Transparency Myanmar

transparency.myanmar@gmail.com

AP News

Date: 12 - Nov -2009

          မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ဖြစ်ထွန်းရေး လုပ်ငန်းစဉ်ကို တွန်းအားပေးရန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ရော့ဟမ် ကလင်တန်က တရုတ်နှင့် အိန္ဒိယအား တိုက်တွန်းလိုက်သည်။

          ၁၉၆၂ ကပင် စစ်ဖက်က အုပ်ချုပ်ခဲ့သော မြန်မာနိုင်ငံ၏ လက်ရှိအနေအထားကို ဖြေရှင်းရန် ဒေသတွင်း နိုင်ငံများ၏ ကျယ်ပြန့်စွာ ပူးပေါင်းဆောင်ရွက်မှု လိုအပ်သည်ဟု သူမက ပြောကြားခဲ့ သည်။

          သူမသည် လာမည့် သီတင်းပတ်ကုန်တွင် ကျင်းပမည့် APEC ထိပ်သီးညီလာခံ အကြိုအဖြစ် ကျင်းပသော APEC နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး တက်ရောက်ရန် စင်္ကာပူသို့ ရောက်ရှိ နေခြင်း ဖြစ်သည်။

          တရုတ်နိုင်ငံသည် အရေးကြီးသော ကဏ္ဍမှ ပါဝင်ရန် အခွင့်အရေးများ ရှိနေသည်ဟု သူမက ဗုဒ္ဓဟူးနေ့တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

          တရုတ်သည် မြန်မာနိုင်ငံ၏ အကြီးဆုံး မိတ်ဖက်နိုင်ငံဖြစ်၍ အာဆီယံကလည်း စစ်မှန်သော ဒီမိုကရေစီကို ခွင့်ပြုရေးအတွက် မြန်မာအစိုးရကို စည်းရုံးသိမ်းသွင်းရန် ကြိုးစားနေခဲ့ပါသည်။

          ၂၀၁၀ တွင် လွတ်လပ်၍ မျှတသော ရွေးကောက်ပွဲများ ကျင်းပရေးအတွက် မြန်မာအစိုးရကို အားလုံးက တိုက်တွန်း  စည်းရုံးကြရမည်ဟု ကလင်တန်က ဆိုပါသည်။


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

From Radio Australia News

Date: 11 - Nov - 2009

          အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်သည် မြန်မာနိုင်ငံနှင့် ပတ်သက်၍ ASEAN နိုင်ငံများအား ပိုမို ဖိအားပေးနိုင်ရန် စင်္ကာပူနိုင်ငံသို့ ရောက်ရှိနေပါသည်။

          ကလင်တန်က မြန်မာစစ်အစိုးရ၏ ကြမ်းတမ်းသော အုပ်ချုပ်မှုကြောင့် ဒေသတွင်း မငြိမ်သက်မှုများကို ဖြစ်စေပြီး၊ မည်သူ့ကိုမျှ ကောင်းကျိုးမပေးကြောင်း ပြောကြားခဲ့ပါသည်။

          ပြည်တွင်းရေး ပြဿနာများဖြစ်၍ သူ့ကိစ္စသူဖြေရှင်းရန် ဝင်ရောက် မစွက်ဖက်သော်လည်း ပြဿနာသည် ပြည်တွင်း၌သာ ပြီးဆုံးသွားခြင်း မရှိကြောင်း သူမက ဆက်ပြောပါသည်။

          ဒုက္ခသည်များ မြန်မာနိုင်ငံတွင်းမှ ထွက်ပြေးလာနေသည်ကို မိမိတို့ တွေ့မြင်နေရကြောင်း၊ မလေးရှားသို့လှေများဖြင့် ထွက်ပြေးကြသူများ၊ အင်ဒိုနီးရှား၊ သြစတြေးလျတို့အထိ ထွက်ပြေးသူ များ၊ နယ်စပ်ကို ဖြတ်၍ ထိုင်းနိုင်ငံသို့ ထွက်ပြေးသူများ စသည်ဖြင့် မတည်ငြိမ်မှုများသည် မည်သူ့ကိုမျှ ကောင်းကျိုးမပေးကြောင်း ကလင်တန်က ပြောပါသည်။

          ဟီလာရီကလင်တန်သည် စင်္ကာပူနိုင်ငံတွင် ကျင်းပပြုလုပ်နေသော APEC နှစ်ပတ်လည် ညီလာခံ တက်ရောက်ရန် ရောက်ရှိနေခြင်း ဖြစ်ပါသည်။

          Obama အစိုးရသည် စစ်အစိုးရ အုပ်ချုပ်သော မြန်မာနိုင်ငံကို ပိုမို၍ ထိရောက်သော ချဉ်းကပ်မှုများ ချမှတ်နိုင်ရန် အထူးသဖြင့် ASEAN နိုင်ငံများနှင့် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးထား ကြောင်း ကလင်တန်က ပြောပါသည်။

 

ASEAN တာဝန်ဝတ္တရားများ

        အထူးသဖြင့် ယခုကိစ္စ၌ ASEAN တွင် များစွာ တာဝန်ရှိကြောင်း ယုံကြည်သည်ဟု ကလင်တန်က မှတ်ချက်ပေးပါသည်။

          ဒေသတွင်းမှ နိုင်ငံများသည် ကဏ္ဍတစ်ခုမှ ပါဝင် လှုပ်ရှားသည်ကို မိမိတို့ မြင်တွေ့လိုကြောင်း နှင့် ASEAN သည် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်သည်ကို မိမိတို့ မျှော်လင့်ကြောင်း ကလင်တန်က ပြောကြားလိုက်ပါသည်။

          အကယ်၍ မိမိတို့အနေဖြင့် မြန်မာနိုင်ငံအစိုးရကို မြန်မာ့လူ့အဖွဲ့အစည်းရှိ အလွှာပေါင်းစုံမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးမှုကို တိုက်တွန်းနိုင်ခဲ့မည်ဆိုပါက၊ အခြားနိုင်ငံများနှင့် ASEAN ကပါ ပါဝင်တိုက်တွန်းနိုင်ရန် မျှော်လင့်ကြောင်း၊ ASEAN အနေဖြင့် အကူအညီပါပေးနိုင် ကြောင်း သူမကပြောပါသည်။

          မြန်မာစစ်အစိုးရသည် ၂၀၁၀ တွင် ရွေးကောက်ပွဲ ကျင်းပပေးမည်ဟု ပြောကြားခဲ့ရာ၊ ရွေးကောက်ပွဲမတိုင်မီ ဒေါ်အောင်ဆန်းစုကြည်အား လွှတ်မပေးမည်ကို ကမ္ဘာ့ခေါင်းဆောင်များက  စိုးရိမ်လျက် ရှိကြောင်း ဖော်ပြလာကြပါသည်။

          ဟီလာရီကလင်တန်က မြန်မာနိုင်ငံတွင် သိက္ခာရှိသော ရွေးကောက်ပွဲ ဖြစ်ပေါ်လာရေးအတွက် ဝိုင်းဝန်းကူညီရေးသည် အရေးကြီးကြောင်း ပြောခဲ့ပါသည်။

          သူမ၏ ဝေဖန်ချက်များသည် ပြီးခဲ့သည့်အပတ်က Kurt Campbell နှင့်အဖွဲ့ မြန်မာနိုင်ငံသို့ သွားရောက်အပြီး ထွက်ပေါ်လာခြင်း ဖြစ်ပါသည်။

          ၎င်းနောက် မြန်မာ အဆင့်မြင့်သံတမန်ကလည်း အစိုးရသည် ရွေးကောက်ပွဲတွင် ကဏ္ဍတစ်ခု ပါဝင်နိုင်ရန် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါ သည်။


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

VOA News

Date: 11 - Nov -2009

          အဆင့်မြင့် အမေရိကန်သံတမန်တစ်ဦးသည် အပယ်ခံ မြောက်ကိုရီးယားနိုင်ငံသို့ သွားရောက်လိမ့်မည် ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ပြောကြားခဲ့ပါသည်။ ယခုအပတ်တွင် ကိုရီးယားနှစ်နိုင်ငံကြား ရေတပ်ပြဿနာ ဖြစ်ပွားခဲ့ပါသည်။

          စင်္ကာပူနိုင်ငံတွင် ကျင်းပလျက်ရှိသော APEC ထိပ်သီးအစည်းအဝေး၏ အရန်ဆွေးနွေးပွဲ တစ်ခုတွင် ကလင်တန်က ဗုဒ္ဓဟူးနေ့က မှတ်ချက်ပေးခဲ့ခြင်း ဖြစ်ပါသည်။

          အမေရိကန်ပြည်ထောင်စုသည် အထူးကိုယ်စားလှယ် Stephen Bosworth ကို ခြောက်နိုင်ငံ နျူကလီးယားလက်နက် အစီအစဉ်အတွက် ဆွေးနွေးပွဲ ပြန်လည် ကျင်းပနိုင်ရေးအတွက် ပြုံယမ်းသို့ စေလွှတ်မည် ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနမှ အင်္ဂါနေ့က ကြေညာခဲ့ပါသည်။ ပြုံယမ်းသည် ဧပြီလက ခြောက်နိုင်ငံဆွေးနွေးပွဲမှ ထွက်ခွာခဲ့ပါသည်။

          ကိုရီးယားကျွန်းဆွယ် အနောက်ဖက်ကမ်းရိုးတန်းတွင် ကိုရီးယားနှစ်နိုင်ငံ စစ်သင်္ဘောများ ပြီးခဲ့သည့် အင်္ဂါနေ့က အပြန်အလှန် ပစ်ခတ်ခဲ့ကြပါသည်။

          ကလင်တန်သည် ASEAN နိုင်ငံများအား စစ်တပ် အုပ်ချုပ်သော မြန်မာနိုင်ငံတွင် ဒီမိုကရေစီအတွက် ၂၀၁၀ တွင် ရွေးကောက်ပွဲ ဖြစ်မြောက်ရေးကို တွန်းအားပေးကြရန် တိုက်တွန်းခဲ့ပါ သည်။

          ပြီးခဲ့သည့် ရက်သတ္တပတ်က (၁၄) နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အမေရိကန် အဆင့်မြင့် အာဏာပိုင်နှစ်ဦးသည် မြန်မာနိုင်ငံသို့ သွားရောက်ကာ ဗိုလ်ချုပ်များနှင့်လည်းကောင်း၊ ထိန်းသိမ်းခံထားရသော အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်းကောင်း တွေ့ဆုံခဲ့ပါသည်။


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---