Transparency Myanmar

transparency.myanmar@gmail.com

      မြန်မာနိုင်ငံအပေါ် သံတမန်ဆက်ဆံရေး မူဝါဒသစ်မျိုးဖြင့် ပြောင်းလဲ ကျင့်သုံးခဲ့သော်လည်း မြန်မာစစ်အစိုးရအနေဖြင့် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် ထားရှိသည့် သဘောထားများ ရုတ်တရက် ပျော့ပျောင်းလာမည်ဟု မမျှော်လင့်မိကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ဖိလစ်ပိုင်နိုင်ငံတွင် ပြောကြား သည်။

          "ကျွန်မကတော့ အဲဒီလိုပဲ သံသယဖြစ်မိတယ်။ ရုတ်တရက် ပြောင်းလဲလာမယ်လို့ မမျှော်လင့်မိဘူး။ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အချိန်တော်တော် ယူရမယ်။ စိတ်လည်း ရှည်ရမယ်" ဟု ဟီလာရီက မနီလာမြို့တွင် ကျင်းပပြုလုပ်သော ပြည်သူ့ရေးရာ ဖိုရမ်တွင် ပြောကြားသည်။ အမေရိကန်နှင့် မြန်မာစစ်ခေါင်းဆောင်များ တွေ့ခွင့်ရမည့် အာရှပစိဖိတ် ထိပ်သီး စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့၏ ထိပ်သီးဆွေးနွေးပွဲ နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ် ချုပ်မှ လွတ်မြောက်နိုင်ခြင်းရှိ၊ မရှိ ကို အေပီသတင်းဌာနက မေးမြန်းမှုအား ဟီလာရီကလင်တန်က ဖြေကြားခြင်း ဖြစ်သည်။

          စင်ကာပူနိုင်ငံတွင် လက်ခံကျင်းပသော အဆိုပါ ထိပ်သီးဆွေးနွေးပွဲ၌ မြန်မာစစ်အစိုးရ ခေါင်းဆောင်များနှင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ ခေါင်းဆောင်များ တွေ့ဆုံခွင့်ရမည် ဖြစ်သလို အမေရိကန် သမ္မတ အိုဘားမားနှင့်လည်း တွေ့ခွင့်ရမည် ဖြစ်သည်။ အဆိုပါတွေ့ဆုံမှု သည် မြန်မာစစ်အစိုးရခေါင်းဆောင်များ နှင့် အမေရိကန်သမ္မတတို့ နှစ်ပေါင်း ၄၃ နှစ်အတွင်း ပထမဆုံးအကြိမ်တွေ့ဆုံမှု ဖြစ်သည်။

          ဤသို့ တွေ့ဆုံခြင်းမှာလည်း အမေရိကန်အစိုးရက မကြာသေးခင် လပိုင်းလောက်က ပြောင်းလဲခဲ့သော မူဝါဒသစ်ကြောင့် ဖြစ်သည်။ အမေရိကန်အစိုးရက မြန်မာစစ်အစိုးရအား ချော့တစ်ခါ ခြောက်တစ်လှည့် ဗျူဟာမျိုးဖြင့် ပြောင်းလဲကျင့်သုံးရန် ဆုံးဖြတ်ခဲ့သည်။ ယခင် သမ္မတဘွတ်ရှ်လက်ထက်က မြန်မာနိုင်ငံအပေါ် တင်းမာသည့် သဘောထားမျိုးဖြင့် ဆက်ဆံပြီး ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ခဲ့သော်လည်း ယခု သမ္မတ အိုဘားမားက စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ် သွားမည်ဟု ဆိုသည်။ သို့သော် ဥရောပ နိုင်ငံများနှင့် အတူ ချမှတ်ထားသည့် ပိတ်ဆို့မှုမူဝါဒများကိုမူ ဆက်လက်ကျင့်သုံး သွားမည် ဖြစ်သည်။

          မည်သို့ဆိုစေ ဟီလာရီကလင်တန်က သူမ၏ အာရှခရီးစဉ်များအတွင်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ စိတ်ဓာတ်ကို ချီးမွမ်း ပြောဆိုခဲ့သည်။

          "မြန်မာစစ်အစိုးရခေါင်းဆောင်ပိုင်း တွေဟာ သမိုင်းရဲ့မှားတဲ့ဘက်အခြမ်းမှာ ရောက်နေတယ်လို့ကျွန်မက ခြွင်းချက် မရှိယုံပါတယ်။ တစ်ခုမေးရမှာက သူတို့ တစ်တွေ အဲဒီမှားနေတဲ့ဘက်မှာ ဘယ်လောက်ကြာကြာ ဆက်နေကြမလဲ ဆိုတာပါပဲ" ဟု ဟီလာရီကဆိုသည်။

အေပီသတင်းဌာန၏ Clinton see no quick change in Myanmar ကိုဘာသာ ပြန်ထားခြင်းဖြစ်သည်။


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

          မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ် အကျယ်ချုပ် ဖမ်းဆီး ထိန်းသိမ်းထားခြင်းမှ ခြွင်းချက်မရှိ လွှတ်ပေးရန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က မြန်မာစစ်အစိုးရကို ထပ်မံ တောင်းဆိုလိုက်သည်။ မကြာမီရက်ပိုင်း အတွင်း ကျင်းပတော့မည့် အာရှပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာအဖွဲ့၏ ထိပ်သီးဆွေးနွေးပွဲတွင် မြန်မာစစ်အစိုးရခေါင်းဆောင်များနှင့် အမေရိကန်အစိုးရခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးမည်ဟုလည်း ဟီလာရီကလင်တန်က ပြောကြားသည်။

          နှစ်ပေါင်း ၁၄ နှစ်တာမျှ ဖမ်းဆီး ထိန်းသိမ်းခံနေခဲ့ရသော ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်တွင် အခြားသူများနည်းတူ နိုင်ငံရေးလှုပ်ရှားခွင့် အပြည့်အဝ ရှိကြောင်း ဟီလာရီကလင်တန်က ပြောကြားသည်။ "ဒေါ်အောင်ဆန်းစုကြည်ကို နှစ်ပေါင်းများစွာ ဖမ်းဆီး ထိန်းသိမ်းထားတဲ့ ကိစ္စဟာ အခြေအမြစ် လုံးဝမရှိတဲ့ ကိစ္စတစ်ခုလို့ပဲ ကျွန်မတို့က ယုံကြည်တယ်" ဟု ဟီလာရီကလင်တန်က ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။  လာမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် အတိုက်အခံ နိုင်ငံရေး အင်အားစုများ  အားလုံး လွတ်လပ်စွာ ၀င်ရောက် ယှဉ်ပြိုင်ခွင့်ပေးရန် ဟီလာရီကလင်တန်က မြန်မာ စစ်အစိုးရအား တိုက်တွန်း ပြောဆိုသည်။

          ယခုထိပ်သီးဆွေးနွေးပွဲတွင် အမေရိကန်နှင့် မြန်မာစစ်အစိုးရ ခေါင်းဆောင်များ တွေ့ခွင့်ရကြမည် ဖြစ်သော်လည်း သီးသန့် ဆွေးနွေးမှုများ ပြုလုပ်ရန် စီစဉ်ထားခြင်း မရှိကြောင်း ပြောဆိုသည်။ အစည်းအဝေးတွင် ဆုံတွေ့ခြင်းသာ ဖြစ်ပြီး မြန်မာ့အရေးကိစ္စအတွက် သီးသန့် ဆွေးနွေး မှုမျိုးမရှိဟု ကလင်တန်က ဆိုလိုခြင်း ဖြစ်သည်။

          "ပထမဆုံးပြောချင်တာက ဆွေးနွေးမှုမျိုး မရှိဘူး ဆိုတာပါ။ ဒါပေမဲ့ အဲဒီ ထိပ်သီးဆွေးနွေးပွဲမှာ ကျွန်မအပါအ၀င် သမ္မတအိုဘားမားနဲ့ တခြားခေါင်းဆောင်တွေ အားလုံးအနေနဲ့ မြန်မာစစ်အစိုးရ ခေါင်းဆောင်တွေကို တွေ့ဆုံခွင့်ရမယ့် ကိစ္စဟာ အခွင့်အရေးတစ်ခုပါပဲ" ဟု ဟီလာရီကလင်တန်က ပြောသည်။

          အမေရိကန်သမ္မတ အိုဘားမား အုပ်ချုပ်ရေးအဖွဲ့သည် မြန်မာနိုင်ငံ ဒီမိုကရေစီအသွင် ကူးပြောင်းရေးအတွက် စစ်အစိုးရနှင့် ထဲထဲဝင်ဝင် စေ့စပ်ညှိနှိုင်းမည် ဟု ထုတ်ဖော် ပြောဆိုခဲ့သည်။ ကာလကြာရှည်စွာ ကျင့်သုံးခဲ့သော စီးပွားရေးပိတ်ဆို့မှု မူဝါဒမှာ မြန်မာ့ဒီမိုကရေစီ အရေးအတွက် အလုပ်မဖြစ်နိုင်ဟု သဘော ပေါက်လာသောကြောင့် စေ့စပ်ညှိနှိုင်းမှုဖြင့် ချဉ်းကပ်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

          လာမည့် ၂၀၁၀ ရွေးကောက်ပွဲတွင်လည်း မြန်မာအတိုက်အခံ နိုင်ငံရေး အင်အားစုများ ပါဝင်ခွင့်ရမည်ဟု မထင်မြင်မိကြောင်း ဟီလာရီက ဆိုသည်။ "မြန်မာပြည်အပေါ်မှာ ထားတဲ့ ပိတ်ဆို့မှု မူဝါဒတွေကို ဖယ်ရှားပေးဖို့ အစီအစဉ် မရှိသေးပါဘူး" ဟု သူမက ဆိုသည်။

အေပီသတင်းဌာန၏ Clinton urges Myanmar to free Suu Kyi ကိုဘာသာ ပြန်ဆိုထားခြင်းဖြစ်သည်။


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

From Bloomberg.com

13 Nov 2009

          အမေရိကန်သမ္မတ ဘားရတ်အိုးဘားမားသည် အာရှတစ်ခွင် ၈ ရက်ခရီးစဉ်ကို စတင်ရန် တိုကျိုသို့ ယနေ့ ရောက်ရှိလာပြီး ဒေသတွင်း အမေရိကန်၏ လွှမ်းမိုးနိုင်မှုကို ဆက်လက် ထိန်းသိမ်းထားရန် ရည်ရွယ်ထားကြောင်း အခိုင်အမာ ရှင်းလင်းပြရန်အတွက် အမေရိကန်၏ အဓိက မြီရှင်၊ ကုန်သွယ်ဖက် ဂျပန်နှင့် တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ပါသည်။

          အစည်းအဝေးပြီးနောက် သောကြာနေ့ ညပိုင်းတွင် တိုကျို၍ ဂျပန်ဝန်ကြီးချုပ် မူကီယို ဟာတိုယားမားနှင့်အတူ သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည် ဖြစ်သည်။ အိုဘားမားသည် စနေနေ့တွင် မိန့်ခွန်း ပြောကြားမည် ဖြစ်ပြီး ကုန်သွယ်ရေး၊ ရာသီဥတု ပြောင်းလဲခြင်း၊ နျူကလီးယား လက်နက်ပြန့်ပွားမှု တားဆီးရေးတို့ အပါအဝင် ပထဝီနိုင်ငံရေးနှင့် စီးပွားရေးကိစ္စများပေါ်တွင် အခြေတည်ထားသည့် မဟာမိတ် ပစိဖိတ်ဒေသအပေါ် ရှုမြင်သုံးသပ်ချက်ကို ရှင်းလင်းတင်ပြရန် ရည်ရွယ်ထားပါသည်။

          ဝါရှင်တန်ရှိ Peterson Institute for International Economics မှ ဒါရိုက်တာ Fred Bergsten က ယခု မိန့်ခွန်းနှင့်တကွ အိုဘားမား၏ ကျန်ခရီးစဉ်အားလုံးကို အာရှနိုင်ငံများက အနီးကပ် စောင့်ကြည့်နေကြပြီး တရုတ်ကို ချိန်ခွင်လျှာညှိရန်အတွက် ဒေသတွင်းသို့ အမေရိကန်က ပိုမို တက်ကြွ လှုပ်ရှားသော အစီအစဉ်များ ယူဆောင်လာခြင်းကို မျှော်လင့်နေကြသည်ဟု ပြောကြားပါသည်။

          အိုဘားမားအစိုးရသည် ယခုအချိန်အထိ အာရှနိုင်ငံများနှင့် ကုန်သွယ်ရေး စီးပွားရေးကဏ္ဍများတွင် ထိရောက်သော ညှိနှိုင်းဆွေးနွေးမှုများ အားနည်းနေခြင်းနှင့် ပတ်သက်ပြီး အာရှတွင် စိတ်ပျက် အားလျော့နေကြသည်ဟု Bergsten ကဆိုပါသည်။ ကုန်သွယ်ရေး ကိစ္စနှင့်တကွ အရာရာတွင် အမေရိကန် ၏ လှုပ်ရှားမှု မရှိပါက တရုတ်ကို အခွင့်အရေးပေးသလို ဖြစ်သွားလိမ့်မည်ဟု ၎င်းက ဆက်လက် ပြောကြားပါသည်။

          အစိုးရတာဝန်ရှိ ပုဂ္ဂိုလ်များ၏ ပြောကြားချက်အရ အမေရိကန်သည် ခေါင်းဆောင်မှု အနေအထားကို လက်လွှတ်မည် မဟုတ်ကြောင်း သိသာသော သင်္ကေတပြသရန် အိုဘားမားက ဆန္ဒရှိနေသည်ဟု ဆိုပါသည်။

ခရီးရှည်

          လွန်ခဲ့သော ဆယ်စုနှစ်အတွင်း အာရှတွင် အမေရိကန်၏ သြဇာ တဖြည်းဖြည်း ကျဆင်းနေသည့် အချိန်တွင် တရုတ်၏ သြဇာလွှမ်းမိုးမှု ကြီးမားလာသည်ဟု ဒေသတွင်း အများစုက လက်ခံထား ကြသည်ဟု အမျိုးသား လုံခြုံရေးကောင်စီမှ အာရှရေးရာ ဒါရိုက်တာ Jeffrey Bader က ပြောပါသည်။ ယခု ခရီးစဉ်တွင် သမ္မတကြီး ပြောမည့် သတင်းစကားများအနက် တစ်ခုမှာ "မိမိတို့အားလုံးသည် အာရှပစိဖိတ်နိုင်ငံ ဖြစ်သည်။ မိမိတို့သည် ခရီးရှည် ချီတက်ရန် ရောက်ရှိနေခြင်း ဖြစ်သည်"ဟု ဆိုပါသည်။

          အိုဘားမားသည် တိုကျို၊ စင်ကာပူ၊ ရှန်ဟိုင်း၊ ဘေဂျင်း၊ ဆိုးလ် မြို့များတွင် ရပ်နားမည် ဖြစ်ပြီး စီးပွားရေး လျင်မြန်စွာ ကြီးထွား တိုးတက်လာသော အဆိုပါ အာရှနိုင်ငံများနှင့် ကုန်သွယ်ရေး မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေးကိစ္စများကို တိုးတက်လာစေရန် ကြိုးစားမည် ဖြစ်သည်။ ၎င်းအပြင် အမေရိကန်အပေါ် မှီခိုမှု ကင်းလွတ်အောင် ကြိုးစားသွားမည်ဟု ပြောကြားထားသော ဂျပန်ခေါင်းဆောင်နှင့်လည်း ဆက်ဆံရေး တိုးတက်အောင် ဆောင်ရွက်မည် ဖြစ်သည်။

          တိုကျိုတွင် မိန့်ခွန်းပြောကြားရာတွင် ဟာတိုယားမား ရာထူးရရှိလာခြင်းကြောင့် အမေရိကန်၏ မဟာမိတ်အနေအထား ပြောင်းလဲသွားမည် မဟုတ်ကြောင်း၊ အိုဘားမားက ထပ်မံ အတည်ပြု ပြောဆိုမည် ဖြစ်ပါသည်။ ဟာတိုယားမား၏ ဒီမိုကရက်တစ်ပါတီသည် ပြီးခဲ့သော သြဂုတ်လ က ရာစုနှစ်တစ်ဝက်မျှ  အာဏာရခဲ့သည့် လစ်ဘရယ်တီကို အနိုင်ရခဲ့ခြင်း ဖြစ်သည်။

          အသက် ၆၂ နှစ်ရှိ ဟာတိုယားမားနှင့် DPJ ပါတီက အမေရိကန်ပြည်ထောင်စုနှင့် တန်းတူညီတူ ဆက်ဆံသွားမည်ဟု ပြောကြားခဲ့ပြီး ဘိုကီနာဝါကျွန်းပေါ်ရှိ အမေရိကန် စစ်စခန်းများကို သက်တမ်းတိုးပေးခဲ့သည့် ၂၀၀၆ သဘောတူညီချက်ကို ပြန်လည် စဉ်းစားမည်ဟု ဂျပန်ပြည်သူများကို ကတိပေးခဲ့သည်။ နိုဝင်ဘာ ၁၀ ရက် NHK ရုပ်သံနှင့် အင်တာဗျူးတွင် အိုဘားမားက ဂျပန်အနေနှင့် သဘောတူ ညီချက်ကို လေးစား လိုက်နာသင့်သည်ဟု ပြောခဲ့သည်။

အာဖဂန်အကူအညီ

          လက်ရှိ အမေရိကန် နိုင်ငံခြားရေးမူဝါဒ၏ အရေးကြီးဆုံး ကဏ္ဍဖြစ်သော အာဖဂန်နစ္စတန်တွင် အမေရိကန် ဦးဆောင်သော မဟာမိတ်များနှင့်အတူ ဂျပန်နိုင်ငံ ပူးပေါင်းကူညီရေးကိုလည်း အိုဘားမားက ကြိုးစားဦးမည် ဖြစ်သည်။ အာဖဂန်စစ်ပွဲတွင် လောင်စာဆီဖြည့်တင်းရေး တာဝန် ထမ်းဆောင်နေသော ရေတပ်သင်္ဘောအုပ်စုကို ရုတ်သိမ်းပြီး အာဖဂန်ထူထောင်ရေး ရန်ပုံငွေ ဒေါ်လာ ၅ ဘီလျံပေးမည့် ဟာတိုယားမား၏ ဆုံးဖြတ်ချက်ကို မကျေမနပ်ဖြစ်နေသော အမေရိကန်အား ယခုအပတ်တွင် ဂျပန်က လျော့ပေးရန် ကြိုးစားခဲ့ပါသည်။

          ခေါင်းဆောင် ၂ ဦးသည် သက္ကရာဇ် ၂၀၅၀ တွင် ကမ္ဘာ့ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကို ၈၀% လျော့ချသွား၇န် ရည်ရွယ်သည့် ကြေငြာချက်ကိုလည်း ထုတ်ပြန်လိမ့်မည်ဟု Nikkei English News သတင်းများအရ သိရပါသည်။

          ဂျပန်မှတဆင့် အိုဘားမားသည် စင်ကာပူတွင် ရပ်နားကာ APEC အဖွဲ့ဝင် နိုင်ငံ ၂၀ မှ ခေါင်း ဆောင်များနှင့် အတူညီလာခံ တက်ရောက်မည် ဖြစ်သည်။

          APEC အဖွဲ့ဝင်နိုင်ငံများသည် ကြီးမားသော ကမ္ဘာ့အိမ်သုံးပစ္စည်း ထုတ်လုပ်ရေး၏ ထွက်ကုန် တစ်ဝက်ကျော်ခန့်ကို ထုတ်လုပ်သူများ ဖြစ်သည်။

          APEC ညီလာခံအပြီး နောက်တစ်ရက်တွင် တရုတ်သို့ နှစ်ရက်ကြာ သွားရောက်လည်ပတ်မည် ဖြစ်ပြီး အိမ်မပြန်ခင် တောင်ကိုရီးယားတွင် တစ်ထောက်နားမည် ဖြစ်သည်။

စီးပွားရေး ရင်းနှီးမြှုပ်နှံမှုများ

          အာရှတိုက်တွင် အမေရိကန်၏ ရင်းနှီးမှုပမာဏမှာ များသည်ဟု ဆိုရပါမည်။ IMF ၏ အစီရင်ခံစာတစ်ခုတွင် ယခင်လက ခန့်မှန်း တွက်ချက်မှုများအရ အာရှတိုက်၏ ဖွံ့ဖြိုးမှုနှုန်းသည် ၂၀၁၀ တွင် ၅.၇၅% တက်လာမည်ဖြစ်၍ G.7 ဂျီဆဲဗင်း နိုင်ငံများ၏ တိုးတက်မှုနှုန်းမှာ ၁.၂၅% သာရှိပါသည်။

          တရုတ်နှင့် ဂျပန်သည် ဒေါ်လာ ၁.၅ ထရီလီယံ တန်ဘိုးရှိ အမေရိကန်ငွေတိုက် စာချုပ်များကို ဝယ်ယူ ပိုင်ဆိုင်ထားပြီး အမေရိကန်က ၎င်း၏ ငွေးကြေး ဘတ်ဂျက်လိုအပ်မှုကြောင့် ချေးငှားခဲ့ခြင်း ဖြစ်သည်။ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်ဝမ်နှင့် စင်္ကာပူတို့၏ ကူးသန်းရောင်းဝယ်မှုမှာ စုစုပေါင်း အမေရိကန်ကုန်သွယ်ရေး ပမာဏ၏ ၂၅%ရှိသည်ဟု အမေရိကန် Census Bureau Figures စာရင်းများအရ သိရသည်။ ယခုကဲ့သို့ စီးပွားရေးအရ လျှင်မြန်စွာ ကြီးထွားခြင်းကြောင့် အာရှဒေသသည် အမေရိကန်နှင့် ကမ္ဘာလုံးဆိုင်ရာ ပြန်လည် နာလံထူရေးအတွက် အလွန် အရေးပါနေခြင်း ဖြစ်သည်။

          အာရှသည် ကမ္ဘာကြီး၏ အင်အားအကြီးဆုံး ဒေသဖြစ်လာသည်ဟု Center for Strategic and International Studies မှ အာရှရေးရာ ကျွမ်းကျင်သူ Michael Green က မှတ်ချက်ပေးပါသည်။ လက်ရှိ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး အကျပ်အတည်းမှ လွတ်မြောက်စေမည့် အဓိက အကြောင်းအရင်း ဖြစ်သည်ဟု ဆိုပါသည်။

          အာရှစီးပွားရေးကို တိုးတက်အောင် ကူညီမည့် အမေရိကန်ထက် နှိုင်းယှဉ်လျှင် အာရှနိုင်ငံများသည် တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်နေသည်ဟု ဆိုရပါလိမ့်မည်။

ကုန်သွယ်ရေးသဘောတူညီချက်များ

          အမေရိကန်ပြည်ထောင်စု မပါဝင်နိုင်သေးခင်မှာပင် အာရှနိုင်ငံများအတွင်း လွတ်လပ်စွာ ကုန်သွယ်ရေး စီမံချက်ပေါင်း ၇၀ ကျော် ပေါ်ထွက်လာခဲ့သည်ဟု Green က ပြောပါသည်။ ၂၀၀၇ ကပင် ညှိနှိုင်းနေခဲ့သော တောင်ကိုရီးယား အမေရိကန် ကုန်သွယ်ရေး သဘောတူညီချက်မှာ ကွန်ဂရက်လွှတ်တော် မဲခွဲဆုံးဖြတ်မှုကို စောင့်ဆိုင်းနေရဆဲ ဖြစ်သည်။

          အမေရိကန်သမ္မတ၏ ပထမဆုံး အာရှခရီးစဉ်အတွင်း အိုဘားမားသည် အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံ ဆွေးနွေးခြင်း ရှိ/မရှိ ကိုမူ ကြိုတင် မှန်းဆနိုင်ခြင်း မရှိပါဟု အိုဘားမား၏ ပြောရေးဆိုခွင့်ရ အရာရှိများက ပြောကြားပါသည်။ အိုဘားမားအစိုးရက ဒီမိုကရေစီ ထွန်းကားရေးအတွက် အစစ်အမှန် ဆောင်ရွက်ချက်များကို တစ်ဆင့်ပြီးတစ်ဆင့် ပြသရန် မြန်မာအစိုးရကို တိုက်တွန်းထားပါသည်။ အထိန်းသိမ်းခံ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ အားလုံးကို လွှတ်ပေးပြီး လွတ်လပ်၍ မျှတသော ရွေးကောက်ပွဲ ကျင်းပရန် အမေရိကန်က တောင်းဆိုထားပါသည်။

 


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

From the Irrawaddy

13 Nov 2009

          ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ ပါတီခေါင်းဆောင်များအား သူမနှင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တိုက်ရိုက်တွေ့ဆုံ၍ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာမှ ချမှတ်ထားသော အရေးပိတ်ဆို့မှုများ ဖယ်ရှားနိုင်ရေးအတွက် စကားပြောရန် အဆိုပြုထားကြောင်း NLD နှင့် နီးစပ်သော သတင်းများအရ သိရှိရပါ သည်။

ဗုဒ္ဓဟူးနေ့က ဒေါ်အောင်ဆန်းစုကြည်သည် NLD ပြောခွင့်ရ ပုဂ္ဂိုလ်ဦးဥာဏ်ဝင်းနှင့်တွေ့ဆုံ၍ သူမ၏အရေးကြီးသော အဆိုပြုချက်ကို NLD ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့သို့ အကြောင်းကြား ရန် ပြောကြားခဲ့ပါသည်။ ဦးဉာဏ်ဝင်းကမူ အဆိုပြုချက်ကို ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပါ။

သောကြာနေ့က ဧရာဝတီမှ ဦးဉာဏ်ဝင်းသို့ ဒေါ်အောင်ဆန်းစုကြည်နှင့် စီးပွားရေးအရေးယူ ပိတ်ဆို့မှုများနှင့် ပတ်သက်၍ ဗိုလ်ချုပ်မှူးသန်းရွှေနှင့် တွေ့ဆုံရန် ကိစ္စကို ဆွေးနွေးခဲ့ပါသလားဟု မေးမြန်းခဲ့ရာ အရေးယူ ပိတ်ဆို့မှုကိစ္စများမှာ အဆင့်မြင့် ပုဂ္ဂိုလ်များ စတင်ဆွေးနွေးရန် အသင့်တော်ဆုံးကိစ္စ ဖြစ်ကြောင်း ဖြေကြားပါသည်။ လာမည့် အင်္ဂါနေ့တွင် စောင့်ကြည့်ပါဟု ၎င်းက ပြောပါသည်။

၎င်းက ဆက်လက် ပြောကြားရာတွင် NLD ဗဟိုအလုပ်အမှုဆောင် ကော်မတီသည် ဒေါ်အောင်ဆန်းစုကြည်၏ အဆိုပြုချက်ကို တနင်္လာနေ့တွင် ဆွေးနွေးမည် ဖြစ်ပြီး အင်္ဂါနေ့တွင် ကြေညာချက် ထုတ်ပြန်မည် ဖြစ်ကြောင်းဆိုပါသည်။

ဖြစ်နိုင်သည်မှာ သူမ၏ ပါတီမှ ခွင့်ပြုခဲ့ပါက ဒေါ်အောင်ဆန်းစုကြည်သည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ဆုံရန် ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်မှ တစ်ဆင့် အဆိုပြုလိမ့်မည်ဟု ယူဆရပါသည်။

သတင်းများ၏ အဆိုအရ ဒေါ်အောင်ဆန်းစုကြည်သည် NLD ပါတီ၏ ကျန်းမာရေး မကောင်းသော ခေါင်းဆောင်သုံးဦးဖြစ်သော ဥက္ကဋ္ဌ ဦးအောင်ရွှေ၊ အတွင်းရေးမှူး ဦးလွင်နှင့် ဦးလွန်းတင်တို့ နေအိမ်များသို့ သွားရောက် လည်ပတ်ရန် အစိုးရထံ ခွင့်ပြုချက် တောင်းခံမည် ဖြစ်ကြောင်း သိရှိရပါသည်။

ယခင်က သူမ၏ စီးပွားရေး ပိတ်ဆို့မှုများကို ထောက်ခံခဲ့မှုကြောင့် စစ်အစိုးရက စိတ်ဆိုးခဲ့ပါသည်။ သို့သော် ပြီးခဲ့သည့်လများက ပိတ်ဆို့မှုများ ဖယ်ရှားရေးအတွက် အစိုးရနှင့် ပူးပေါင်းလုပ်ဆောင်ရန် ကမ်းလှမ်းခဲ့ပါသည်။ အမေရိကန်သည် မြန်မာနိုင်ငံနှင့် တိုက်ရိုက် ပြန်လည်ဆက်ဆံရန် မူဝါဒ ပြောင်းပြီး အဆင့်မြင့် ဗိုလ်ချုပ်များနှင့် အကြိုညှိနှိုင်းမှုများ ပြုလုပ်ခဲ့ချိန်မှစ၍ သူမ၏ ရပ်တည်ချက် ပြောင်းလဲသွားခြင်း ဖြစ်ပါသည်။

ပြီးခဲ့သည့် သြဂုတ်လက ဒေါ်အောင်ဆန်းစုကြည်သည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံသို့ စာရေးသား ပေးပို့ခဲ့ပြီး၊ အဆိုပါစာတွင် အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်ရန်နှင့် အရေးယူပိတ်ဆို့မှုများ၏ သဘောနှင့် သက်ရောက်မှုများကို အနောက်နိုင်ငံ သံတမန်များနှင့် ဆွေးနွေးခွင့်ပြုရန် အဆိုပြုခဲ့ပါ သည်။

ထို့ကြောင့် သူမသည် ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်နှင့် နှစ်ကြိမ် တွေ့ဆုံခဲ့ပြီး ရန်ကုန်အခြေစိုက် ဗြိတိန်၊ သြစတြေးလျနှင့် အမေရိကန်ပြည်ထောင်စုတို့မှ သံတမန်များနှင့် တွေ့ဆုံခွင့်ရခဲ့ပါ သည်။

ပြီးခဲ့သည့် တနင်္လာနေ့က ဖိလစ်ပိုင်နိုင်ငံ မနီလာတွင် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းလွင်က AP သတင်းဌာနသို့ မကြာခင် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန် အစီအစဉ်ရှိကြောင်း ပြောကြားခဲ့ပါသည်။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ် အကျယ်ချုပ်မှ လွှတ်ပေးလိမ့်မည် သို့မဟုတ် လွတ်လပ်စွာ ပိုမို လှုပ်ရှားခွင့် ပြုလိမ့်မည်ဆိုသော မျှော်လင့်ချက်များ ရန်ကုန်မြို့တွင် ပေါ်ထွက်ခဲ့ပါသည်။

ထိုအတောအတွင်း သောကြာနေ့က သူမ၏ ရှေ့နေများသည် ဗဟိုတရားရုံးသို့ သူမ၏ အမှုအတွက် အယူခံ တင်သွင်းခဲ့ပါသည်။

ကြာသပတေးနေ့တွင် အမေရိကန်ပြည်ထောင်စုက ၂၀၁၀ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်အား ပါဝင်ခွင့်မပြုပါက နိုင်ငံတကာ အသိုင်းအဝိုင်းက လက်ခံနိုင်ဖွယ် မရှိသော ရွေးကောက်ပွဲ အဖြစ် သတ်မှတ်လိမ့်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်ကလည်း လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲအဖြစ် သက်သေပြနိုင်ရန် ဒေါ်အောင်ဆန်းစုကြည်အား ချွင်းချက်မရှိ လွှတ်ပေးရန် တောင်းဆိုခဲ့ပါသည်။


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

(From The Washingtonpost)

13 - Nov - 2009

          အမေရိကန်သမ္မတ Barack Obama သည် ယခုအပတ် အာရှတိုက်တွင် အလုပ်များနေမည် ဖြစ်ပါသည်။ သူ၏ တိုကျို၊ စင်ကာပူ၊ ဘီဂျင်းနှင့် ဆိုးလ်တို့တွင် ပြုလုပ်မည့် အစည်းအဝေးများတွင် မြန်မာနိုင်ငံရှိ ဖိနှိပ်မှုများ၊ ဂျပန်နိုင်ငံရှိ အမေရိကန် စစ်စခန်းများနှင့် မြောက်ကိုရီးယား နျူကလီးယားလက်နက်ကိစ္စများကို ဆွေးနွေးလိမ့်မည် ဖြစ်ပါသည်။ အလုပ်လက်မဲ့ (၁၀.၂) ရာခိုင်နှုန်းနှင့် ရုန်းကန်နေရသော အမေရိကန်ပြည်ထောင်စု၏ သမ္မတ Obama သည် ကမ္ဘာပေါ်တွင် လျင်မြန်စွာ တိုးတက်စပြုနေသော ဒေသတွင်းတွင် အမေရိကန်နှင့် စီးပွားရေးနှင့် ပတ်သက်၍ ဆက်ဆံမှုများအတွက် အာရုံပြုလိမ့်မည် ဖြစ်သည်။

          အလွန်တရာ သိမ်မွေ့သော ပြဿနာတစ်ခုမှာ အာရှဒေသတွင်း အမေရိကန်နှင့် တရုတ်နှစ်နိုင်ငံ၏ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု စီးဝင်လာခြင်းများအပေါ် ပြန်လည်ချိန်ညှိရေးပင် ဖြစ်ပါသည်။ တရုတ်သည် ၎င်း၏ ပို့ကုန်မြှင့်တင်ရေးအတွက်၊ ဒေါ်လာငွေတန်ဖိုး ကျဆင်းနေချိန်တွင် သူ၏ ယွမ်ငွေကို ခိုင်မာအောင် ပြုလုပ်လျက် ရှိသည်။ အဆိုပါအချက်သည် အမေရိကန်နှင့် အခြားအာရှနိုင်ငံများကို ဒေသတွင်း ကုန်သွယ်မှုအတွက် မိမိတို့ ရှယ်ယာများ တွက်ချက်ရာတွင် ပိုမို ခက်ခဲစေမည် ဖြစ်ပါသည်။ ယခု နောက်ဆုံး အန္တရာယ်ရှိသော လက္ခဏာတစ်ခုမှာ ရုရှား၊ တောင်ကိုရီးယား၊ ထိုင်းနှင့် ဖိလစ်ပိုင် အစိုးရများသည် ထိခိုက်မည့် ဆိုးကျိုးများကို ထိန်းချုပ်ရန် ကြိုးပမ်းမှုအဖြစ် ဒေါ်လာကို အကြီးအကျယ် ဝင်ယူနေခြင်း ဖြစ်ပါသည်။ အဆိုပါ ကြိုးပမ်းမှုမှာ လက်တွေ့တွင် အန္တရာယ် ကြီးမားသော်လည်း သက်ဆိုင်ရာ တိုင်းပြည်၏ စိုးရိမ်မှုများနှင့် တိုင်းတာလျှင် အရေးကြီးနေပေသည်။ Obama အစိုးရသည် တရုတ်နှင့် အခြားအာရှနိုင်ငံများကို ပြည်တွင်းသုံးစွဲမှု မြင့်တက်လာရန် ပြုလုပ်ရေးအတွက် တွန်းအားပေးခဲ့ပါသည်။ အာရှဒေသမှလည်း အမေရိကန်ပြည်ထောင်စု၏ ငွေကြေးဆိုင်ရာ အခွန်ကိစ္စတို့ကို အစိုးရမှ စီမံ ခန့်ခွဲခြင်း စည်းမျဉ်းကို လက်ခံရေးအတွက် တောင်းဆိုနေကြပါသည်။

          အမေရိကန်၏ ကုန်သွယ်ရေး မူဝါဒ၏ ဟာကွက်များသည် အာရှတွင် အမေရိကန် စီးပွားရေး ပြိုင်ဆိုင်မှုများအတွက် အဓိက ခြိမ်းခြောက်မှုပင် ဖြစ်သည်။ ၂၀၀၇ ခုနှစ်က ကွန်ဂရက်သည် အနာဂတ် စီးပွားရေးနှင့် ပတ်သက်၍ ညှိနှိုင်းမှုများကို သမ္မတ၏ တမုဟုတ်ချည်း ဆုံးဖြတ်ချက်ကို ခွင့်ပြုထားခြင်းကို ဆက်လက်ထားရှိခြင်း မရှိခဲ့ပေ။ ထိုစဉ်က ကွန်ဂရက်ကို ဒီမိုကရက်များ ချုပ်ကိုင်ခဲ့ကြသည်။ Obama ကမူ ထိုအာဏာကို အသုံးပြုလိမ့်မည် မဟုတ်ပါ။ ယခုအချိန်ထိ Obama အစိုးရ၏ ကုန်သွယ်ရေးဆိုင်ရာ အရေးယူမှုအဖြစ် သံမဏိလုပ်သားများ သမဂ္ဂ၏ တောင်းဆိုချက်အရ တရုတ်နိုင်ငံမှ တင်သွင်းလာသော တာယာများကို အကောက်ခွန် ပိုမို ကောက်ခံခဲ့ခြင်း ဖြစ်သည်။ Bush အစိုးရလက်ထက်က အမေရိကန် - တောင်ကိုရီးယား လွတ်လပ်စွာ ကုန်သွယ်မှု သဘောတူညီချက် ညှိနှိုင်းဆွေးနွေးခဲ့မှုများမှာလည်း လက်မှတ် မရေးထိုးသည်မှာ နှစ်နှစ်ခန့်ရှိပြီ ဖြစ်သည်။ အဆိုပါ ကုန်သွယ်မှု သဘောတူညီချက်အရ ၉၅% သော လူသုံးကုန်နှင့် စက်မှုထုတ်ကုန်များသည် သုံးနှစ်အတွင်း အခွန် ကင်းလွတ်ခွင့်ရမည် ဖြစ်သည်။ အစိုးရ ခန့်မှန်းချက်အရ တစ်နှစ်လျှင် အမေရိကန်မှ တောင်ကိုရီးယားသို့ ပို့ကုန် ဒေါ်လာ ၁၀ ဘီလီယံဖိုးအထိ တိုးတက် တင်ပို့နိုင်မည် ဖြစ်သည်။ အမေရိကန် စီးပွားရေးလုပ်ငန်းအတော်များများက ထောက်ခံခဲ့ကြသည်။ သို့သော် Ford နှင့် Chrysler ကားကုမ္ပဏီများက ကန့်ကွက်ခဲ့ကြသည်။ အနာဂတ်တွင် အမေရိကန်၏ အကောက်ခွန် လျှော့ချရေးနှင့် အမေရိကန်ကားများ တောင်ကိုရီးယားတွင် တိုးချဲ့ရောင်းချရေးတို့မှာ ဆက်နွယ်နေသည့် အတွက်ကြောင့် ဟုဆိုပါသည်။

          Obama အစိုးရသည် ကိုရီးယားနှင့် သဘောတူညီချက်များကို ပြန်လည်သုံးသပ်မည် ဖြစ်ရာ ကြိုတင် အသိပေးထားပြီး ဖြစ်သည့် ကားကိစ္စ ပါဝင်ပါသည်။ သို့သော် ကိုရီးယားများကလည်း ငြိမ်နေမည် မဟုတ်ပေ။ ဆိုးလ်သည် ဥရောပသမဂ္ဂနှင့် သဘောတူညီချက်ကို အပြီးသတ် ဆောင်ရွက်နိုင်ခဲ့ပြီး ဥရောပသမဂ္ဂ အခြေစိုက် ကုမ္ပဏီများကို အမေရိကန်ကုမ္ပဏီများထက် ထရီလီယံဒေါ်လာတန်ဖိုးရှိ ကိုရီးယားဈေးကွက်တွင် အခွင့်အရေး ပိုမိုပေးမည် ဖြစ်ပါသည်။ အာရှနိုင်ငံများသည်လည်း မိမိတို့ကြားရှိ ကုန်သွယ်မှုနှင့် ပတ်သက်သော အတားအဆီးများကို ဖယ်ရှားလျက်ရှိပြီး အာရှဒေသကို လွတ်လပ်စွာ ကုန်သွယ်ရေးဒေသအဖြစ် ပြောင်းရန် ကြိုးပမ်းလျက် ရှိပါသည်။ အာရှ - ပစိဖိတ်ဒေသသည် ကမ္ဘာကြီး ၏ ပြည်တွင်းထုတ်လုပ်မှုများ၏ တစ်ဝက်ကျော်ကျော်ကို နေရာယူထားပြီး ကမ္ဘာကြီး၏ ကုန်သွယ်မှုတန်ဖိုး၏ ၄၄% ကို ဤဒေသမှ ပြုလုပ်ပါသည်။ အမေရိကန်ပို့ကုန် အတော်များများ၏ ခရီးဆုံးလည်း ဖြစ်ပါသည်။ Obama သည် အမေရိကန် ကုန်သွယ်ရေးမူဝါဒကို ပြန်လည် သန်စွမ်းလာအောင် ခြေလှမ်း မလှမ်းမချင်း ဤအာရှပစိဖိတ်ဒေသတွင် အမေရိကန်တို့ ကျန်ရစ်ခဲ့မည် ဖြစ်ပါသည်။ ပထမခြေလှမ်း အဖြစ် တောင်ကိုရီးယားနှင့် လွတ်လပ်စွာ ကုန်သွယ်မှု သဘောတူညီချက်ကို လက်မှတ် ရေးထိုးနိုင်သည်အထိ ဆောင်ရွက်ရန် လိုပေသည်။


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

12 Nov 2009

VOA News

          အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က တနင်္ဂနွေနေ့ စင်ကာပူတွင် ကျင်းပ မည့် အမေရိကန် အာဆီယံ ထိပ်သီးညီလာခံ၏ ဆက်စပ်အစည်းအဝေးတွင် သူမ (သို့မဟုတ်) သမ္မတ ဘားရက်အိုဘားမားနှင့် မြန်မာခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးဖွယ် ရှိသည်ဟု ပြောကြားပါသည်။ အိုဘားမားအစိုးရသည် အထိန်းသိမ်းခံ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပြီး လာမည့်နှစ်တွင် လွတ်လပ်မျှတ၍ သိက္ခာရှိသော ရွေးကောက်ပွဲ ကျင်းပပေးရန် မြန်မာတပ်မတော် ခေါင်းဆောင်များကို ဖိအားပေးနေပါသည်။

          အိုဘားမား အစိုးရသည် ယခင်အစိုးရ၏ ခွဲခြား ပစ်ပယ်ထားရေး မူဝါဒကို ချောင်ထိုးလိုက်ပြီး မြန်မာအစိုးရနှင့် ညှိနှိုင်းဆွေးနွေးရန် ကြိုးစားကာ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် တွန်းအားပေးလျက် ရှိပါသည်။

          နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ပြောကြားရာတွင် မြန်မာခေါင်းဆောင်များနှင့် တရားဝင်အစည်းအဝေး ကျင်းပရန် စီစဉ်ထားခြင်း မရှိသော်လည်း သူမ (သို့) သမ္မတအိုဘားမားနှင့် ထိပ်သီးအစည်းအဝေး တက်ရောက်လာသော မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်တို့ ကြိုတင် ချိန်းဆိုထားသော တွေ့ဆုံမှုမျိုး ဖြစ်နိုင်ဖွယ်ရှိသည်ဟု ဆိုပါသည်။

          ယခင်အပတ်က အမေရိကန် အကြီးတန်း သံတမန် ၂ ဦး မြန်မာသို့ သွားရောက်၍ ညှိနှိုင်း ဆွေးနွေးခဲ့ပါသည်။ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး အယ်လဘာတို ရိုမျူလိုနှင့် အတူ ပြုလုပ်သော မနီလာ သတင်းစာ ရှင်းလင်းပွဲတွင် ကလင်တန်က လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Kurt Campbell နှင့် လက်ထောက် Scot Marciel တို့၏ ခရီးစဉ်သည် အလွန်အောင်မြင်သည်ဟု ပြောကြားခဲ့ပါသည်။

          အမေရိကန်သံတမန် ၂ ဦးသည် စောင့်ကြပ် ကြည့်ရှုမှု မရှိဘဲ ဒေါ်အောင်ဆန်းစုကြည်နှင့် သီးသန့်တွေ့ဆုံခွင့်ကို ရရှိခဲ့ပါသည်။

          အမေရိကန်ပြည်ထောင်စုသည် ဒေါ်အောင်ဆန်းစုကြည်အား အကန့်အသတ်မရှိ လွှတ်ပေးရန် ဆက်လက် တောင်းဆိုသွားမည်ဟု ကလင်တန်က ပြောကြားခဲ့ပါသည်။ မြန်မာအစိုးရသည် နိုဘယ်ဆုရှင် ဒီမိုကရေစီခေါင်းဆောင်ကို ၁၉၉၀ ကပင် ဖမ်းဆီး ထိန်းသိမ်းထားခဲ့ခြင်း ဖြစ်သည်။

          မိမိတို့သည် မြန်မာအစိုးရအား ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေး လှုပ်ရှားသူများအားလုံးနှင့် "အိမ်တွင်းဆွေးနွေးပွဲ" ပြုလုပ်ရန် တိုက်တွန်း အားပေးနေပြီး သို့မှသာလျှင် လွတ်လပ်မျှတ သိက္ခာရှိသော ရွေးကောက်ပွဲကို ဦးတည်နိုင်လိမ့်မည်ဟု ကလင်တန်က ပြောပါသည်။

          ဤကိစ္စသည် အရေးကြီးသော မရှိမဖြစ် ပထမခြေလှမ်းဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးကို မိမိတို့အဆက်မပြတ် တောင်းဆိုသွားမည် ဖြစ်ကြောင်း၊ သူမအား နှစ်ပေါင်းများစွာ ထိန်းသိမ်းထားခြင်းသည် အခြေအမြစ်မရှိဟု မိမိတို့ယုံကြည်ကြောင်း၊ သူမသည် နိုင်ငံရေး အတိုက်အခံ အဖွဲ့အစည်း၏ ခေါင်းဆောင်ဖြစ်၍ ဖမ်းဆီးထားခြင်းသာ ဖြစ်ကြောင်း ကလင်တန်က ဆက်လက် ပြောကြားပါသည်။

          ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ နိုင်ငံရေး ဦးဆောင်ကဏ္ဍကို ပြန်လည်စတင်ရန် အခွင့်အရေး အပြည့်အဝရှိပြီး သူမ၏ အနာဂတ် အနေအထားကို ဆုံးဖြတ်ရမည့်သူမှာ မြန်မာပြည်သူလူထုသာ ဖြစ်၍ အမေရိကန် မဟုတ်ပါဟု ကလင်တန်က ဆိုပါသည်။

          လာမည့် ရွေးကောက်ပွဲတွင် နိုင်ငံရေး အတိုက်အခံ အဖွဲ့အစည်းအားလုံးမှ ကိုယ်စားလှယ်များ ပါဝင်ခွင့်ရမည် မဟုတ် အမေရိကန်ပြည်ထောင်စုက အကြီးအကျယ် သံသယရှိနေကြောင်း သူမက မှတ်ချက်ပေးခဲ့ပြီး မြန်မာနိုင်ငံကို ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် တိုက်တွန်းအားပေးရာတွင် အိမ်နီးချင်း နိုင်ငံများကလည်း တက်ကြွစွာ ပါဝင်ကြရန် တိုက်တွန်းလိုက်ပါသည်။

          ဖိလစ်ပိုင်နှင့်တကွ အခြားအာဆီယံအဖွဲ့ဝင် မိတ်ဆွေများနှင့်အတူ ဆောင်ရွက်လိုသော ကိစ္စမှာ ဥပဒေအရ တရားဝင်မည့် အခြေအနေများကို ဖော်ဆောင်ရန်အတွက် မြန်မာအာဏာပိုင်များကို ၎င်း၏ ပြည်သူများနှင့်အတူ ဆွေးနွေးပွဲ စကားဝိုင်းသို့ ပါဝင်ရန် တိုက်တွန်း၊ အားပေး၊ နှိုးဆော်လိုခြင်း ဖြစ်ပါသည်။ ရွေးကောက်ပွဲ ကျင်းပချိန်တွင် စစ်မှန်သော အခြေအနေများ ပေါ်ထွက်ပြီး ဖြစ်သင့်ပါသည်။ ဤသည်မှာ မိမိတို့ ကြိုးစား ဆောင်ရွက်နေသော အရာပင် ဖြစ်သည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ရှင်းပြပါသည်။

          မြန်မာနိုင်ငံကို လက်လွှတ်မသွားစေရေးအတွက် အိုဘားမားအစိုးရသည် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ဆက်နွယ်နေသော အရေးယူပိတ်ပင်မှုများကိုမူ ရုတ်သိမ်းဦးမည် မဟုတ်ဟု သိရပါသည်။

          အမေရိကန် - အာဆီယံ ထိပ်သီးအစည်းအဝေးကို စင်ကာပူတွင် ကျင်းပနေသော APEC အဖွဲ့ဝင် ၂၁ နိုင်ငံ၏ ထိပ်သီးညီလာခံ အဝန်းအဝိုင်းတွင် တနင်္ဂနွေနေ့၌ ပြုလုပ်မည် ဖြစ်သည်။


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

14th Nov, 09

မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက သူမ၏ နေအိမ် အကျယ်ချုပ် သက်တမ်းတိုးမြှင့်ခြင်းနှင့် ပတ်သက်သော အယူခံလွှာကို ဗဟိုတရားရုံးသို့ တင်သွင်းခဲ့သည်ဟု သိရှိရသည်။

အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံး လွှတ်ပေးရန် ထပ်မံတောင်းဆိုလိုက်သည်။

မြန်မာစစ်ဖက် အုပ်ချုပ်သူများသည်  သမိုင်းရဲ့ မှားတဲ့ဘက်မှာ ရောက်ရှိနေ (သမိုင်းတွင်မည့် အမှားများ ပြုလုပ်နေ) ကြောင်း ကလင်တန်က ဝေဖန်လိုက်ပါသည်။

အစိုးရက လာမည့်နှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲများ ပြီးချိန်အထိ ဒေါ်အောင်ဆန်းစုကြည်၏ အကျယ်ချုပ် သက်တမ်း တိုးမြှင့်ခြင်းကို ဩဂုတ်လက ချမှတ်ခဲ့ပါသည်။

သူမ၏ အယူခံလွှာကို ဗဟိုတရားရုံးသို့ တင်သွင်းခဲ့ပြီး ဖြစ်ကြောင်း၊ တရားရုံးက ထိုအမှုကို ပြန်လည်ကြားနာရန် သဘောတူခြင်း ရှိမရှိကိုသာ စောင့်ဆိုင်းရတော့မည်ဟု ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့ခေါင်းဆောင် ဦးကြည်ဝင်းက ပြောပါသည်။ အကောင်းဆုံးကို မျှော်လင့်ထားပါသည်ဟု ၎င်းက ဆိုသည်။

ဒေသတွင်း စိုးရိမ်ပူပန်မှုများ

မြန်မာအစိုးရ ဗိုလ်ချုပ်ကြီးများသည် ၎င်းတို့၏ အလွန်ရေပန်းစားလှသော အတိုက်အခံ နိုင်ငံရေးခေါင်းဆောင်အား စောစီးစွာ လွှတ်ပေးလိမ့်မည်ဟူသော အချက်ကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက သံသယရှိနေပါသည်။

အေပက် (APEC) ထိပ်သီးညီလာခံ တက်ရောက်ရန် စင်ကာပူသို့ မထွက်ခွာမီ မနီလာ၌ သူမအား "ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားမှု အပြောင်းအလဲ ရှိနိုင်ပါသလား" ဟု မေးမြန်းခဲ့ရာ သံသယ ရှိနေကြောင်း ပြောကြားခဲ့ပါသည်။

မနီလာတွင် အရပ်ဘက် အဖွဲ့အစည်းများနှင့် ဆွေးနွေးပွဲ၌ ကလင်တန်က ရေရှည် ကြိုးပမ်း အားထုတ်သွားရမည် ဖြစ်ပြီး စိတ်ရှည်သည်းခံမှု များစွာ လိုအပ်သည်ဟု မှတ်ချက်ပေးခဲ့သည်။

စင်ကာပူ အေပက် (APEC) ညီလာခံသို့ မြန်မာအပါအဝင် အာဆီယံ အဖွဲ့ဝင် နိုင်ငံခေါင်းဆောင်များ အတူတကွ တက်ရောက်ကြမည် ဖြစ်ကာ အမေရိကန်နှင့် မြန်မာအစိုးရ ခေါင်းဆောင်များ ပထမဆုံးအကြိမ်အဖြစ် အစည်းအဝေးခန်းတစ်ခုတည်းတွင် ရှိနေမည်ဖြစ်သည်။

သို့ရာတွင် မစ္စ ကလင်တန် (သို့) မစ္စတာ အိုဘားမားနှင့် ဗိုလ်ချုပ်ကြီးသိန်းစိန် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တိုက်ရိုက် တွေ့ဆုံဆွေးနွေးမည့် ကိစ္စမှာမူ ရေရာ သေချာခြင်း မရှိသေးဟု သိရပါသည်။

ယခု အမေရိကန် သမ္မတနှင့် မြန်မာဝန်ကြီးချုပ်၏ တွေ့ဆုံမှုသည် (၄၃) နှစ်အတွင်း ပထမအကြိမ်အဖြစ် မှတ်တမ်းဝင်မည် ဖြစ်၍ ကမ္ဘာက လူရာမသွင်းသော မြန်မာအစိုးရကို ဆင်း၍ ညှိနှိုင်းဆွေးနွေးမည် ဖြစ်သည်။

သံတမန်ဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုများကို သတိကြီးစွာ ထား၍ ပြုလုပ်ရန် လိုအပ်ပြီး ဒီမိုကရေစီစနစ်သို့ ပြောင်းလဲရာတွင်  စစ်မှန်သော တိုးတက်မှုများ ရှိလာသည်အထိ မြန်မာအစိုးရအပေါ် အရေးယူပိတ်ဆို့မှုများ ထားရှိသွားမည်ဟု အိုဘားမားအစိုးရက ပြောကြားပါသည်။

သံသယ ဖြစ်စရာ မလိုသည့် အချက်မှာ မြန်မာအစိုးရ ခေါင်းဆောင်များသည် သမိုင်းစာမျက်နှာ၏ မှားသော ဘက်တွင် ရှိနေခြင်း ဖြစ်ပြီး ၎င်းတို့ မည်သည့်အချိန်အထိ အမှားဘက်တွင် ရှိနေမည်ဆိုသည်ကိုသာ မေးခွန်းထုတ်ရန် ရှိကြောင်း ကလင်တန်က ပွင့်လင်းစွာ ဝေဖန်လိုက်ပါသည်။

ဘုန်းတော်ကြီးတို့ရဲ့ သပိတ်

စကားမစပ် ဆိုရပါလျှင် သီရိလင်္ကာတွင် ပညာသင်ကြားနေကြသော မြန်မာဘုန်းတော်ကြီးများက အလည်အပတ်ရောက်ရှိနေသော ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို လူသိရှင်ကြား ဆန့်ကျင် ရှုတ်ချလိုက်ကြပါသည်။

ပညာသင် ဘုန်းကြီးများ အသင်းမှ ထုတ်ပြန်သော စာတမ်းတွင် မြန်မာစစ်ဗိုလ်ချုပ်ကြီးများသည် အကြွင်းမဲ့ အာဏာရှင်စနစ်ကို တက်ကြွစွာ ထူထောင်နေသည်ဟု စွပ်စွဲထားပါသည်။

ဘုန်းတော်ကြီးများသည် တပ်မတော်မှ လှူဒါန်းသော ဆွမ်း၊ ကွမ်း၊ ရိက္ခာကို ဆက်လက် သပိတ်မှောက်မည် ဖြစ်ပြီး  ဗိုလ်ချုပ်မှူးကြီး၏ ခရီးစဉ်အတွင်း ပေးအပ် လှူဒါန်းမည့်အရာ မှန်သမျှကို ငြင်းပယ်သွားမည်ဟု သိရှိရပါသည်။

မြန်မာခေါင်းဆောင်၏ ခရီးစဉ်သည် နှစ်ပေါင်း ၄ဝ အတွင်း ပထမဆုံးအကြိမ် ဖြစ်သည်။



--
Posted By icypress to Sensible Rumour at 11/14/2009 02:02:00 AM