Transparency Myanmar

transparency.myanmar@gmail.com

ကုလသမဂ္ဂက သတ်မှတ် ပြဋ္ဌာန်းထားသော ထောင်စုနှစ် ရည်မှန်းချက် ပန်းတိုင်တစ်ခု ဖြစ်သည့် ကမ္ဘာလုံးဆိုင်ရာ ဆင်းရဲ မွဲတေမှု တိုက်ဖျက်ရေး အစီအစဉ်အား မြှင့်တင်ရန် မြန်မာနိုင်ငံက ကြိုးပမ်းနေခြင်းကို ကုလသမဂ္ဂက အကူအညီ အထောက်အပံ့ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ထို့အတူ မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး ကဏ္ဍကိုလည်း အကူအညီပေး မြှင့်တင်ပေးသွားမည် ဖြစ်သည်ဟု ကုလသမဂ္ဂက ဆိုသည်။ ကုလသမဂ္ဂ ဖွံ့ဖြိုးရေးဆိုင်ရာ အစီအစဉ် မှ လက်ထောက် စီမံခန့်ခွဲရေးမှူး Ajay Chhibber က မြန်မာနိုင်ငံသို့ ငါးရက်တာ ခရီးစဉ်အတွင်း ယင်းသို့ အကူအညီများ ပေးမည်ဟု ကတိကဝတ်ပြု ပြောဆိုခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ခရီးစဉ်တွင် ကုလသမဂ္ဂမှ အရာရှိကြီးများ၊ နိုင်ငံတကာ အလှူရှင်များ လိုက်ပါခဲ့ကြပြီး မြန်မာနိုင်ငံ အစိုးရ အရာရှိများနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အရေးကိစ္စများ ဆွေးနွေးခဲ့ကြကြောင်း ကုလသမဂ္ဂက သတင်း ထုတ်ပြန်သည်။

ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ်(UNDP) က ထုတ်ပြန်သော လူသား ဖွံ့ဖြိုးမှုဆိုင်ရာ စာရင်း (၂၀၀၇-၀၈) အရ မြန်မာနိုင်ငံသည် နိုင်ငံပေါင်း ၁၇၇ နိုင်ငံအနက် ၁၃၂ အဆင့်တွင် ရှိသည်။ နိုင်ငံသား တစ်ဦးချင်းစီ၏ ဝင်ငွေမှာ တစ်နှစ်လျှင် ပျမ်းမျှ ဒေါ်လာ ၂၂၀ ခန့်သာ ရှိသည်။

ယခု မြန်မာခရီးစဉ်အတွင်း UNDP ၏ လက်ထောက် စီမံခန့်ခွဲရေးမှူး မစ္စတာ Chhibber က မြန်မာပြည် အလယ်ပိုင်းရှိ ပူပြင်း ခြောက်သွေ့သော ဒေသများသို့လည်း သွားရောက် လည်ပတ်ခဲ့သည်။ မစ္စတာ Chhibber သွားရောက် လည်ပတ်သည့် ဒေသများတွင် UNDP က အသေးစား ငွေချေးလုပ်ငန်းများနှင့် လူထုဖွံ့ဖြိုးရေး အစီအစဉ်များ ဆောင်ရွက်လျက် ရှိသည်။

"UNDP က ဆင်းရဲ နွမ်းပါးတဲ့ နေရာ ဒေသတွေမှာ ရှိတဲ့ ပြည်သူတွေ အတွက် အခြေခံ လိုအပ်ချက်တွေ အားလုံးကို ဖြည့်ဆည်းပေးပါတယ်။ အခုလို လုပ်ပေးနေရတဲ့ ရည်ရွယ်ချက်ကတော့ ဆင်းရဲ မွဲတေတဲ့ လူတွေကို ဆင်းရဲတွင်းကနေ ဆွဲထုတ်ပြီး သူတို့ရဲ့ ဘဝတွေကို မြှင့်တင်ပေးဖို့ ဖြစ်ပါတယ်" ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံမှ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ၊ ပူပြင်း ခြောက်သွေ့သော အညာဒေသနှင့် ရှမ်းပြည်နယ်တို့တွင် ရှိသော အိမ်ခြေ သုံးသိန်းခွဲခန့်မှာ UNDP က အကောင်အထည်ဖော် ဆောင်ရွက်နေသော ဖွံ့ဖြိုးရေး အစီအစဉ်မှ အကျိုးအမြတ်များ ရရှိခဲ့ကြကြောင်း ကုလသမဂ္ဂက ဆိုသည်။ UNDP ၏ မိုက်ခရိုငွေကြေး အစီအစဉ်မှ ယင်းသို့ အမြတ်အစွန်း များစွာ ရရှိခြင်း ဖြစ်သည်ဟု ဆိုသည်။

"အဲဒီ မိုက်ခရိုငွေကြေး အစီအစဉ်ကြောင့် ဆင်းရဲ နွမ်းပါးတဲ့ အမျိုးသမီးတွေ အနေနဲ့ အတိုးနှုန်း သက်သက်သာသာနဲ့  ပိုက်ဆံချေးခွင့် ရတယ်။  အဲဒီတော့ မိမိ တစ်နိုင်တစ်ပိုင် စီးပွားရေး အသေးစားလေးတွေ လုပ်ကိုင်ပြီး ဝင်ငွေ ကောင်းလာကြတာကို တွေ့ရပါတယ်" ဟု မစ္စတာ Chhibber က ပြောသည်။

"အခုလို ဆင်းရဲတဲ့ မိသားစုတွေက  အမျိုးသမီးတွေ ငွေချေးပြီး ကိုယ်ပိုင်ဝင်ငွေ ရှာနေကြတာကို တွေ့ရတာ ကျွန်တော် အရမ်းကို ဝမ်းသာပါတယ်" ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံသို့ နာဂစ်မုန်တိုင်း ဝင်ရောက် တိုက်ခတ်သွားပြီး နောက်ပိုင်း ပြန်လည် ထူထောင်ရေး လုပ်ငန်းများ လုပ်ကိုင်ရာတွင် UNDP သည် လွန်စွာ အခရာ ကျသော နေရာမှ လုပ်ကိုင်ပေးလျက် ရှိသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Mizzima News,8 - Dec - 2009

          ကလေးသူငယ်များအား တပ်သားသစ်အဖြစ် စုဆောင်းခြင်းကို တားဆီးရန် မြန်မာအစိုးရက လုပ်ဆောင်နေသော လေ့ကျင့် ပညာပေး အစီအစဉ်သည် ကြီးမားသော ပြဿနာကို ဖြေရှင်းသည့် ကောင်းမွန်သော ဆောင်ရွက်ချက်တစ်ခု ဖြစ်သော်လည်း အဆိုပါ ကိစ္စကို ကိုင်တွယ်ရာတွင် လုံလောက်မှု မရှိသေးဟု လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေးအဖွဲ့က အင်္ဂါနေ့တွင် ပြောကြားလိုက်ပါသည်။

          မြန်မာစစ်တပ်အတွင်း ကလေးသူငယ် စစ်သားများ အသုံးပြုခြင်းကို တားဆီးရေးနှင့် ပတ်သက်၍ တပ်မတော် အရာရှိများအား တတိယအကြိမ် ပညာပေး လေ့ကျင့်ရေး အစီအစဉ် စတင်နေသည်ဟု မြန်မာအစိုးရက အင်္ဂါနေ့က ပြောကြားခဲ့ပြီးနောက် HRW ၏ ထင်မြင်ချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

          ကလေးသူငယ် စစ်သား စုဆောင်းမှု တားဆီးရေး သင်တန်းတွင် ကြည်းတပ်၊ ရေတပ်နှင့် လေတပ်မှ အရာရှိ (၃၃) ဦး တက်ရောက်ခဲ့သည်ဟု မြန်မာအစိုးရ အာဘော် New Light of Myanmar သတင်းစာက အင်္ဂါနေ့တွင် ဖေါ်ပြခဲ့ပါသည်။

          တနင်္လာနေ့က စတင်သော အဆိုပါသင်တန်းကို ဗိုလ်ချုပ်ငွေသိန်း ဦးဆောင်သည့် တပ်မတော်တွင်း အသက်မပြည့်သေးသော လူငယ်များ စုဆောင်းမှု တားဆီးရေးဆိုင်ရာ တပ်မတော် လုပ်ငန်းကော်မတီနှင့် ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) တို့ ပူးပေါင်း အကောင်အထည် ဖေါ်ခဲ့ခြင်း ဖြစ်သည်ဟု သတင်းစာတွင် ဖေါ်ပြထားပါသည်။

          လူ့အခွင့်အရေး စောင့်ကြည့်သူ HRW မှ မြန်မာနိုင်ငံအကြောင်း သုတေသနပြုနေသူ David Mathieson က "ကောင်းမွန်သော ဆောင်ရွက်ချက်ဖြစ်သော်လည်း အလွန်ကြီးမားသည့် ပြဿနာတွင်းမှ အဆင့်တဆင့်မျှသာ ရှိသေးသည်" ဟု ပြောကြားပါသည်။

          မြန်မာစစ်တပ်အတွင်းရှိ ကလေးသူငယ် စစ်သားများ၏ စာရင်းဇယားက အထိတ်တလန့် ဖြစ်စေသည့် အချိန်တွင် တပ်မတော်တွင်း ကလေးသူငယ်များအား ဆက်လက် စုဆောင်းနေသည့် ပုံစံ နည်းလမ်းများက ပို၍ ကြောက်စရာကောင်းသည်ဟု Mathieson က ပြောပါသည်။

          မြန်မာတပ်မတော် အစိုးရအနေဖြင့် စစ်တပ်အုပ်ချုပ်ပုံစနစ်တွင် မှန်ကန် တိကျသော ဥပဒေများ ထပ်မံကျင့်သုံးရန် လိုအပ်ပြီး အကျင့်ပျက် အရာရှိများကို တိကျပြင်းထန်စွာ အရေးယူ ဆောင်ရွက်ရပါမည်။ ကလေးသူငယ်များကို ရှေ့တန်းသို့ ပို့ခြင်းမှ ရှောင်ရှားရုံသာမကပဲ တပ်မတော်၏ ဖွဲ့စည်းပုံကဏ္ဍအားလုံးတွင် ကလေးများအား အသုံးပြုခြင်းကို တင်းကြပ်စွာ တားမြစ်သည့် အမိန့်ထုတ်ပြန်သင့်ပါသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

          လူမျိုးစု လက်နက်ကိုင် တပ်ဖွဲ့များ အပါအဝင် မြန်မာ့တပ်မတော်အတွင်း စစ်မှုထမ်းနေသော အရွယ်မရောက်သေးသူ ကလေးသူငယ် စစ်သား (၇) သောင်းခန့် ရှိသည်ဟု ခန့်မှန်းထားပါသည်။

          လူ့အခွင့်အရေး စောင့်ကြည့်သူ HRW ၏ အဆိုအရ မြို့ကြီးများရှိ ဘတ်စကား၊ ဘူတာရုံနှင့် လမ်းပေါ်တွင် သွားနေသော (၁၁) နှစ် အရွယ်ခန့် လူငယ်များကို အဓမ္မ ခေါ်ဆောင်ကာ စစ်သားသစ် အဖြစ် အတင်းအကြပ် စုဆောင်း သိမ်းသွင်းသည်ဟု သိရပါသည်။

          ယခု ပြဿနာက အလွန် ကြီးမားပါသည်။ အကယ်၍ အစိုးရက အမှန်တကယ် အလေးအနက် ထားသည်ဆိုပါက ယခု သင်တန်းအစီအစဉ်သည် အပေါင်းလက္ခဏာဆောင်သော ဆောင်ရွက်မှု အဆင့်တစ်ခု ဖြစ်ပါလိမ့်မည်။ သို့သော် အနည်းငယ်သော အဆင့်တချို့ကို ဆောင်ရွက်ရုံမျှဖြင့် မလုံလောက်ပါ။ ဆက်လက် လုပ်ဆောင်ရမည့် ကိစ္စများ အများကြီး ရှိနေပါသေးသည်ဟု Mathieson က သုံးသပ် ပြောကြားခဲ့ပါသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Mizzima,Mungpi,7 Dec 2009

          ဒိန်းမတ်နှင့် နော်ဝေးရှိ မြန်မာ့ နိုင်ငံရေး လှုပ်ရှားသူများသည် ဥရောပသမဂ္ဂအား မြန်မာစစ်တပ် အုပ်ချုပ်သူများအပေါ် နဂို အနေအထားအတိုင်း ဆက်လက် ဆက်ဆံရေးအတွက် အားဖြည့်ရန် တိုက်တွန်း ခဲ့ပါသည်။ မြန်မာအစိုးရ အဆင့်မြင့် အာဏာပိုင်များကို ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများသို့ လည်ပတ်ရေးအတွက် အထူးချွင်းချက်များ မပေးရန် တောင်းဆိုခဲ့ကြပါသည်။

          မြန်မာနိုင်ငံ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်သည် အင်္ဂါနေ့က ကမ္ဘာ့ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲရေး ကွန်ဖရင့် တက်ရောက်ရန် ကိုပင်ဟေဂင်သို့ ရောက်ရှိလာခြင်းကြောင့် နိုင်ငံရေး လှုပ်ရှားသူများက အထက်ပါအတိုင်း တောင်းဆိုလိုက်ကြခြင်း ဖြစ်ပါသည်။

          မိမိတို့သည် ဥရောပသမဂ္ဂအား ၎င်း၏ အနေအထား (Common Position) ကို ပြန်လည် စစ်ဆေးရန် တောင်းဆိုရခြင်းမှာ အကယ်၍ ဥရောပတွင် ကျင်းပသော ကုလသမဂ္ဂ ကွန်ဖရင့်များကို တက်ရောက်ခြင်းမှ ကင်းလွတ် ခွင့်ပြုခဲ့မည်ဆိုလျှင် ဥရောပသမဂ္ဂ၏ အနေအထားသည် ဘာမျှ သက်ရောက်လိမ့်မည် မဟုတ်သောကြောင့် ဖြစ်သည်ဟု ကိုပင်ဟေဂင်တွင် ဦးဆောင်လှုပ်ရှားသူ မြင့်ဝေက မဇ္ဈိမသို့ ပြောကြားခဲ့ပါသည်။

          နိုင်ငံရေး လှုပ်ရှားသူ (၅၀) ခန့်သည် အင်္ဂါနေ့က ကိုပင်ဟေဂင် Bella Centre ရှေ့တွင် စုရုံး၍ မြန်မာဝန်ကြီးချုပ်အား ဆန့်ကျင်သည့် ဆောင်ပုဒ်များ ရေးသားထားသည့် ဘုတ်များကို ကိုင်ဆောင် ဆန္ဒပြကြပါသည်။

          နော်ဝေးမှ လှုပ်ရှားသူများလည်း မိမိတို့နှင့် ပူးပေါင်း ပါဝင်လာကြကြောင်း၊ ယခုကဲ့သို့ ဆန္ဒပြရခြင်းမှာ မြန်မာစစ်အစိုးရသည် တရားဝင် အစိုးရမဟုတ်ကြောင်း ကမ္ဘာက သိစေလိုပြီး၊ ၎င်းတို့ အတွက် ယခုညီလာခံတွင် နေရာမရှိကြောင်း ပြသလို၍ ဖြစ်သည်ဟု မြင့်ဝေက ဖြည့်စွက် ပြောကြားပါသည်။ မြင့်ဝေသည် Forum of Burmese in Europe (FBE) ၏ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ပါသည်။

          ဥရောပသမဂ္ဂသည် မြန်မာစစ်အစိုးရကို အရေးယူ ပိတ်ဆို့မှုများ ချမှတ်ထားရာ၊ စစ်တပ် အာဏာပိုင်များနှင့် မိသားစုဝင်များအား ပြည်ဝင်ဗီဇာ ပိတ်ခြင်းလည်း ပါဝင်ပါသည်။

          ဒိန်းမတ်သည် EU အဖွဲ့ဝင်နိုင်ငံ ဖြစ်သောကြောင့် ၎င်းအနေဖြင့် မြန်မာနိုင်ငံအပေါ် သတ်မှတ်ထားသော အဆင့် သတ်မှတ်ချက် (Common Position) များကို လိုက်နာသင့်သည်ဟု မြင့်ဝေက ပြောပါသည်။

          ၎င်းက ဆက်လက် ပြောကြားရာတွင် မြန်မာအစိုးရအနေဖြင့် နိုင်ငံရေးအရ ပေါင်းစည်းမှုကို တွေ့ဆုံ ဆွေးနွေးမှုဖြင့် စတင် ပြုလုပ်သင့်ကြောင်း၊ မြန်မာနိုင်ငံသည် သစ်တောနှင့် သဘာဝ သယံဇာတများကို အကြီးအကျယ် ဖျက်ဆီးလျက် ရှိနေသောကြောင့် ပတ်ဝန်းကျင်နှင့် ရာသီဥတုအပေါ် ကြီးမားသော ရိုက်ခတ်မှုများ ရှိနေသည်ဟု ဆိုပါသည်။

          နိုင်ငံရေး တည်ငြိမ်မှု မရှိဘဲ ပတ်ဝန်းကျင် တိုးတက်မှုအတွက် အထောက်အကူဖြစ်မည့် ရေရှည် မူဝါဒများ မရနိုင်ကြောင်း ၎င်းတို့က ပြောပါသည်။

          မြင့်ဝေက ဆက်လက် ပြောကြားရာတွင် မိမိတို့သည် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးပြီး သူမနှင့် တွေ့ဆုံ ဆွေးနွေးမှု စတင်ရန် တောင်းဆိုခဲ့ကြသည်ဟု ဆိုသည်။

          ဒိန်းမတ်၊ နော်ဝေး၊ ဂျာမနီ၊ ဗြိတိန်၊ ဆွီဒင်နှင့် ချက်တို့တွင် ပြန်လည် နေရာချထားခြင်း ခံရသော မြန်မာများ စုပေါင်း၍ Forum of Burmese in Europe (FBE) ကို ဖွဲ့စည်းပြီး မြန်မာနိုင်ငံတွင် ၎င်းတို့ အိပ်မက် မက်ခဲ့သော ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်ရေးအတွက် တက်ကြွစွာ လှုပ်ရှားနေကြပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Bussinessmirror.com ,By Estrella Torres,8 Dec 2009

          စီးပွားရေး အင်အားကြီး နိုင်ငံများအဖြစ် ပေါ်ထွက်လာနေပြီ ဖြစ်သော တရုတ်နှင့် အိန္ဒိယနိုင်ငံတို့က မြန်မာအစိုးရအား အားကောင်းစွာ ကျောထောက် နောက်ခံပြု ထောက်ပံ့ထားခြင်းသည် အာဆီယံမှ မြန်မာနိုင်ငံကို ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်ရန် တောင်းဆိုမှုအပေါ် လျစ်လျူရှုရန် ကောင်းစွာ အထောက်အကူ ပြုပါသည်။

          ၂၀၁၅ ခုနှစ်တွင် အာဆီယံကို စီးပွားရေး အစုအဖွဲ့ကြီး အဖြစ် စုစည်းရာတွင် အဓိက ပြဿနာမှာ မြန်မာနိုင်ငံက ကျောက်တုံးသဖွယ် ပိတ်ဆို့နေခြင်းပင် ဖြစ်ကြောင်း Singapore Institute of International Affairs မှ သုတေသန ဒါရိုက်တာ ပါမောက္ခ Hank Lim က ပြောကြားခဲ့ပါသည်။

          ထို့ကြောင့် အာဆီယံနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းသည် အိန္ဒိယနှင့် တရုတ်တို့ ထောက်ပံ့ ပေးထားသော မြန်မာအစိုးရနှင့် ဆက်ဆံရေး နည်းလမ်း ပြောင်းသင့်သည်ဟု Lim က ပြောပါသည်။ အဆိုပါ နှစ်နိုင်ငံသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုတွင် ထိရောက်သော သြဇာ လွှမ်းမိုးမှုများ ရှိခဲ့လျှင် ကောင်းမည် ဖြစ်ကြောင်း Lim က ပြောကြားခဲ့ပါသည်။

          သို့မဟုတ်လျှင် အာဆီယံ အနေဖြင့် မြန်မာနိုင်ငံကို လမ်းဖွင့်ပေးရေးအတွက် ဘာမျှ လုပ်ပေးနိုင်လိမ့်မည် မဟုတ်ပေ။ မြန်မာနိုင်ငံအနေနှင့်လည်း အာဆီယံ၏ တောင်းဆိုမှုများကို ဘယ်သောအခါမျှ အရေးတယူ လုပ်ဆောင်လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် ၎င်းအား ပစ်ပယ်ထားခြင်း ထက်စာလျှင် ဆက်ဆံရေး ပြုလုပ်ရန် သင့်ကြောင်း Lim က သတင်းစာ ဆရာများအား အာဆီယံ စီးပွားရေးအဖွဲ့အစည်း စုစည်းမှုနှင့် ပတ်သက်၍ ဟောပြောပွဲတွင် ပြောကြားခဲ့ပါသည်။

          ၎င်းက ဆက်လက် ပြောကြားရာတွင် မြန်မာနိုင်ငံသည် သဘာဝ အရင်းအမြစ် ပေါသော နိုင်ငံဖြစ်ကြောင်း၊ အင်ဒိုနီးရှားနိုင်ငံ၏ အခြေအနေနှင့် ယှဉ်လျှင် အများကြီး သာကြောင်း၊ အင်ဒိုနီးရှားတွင် လူဦးရေ သန်း ၂၄၀ ရှိချိန်တွင် မြန်မာနိုင်ငံ၌ ၆၈ သန်းသာ ရှိကြောင်း ထည့်သွင်း ပြောကြားသွားပါသည်။

          မြန်မာနိုင်ငံသည် တရုတ်နှင့် လည်းကောင်း၊ အိန္ဒိယနှင့် လည်းကောင်း နယ်နိမိတ်ချင်း ထိစပ်နေသော တစ်ခုတည်းသော အရှေ့တောင် အာရှနိုင်ငံ ဖြစ်ပြီး၊ ၎င်း၏ မဟာဗျူဟာ ကျသော တည်ရှိနေမှုကြောင့် သဘာဝဓာတ်ငွေ့များကို ပိုက်လိုင်း သွယ်၍ ဝယ်ရန် အဆိုပြုမှုများ ရှိနေပါသည်။ ယခုအခါ ပြည်သူလူထု၏ ငွေများဖြင့် ပိုက်လိုင်းများ ဆောက်လုပ်နေရာ၊ လူအများမှာ တပ်မတော် အစိုးရ၏ အလိုအရ ဇွတ်အတင်း ပြောင်းရွှေ့ နေရာချထားမှုများကို ခံနေရသည်ဟု Lim က ပြောပါသည်။

          အာဆီယံအနေဖြင့် နားလည်ထားသင့်သည်မှာ တရုတ်သည် ယခုအခါ မြန်မာနိုင်ငံမှ ပိုက်လိုင်းသွယ်တန်းရေးကို အလေးအနက်ထား လုပ်ဆောင်လျက် ရှိသောကြောင့် မြန်မာနိုင်ငံကို ဆက်လက်ထောက်ပံ့ နေဦးမည် ဖြစ်ကြောင်း၊ အိန္ဒိယကလည်း ထိုနည်းတူပင် ရှိလိမ့်မည် ဖြစ်ကြောင်း ၎င်းကပင် ပြောသွားပါသည်။

          ၎င်းက ဖြည့်စွက် ပြောရာတွင် အမေရိကန်တို့ကမူ အိန္ဒိယ၊ တရုတ်တို့နှင့် ဆက်သွယ်နေသော မြန်မာနိုင်ငံကို ဒေသတွင်း ပါဝါရှိသော နိုင်ငံတစ်နိုင်ငံအဖြစ် သဘောပေါက်သောကြောင့် စစ်အစိုးရနှင့် ပါးနပ်လိမ္မာစွာ ဆက်ဆံရေး စတင်ပြုလုပ်နေပြီ ဖြစ်ကြောင်း၊ သမ္မတ Obama သည် မကြာသေးမီက ကိုယ်စားလှယ်အဖွဲ့ တစ်ဖွဲ့ကို မြန်မာနိုင်ငံသို့ စေလွှတ်ခဲ့ကြောင်း ဆိုပါသည်။

          ယခု အာဆီယံ စီးပွားရေး အသိုင်းအဝိုင်း (Asean Economic Community) စီမံကိန်းသည် ဒီမိုကရေစီ ရှိရေးနှင့် သက်ဆိုင်သူ အားလုံး ပါဝင်ရေးသည် အခြေခံအချက်များ ဖြစ်ပါသည်။ ထို့ကြောင့် မိမိတို့သည် တံခါးဖွင့်ဖို့ လိုအပ်မည် ဖြစ်ပြီး၊ တံခါးပိတ်ထားသော အစိုးရများ ပါလာလျှင် ဘာမျှ မလုပ်နိုင်ကြောင်း၊ တံခါးပိတ်ထားလျှင် မည်သည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုမျှ လာလိမ့်မည် မဟုတ်သောကြောင့် ဖြစ်သည်ဟု Lim က ရှင်းလင်း ပြပါသည်။

          အာဆီယံ ၁၀ နိုင်ငံ စီးပွားရေးများ စုစည်း ဖွဲ့စည်းမည့် Asean Economic Blueprint ကို လက်မှတ် ရေးထိုးရန် မြန်မာနိုင်ငံ၏ ကတိပြုထားမှုသည် အဓိက အပြုသဘော ဆောင်သော ခြေလှမ်းဖြစ်ကြောင်း Lim က  ပြောကြားသွားပါသည်။ သို့သော် မြန်မာအစိုးရအနေဖြင့် အာဆီယံ စီးပွားရေး စုဖွဲ့မှုအတွက် ကတိပြုမှုများကို မည်သို့ အကောင်အထည် ဖော်မည် ဆိုသည်ကိုလည်း စောင့်ကြည့်ရမည် ဖြစ်ပြီး၊ မြန်မာနိုင်ငံကို ပစ်ပယ်မထားဘဲ သံတမန် နည်းကျကျ ဆက်ဆံရေးအတွက် တွန်းအားပေးကြရမည်ဟု Lim က အဆုံးသတ် ပြောကြားခဲ့ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Le mond diplomatigue,8 Dec 2009        

မြန်မာနိုင်ငံတွင် နေထိုင်သူများအနက် စုစုပေါင်း လူဦးရေ၏ ၆၈ % ရှိသော ဗမာလူမျိုးများက အများဆုံး ဖြစ်သော်လည်း ချင်း၊ ကချင်၊ ကရင်၊ ကယား၊ မွန်၊ ရခိုင်နှင့် ရှမ်းစသော အစွန်အဖျား ပြည် နယ် ၇ ခုတွင် နေထိုင်သော တိုင်းရင်းသား လူမျိုးစု ၁၃၀ ကျော်လည်း ပါဝင်ပါသည်။

၎င်းတို့အနက် စုစုပေါင်း လူဦးရေ၏ ၉ % ရှိသော ရှမ်းလူမျိုးများက အများဆုံး ဖြစ်ပြီး ကရင် ၇% ၊ ရခိုင် ၄ %၊ မွန် ၃ % စသဖြင့် အစဉ်လိုက် ရှိနေပါသည်။ မြန်မာနိုင်ငံတွင် နေထိုင်သော တရုတ်လူမျိုး ၁.၅ သန်း အနက် ကိုးကန့်ဒေသနေ တရုတ် ၁ သိန်းခွဲခန့် ပါဝင်ပြီး၊ အိန္ဒိယလူမျိုး ၈ သိန်း ခန့် မှာလည်း မြန်မာနိုင်ငံတွင် နေထိုင်ပါသည်။ အဆိုပါ တိုင်းရင်းသား လူမျိုးစုများကို "ဗမာဆန်အောင်" (Burmanise) လုပ်ဆောင်ရာတွင် ၎င်းတို့၏ ဘာသာစကား သင်ကြားမှုနှင့် ရိုးရာ ယဉ်ကျေးမှု ထုံးစံများကို တားမြစ် ပိတ်ပင်ခြင်းနှင့် ရှမ်းအမျိုးသားတို့၏ သင်္ကေတ ဖြစ်သည့် ယခင် ကျိုင်းတုံစော်ဘွားတို့၏ စံအိမ်ကဲ့သို့သော အထိမ်းအမှတ် အဆောက်အအုံများကို ဖျက်ဆီးခြင်း ကိစ္စများလည်း ပါဝင်နေပါသည်။ ယင်းကဲ့သို့ မြန်မာမှုပြု သိမ်းသွင်းခြင်းကြောင့် အစွန်အဖျား ပြည်နယ်များတွင် ပြည်တွင်းစစ် ဖြစ်ရန် အကြောင်းဖန် လာခဲ့ပြီး ၁၉၄၈ မှ စ၍ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

          ဗမာပြည် ကွန်မြူနစ်ပါတီ (CPB) ပြိုလဲသွားပြီးနောက် ၁၉၈၉ တွင် တိုင်းရင်းသားများ၏ ပြဿနာမှာ လမ်းကြောင်း ပြောင်းသွားပြီး တိုင်းရင်းသား လူမျိုးစုအလိုက် နိုင်ငံရေးအဖွဲ့များ ဖွဲ့စည်းခဲ့ကြသည်။ အကျင့်ပျက် ခြစားမှုများနှင့် အာဏာ သုံးမှုများကြောင့် အဖွဲ့အစည်းများစွာ ပြိုကွဲသွားကြပြီး အချို့ လည်း လက်နက်ချခဲ့ပါသည်။ အင်အားကြီး ကချင်လွတ်မြောက်ရေးအဖွဲ့ KIO မှာ အဖွဲ့ ကွဲသွားပြီး ပလောင်၊ ပအို့ဝ်စသော လက်နက်ကိုင် အဖွဲ့ငယ်များ လက်နက် ချခဲ့ကြသည်။ ယခုအချိန်တွင် ကချင်တို့ က ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်မည်ဟု လေသံပစ်နေပါသည်။

          ယခုတိုင် တိုက်ခိုက်နေဆဲ ဖြစ်သည့် ကရင်၊ ကရင်နီနှင့် ရှမ်းပြည် တောင်ပိုင်း တပ်မတော် (SSAS) စသော နောက်ဆုံး ၃ ဖွဲ့ကို ဒုတိယ ဗိုလ်ချုပ်မှူးကြီးမောင်အေးက ခြွင်းချက်မရှိ လက်နက်ချရန် တစ်ခုသာ ရွေးစရာရှိကြောင်း ကမ်းလှမ်းလိုက်ပါသည်။

          တရုတ် နယ်ခြား တစ်လျှောက်ရှိ နယ်မြေများကို ထိန်းချုပ်ထားသည့် ယခင် ဗကပ အဖွဲ့ဝင်ဟောင်း လူမျိုးစု တပ်ဖွဲ့များသည် မြန်မာ အာဏာပိုင်များအတွက် မတူ ကွဲပြားသော ပြဿနာ တစ်မျိုးကို ဖြစ်ပေါ်စေပါသည်။ အထက်ပါ ဒေသများတွင် အရေအတွက် ကြီးမားသော တရုတ်လူမျိုး ရွှေ့ပြောင်း နေထိုင်သူများ ရှိနေပြီး၊ မြို့ပေါ်တွင် အများဆုံး နေထိုင်ကြခြင်း ဖြစ်ပါသည်။ အထူးဒေသ ကိုးကန့် နယ်မြေတွင် တရုတ်မျိုးနွယ်ဝင် တပ်ဖွဲ့များ ရှိ၍ တရုတ် ပြည်သူ့လွတ်မြောက်ရေး တပ်မတော် အရာရှိဟောင်း လင်မိန်ဇန် (ဦးစိုင်းလင်း) ခေါင်းဆောင်သော အထူးဒေသ ၄ မှ အခါ၊ လားဟူ၊ ရှမ်းတပ်ဖွဲ့ များတွင် တပ်ဖွဲ့ဝင် ၃၀၀၀ မှ ၄၀၀၀ ခန့် ရှိပါသည်။ ပေါက်ယူချန်း ခေါင်းဆောင်သော အထူးဒေသ ၂ မှ ဝ တပ်ဖွဲ့ UWSA တွင် အမြဲတမ်း တပ်ဖွဲ့ဝင် ၂၀၀၀၀၀ ခန့် ရှိပြီး ထောင်ပေါင်း များစွာသော လယ်သမားများကို ကျေးရွာပြည်သူ့စစ်အသွင် ဖွဲ့စည်းထား၍ အင်အား ကြီးမားပါသည်။ ဝ အဖွဲ့ UWSA သည် ထိုင်း နယ်စပ်အနီးရှိ ရှမ်းပြည် တောင်ပိုင်းတွင်လည်း ၎င်းတို့ ထိန်းချုပ်ထားသော နယ်မြေတစ်ခု ရှိနေပါသေးသည်။ တရုတ် နယ်ခြားတလျှောက်ရှိ နယ်မြေများကို ထိန်းချုပ်ထားသည့် မည်သည့် အဖွဲ့အစည်းကမှ လက်နက်ချရန် အဆင်သင့် မဖြစ်သေးပါ။ ၎င်းတို့သည် ရွေးကောက်ပွဲနှင့် ပတ်သက်၍ အနည်းငယ်မျှပင် စိတ်မဝင်စားဘဲ စစ်မှန်သော ကိုယ်ပိုင်အုပ်ချုပ်ရေး ပေးရန် အစိုးရက ငြင်းဆန်မည့် ကိစ္စကိုသာ စိုးရိမ် ပူပန်နေကြခြင်း ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

inspiremagazine.org.uk ,8 Dec 2009

          Christian Solidarity Worldwide (CSW) နှင့် Humanitarian Aid Relief Trust (HART) စသည့် အဖွဲ့အစည်းများ မြန်မာနိုင်ငံမှ ချင်းနှင့် ကချင်ပြည်နယ်များသို့ သွားရောက်ခဲ့သော လတ်တလော အချက်အလက် ရှာဖွေရေး ခရီးစဉ်တွင် လူသားချင်း စာနာ ထောက်ထားသော အကူအညီများနှင့် နိုင်ငံတကာ ပါဝင် လှုပ်ရှားမှုများ လိုအပ်နေကြောင်း အထောက်အထားသစ်များ တွေ့ရှိခဲ့ပါသည်။

          အရေးပေါ် ကယ်ဆယ်ရေး စားနပ်ရိက္ခာအတွက် နိုင်ငံတကာ ရန်ပုံငွေများကို ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် UNDP မှတစ်ဆင့် ကူညီခဲ့ရာ အချို့ဒေသများတွင် အာဟာရ ချို့တဲ့ ငတ်မွတ်နေသော ကျေးလက်လူထုကို ထောက်ပံ့ခြင်း မရှိဘဲ ချေးငွေအဖြစ် ဖြန့်ဝေနေပြီး အတိုး ၁၀၀% ခန့် ပြန်ပေးရသည်ဟူသော စွပ်စွဲမှုများ ရှိနေပါသည်။

          နှစ် ၅၀ လျှင် တစ်ကြိမ် ဖြစ်တတ်သော သဘာဝဖြစ်စဉ်တစ်ခု ဖြစ်သည့် ဝါးပင်များ ပန်းပွင့်ခြင်းကြောင့် လွန်ခဲ့သော ၂ နှစ်အတွင်း ချင်းပြည်နယ်တွင် စားနပ်ရိက္ခာ မဖူလုံမှုကို ကြာမြင့်စွာ တွေ့ကြုံ ရင်ဆိုင်နေရပါသည်။ ဝါးပန်းများ ပွင့်သောကြောင့် ကြွက်အုပ်များ ရောက်လာပြီး စပါးခင်းများ၊ ဆန်ဂိုဒေါင်များ စသည့် ဒေသခံ လူထု၏ အသက် ရှင်သန်ရေးအတွက် အရေးကြီးသော အရာများ အားလုံးကို ဖျက်ဆီးကြပါသည်။

          ချင်း လူ့အခွင့်အရေး အဖွဲ့အစည်း CHRO ၏ မှန်းဆချက်အရ ကျေးရွာပေါင်း ၂၀၀ ကျော်မှ လူဦးရေ ၁ သိန်းခန့်ကို ဆိုးဆိုးဝါးဝါး ထိခိုက်စေခဲ့သည်ဟု သိရပါသည်။

          ပလက်ဝမြို့နယ် အတွင်းရှိ ကျေးရွာပေါင်း ၁၇ ရွာ ခန့်မှာ ချင်းပြည်နယ်တွင် အဆိုးဝါးဆုံး ထိခိုက်ခဲ့သော နယ်မြေ ဖြစ်ပြီး အဆိုပါ ကျေးရွာများတွင် ဌာနေ UNDP က စားနပ်ရိက္ခာ အကူအညီ ပေးရမည့်အစား နိုင်ငံတကာ အလှူငွေများကို ချေးငွေအဖြစ် ဝေငှခဲ့သည်ဟု ချင်း အရေးပေါ် စားနပ်ရိက္ခာ ကယ်ဆယ်ရေး ကော်မတီက HART ၏ အမှုဆောင် အရာရှိချုပ် Baroness Cox ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို ပြောကြားခဲ့ပါသည်။ မိမိတို့ ရရှိသော ငွေပမာဏ၏ ၂ ဆကို ငွေသားဖြစ်စေ၊ ဆန်အိတ် ဖြစ်စေ ပြန်ပေးရမည်ဟု မိမိတို့အား ပြောကြားခဲ့ကြောင်း ရွာသားများက အခိုင်အမာ ပြောဆိုပါသည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ အရေးပေါ် စုံစမ်း စစ်ဆေးရန် CSW နှင့် HART က UNDP သို့ စာရေး တောင်းဆိုခဲ့ပါသည်။

          လူ့အခွင့်အရေး ကိုယ်စားလှယ်အဖွဲ့သည် ကချင် ဒုက္ခသည်များနှင့်လည်း တွေ့ဆုံခဲ့ပြီး ကချင်နှင့် ချင်းပြည်များတွင် ဘာသာရေး ဖိနှိပ်မှုများ၊ အဓမ္မ ခိုင်းစေမှုများနှင့် ယဉ်ကျေးမှု ပျက်သုန်းအောင် လုပ်ဆောင်မှုများ ရှိနေကြောင်း အထောက်အထားများ ရရှိခဲ့ပါသည်။

          CSW ၏ အရှေ့အာရှ အဖွဲ့ ခေါင်းဆောင် Benedict Rogers က မြန်မာနိုင်ငံမှ ချင်းလူမျိုးများ၏ ခက်ခဲ ကျပ်တည်းမှုမှာ အလွန်ပင် အရေးကြီးနေသည်ဟု ပြောပါသည်။ ၎င်းတို့သည် ဆိုးဆိုးဝါးဝါး ဆင်းရဲ မွဲတွေခြင်း၊ အလွန်အမင်း ပိုမို ဆိုးဝါးလာသည့် စားနပ်ရိက္ခာ ရေရှည် ပြတ်တောက်ခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှု ချို့တဲ့ခြင်း စသည်တို့အပြင် ယဉ်ကျေးမှု ပျက်သုန်းခြင်း၊ ဘာသာရေး ဖိနှိပ်ခြင်း၊ မုဒိန်းမှုများနှင့် အဓမ္မ ခိုင်းစေခြင်း စသော ကိစ္စများနှင့် ရင်ဆိုင် ကြုံတွေ့နေရပါသည်။ ယခုအချိန်သည် အိန္ဒိယ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ချင်းလူမျိုးများ အပါအဝင် မြန်မာပြည်သူများထံ နိုင်ငံရေးနှင့် လူသားချင်း စာနာ ထောက်ထားသော အကူအညီများ ပေးအပ် ထောက်ပံ့ရန် ဆုံးဖြတ် ဆောင်ရွက်ရမည့် အချိန် ဖြစ်ပါသည်။

          ကမ္ဘာပေါ်တွင် ဒီမိုကရေစီ အထွန်းကားဆုံး နိုင်ငံတစ်ခု ဖြစ်သည့် အိန္ဒိယနိုင်ငံသည် ကမ္ဘာပေါ်တွင် အရက်စက်ဆုံး၊ အကြမ်းကြုပ်ဆုံး မြန်မာ အစိုးရဘက်မှ ရပ်တည်ပေးနေခြင်းကို ရပ်ဆိုင်းရပါမည်။ မြန်မာ တိုင်းရင်းသား လူမျိုးစုအား အပြည့်အဝ အာမခံချက် ပေးနိုင်မည့်၊ မျှတသည့် အခွင့်အရေးများ ရှိသည့် စစ်မှန်သော ဖက်ဒရယ် ဒီမိုကရေစီစနစ်သို့ ပြောင်းလဲလာရန် နိုင်ငံတကာ အသိုင်းအဝိုင်းက ပိုမို ကြိုးပမ်း အားထုတ်ရပါလိမ့်မည်။

          မိမိတို့၏ တိုက်တွန်းချက်များ ဖြစ်သော မြန်မာနိုင်ငံအပေါ် ကမ္ဘာလုံးဆိုင်ရာ လက်နက် ကုန်သွယ်မှု တားမြစ်ရေး၊ လူသား မျိုးနွယ်စုအပေါ် ကျူးလွန်နေသော ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးရန် ကော်မရှင် ဖွဲ့စည်းရေး မျှော်လင့်ချက် ကင်းမဲ့၍ ဘဝပျက်လုနီးပါး ဖြစ်နေသော အရေးပေါ် အကူအညီများ လိုအပ်နေသည့် မြန်မာတိုင်းရင်းသား လူမျိုးစုများအား နိုင်ငံတကာ လူသားချင်း စာနာ ထောက်ထားသော အကူအညီများ ပေးအပ်ရေး စသည်များကို အသစ်ထံ မတောင်းဆိုသည်ဟု Benedict Rogers က ပြောကြားပါသည်။

          မြန်မာအစိုးရသည် ၎င်းတို့ ကျူးလွန်နေသော ကြီးမားသည့် လူ့အခွင့်အရေး ဖောက်ဖျက်မှုများအတွက် ရှင်းလင်း တင်ပြရမည် ဖြစ်ပြီး ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့်တကွ နိုင်ငံရေး အကျဉ်းသား ၂၂၀၀ ကျော်ကို အမြန်ဆုံး လွှတ်ပေးရန် လိုအပ်သည်ဟု Baroness Cox က ပြောပါသည်။ မြန်မာအစိုးရ ကျူးလွန်သော ရာဇဝတ်မှုများတွင် ချင်းလူမျိုးများ၏ ယဉ်ကျေးမှု ပျက်သုန်းအောင် ဆောင်ရွက်မှုလည်း ပါဝင်သည်ဟု ဆိုပါသည်။ ချင်းပြည်နယ် နေရာအနှံ့အပြားတွင် ကျန်းမာရေး စောင့်ရှောက်မှုနှင့် ပညာရေးဆိုင်ရာ အခွင့်အရေးများကို မြန်မာအစိုးရက တမင်တကာ တားဆီး ပိတ်ပင်နေသည်ဟု သိရပါသည်။

          ချင်းလူမျိုးများ ရင်ဆိုင်နေရသော လူ့အခွင့်အရေး ဆုံးရှုံးမှု ပြဿနာသည် အလွန် ကြောက်မက်ဖွယ် ကောင်းပြီး အရေးပေါ် ကူညီ ဆောင်ရွက်ရန် လိုအပ်နေပါသည်။ ထို့အပြင် အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာအစိုးရကို အပြစ်မမြင်ဘဲ ထောက်ခံနေမှုကို ရပ်ဆိုင်းရန် ကြိုးစားရမည် ဖြစ်ပြီး ၎င်းအစား မြန်မာ ပြည်သူများကို အကူအညီများ ထောက်ပံ့ရေးကိစ္စမှာ အလွန်ပင် အရေးကြီးပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာစစ်အစိုးရက ဖမ်းဆီး ထိန်းသိမ်းထားသော မြန်မာနိုင်ငံဖွား အမေရိကန် နိုင်ငံသား ကိုကျော်ဇောလွင် သည် ယခုအခါ အစာငတ်ခံ ဆန္ဒပြလျက်ရှိကြောင်း ၎င်း၏ အဒေါ်ဖြစ်သူ က ပြောကြားသည်။

ကိုကျော်ဇောလွင် ခေါ် ကို ညီညီအောင်သည် ပြီးခဲ့သည့် စက်တင်ဘာလ ၃ ရက် နေ့က မြန်မာနိုင်ငံသို့ လာရောက်စဉ် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ဖမ်းဆီးထိန်းခြင်း ခံခဲ့ရသည်။ စစ်အစိုးရက ၎င်းအား မှတ်ပုံတင်၊ ပတ်စပို့ အတုများ ကိုင်ဆောင်မှု၊ မြန်မာကျပ်ငွေ အမြောက်အမြား သယ်ဆောင်မှု တို့ဖြင့် ဖမ်းဆီး ထိန်းသိမ်းထားသည်။

ကိုကျော်ဇောလွင် ၏ အဒေါ်ဖြစ်သူ၏ အဆိုအရ ၎င်းသည် ယခုအခါ အင်းစိန် အကျဉ်းထောင်တွင်း အစာငတ်ခံ ဆန္ဒပြလျက်ရှိကြောင်း သိရသည်။

"သူ့ကိုကြည့်ရတာ တော်တော့်ကို အားနည်းပြီး ဖြူဖတ်ဖြူလျော် ဖြစ်နေတယ်။  အဲဒါနဲ့ကျွန်မ က နေကောင်းရဲ့လားလို့ မေးတော့ သူက အစာငတ်ခံ ဆန္ဒပြနေတယ်လို့ ပြောပါတယ်" ဟု ကိုကျော်ဇောလွင်၏ အဒေါ်ဖြစ်သူ ဒေါ်စုစုကြည်က DVB သို့ပြောသည်။

"သူက စစ်အစိုးရက လူငယ်အတော်များများကို မတရား အမှုဆင်ပြီး ဖမ်းဆီးထိန်းသိမ်း ထားတာတွေကို ဆန့်ကျင်တဲ့အနေနဲ့ အခုလို အစာငတ်ခံ ဆန္ဒပြတာပါလို့ ကျွန်မကို ပြောပါ တယ်။ ကျွန်မအထင်ပြောရရင် သူက ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၄ ရက်နေ့လောက်ကတည်းကစ ပြီး အစာငတ်ခံ ဆန္ဒပြခဲ့တာ ဖြစ်နိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီနေ့ မတိုင်ခင် တရားရုံး မှာတွေ့တုန်းက နေကောင်းနေခဲ့လို့ပါ။ နောက်ပြီးသူ့မှာ အိပ်ရာအနာ (Bedsore) တွေ ဖြစ်နေတယ်။ သူအိပ်ရတဲ့ အိပ်ရာက တော်တော်မာလို့ဖြစ်တာပါ" ဟု ၎င်းကဆိုသည်။

ကိုကျော်ဇောလွင်သည် ပြီးခဲ့သည့် စက်တင်ဘာ လကုန်ပိုင်းက ရန်ကုန်မြို့တော်တွင် ဗုံးများ ဖောက်ခွဲရန် ကြိုးပမ်းမှုတွင် ပါဝင်ပတ်သက်သည် ဟူသော စွပ်စွဲချက်ဖြင့် စစ်အစိုးရ၏ ဖမ်းဆီး ထိန်းသိမ်းခြင်း ခံရခြင်းဖြစ်သည် ဟု ထင်ကြေးပေးမှုများ ရှိခဲ့သည်။

ကိုကျော်ဇောလွင်သည် နိုင်ငံရေး လှုပ်ရှားသူတစ်ဦးဖြစ်ပြီး ABSDF( All Burma Student Democratic Front) အဖွဲ့ဝင်ဟောင်း တစ်ဦးလည်းဖြစ်သည်။ သူနှင့် ဆွေမျိုး တော်စပ်သူ နှစ်ဦးမှာလည်း စစ်အစိုးရကို ဆန့်ကျင်သော နိုင်ငံရေး အုပ်စုများနှင့် ပတ်သက်ခဲ့မှုကြောင့် ဖမ်းဆီးထိန်းသိမ်း အကျဉ်းချခံထားကြရသည်။ သတင်းများအရ သူနှင့် ဆွေမျိုးတော်စပ်သူ နှစ်ဦးသည် ၂၀၀၇ ခုနှစ် စက်တင်ဘာတွင် ဖြစ်ပေါ်ခဲ့သော သံဃာတော်များ ဦးဆောင်သည့် ဆန္ဒပြမှုတွင် ပါဝင် ပတ်သက်ခဲ့သောကြောင့် ဖမ်းဆီခံရခြင်း ဖြစ်သည်။

ယခု အင်းစိန်အကျဉ်းထောင်အတွင်း ကိုကျော်ဇော်လွင် အစာငတ်ခံ ဆန္ဒပြမှုနှင့် ပတ်သက်ပြီး ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးက ထင်မြင်သုံးသပ်ချက် တစ်စုံတရာ မပေးပေ။

DVB သတင်းဌာန၏ Detained US citizen on hunger strike ကိုဘာသာပြန်ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.