဲဖြစ်လျက်ရှိပြီး၊ စစ်အစိုးရ၏ ထုံးစံအတိုင်း မည်သူမျှ မသိစေရဘဲ ရခိုင်ပြည်သူများကို နိုင်ငံရေးအရသော်လည်းကောင်း၊ စီးပွားရေးအရ သော်လည်းကောင်း၊ လူမှုရေးအရသော်လည်းကောင်း ဖိနှိပ်လျက်ရှိနေသည်ဟု သိရှိရပါသည်။

--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.









-~----------~----~----~----~------~----~------~--~---

ရခိုင်ပြည်နယ်မှ စတင်တည်ဆောက်မည့် တရုတ်နိုင်ငံ၏ ရေနံနှင့် ဓာတ်ငွေ့ပိုက်လိုင်းနှင့် တွဲလျက် ရထားလမ်းတည်ဆောက်ခွင့် ရရေးအတွက် မက်စ် ကုမ္ပဏီ၊ ထူးကုမ္ပဏီနှင့် အေးရှားဝေါ(လ်)ကုမ္ပဏီတို့ အပြင်းအထန် ကြိုးပမ်းနေကြောင်း မြန်မာ့ထိပ်တန်းစီးပွားရေး အသိုင်းအဝိုင်းမှ သတင်းရရှိပါသည်။
တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံအနောက်ဘက်ခြမ်း ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ကချင်ပြည်နယ် တို့ကို ဖြတ်သန်းတည်ဆောက်မည့် ရွှေသဘာဝဓာတ်ငွေ့ ပိုက်လိုင်းနှင့် အရှေ့အာရှနိုင်ငံများမှ ဝယ်ယူမည့် ရေနံတွန်းပို့ ပိုက်လိုင်းနှစ်ခု ပူးတွဲတည်ဆောက်မည့် ရထားလမ်း တည်ဆောက်ခွင့် ရရေးအတွက် အေးရှားဝေါ(လ်)ကုမ္ပဏီက ရရှိထားပြီ ဆိုသော်လည်း မြန်မာနိုင်ငံ၏ လုပ်ငန်းစုံ ကုမ္ပဏီကြီးများ ဖြစ်သည့် ထူးကုမ္ပဏီနှင့် အေးရှားဝေါ(လ်)ကုမ္ပဏီတို့ အပြိုင်အဆိုင် ကြိုးစားလျက် ရှိကြောင်း ထိပ်တန်း စီးပွားရေး လုပ်ငန်းရှင်ကြီးတစ်ဦးက ပြောကြားသည်။
အေးရှားဝေါ(လ်) ကုမ္ပဏီအနေဖြင့် အကြီးစားတည်ဆောက်ရေး လုပ်ငန်းများကို လုပ်ကိုင်ပေးရုံသာမက ပွဲစားအဖြစ်လည်း ဆောင်ရွက်လေ့ရှိကြောင်း ယခင်က အေးရှားဝေါ(လ်) ကုမ္ပဏီအနေနှင့် ပြိုင်ဘက်မရှိ တစ်ဦးတည်း လုပ်ဆောင်ခွင့် ရရှိနေရာမှ ယခု န.ယ.က စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ သားတပည့် ဦးတေဇနှင့် ဗိုလ်ချုပ်ကြီးတင်အောင်မြင့်ဦး၏ သားတပည့် ဦးဇော်ဇော်တို့ ဝင်ရောက်လာသဖြင့် မကျေမလည်ဖြစ်နေကြောင်း ၎င်းက သုံးသပ်ပြောကြားသည်။
ဦးတေဇအနေဖြင့် ပုဂံလေကြောင်းလိုင်းကဲ့သို့ နိုင်ငံတကာလေကြောင်းလိုင်းတစ်ခုအား တစ်ဦးတည်း ပြိုင်ဘက်မရှိ လုပ်ကိုင်ခွင့်ရခဲ့သော်လည်း နိုင်ငံတကာမှ အမည်ပျက်စာရင်းတင်သွင်းပြီး ပိတ်ဆို့အရေးယူမှုများ ရှိလာသဖြင့် အခက်ကြုံရပြီးနောက် နိုင်ငံတကာမှာ မရှိသည့် တစ်ခါသုံး GSM စင်ကတ်များ ရောင်းချခြင်း၊ လူသူ အရောက်အပေါက် မရှိသေးသည့် ပူတာအိုခရိုင်တွင် ခရီးသွားလုပ်ငန်းများ ဖွင့်လှစ်ရန် ကြိုးစားခြင်း၊ ယခုနောက်ဆုံး အားကစားပစ္စည်း ရောင်းချသည့်ဆိုင်များ ဖွင့်လှစ်ခြင်းကဲ့သို့ လက်လီစိတ် ပြည်တွင်းစီးပွားရေးလုပ်ငန်းများ၊ အိမ်ခြံမြေ လုပ်ငန်းများ၊ လုပ်ကိုင်လျက်ရှိကြောင်း မြန်မာ့စီးပွားရေး စောင့်ကြည့်လေ့လာသူတစ်ဦးက သုံးသပ်ပြောကြားသည်။
"ဦးတေဇက အကြံလည်း ကြီးတယ်။ ခြေလှမ်းလည်း ကြဲတယ်။ အခု စီးပွားရေးတင် မကဘူး။ နိုင်ငံရေး ခြေလှမ်းတွေပါ ပြင်နေပြီ။ လူရှေ့သူရှေ့ သိပ်မထွက်ရဲတဲ့သူက မြန်မာ့ဘောလုံးနာယက ဆိုပြီး မြန်မာတွေ သည်းခြေကြိုက်တဲ့ ဘောလုံးနဲ့ ပွဲထွက်လာတယ်။ ရန်ကုန် ကိုယ်စားပြုပြီး အမတ် အရွေးခံဖို့တောင် ရှိနိုင်တယ်။" လို့ မြန်မာ့အရေး စောင့်ကြည့်သူတစ်ဦးက ခန့်မှန်းပြောကြားသည်။ သို့သော် မက်စ် ကုမ္ပဏီ ဥက္ကဋ္ဌ ဦးဇော်ဇော်မှာ ရထားလမ်းသာမက ပိုက်လိုင်းတည်ဆောက်ရေး လုပ်ငန်းရရှိရေးကိုပါ ကြိုးစားနေကြောင်း တရုတ်တို့က ပြောကြားသည်။
အေးရှားဝေါ(လ်) ကုမ္ပဏီသည် ယခု တရုတ် ဓာတ်ငွေ့ပိုက်လိုင်းအတွက် ပွဲခရရှိပြီး ဖြစ်၍ ပိုက်လိုင်းနှစ်လိုင်းနှင့် ရထားလမ်း တည်ဆောက်ရေးလုပ်ငန်း (၃) ခုစလုံး ရရှိခဲ့ပါက မြန်မာနိုင်ငံတွင် ပြိုင်ဘက်မရှိ အချမ်းသာဆုံး လုပ်ငန်းရှင်ဖြစ်သွားဖွယ် ရှိနေသည်။

--
Posted By icypress to Sensible Rumour at 10/23/2009 03:00:00 AM

မြန်မာ့သဘာဝဓာတ်ငွေ့ ဒေ၀ူးက တရုတ်ကိုရောင်း

(From Alexander's Gas and Oil Research Store)

26 - Aug - 2009

 

          တောင်ကိုရီးယားနှင့်အိန္ဒိယတို့မှကုမ္ပဏီများ စုပေါင်းထားသော စီးပွားရေးအဖွဲ့အစည်း (Consortium) သည် မြန်မာနိုင်ငံတွင် သဘာဝဓာတ်ငွေ့ထုတ်လုပ်ရေးအတွက် အမေရိကန် ဒေါ်လာ . ဘီလီယံ (ပေါင်စတာလင် . ဘီလီယံ) ရင်းနှီးမြှပ်နှံထားပါသည်။ အဆိုပါ ဓာတ်ငွေ့ များကို ပိုက်လိုင်းမှတစ်ဆင့် တရုတ်နိုင်ငံသို့ ရောင်းချမည်ဖြစ်ပါသည်။

          တောင်ကိုရီးယားနိုင်ငံမှ Daewoo International ဦးဆောင်သော အဆိုပါစီးပွားရေးအဖွဲ့ အစည်းသည် တရုတ်နိုင်ငံမှ China National Petroleum Corporation (CNPC) သို့ မြန်မာနိုင်ငံ သဘာဝဓာတ်ငွေ့သိုက်ကြီးမှ ထုတ်ယူရရှိသော ဓာတ်ငွေ့များကို နှစ် ၃၀ ရောင်းချရန် သဘော တူခဲ့ပြီးဖြစ်ပါသည်။ အဆိုပါ သဘောတူညီချက်အရ မြန်မာနိုင်ငံ၏စီးပွားရေးအပေါ် တရုတ်၏ သြဇာလွှမ်းမိုးမှုနှင့် အရေးပါမှုကို ပိုမိုတိုးတက်လာစေမည် ဖြစ်သည်။ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ အနောက်တောင်ဘက်၌ တည်ရှိသော အထီးကျန်ပြီး ဆင်းရဲသောနိုင်ငံတစ်ခုဖြစ်ပါသည်။

          အထက်ပါစီးပွားရေးအဖွဲ့အစည်း (Consortium) တွင် ဒေ၀ူးသည် ၅၁% ပိုင်ဆိုင်ပြီး၊ အခြားပါဝင်သောအဖွဲ့များမှ အိန္ဒိယနိုင်ငံပိုင်ရေနံကုမ္ပဏီ ONGC အိန္ဒိယနိုင်ငံပိုင် သဘာဝ ဓာတ်ငွေ့ကုမ္ပဏီ GAIL Korea Gas နှင့် မြန်မာအစိုးရပိုင် MOGE တို့ပါဝင်ကြပါသည်။

          အဆိုပါ သဘာဝဓာတ်ငွေ့မှာ မြန်မာနိုင်ငံအနောက်ဖက် ရခိုင်ကမ်းလွန် ပင်လယ်ပြင်၊ ဘင်္ဂလားပင်လယ်အော်ရှိ အလွန်တရာကြီးမားသော ရွှေသဘာဝဓာတ်ငွေ့နယ်မြေမှ ထွက်ရှိပါ သည်။ ၂၀၀၃ ခုနှစ်တွင် တွေ့ရှိသော ရွှေသဘာဝဓာတ်ငွေ့နယ်မြေနှင့် ရွှေဖြူသဘာဝဓာတ်ငွေ့ နယ်မြေများသည် အရှေ့တောင်အာရှတွင် အကြီးဆုံးဖြစ်မည်ဟု ခန့်မှန်းရပါသည်။ ဒေ၀ူး၏ ကိန်း ဂဏန်းများအရ သဘာဝဓာတ်ငွေ့ 3 tn မှ 6 tcf အတွင်းရှိမည်ဟု ဆိုပါသည်။

          အဆိုပါ သဘာဝအရင်းအမြစ်သည် မြန်မာစစ်အစိုးရအတွက် အလွန်တရာတန်ဖိုးကြီးမား ပြီး၊ သဘာဝဓာတ်ငွေ့ရောင်းရငွေသည် အမေရိကန်ဒေါ်လာ ၄၀ ဘီလီယံခန့်ရှိမည်ဟု ခန့်မှန်းရ ပါသည်။

          တရုတ်နိုင်ငံအနေဖြင့်မူ စွမ်းအင်အရင်းအမြစ်များပိုင်ဆိုင်သော ၎င်း၏အိမ်နီးချင်းအပေါ် မျက်စိကျလျက် ရှိနေပေသည်။ တရုတ်နိုင်ငံ၏ ဓာတ်ငွေ့လိုအပ်ချက်ကလည်း တိုးတက်လာနေပြီး၊ ၎င်း၏မြောက်များလှစွာသော စွမ်းအင်ပြဿနာများကို ဖြေရှင်းရန် ကြိုးစားနေ သည့် အချိန်ဖြစ်သည်။ ပြည်တွင်း ရေနံနှင့်သဘာဝဓာတ်ငွေ့ ထွက်ရှိမှုကလည်း လျော့နည်းလာနေပြီ ဖြစ်သည်။ ကျောက်မီးသွေးဖြင့်လည်ပတ်သော လျှပ်စစ်ဓာတ်အားပေးစနစ်ကြောင့် ကာဗွန်ထုတ် လွှင့်မှုနှင့် လေထုညစ်ညမ်းမှု လျော့ချရေးကလည်း လိုအပ်လျက်ရှိနေသည်။

          ဓာတ်ငွေ့ထုတ်လုပ်သည့် ပိုင်ရှင်စီးပွားရေးအဖွဲ့သည် စစ်အစိုးရ၏ ခွင့်ပြုချက်ကို စောင့်ဆိုင်းလျက် ရှိနေပါသည်။ အဆိုပါ စီးပွားရေးအဖွဲ့တွင် ပါဝင်သော MOGE သည် အစိုးရပိုင်ဖြစ်ပြီး ရှယ်ယာ 15% သာ ပိုင်ဆိုင်ပါသည်။ အဆိုပါစီမံကိန်းကို လူ့အခွင့်အရေးအဖွဲ့များက ကန့်ကွက်လျက်ရှိသည်။ ထို့အပြင် သဘာဝဓာတ်ငွေ့စီမံကိန်းသည် စစ်အစိုးရကို အထောက်အပံ့ ဖြစ်စေရုံမျှမက၊ ရခိုင်ပြည်နယ်တွင် နေထိုင်သူ တိုင်းရင်းသားများကို လူ့အခွင့်အရေးများ ကန့်သတ်ဖိနှိပ်မှုများ ပြုလုပ်မည်ကို စိုးရိမ်သူ အခြားအဖွဲ့များကလည်း ကန့်ကွက်ဆန့်ကျင်လျက်ရှိပါသည်။

          မြန်မာ့နိုင်ငံ၏ သဘာဝဓာတ်ငွေ့ အရင်းအမြစ်အကြောင်းအရာသည် စစ်အစိုးရအား ဆန့်ကျင်သည့် အတိုက်အခံများကြားတွင် ငြင်းခုန်စရာ အကြောင်းတစ်ခုဖြစ်ခဲ့ပါသည်။ နိုင်ငံရေး လှုပ်ရှားသူများသည် ယခင်က Andaman ပင်လယ်ပြင်ရှိ ပြင်သစ် Total နှင့် ဗြိတိသျှ Premier Oil တို့တူးဖော်သော ရတနာနှင့် ရဲတံခွန်စီမံကိန်းတို့ကို ပူးပေါင်းကန့်ကွက်ခဲ့ကြပါသည်။

          ရတနာနှင့်ရဲတံခွန်တို့မှ သဘာဝဓာတ်ငွေ့များကို ထိုင်းနိုင်ငံသို့ရောင်းချခဲ့ပြီး ထိုင်းနိုင်ငံ သို့ ပိုက်လိုင်းသွယ်တန်းရာတွင် သဘာဝသစ်တောကြီးများနှင့် တိုင်းရင်းသားများနှင့် အငြင်းပွား နေသောနယ်မြေများကို ဖြတ်သန်းသွားရာ မကျေလည်မှုများစွာကို ဖြစ်ပေါ်စေခဲ့ပါသည်။ ကန့်ကွက်သူများ၏ အသံများငြိမ်သက်သွားစေရန်အတွက် Premier Oil သည် ၎င်း၏ရှယ်ယာများကို မလေးရှား နိုင်ငံပိုင် ရေနံကုမ္ပဏီဖြစ်သော Petronas သို့ ရောင်းချခဲ့လေသည်။

          ပြီးခဲ့သော ဇူလိုင်လက CNPC က ဘင်္ဂလားပင်လယ်အော်ရှိ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်း မှ တရုတ်ပြည်သို့သွယ်တန်းမည့် ပိုက်လိုင်းစီမံကိန်းတွင် ရှယ်ယာ 49.9% ပါဝင်ရန် ဒေ၀ူးသို့ ကမ်းလှမ်းခဲ့ပါသည်။ အဆိုပါ ပိုက်လိုင်းသည် ယူနန်သို့ 870 ကီလိုမီတာရှည်မည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ဘီလီယံ ကုန်ကျမည်ဖြစ်သည်။

          တရုတ်နိုင်ငံသည် စွမ်းအင်ရရှိမှုအတွက် မနားတမ်း ကြိုးပမ်းလျက်ရှိရာ ၎င်း၏အိမ်နီးချင်း နိုင်ငံများနှင့် ညှိနှိုင်းရရှိရုံမက အာရှအလယ်ပိုင်းမှ စွမ်းအင်အရင်းအမြစ် ကြီးမားစွာပိုင်ဆိုင်သော တာခ့်မင်နစ္စတန်နှင့် ကာဇက်ကစ္စတန်တို့ကိုပါ စည်းရုံးညှိနှိုင်းနိုင်ခဲ့ပါသည်။ ထို့အပြင် သြစတေးလျမှ Liquefied Natural Gas (LNG) တင်ပို့မှုကိုလည်း ၀ယ်ယူရန် ညှိနှိုင်းနိုင်ခဲ့ပါသည်။ အစောပိုင်းကပင် တရုတ်နိုင်ငံ၏ Petro China သည် သြစတေးလျအနောက်မြောက်ဘက်မှ LNG တင်ပို့မှု စံချိန်တင်တန်ဖိုး အမေရိကန်ဒေါ်လာ 41 ဘီလီယံကိုဝယ်ယူရန် Exxon Mobil နှင့် သဘောတူစာချုပ် ချုပ်ဆိုခဲ့ပြီးဖြစ်ပါသည်။


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---