Transparency Myanmar

transparency.myanmar@gmail.com

burmanet.org,10 Dec 2009

          လခစား မဟုတ်သော လွတ်လပ်သည့် မီဒီယာသမားများကို ထောင်သွင်း အကျဉ်းချမှုများ တစ်ကမ္ဘာလုံးတွင် တိုးပွားလာနေသည်ဟု သတိပေးထားသူ မီဒီယာ စောင့်ကြည့် လေ့လာရေးအဖွဲ့၏ အဆိုအရ မြန်မာနိုင်ငံသည် စာနယ်ဇင်းသမားများကို အများဆုံး အကျဉ်းချထားသော ကမ္ဘာ့နိုင်ငံ တစ်ခုဖြစ်နေသည်ဟု သိရှိရပါသည်။ စာနယ်ဇင်း သတင်းထောက်များကို အကျဉ်းချလေ့ ရှိသော ကမ္ဘာတစ်ဝှမ်းရှိ ၂၆ နိုင်ငံတွင် မြန်မာ၊ တရုတ်၊ အီရန်၊ ကျူးဘားနှင့် အီရီထရီယာတို့သည် အဆိုးဆုံး ဖြစ်သည်ဟု နယူးယောက် အခြေစိုက် စာနယ်ဇင်း သတင်းထောက်များ အကာအကွယ်ပေးရေး ကော်မတီ CPT က အင်္ဂါနေ့တွင် ပြောကြားခဲ့ပါသည်။

          ကမ္ဘာအနှံ့ ထောင်ဒဏ် ကျခံနေရသော သတင်းထောက်များ စုစုပေါင်း ၄၅ % မှာ လွတ်လပ်သော မီဒီယာသမားများဖြစ်ပြီး ယခု လတ်တလော ဖမ်းဆီးမှုများ မြင့်တက်လာခြင်းသည် ကမ္ဘာ့သတင်း စီးပွားရေးလုပ်ငန်း တိုးတက် ပြောင်းလဲလာခြင်းကို ထင်ဟပ်ပြနေသည်ဟု ၎င်းတို့က ပြောပါသည်။

          နိုင်ငံရေး အကျဉ်းသားများဟု ယေဘုယျ သတ်မှတ်ထားသော အကျဉ်းကျခံ စာနယ်ဇင်းသမား ၉ ဦးအနက် ၅ ဦးမှာ လွတ်လပ်သော သတင်းသမားများဖြစ်သည်ဟု CPJ သတင်းများအရ သိရပါသည်။

          ၎င်းတို့ အထဲတွင် ကျော်ကြားသော ဟာသပညာရှင် ဇာဂနာလည်း ပါဝင်လာပြီး ၎င်းသည် နာဂစ် ဆိုင်ကလုန်းကာလတွင် မြန်မာအစိုးရ၏ လုပ်ဆောင်မှုများနှင့် ပတ်သက်၍ ပြည်ပ မီဒီယာများနှင့် အင်တာဗျူးတွင် ဝေဖန် ပြောကြားခဲ့သောကြောင့် ၂၀၀၈ နိုဝင်ဘာတွင် ထောင်ဒဏ် ၅၉ နှစ် (နောက်ပိုင်းတွင် ၃၅ နှစ်သို့ လျော့ချ) ပြစ်ဒဏ် ချမှတ်ခံထားရသူ ဖြစ်သည်။

          ဇာဂနာနှင့်အတူ နာဂစ်ဆိုင်ကလုန်း၏ ဆိုးကျိုးများကို ဗီဒီယိုရုပ်ရှင် ရိုက်ကူးခဲ့သူ ဇော်သက်ထွေးမှာလည်း ထောင်ဒဏ် ၁၉ နှစ် ချမှတ်ခြင်း ခံရပါသည်။

          မြန်မာဘလော့ဂါ နေဖုန်းလတ်သည်လည်း ၎င်း၏ ဝက်ဘ်ဆိုက်တွင် မြန်မာအစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်ကြီးများ၏ ရုပ်ပြောင် ပုံတူများကို တင်ခဲ့ခြင်းကြောင့် ထောင်ဒဏ် ၁၂ နှစ် အပြစ်ပေးခံရကာ ၎င်းနှင့်အတူ လုပ်ကိုင်ခဲ့သူ ယခင် ဘီဘီစီ သတင်းပေး နေမင်းမှာလည်း ထောင်ဒဏ်၁၅ နှစ် ကျခံနေရပါသည်။

          သတင်းသမားများ၏ နောက်ကွယ်မှ ပံ့ပိုးနေသော မီဒီယာ အဖွဲ့အစည်းများ၏ ကြီးမားသော အစဉ်အလာသည် သမိုင်းတွင် တဖြည်းဖြည်း တိမ်မြှုပ် ကျဆင်းနေသည်ကို သိရှိသွားသောကြောင့် သတင်းသမားများသည် အန္တရာယ် ကြီးမားသော တာဝန်များမှ စွန့်ခွာနေကြသည်ဟု CPT အမှုဆောင် ဒါရိုက်တာ Toel Simon က အစီရင်ခံစာတွင် ဖော်ပြထားပါသည်။

          ယနေ့ ရှေ့တန်းတွင် လုပ်ကိုင်နေသော သတင်းထောက်များတွင် လွတ်လပ်စွာ လှုပ်ရှားသူများ တိုးပွားလာပါသည်။ အွန်လိုင်း သတင်းထောက်များ တိုးပွားလာခြင်းသည် သတင်းထောက် မျိုးဆက်သစ် စာမျက်နှာကို ဖွင့်လှစ်ခိုင်းခြင်း ဖြစ်သော်လည်း ၎င်းတို့မှာ ထိလွယ်ခိုက်လွယ် ဖြစ်နေသည် ဟု ဆိုရပါမည်။

          ဖြစ်ရပ်မှန် ဇာတ်ကားဆု ရရှိခဲ့သော Orphans of Burma Cyclone ရိုက်ကူးသူ DBV အတွက် အလုပ်လုပ်ပေးနေသည့် မြန်မာဓာတ်ပုံသမား "T"၏ အဖြစ်အပျက်ကို အဖွဲ့အစည်းက ညွှန်ပြခဲ့ပြီး ၎င်း သည် လက်ရှိတွင် ထောင်ဒဏ် ၁၅ နှစ် ကျခံနေရပါသည်။

          ကမ္ဘာပေါ်ရှိ စစ်ဆေးမေးမြန်းမှု ထူပြောသည့် နိုင်ငံတစ်ခု ဖြစ်သော မြန်မာနိုင်ငံသည် သတင်းထောက်များအတွက် အလွန် အန္တရာယ်ကြီးပြီး T ကဲ့သို့သော အကာအကွယ်မဲ့ သတင်းထောက်များ၏ ကိစ္စမှာ ကမ္ဘာပေါ်တွင် အရေးတကြီး ဆန်းစစ်စရာ ဖြစ်လာနေပါသည်။

          ပဲရစ် အခြေစိုက် မီဒီယာ လေ့လာရေးအဖွဲ့ Reporters Sans Frontieres က နှစ်စဉ် ထုတ်ပြန် သော ၂၀၀၉ မီဒီယာ လွတ်လပ်သော နိုင်ငံများ ညွှန်းတန်းတွင် ၁၇၅ နိုင်ငံ ရှိသည့် အနက် မြန်မာနိုင်ငံ က နံပါတ် ၁၇၁ တွင် ရှိနေပါသည်။ မြန်မာနိုင်ငံသည် ဘလော့ဂါတစ်ယောက် ဖြစ်လာရန် မလွယ်ကူသော လူဆိုးနိုင်ငံဟု CPJ က ထုတ်ပြန်သည့် ဧပြီလ အစီရင်ခံစာတွင် နာမည်ပေးထားပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Yahoo News,Darlene Superville, 3 Dec 2009

          အမေရိကန် သမ္မတ အိုဘားမားနှင့် ရုရှားနိုင်ငံသမ္မတ Dmitry Medvedev တို့သည် စနေနေ့က သက်တမ်းလွန်သွားသည့် နျူကလီးယား လက်နက်စာချုပ်အတွက် ဆက်လက် ဆွေးနွေးညှိနှိုင်းရေး ကိစ္စအား စကားပြောကြကြောင်း အိမ်ဖြူတော်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။

          အိုဘားမားအစိုးရ တာဝန်ရှိသူက ပြောရာတွင် သမ္မတနှစ်ဦးသည် တယ်လီဖုန်းဖြင့် အားပေး စကားပြောကြခြင်း ဖြစ်ပြီး၊ အသေးစိတ် အချက်အလက်များကို ပြောကြားခြင်း မရှိပါ။ ပြောဆိုသူက အမည်မဖော်လိုကြောင်း ဖုန်းဖြင့် ဆွေးနွေးမှုအား လူသိရှင်ကြား ထုတ်ပြန်ခြင်း မရှိသောကြောင့် ဖြစ်သည်ဟု ဆိုပါသည်။

          မဟာဗျူဟာ လက်နက်လျှော့ချရေး စာချုပ် The Strategic Arms Reduction Treaty (Start) မှာ ဒီဇင်ဘာလ ၅ ရက်နေ့က သက်တမ်း ကုန်သွားပြီ ဖြစ်သည်။ နှစ်နိုင်ငံအစိုးရသည် လွန်ခဲ့ သော လများကပင် နှစ်ဖက်စလုံးက နျူကလီယာလက်နက် ထပ်မံ လျော့ချရေးအတွက် စာချုပ်သစ် ထပ်မံ ချုပ်ဆိုနိုင်ရန် ဆွေးနွေးခဲ့ကြပါသည်။

          အိမ်ဖြူတော်သတင်း ထုတ်ပြန်ရေး အတွင်းရေးမှူး Robert Gibbs က ယခင်အပတ်က ပြောကြားရာတွင် နှစ်ဖက်စလုံး တိုးတက်မှုများ ပြုလုပ်နိုင်ခဲ့သည်ဟု ဆိုပါသည်။ 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

BBC News,12 Dec 2009    

ဘန်ကောက်လေဆိပ်တွင် ဆီဝင်ဖြည့်သော ကုန်တင် လေယာဉ်တစ်စင်းကို ထိုင်းနိုင်ငံက ဖမ်းဆီးလိုက်ပြီး အဆိုပါလေယာဉ်သည် မြောက်ကိုရီးယားနိုင်ငံမှ လက်နက်များကို သယ်ဆောင်လာခြင်း ဖြစ်၍ သွားရောက်မည့် နေရာကို မသိရှိရသေးဟု ဆိုပါသည်။

          လေယာဉ် အမှုထမ်း ၅ ဦးကိုလည်း ဖမ်းဆီးထားပါသည်။ ဒုံးပစ် လောင်ချာများ၊ ဗုံးများ၊ ဒုံးပျံများ နှင့် အခြားလက်နက်များ တင်ဆောင်လာသည်ဟု စစ်တပ် စုံစမ်း စစ်ဆေးရေးမှူးများက ပြောပါသည်။

          အဆိုပါ လေယာဉ်သည် မြောက်ကိုရီးယား မြို့တော်ပြုံးယမ်းမှ ပျံသန်းလာခြင်း ဖြစ်ပြီး အရေးပေါ် ဆီဖြည့်ရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်ဟု ယူဆကြောင်း ထိုင်းလေတပ်က ပြောဆိုပါသည်။

          ပြည်တွင်းသတင်း ဖော်ပြမှုများအရ လေယာဉ်အမှုထမ်း ၄ ဦးမှာ ကာဇက်စတန် နိုင်ငံမှ ဖြစ်ပြီး ကျန်တစ်ဦးမှာ ဘယ်လာရုစ်မှ ဖြစ်သည်ဟု သိရပါသည်။

          ထိုင်းတာဝန်ရှိ ပုဂ္ဂိုလ်များက နိုင်ငံခြား ထောက်လှမ်းရေးဌာနတစ်ခု၏ လျှို့ဝှက် သတင်းပေးမှုအရ ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်ဟု ပြောကြားခဲ့ပြီး အမည်မဖော်လိုသူ အရာရှိတစ်ဦးကမူ အမေရိကန် ပြည်ထောင်စုထဲမှ သတင်းရရှိခဲ့ခြင်း ဖြစ်သည်ဟု ရိုက်တာသို့ ပြောကြားခဲ့ပါသည်။

          ၎င်းလေယာဉ်သည် မြောက်ကိုရီးယားမှ လာခြင်း ဖြစ်၍ တောင်အာရှဒေသ တစ်နေရာရာသို့ ဦးတည်နေခြင်း ဖြစ်ပြီး ပါကစ္စတန်ဖြစ်ဖို့ များသည်ဟု အထက်ပါအရာရှိက ဆက်လက် ပြောကြားပါသည်။

          အတည်မပြုနိုင်သေးသော အခြား သတင်းတစ်ရပ်ကမူ သီရိလင်္ကာနိုင်ငံသည် ခရီးလမ်းဆုံး ဖြစ်သည်ဟု ဆိုပြန်ပါသည်။

အရည်အသွေးမြင့် ပို့ကုန်များ

          ဆိုဗီယက်နိုင်ငံထုတ် 1L - 76 အမျိုးအစား စင်းလုံးငှားလေယာဉ်ပေါ်တွင် လက်နက်ပစ္စည်း တန် ၄၀ ခန့် တင်ဆောင်လာသည်ဟု ပြည်တွင်းသတင်းများက ဖော်ပြပါသည်။

          ဖမ်းဆီးရမိသော လက်နက်များကို ထိုင်းတပ်မတော် စစ်လက်နက်ပစ္စည်းဌာနသို့ ရွေ့ပြောင်း ထိန်းသိမ်းထားသည်ဟု ဆိုပါသည်။

          လေယာဉ်မောင်းအဖွဲ့က ၎င်းတို့ တင်ဆောင်လာသော ကုန်ပစ္စည်းများသည် ရေနံတွင်းတူး ကိရိယာများဟု သတင်းပို့ခဲ့ကြောင်း ထိုင်းဒုတိယဝန်ကြီးချုပ် ဆူသက်သောင်ဆူဆန်၏ ပြောကြားမှုကို AFP သတင်းဌာနက ထုတ်ပြန်ပါသည်။ မိမိတို့ စစ်ဆေးလိုက်သောအခါ လက်နက်ပစ္စည်းများ ဖြစ်ကြောင်း တွေ့ရှိရသည်ဟု အမျိုးသား လုံခြုံရေးကောင်စီ အကြီးအကဲဖြစ်သူ "ဆူသက်"က သတင်းထောက်များအား ပြောကြားပါသည်။

          ယခုကိစ္စတွင် ပါဝင်ပတ်သက်သူ များစွာရှိမည် ဖြစ်သောကြောင့် ဂရုတစိုက် လုပ်ဆောင်သွားမည်ဖြစ်ပြီး အရာအားလုံးကို ပွင့်လင်းမြင်သာစွာ ဆောင်ရွက်သွားမည်ဟုလည်း ၎င်းက ဆိုပါသည်။

          မေလတွင် ပြုလုပ်ခဲ့သော နျူကလီးယား စမ်းသပ်မှုကို ပြစ်ဒဏ်ခတ်သည့်အနေဖြင့် ကုလသမဂ္ဂကလည်း မြောက်ကိုရီးယားအပေါ် ချမှတ်ထားသည့် လက်နက်ကုန်သွယ်မှုများ တားမြစ်ရေး ပိတ်ဆို့ အရေးယူမှုကို ထပ်မံ တိုးမြှင့်ထားပါသည်။

          စားဝတ်နေရေး အလွန်ကျပ်တည်းနေသော ကွန်မြူနစ်နိုင်ငံအတွက် လက်နက်ပစ္စည်း ရောင်းချမှုသည် အလွန် အရေးကြီးသည့် ပို့ကုန်ပစ္စည်းဖြစ်၍ တစ်နှစ်လျှင် ၁ ဘီလျံကျော်ကျော် ရရှိသည်ဟု လေ့လာသူများက ပြောပါသည်။

          မြောက်ကိုရီးယား၏ ပမာဏကြီးမားသော လက်နက်ရောင်းချမှုများမှာ ပဲ့ထိန်းစနစ်သုံး ဒုံးများ ဖြစ်ပြီး အီရန်နှင့် အခြား အရှေ့အလယ်ပိုင်းနိုင်ငံများမှာ ဖောက်သည်များ ဖြစ်သည်ဟု အမေရိကန်အစိုးရ အရာရှိများက ပြောကြားပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Khonumthung News, 10 Dec 2009

          ချင်းပြည်နယ် Thantlang မြို့နယ် Lungler ရွာတွင် မြန်မာစစ်တပ်မှ တပ်ရင်း ၂၂၈ မှာ စစ်သား ၃၈ ဦး စခန်းချနေရာ ရွာသားများကို နေထိုင်ရ အဆင်မပြေမှုများ ဖြစ်စေသည်ဟု ဆိုပါသည်။

          သတင်းများအဆိုအရ စစ်တပ်မှ ခေါင်းဆောင်အရာရှိ စိုးကျော်သိန်းနှင့် သူ၏ တပ်ဖွဲ့သည် ရွာသား စန်းသူ၊ Thleilian နှင့် အခြားနှစ်ဦး၏ အိမ်များတွင် နိုဝင်ဘာလ ၂၇ ရက်နေ့မှ စတင်၍ စတည်းချ နေကြကြောင်း သိရှိရပါသည်။

          ရွာရှိ အမျိုးသမီးတစ်ဦးက ပြောကြားရာတွင် စစ်သားများ ရှိနေသောကြောင့် ၎င်းတို့ စိတ်ညစ်ကြောင်း၊ နေထိုင်ရ ခက်ခဲ၍ လွတ်လွတ်လပ်လပ် မရှိကြောင်း၊ ကျေးရွာကောင်စီသည် ၎င်းတို့အတွက် အစားအစာများ၊ ရေနှင့် ချက်ပြုတ်ရန် ထင်းများ စီစဉ်ပေးရကြောင်း ဆိုပါသည်။

          ယခင်တပ်ဖွဲ့များ လာစဉ်က ရွာနှင့် အလှမ်းဝေးသော ဘုန်းကြီးကျောင်းတွင် နေထိုင်ခဲ့ကြသော်လည်း၊ ယခု ရောက်သော စစ်သားများက ရွာသားများနှင့် နီးကပ်စွာ နေထိုင်ကြောင်း ပြော၍ ရွာထဲတွင် နေထိုင်ကြသည်ဟု ဆိုပါသည်။

          ၎င်းတို့ အဘယ်ကြောင့် ရွာသားများနှင့် နေလိုကြောင်း မသိရကြောင်း၊ ရွာသားများ အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်ရကြောင်း သူမက ပြောပါသည်။

          စစ်သားများသည် Thantlang မြို့နယ်ရှိ တောင်ကြားရှစ်ခုအနက် ငါးခုတွင် ကင်းလှည့်ပြီး တစ်ခါတစ်ရံ ရွာသားများထံမှ အိမ်မွေး တိရစ္ဆာန်များနှင့် ငွေများကို ယူကြပါသည်။

          ရွာထဲတွင် ဝင်ရောက် နေထိုင်ရခြင်း အကြောင်း ဖြစ်နိုင်သည့် အချက်မှ စစ်တပ်အတွက် စခန်းသစ် တည်ဆောက်ရာတွင် ရွာသားများအား ခိုင်းစေပါက ပြည်ပမီဒီယာများသို့ အဓမ္မ လုပ်အားပေးစေခိုင်းမှု ရှိကြောင်း သတင်းပေးမည်ကို စိုးရိမ်သောကြောင့် ဖြစ်မည်ဟု ယူဆရပါသည်။

          Lungler စစ်တပ်ဧရိယာအတွင်းရှိ တောင်ကြားငါးခုတွင် ရွာပေါင်း ၄၆ ရွာ ရှိပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Irrawaddy, Marwaan Macan – Markar, 11 Dec 2009

          လာမည့်နှစ်တွင် မြန်မာနိုင်ငံအစိုးရက ကျင်းပပြုလုပ်မည်ဟု ကတိပေးထားသော ရွေးကောက်ပွဲသည် ၁၉၉၀ ခုနှစ်က ပြုလုပ်ခဲ့သော ရွေးကောက်ပွဲနှင့် မီဒီယာများ၏ ယဉ်ကျေးမှု အခြေအနေချင်း များစွာ ခြားနားကြောင်း မြန်မာသတင်းစာ ဆရာတစ်ဦးက ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်တွင် ပြုလုပ်သော ဒေသတွင်း မီဒီယာ ဆွေးနွေးပွဲတစ်ခုတွင် ပြောကြားခဲ့ပါသည်။

          အဆိုပါ ရွေးကောက်ပွဲတွင် အတိုက်အခံက အနိုင်ရရှိခဲ့ပြီး စစ်အစိုးရက အသိအမှတ်ပြုရန် ငြင်းဆန်ခဲ့ပါသည်။

          ၂၀၁၀ ရွေးကောက်ပွဲသည် လွန်ခဲ့သော အနှစ်နှစ်ဆယ်အတွင်း မှိုလို ပေါက်လာသော မြန်မာနိုင်ငံ ပြင်ပရောက် မြန်မာ သတင်းစာဆရာများက ထုတ်ဝေနေသော မြောက်မြားစွာသော မီဒီယာများ၏ စောင့်ကြည့်မှု အောက်တွင် ကျင်းပရလိမ့်မည် ဖြစ်ကြောင်း ဧရာဝတီမှ အုပ်ချုပ်မှု အယ်ဒီတာ ကျော်စွာမိုးက ပြောကြားလိုက်ပါသည်။ ဧရာဝတီသည် ထိုင်းနိုင်ငံတွင် နေထိုင်ကြသော မြန်မာ သတင်းစာ ဆရာများ ထုတ်ဝေသော နာမည်ရ သတင်းမဂ္ဂဇင်း ဖြစ်ပါသည်။

          မဲခေါင်မီဒီယာ ဆွေးနွေးပွဲကို ဒီဇင်ဘာလ ၉ ရက်မှ ၁၂ ရက်နေ့အထိ ကျင်းပလျက် ရှိရာ၊ ကြာသပတေးနေ့က အဆိုပါ ဆွေးနွေးပွဲတွင် ၎င်းက ဆက်လက် ပြောကြားရာ၌ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ ကျင်းပစဉ်က ပြည်တွင်း၌လည်း ရွေးကောက်ပွဲအကြောင်း လွတ်လပ်စွာ ဖော်ပြခွင့် မရှိသည့်အပြင် မြန်မာနိုင်ငံ ပြင်ပ၌လည်း မြန်မာမီဒီယာများ မရှိပါဟု ဆိုပါသည်။ ပြည်တွင်းတွင် ယခုအချိန်အထိ ရွေးကောက်ပွဲနှင့် ပတ်သက်၍ လွတ်လပ်စွာ ဖော်ပြခွင့်မရဘဲ အန္တရာယ်များ ရှိနေဆဲ ဖြစ်သည်ဟု ၎င်းက ဆက်၍ ပြောကြားခဲ့ပါသည်။

          ထို့ကြောင့် မကြာသေးမီ နှစ်များအတွင်းက ကြီးထွားလာသော မြန်မာနိုင်ငံ ပြင်ပရှိ မီဒီယာများသည် အရေးကြီးသော ကဏ္ဍမှ ပါဝင်ရမည် ဖြစ်သည်ဟု၊ လူတစ်ရာခန့် တက်ရောက်သော ဆွေးနွေးပွဲ တွင် "Burma 2010" ခေါင်းစဉ်အောက်၌ ဆွေးနွေးစဉ် ဝင်ရောက် ပြောကြားခဲ့ပါသည်။

          ဧရာဝတီအနေဖြင့် ရွေးကောက်ပွဲကို စောင့်ကြည့်ခြင်း ကဏ္ဍတစ်ရပ်ကို အစောကြီးကတည်းက ဖွင့်လှစ်ထားပြီး၊ ရွေးကောက်ပွဲမတိုင်မီ၊ ကျင်းပဆဲနှင့် ကျင်းပပြီး ကာလတို့တွင် ရှုဒေါင့်ပေါင်းစုံမှ တင်ပြနိုင်ရန် ရည်ရွယ်ထားပါသည်။

          မြန်မာအစိုးရက ပြောကြားရာတွင် ယခု ရွေးကောက်ပွဲသည် စည်းကမ်း ပြည့်ဝသော ဒီမိုကရေစီ ဖန်တီးရာတွင် အစိတ်အပိုင်းတစ်ခု ဖြစ်ကြောင်း ဖော်ပြခဲ့ပါသည်။

          မိမိတို့အနေဖြင့် ရွေးကောက်ပွဲ၏ အဆင့်တိုင်းကို စောင့်ကြည့်ရန် လိုအပ်မည် ဖြစ်ကြောင်း နိုင်ငံရေး လှုပ်ရှားသူ မိုးဇော်ဦးက ပြောကြားခဲ့ပါသည်။ ရွေးကောက်ပွဲတွင် ပွင့်လင်းမြင်သာမှု ရှိရေးနှင့် ပတ်သက်၍ ပုံမှန်မဟုတ်သော ကိစ္စရပ်များကို ပြည်တွင်းပြည်ပ မီဒီယာများက မည်သို့ ဖော်ထုတ်ရမည် ဆိုသည်ကို လေ့လာရမည်ဟု ၎င်းက ဆိုပါသည်။ ရွေးကောက်ပွဲသည် အလှည့်အပတ် များပြီး ရှုပ်ထွေးလိမ့်မည် ဖြစ်ကြောင်း၊ ပြည်တွင်းမီဒီယာများ အနေဖြင့် လွတ်လပ်စွာ ဖော်ပြနိုင်လိမ့်မည်ဟု ပြောကြားခဲ့ပါသည်။

          တိုင်းရင်းသားများကို ကိုယ်စားပြုသော မီဒီယာများကလည်း ရွေးကောက်ပွဲအတွက် ပြင်ဆင် ထားကြပြီး၊ ဥပမာအားဖြင့် ထိုင်းနိုင်ငံတွင် နေထိုင်ကြသော ကချင် သတင်းစာဆရာများ ထုတ်ဝေသော Kachin News ရှိပါသည်။

          ကချင်ဒေသတွင် ပုံစံသစ်ဖြင့် ဖွဲ့စည်းထားသော လူထုအုပ်စုအဖွဲ့များ ဖွဲ့စည်းထားကြောင်း၊ ပြီးခဲ့သည့် နိုဝင်ဘာ ၁၈ ရက်နေ့က ကချင်ပြည်နယ် တိုးတက်ရေးပါတီ ရုံးခန်းသစ်ကို ဖွင့်လှစ်ခဲ့ကြောင်း  Kachin News မှ အယ်ဒီတာ Naw Din Lahpai က ပြောပါသည်။

          ကချင်ပြည်နယ်တွင် အများစုမှ ခရစ်ယာန်ဘာသာ ကိုးကွယ်သူများ ဖြစ်သည့်အလျှောက် စစ်အစိုးရသည် ကချင်ဒေသရှိ ဘုရားရှိခိုးကျောင်းများတွင် မဲဆွယ်မှု ပြုလုပ်လျက် ရှိပါသည်။ ဘုရားရှိခိုး ကျောင်းများတွင် ဆန်များ ပေးဝေခြင်း၊ ဆီများ ပေးဝေခြင်း၊ ငွေအနည်းငယ် လှူဒါန်းခြင်းများကို ပြုလုပ်လျက် ရှိကြောင်း၊ ဘာသာရေးကို အခြေခံသော မဲဆွယ်မှုများ ပြုလုပ်လျက် ရှိကြောင်း Naw Din က ပြောပါသည်။

          မြန်မာနိုင်ငံပြင်ပရှိ မီဒီယာများသည် မသေချာမှုများ၊ ဖိနှိပ်မှုများဖြင့် ပြည့်နှက်နေသော နိုင်ငံရေး အခင်းအကျင်းကို အကြိမ်ကြိမ် ဖော်ပြခဲ့ကြပြီး၊ လာမည့်နှစ် ရွေးကောက်ပွဲကို လွတ်လပ်၍ တရားမျှတရေးအတွက် တောင်းဆိုသည့် ဆောင်းပါးပေါင်းများစွာ ရေးထုတ်ခဲ့ပြီးလည်း ဖြစ်ပါသည်။ ယခု ရွေးကောက်ပွဲသည် ဗြိတိသျှ လက်အောက်မှ လွတ်မြောက်ပြီးကတည်းက ရေတွက်လျှင် ၁၅ ကြိမ် မြောက် ရွေးကောက်ပွဲ ဖြစ်ပါသည်။

          သို့သော် ယခုလက်ရှိအားဖြင့် မြန်မာအစိုးရသည် အရေးကြီးသည့် ဥပဒေ ၂ ရပ်ဖြစ်သည့် ၂၀၁၀ ရွေးကောက်ပွဲ ဥပဒေနှင့် နိုင်ငံရေးပါတီများကို ကြီးကြပ်မည် ဥပဒေတို့ကို တရားဝင် ကြေညာရန် လိုအပ်နေပါသေးသည်။

          ရွေးကောက်ပွဲနှင့် ပတ်သက်၍ စိုးရိမ်ရသော အကြောင်းအချက်များမှာ ပိုမို တိုးပွားလာလျက် ရှိပါသည်။ ၂၀၀၈ ခုနှစ် မေလ ဧရာဝတီတိုင်းတွင် နာဂစ်မုန်တိုင်း တိုက်ခတ်ပြီး ရက်များ မကြာမီ စစ်အစိုးရသည် ဆန္ဒခံယူပွဲ ပြုလုပ်၍ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုခဲ့ပါသည်။ ဆန္ဒ ခံယူပွဲကို အလိမ်အညာများဖြင့် ပြုလုပ်သည်ဟု စွပ်စွဲခဲ့ကြပါသည်။

          ၁၉၉၀ ရွေးကောက်ပွဲ ဖြစ်ရပ်ကလည်း မီဒီယာများကို စိုးရိမ်ပူပန်မှုများကို တိုးပွားစေပါသည်။

          စစ်အစိုးရအနေဖြင့် အရပ်သားများကို အာဏာလွှဲပေးရန် တုံ့ဆိုင်းနေရခြင်းမှာ ၎င်းတို့၏ အဆိုအရ နိုင်ငံရေးနှင့် ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုများအတွက် လမ်းညွှန်မြေပုံ ၇ ချက်၏ အစိတ်အပိုင်း ဖြစ်ကြောင်း ဆိုပါသည်။ မြန်မာနိုင်ငံသည် ၁၉၆၂ ခုနှစ် စစ်တပ် အာဏာသိမ်းပြီး ကတည်းက စစ်တပ်အောက်တွင် နေခဲ့ရသည် ဖြစ်ရာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအထိ စစ်တပ်၏ လွှမ်းမိုးမှုမှာ သက်ရောက်လျက် ရှိပါသည်။

          ဖွဲ့စည်းပုံ အခြေခံဥပဒေသည် လိုအပ်ချက်များစွာ ရှိပြီး စစ်တပ်၏ လွှမ်းမိုးမှုကို မျက်နှာသာ ပေးထားကြောင်း မိုးဇော်ဦးက ဆိုပါသည်။ စစ်တပ်သည် နိုင်ငံကို အရေးပေါ် အခြေအနေ ကြေညာ၍ အချိန်မရွေး အာဏာသိမ်းနိုင်သည်ဟု အခြေခံဥပဒေတွင် ပါဝင်ရာ ဥပဒေအရ ခွင့်မပြုသင့်ကြောင်း ၎င်းက ပြောပါသည်။

          စစ်အစိုးရ၏ အာဏာ လက်ကိုင်ထားမှုကို ဆက်လက် ထိန်းသိမ်းနိုင်ရန် အခြေခံဥပဒေ၏ နည်းဥပဒေများတွင် အခိုင်အမာ ထည့်သွင်းထားရာ ဥပဒေပြုမှု အဖွဲ့တွင် ၂၅ % သော နေရာကို ရွေးကောက် တင်မြှောက်ခြင်း မပြုပဲ စစ်တပ်မှ ပုဂ္ဂိုလ်များကို ခန့်အပ်ရန် ပြုလုပ်ထားပါသည်။

          မြန်မာနိုင်ငံတွင် တိုင်းရင်းသား လူမျိုးစုများသည် စုစုပေါင်း လူဦးရေ ၅၆ သန်း၏ ၄၀ % ရှိသည် ဖြစ်ရာ တိုင်းရင်းသားများအပေါ် စစ်တပ်၏ ရက်စက်စွာ ဖိနှိပ်သော လှုပ်ရှားမှုများသည် ၎င်းတို့၏ ရွေးကောက်ပွဲ အစီအစဉ်များကို အဓိပ္ပါယ်မဲ့အောင် ပြုလုပ်နေသလို ဖြစ်ကြောင်း Shan Women's Action Network မှ Charm Tong က ပြောပါသည်။ အဆိုပါအဖွဲ့မှ မြန်မာစစ်တပ်မှ ကျူးလွန်လျက် ရှိသော စစ်ရာဇဝတ်မှုများကို အစီရင်ခံစာ ထုတ်ပြန်ခဲ့ရာ အမျိုးသမီးများကို အဓမ္မပြုကျင့်ခြင်းကို စစ်ပွဲ လက်နက်သဖွယ် စနစ်တကျ အသုံးပြုပုံလည်း ပါဝင်ပါသည်။ မြန်မာနိုင်ငံတွင်းတွင် နေရာဖယ်ရှားခြင်း ခံရသော လူဦးရေ ခြောက်သိန်းခန့် ရှိကြောင်း၊ တိုင်းရင်းသားများ၏ ဆိုးရွားသော အခြေအနေကို ရည်ညွှန်း၍ သူမက ချင်းမိုင် ဆွေးနွေးပွဲတွင် ပြောကြားခဲ့ပါသည်။ မြန်မာစစ်တပ်သည် တစ်ပြည်လုံး တပ်ရင်း ၅၀၀ ခန့် ရှိသည့်အနက် တပ်ရင်း ၁၅၀ ခန့်သည် ရှမ်းပြည်နယ်တွင် နေရာယူထားကြောင်း တပ်အင်အား၏ လေးပုံတစ်ပုံ ရှိကြောင်း သူမက ဆိုပါသည်။

          ရှမ်းနိုင်ငံရေး ခေါင်းဆောင် အများစုမှာလည်း ထောင်ထဲတွင် အဖမ်းခံနေရသည် ဖြစ်ရာ ၁၉၉၀ ခုနှစ်က အနိုင်ရသော ပုဂ္ဂိုလ်များလည်း ပါကြောင်း၊ အရှေ့မြောက် နယ်စပ်တွင် နေထိုင်ကြသော ရှမ်း တိုင်းရင်းသား နိုင်ငံရေး လှုပ်ရှားသူများလည်း ပါဝင်ကြောင်း၊ ဤဖြစ်ရပ်များမှ ရွေးကောက်ပွဲ မတိုင်မီ လျစ်လျူရှုထားရန် မသင့်ကြောင်း သူမက ပြောကြားသွားခဲ့ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာပြည်တွင်း စစ်အစိုးရက ဖမ်းဆီးထိန်းသိမ်း ထားသော နိုင်ငံရေး အကျဉ်းသားများ နှင့် ပတ်သက်သော အကြောင်းအရာများကို ဖော်ထုတ်ပြီး စစ်အစိုးရအား ဖိအားပေးနိုင်ရန် ဗြိတိန်အစိုးရ က လူ့အခွင့်အရေး အဖွဲ့ကြီးနှစ်ခုကို တာဝန်ပေး စည်းရုံးလိုက်ကြောင်း သိရ သည်။ 

ဗြိတိန် အစိုးရ၏ နိုင်ငံခြားရေးနှင့် ဓနသဟာယဆိုင်ရာရုံး (FCO) သည် ယခုအခါ Burma Campaign UK(BCUK) ၊ Human Rights Watch(HRW)နှင့် Assistance Association for Political Prisoners-Burma(AAPP) ပူးပေါင်းပြီး မြန်မာနိုင်ငံရေး အကျဉ်းသား စုစုပေါင်း ၂၁၀၀ ထဲမှ အကျဉ်းသား တစ်ဦးအကြောင်းကို ထုတ်ဖော် ပြောပြရန် စီစဉ်လျက်ရှိသည်။

"လွန်စွာ ဝမ်းနည်းဖွယ်ရာ ကောင်းသော အချက်မှာ မြန်မာနိုင်ငံတွင် နိုင်ငံရေး အကျဉ်းသား မြောက်မြားစွာ ရှိပြီး ၎င်းတို့အားလုံး၏ အတ္ထုပတိကို ရေးသားပြုစုပါက နှစ်ပေါင်း ၄၀ ခန့် ကြာမြင့်မည် ဖြစ်သည် ဟူသော အချက်ပင် ဖြစ်သည်" ဟု FCO ၏ အင်တာနက် ဝက်ဘ်ဆိုက်တွင် ရေးသား ထားသည်။  

နိုင်ငံခြားရေးရုံး ဝန်ကြီး Ivan Lewis က "မြန်မာနိုင်ငံတွင်း အကျဉ်းသား ဦးရေမှာ များပြားလျက် ရှိသည့် အားလျော်စွာ အဆိုပါ အကျဉ်းသားများ အားလုံးကို မလွှတ်ပေးဘဲ ဒီမိုကရေစီ ရွေးကောက်ပွဲ ကျင်းပပါက အဆိုပါ ရွေးကောက်ပွဲသည် ယုံကြည်စရာရှိမည်မဟုတ်ပေ" ဟု ကြေညာချက် တစ်စောင် ရေးသားခဲ့သည်။ အဆိုပါ ကြေညာချက်ကို မြန်မာနိုင်ငံတွင်း ဖမ်းဆီးထိန်းသိမ်း ခံထားရသော နိုင်ငံရေး သမားများ၊ သတင်းစာဆရာများ၊ ဥပဒေသမားများနှင့် ဘာသာရေး ခေါင်းဆောင်များကို ရည်ရွယ်ပြီး ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပါသည်။ 

မြန်မာဒီမို ကရေစီခေါင်းဆောင် နှင့် ကမ္ဘာ့ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဆိုလျှင် နေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရသည် မှာ နှစ်ပေါင်း ၁၄ နှစ် ကာလသို့ ရောက်ရှိလာပြီ ဖြစ်သည်။ 

မြန်မာပြည်ဖွား အမေရိကန်နိုင်ငံသား ကိုကျော်ဇောလွင် ၏ ဇနီးဖြစ်သူ၊( ယခင် နိုင်ငံရေး လှုပ်ရှားသူ) မှာ အယောင်ဆောင် လှည့်ဖျားမှု အပါအဝင် အမှုများစွာနှင့် တရားရင်ဆိုင်နေရသည်။ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ဘန်ကီမွန်းက မြန်မာနိုင်ငံ နိုင်ငံရေး အကျဉ်းသားများ အားလုံးကို လွှတ်ပေးရန် အရေးယူ ဆောင်ရွက်နေပြီ ဖြစ်သည်။ 

FCO ရုံးမှ ဒုတိယအကြီးအကဲ Gill Lever က မိမိတို့အဖွဲ့သည် ဒစ်ဂျစ်တယ် အင်တာနက် မီဒီယာများ ဖြစ်သော Facebook၊ Twitter အစရှိသည်တို့ကို အသုံးချပြီး မြန်မာ့နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးကို နိုင်ငံတကာ အဆင့်ဖြင့် လှုပ်ရှားသွားမည် ဖြစ်ကြောင်း DVB သတင်းဌာနသို့ ပြောကြားသည်။  

"တခြား ကမ္ဘာ့နိုင်ငံအရေး ကိစ္စတွေနဲ့ မြန်မာ့အရေးကိစ္စကို ယှဉ်ကြည့်လျှင် မြန်မာ့အရေးက ပိုပြီး ပြင်းထန်တာကို တွေ့ရပါတယ်" ဟု ၎င်းကပြောသည်။ 

"ဘာဖြစ်လို့ အဲဒီလို ပြောရသလဲဆိုရင် မြန်မာပြည်မှာ ဒီမိုကရေစီ ရွေးကောက်ပွဲ ကျင်းပဖို့ နီးကပ်လာလို့ပါပဲ။ အီးယူနဲ့ ကုလသမဂ္ဂတို့ကလည်း မြန်မာ့နိုင်ငံရေး အကျဉ်းသားတွေ အမြန်ဆုံး လွှတ်ပေးဖို့ တောင်းဆိုနေပါပြီ"

မြန်မာစစ်အစိုးရက ဖမ်းဆီးထားသော နိုင်ငံရေး အကျဉ်းသား စုစုပေါင်း ၂၁၇၃ ဦးတွင် ၁၇၈ ဦးမှာ အမျိုးသမီး၊ ၂၅၁ ဦးမှာ သံဃာတော်၊ နှင့် ၂၁ ဦးမှာ နာဂစ် မုန်တိုင်း သင့်သူများ ကယ်ဆယ်ရေး လုပ်ငန်း လုပ်ကိုင်သူများ ဖြစ်ကြသည်။ 

DVB သတင်းဌာန ၏ British govt launches innovative Burma Campaign ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ဘင်္ဂလား ပင်လယ်အော်ဒေသ စီးပွားရေးနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (ဘင်းစတက်) ၏ ဥက္ကဌရာထူး ကို အိန္ဒိယ နိုင်ငံက မြန်မာနိုင်ငံသို့ လွှဲပြောင်းပေး အပ် လိုက်ပြီဖြစ်ကြောင်း သိရသည်။ 

အဖွဲ့ဝင် ခုနစ်နိုင်ငံ ပါဝင်သည့် အဆိုပါ ဘင်းစတက် အဖွဲ့သည် တောင်အာရှဒေသ၊ အရှေ့တောင် အာရှ ဒေသနှင့် အိန္ဒိယ အရှေ့မြောက်ပိုင်း ဒေသများကို စီးပွားရေးပူးပေါင်း ဆောင်ရွက်နိုင်အောင် ပြုလုပ်ပေးသော အဖွဲ့ဖြစ်ကြောင်း အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး SM Krishna ကပြောကြားသည်။  

"ဒီဘင်းစတက် အဖွဲ့ကြီးဟာ ဒေသတွင်း စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးကို မြှင့်တင်ပေး နိုင်ဖို့အတွက် အင်မတန်အရေးပါတဲ့ အဖွဲ့ကြီးတစ်ခုလို့ကျွန်တော်တို့ မြင်ပါတယ်" ဟု မြန်မာ နိုင်ငံ၊ မြို့တော်နေပြည်တော်တွင် ကျင်းပပြုလုပ်သော ဘင်းစတက်ဥက္ကဌရာထူး လွှဲပြောင်းပေးရေး အခမ်းအနား၌ ၎င်းက ပြောသည်။ 

မစ္စတာ SM Krishna သည် အဆိုပါ ဘင်းစတက်ဥက္ကဌရာထူးကို ၎င်းနှင့် အဆင့်တူသူ မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်း အား လွှဲပြောင်းပေးအပ်ခဲ့သည်။ 

"ဒီဘင်းစတက်အဖွဲ့ဟာ တောင်အာရှ၊ အရှေ့တောင်အာရှ နဲ့ အရှေ့မြောက်အိန္ဒိယ ဒေသတို့ ကို ချိတ်ဆက်ပေးတဲ့ တံတားတစ်စင်းလို့မြင်မိပါတယ်" ဟု မစ္စတာ Krishna ကပြောပါသည်။  

အိန္ဒိယနိုင်ငံသည် ဘင်းစတက်အဖွဲ့ဝင် နိုင်ငံများအချင်းချင်း ကုန်သွယ်ရေးလုပ်ငန်းများ တိုးမြှင့် ဆောင်ရွက်နိုင်ရန် တွန်းအားပေးလျက်ရှိသော နိုင်ငံတစ်ခုဖြစ်သည်။

ဘင်းစတက်အဖွဲ့တွင် ဘင်္ဂလားပင်လယ်အော် ဒေသ နိုင်ငံများ ဖြစ်ကြသော အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ နီပေါ၊ သီရိလင်္ကာနှင့် ထိုင်း အစရှိသည့် နိုင်ငံများပါဝင်သည်။  

ယခင်နှစ်က ဒုတိယကြိမ်မြောက် ဘင်းစတက် ထိပ်သီးဆွေးနွေးပွဲကို အိန္ဒိယနိုင်ငံက လက်ခံကျင်းပပေးခဲ့သည်။ အိန္ဒိယအနေဖြင့် ဘင်းစတက်နှင့် ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းမျာကို မြှင့် တင်လိုကြောင်း မစ္စတာ Krishnaက ထုတ်ဖော်ပြောဆိုပြီး အဖွဲ့ဝင် နိုင်ငံများ အနေဖြင့်လည်း စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများ အစွမ်းကုန်မြှင့်တင် သွားစေလိုကြောင်း ၎င်းက တိုက်တွန်းလိုက်သည်။ 

"ကျွန်တော်တို့အနေနဲ့ ဘင်းစတက်ကို ခိုင်မာသန်စွမ်းတဲ့ အဖွဲ့အစည်းတစ်ခု အဖြစ် တွေ့မြင် လိုပါတယ်။ ပြီးခဲ့တဲ့ သုံးနှစ်တာ ကာလတစ်လျှောက်လုံး ( အိန္ဒိယက ဥက္ကဌရာ ထူး ရယူခဲ့စဉ် ကာလက)  အခုလို ပန်းတိုင်မျိုးကို ရောက်လာအောင် ကျွန်တော်တို့ ကြိုးစားခဲ့ပါတယ်" ဟု ၎င်းက ပြောသည်။ 

ဘင်းစတက် အဖွဲ့သည် ကျန်းမာရေး၊ စွမ်းအင်၊ နည်းပညာ၊လူသားရင်းမြစ်ဖွံ့ဖြိုးတိုးတက် ရေး၊ ကုန်သွယ်ရေး၊ တိုရစ်ဇင် နှင့် ယဉ်ကျေးမှု အပါအဝင် ကဏ္ဍပေါင်း ၁၄ ခုကို ပူးပေါင်း ဆောင်ရွက်နေသော အဖွဲ့တစ်ခုဖြစ်ပါသည်။ 

IANA သတင်းဌာနမှ India hands over BIMSTEC chair to Myanmar ကို ဆီလျော်အောင် ဘာသာပြန်ဆို ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

စစ်အစိုးရက ဖမ်းဆီး ထိန်းသိမ်းထားသော မြန်မာပြည်ဖွား အမေရိကန်နိုင်ငံသား ကိုကျော်ဇောလွင်သည် အကျဉ်းထောင်တွင်း အစာငတ်ခံဆန္ဒပြမှုကြောင့် ကျန်းမာရေး အခြေအနေ ဆိုးရွားလျက်ရှိပြီး အမှုရင် ဆိုင်ရန် တရားရုံးတော်သို့ တက်ရောက်နိုင်ခြင်း မရှိကြောင်း ၎င်း၏ ရှေ့နေက ပြောကြားသည်။  

ကိုကျော်ဇောလွင်ကို မြန်မာစစ်အစိုးရက ပြီးခဲ့သည့် ၂၀၀၇ ခုနှစ် စက်တင်ဘာ သံဃာတော် များ ဦးဆောင်သည့် ဆန္ဒပြမှုကို ပြန်လည် အစဖော်ရန် ဝင်ရောက်လာမှုဖြင့် စစ်အစိုးရက ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း၊ သူသည် ယခုနှစ် စက်တင်ဘာ အတွင်း မြန်မာပြည်သို့ ပြန်လည် ဝင်ရောက်လာစဉ် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ဖမ်းဆီးခံလိုက် ရခြင်းဖြစ်ကြောင်း သိရသည်။ 

ကိုကျော်ဇောလွင်အား စစ်အစိုးရက အယောင်ဆောင်မှု၊ နိုင်ငံခြားငွေကြေးဆိုင်ရာ အက်ဥပဒေ ချိုးဖောက်မှုတို့ဖြင့် တရားစွဲဆိုကာ ဖမ်းဆီး ထိန်းသိမ်းထားပါသည်။ 

သူ၏ ရှေ့နေတစ်ဦးဖြစ်သူ ဦးကြည်ဝင်းက ကိုကျော်ဇောလွင်သည် ကျန်းမာရေးအခြေအနေ ဆိုးရွားနေသောကြောင့် တရားရုံးသို့ လာရောက်နိုင်ခြင်းမရှိဟု တရားသူကြီးက အသိပေးကြောင်း ပြောကြားသည်။ ကိုကျော်ဇောလွင် တရားရုံးသို့ မလာနိုင်သောကြောင့် ထိုနေ့အတွက်  အမှုကြားနာ စစ်ဆေးရေး အစီအစဉ်မှာ ဖျက်သိမ်း လိုက်ရသည်။  

ဝါရှင်တန် အခြေစိုက် ဥပဒေ အဖွဲ့တစ်ခုဖြစ်သော Freedom Now က ကိုကျော်ဇောလွင်၏ အမှုကို စုံစမ်းလျက်ရှိပြီး သူသည် မြန်မာပြည်တွင်း နိုင်ငံရေး အကျဉ်းသားများ ဖမ်းဆီးထိန်း သိမ်းခံထားရမှုကို မကျေနပ်သောကြောင့် အစာငတ်ခံ ဆန္ဒပြခြင်း ဖြစ်ကြောင်း၊ အစာငတ်ခံ ဆန္ဒပြမှုကို ဒီဇင်ဘာလ ၄ ရက်နေ့က စတင်ခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားသည်။

ကိုကျော်ဇောလွင် ကိစ္စနှင့် ပတ်သက်ပြီး အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် Ian Kelly က ဝါရှင်တန် အစိုးရအနေဖြင့် မြန်မာ စစ်အစိုးရနှင့် အဆက်အသွယ် ပြုလုပ် ခဲ့ကြောင်း၊ ကိုကျော်ဇောလွင်အား ကောင်းမွန်စွာ ထားရှိခြင်း ရှိ၊မရှိကို အသေအချာ သိရှိရန် ကြိုးစားခဲ့ကြောင်း ပြောကြားသည်။ ကိုကျော်ဇောလွင် နှင့် ပတ်သက်ပြီး အမေရိကန် အစိုးရက လွန်စွာ စိုးရိမ်မကင်း ဖြစ်မိသည် ဟု မြန်မာအစိုးရကို ထုတ်ဖော် ပြောဆိုထားသည် ဟုဆိုသည်။ 

မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် ကြီးစိုးလာခဲ့သည်မှာ ၁၉၆၂ ခုနှစ်ကတည်းကဖြစ်သည်။ လူ့အခွင့်အရေး သမားများ၏ အဆိုအရ ယခုအခါ စစ်အစိုးရ က ဖမ်းဆီး ထိန်းသိမ်းထားသော နိုင်ငံရေးအကျဉ်းသား စုစုပေါင်းမှာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင်  ၂၀၀၀ ခန့်ရှိသည်။ 

Yahoo News မှ Jailed American in Myanmar in poor health ကိုဘာသာပြန်ဆိုပါသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

AFP News,11 Dec 2009

          တရုတ်သမ္မတ ဟူကျင်းတောင်သည် ဗဟိုအာရှဒေသ နိုင်ငံများဖြစ်သည့် ကာဇက်စတန်နှင့် တာ့ခ်မင်နစ္စတန် နိုင်ငံများသို့ ယခုသီတင်းပတ်ကုန်တွင် သွားရောက်မည် ဖြစ်ပြီး ၎င်းခရီးစဉ်သည် အဆိုပါ ဒေသမှ မဟာဗျူဟာမြောက် စွမ်းအင်ရင်းမြစ်များနှင့် ပတ်သက်သော အခွင့်အလမ်းများကို အပိုင်စီးရန် တွန်းအားပေး ဆောင်ရွက်နေသော ဘီဂျင်း၏ အစီအစဉ် ဖြစ်ပါသည်။

          စနေနေ့တွင် ကာဇက်စတန်သို့ တစ်ရက်ကြာခရီးစဉ် သွားရောက်ပြီးနောက် "ဟူ"သည် တာ့စ်မင်နစ္စတန်သို့ ဆက်လက် ထွက်ခွာမည်ဖြစ်ကာ တနင်္လာနေ့တွင် တာ့စ်မင်နစ္စတန် သဘာဝဓာတ်ငွေ့ကို တရုတ်သို့ တင်ပို့မည့် ကီလိုမီတာ ၇၀၀၀ ရှည်လျားသည့် ဓာတ်ငွေ့ပိုက်လိုင်း ဖွင့်ပွဲ အစီအစဉ်ကို ပါဝင်ဆင်နွှဲမည် ဖြစ်သည်။

          ဗဟို အာရှဒေသတွင် ဘီဂျင်း ရရှိနေသော တစ်နှစ်တာ အကျိုးစီးပွား အခွင့်အလမ်းများကို "ဟူ" ၏ ခရီးစဉ်က ထပ်မံ မြှင့်တင်မည် ဖြစ်ပါသည်။ အဆိုပါ ဒေသသည် တစ်ချိန်က မော်စကို၏ ပထဝီ ဗျူဟာမြောက် သီးသန့် ထိန်းချုပ်ထားသည့် ဒေသဖြစ်၍ ယခုအခါ ဘီဂျင်းက ရွှေနှင့် အချိန်ကို အသုံးပြု၍ သိသာ ထင်ရှားစွာ နေရာ ဝင်ယူခဲ့ခြင်း ဖြစ်သည်။

          ဗဟိုအာရှဒေသမှ ဓာတ်ငွေ့ကို တရုတ်သို့ ပထမဆုံး တိုက်ရိုက် တင်ပို့သည့် လမ်းကြောင်း ဖြစ်သော ယခု သဘာဝဓာတ်ငွေ့ ပိုက်လိုင်းသည် တရုတ်နိုင်ငံ၏ ဒေသတွင်း သြဇာကြီးမားလာမှုကို ရှင်းရှင်းလင်းလင်း ညွှန်ပြနေသည်ဟု နယူးယောက် အခြေစိုက် နိုင်ငံရေး အန္တရာယ်ဆိုင်ရာ အတိုင်ပင်ခံအဖွဲ့ Eurasia Group မှ လေ့လာသူ Ana Jelen kovic က ပြောကြားပါသည်။

"အခု ပိုပြီး အရေးပါလာတာက ဓာတ်ငွေ့ပါ။ ရေနံ မဟုတ်ပါဘူး။ အကြောင်းကတော့ တရုတ်က ဓာတ်ငွေ့ရဖို့ ကြိုးစားလာတာကြောင့် ဖြစ်ပြီး ဒီကိစ္စကို ရုရှားက အမြဲတမ်း သတိကြီးကြီး ထားနေတာပါ။ သူ့ရဲ့ဓာတ်ငွေ့ ဖြည့်တင်းရာ လမ်းကြောင်းတွေ သေချာစေဖို့ မော်စကိုက ပိုပြီး အာရုံစိုက်နေပါတယ်"ဟု သူမက ဆိုပါသည်။

          ကာဇက်စတန်၏ အရေးကြီး စွမ်းအင်ကဏ္ဍတွင် သိသာ ထင်ရှားသော ငွေကြေးမြှပ်နှံမှုများ တိုးမြှင့် လုပ်ဆောင်ရန် သဘောတူညီချက်၏ တစ်စိတ်တစ်ဒေသအနေဖြင့် Astana သို့ ဒေါ်လာ ၁၀ ဘီလျံ ချေးငှားခြင်း အပါအဝင် ဗဟိုအာရှ ဒေသတစ်ဝှမ်း ကြီးမားသော ရင်းနှီးမြှုပ်နှံမှုများကို ဘီဂျင်းက ယခုနှစ်တွင် ပြုလုပ်ခဲ့ပါသည်။

          "ဟူ"သည် ကာဇက်စတန်သမ္မတ Nursultan Nagarbayer နှင့် စနေနေ့တွင် တွေ့ဆုံရန် မျှော်လင့်ထားပြီး ဆက်လက်၍ Astana တွင် ဓာတ်ငွေ့ပိုက်လိုင်း ဖွင့်ပွဲတက်ရောက်မည် ဖြစ်သည်။ တရုတ်နိုင်ငံသို့ မဝင်ရောက်မှီ ကာဇက်စတန်နှင့် ဥဇဘတ်ကစ္စတန်ကို ဖြတ်သန်းသွားသော ဓာတ်ငွေ့ ပိုက်လိုင်း အစိတ်အပိုင်းကို ဖွင့်လှစ်ခြင်း ဖြစ်ပါသည်။

          တာ့ခ်မင်နစ္စတန်၊ ဥဇဘတ်ကစ္စတန်နှင့် ကာဇက်စတန် ခေါင်းဆောင်များသည် "အက်ဂါဘက်" တွင် ကျင်းပမည့် အခမ်းအနားတွင် "ဟူ"နှင့် တွေ့ဆုံ စုဝေးကြမည် ဖြစ်၍ အဆိုပါအခမ်းအနားသည် ဒေသတွင်း ပြိုင်ဆိုင်မှု ကြီးမားသော ခေါင်းဆောင်များ၏ ရှားပါးသော စုစည်းမှုတစ်ခု ဖြစ်သလို ဒေသတွင်း "ဟူ"၏ သြဇာ ကြီးမားမှုကိုလည်း တွေ့မြင်ရမည် ဖြစ်ပါသည်။

          ဒီဇင်ဘာ ၁၄ ရက်တွင် ဓာတ်ငွေ့ပိုက်လိုင်းကို စတင် ပို့လွှတ်မည်ဟု တာ့ခ်မင်နစ္စတန် သမ္မတ Gurbanguly Berdymukhamedov က နိုင်ငံပိုင် သတင်းစာ Neutral Rurkmenistan တွင် ဖော်ပြသော တရုတ်သတင်းထောက်များနှင့် အင်တာဗျူးတွင် ပြောကြားခဲ့ပါသည်။

          မိမိတို့၏ သဘောတူညီထားမှုများအရ ထိုနေ့မှစ၍ တာ့ခ် မင်နစ္စတန်သည် တရုတ်သို့ နှစ်စဉ် နှစ်တိုင်း သဘာဝဓာတ်ငွေ့ ကုဗမီတာ ၄၀ ဘီလျံကို နှစ် ၃၀ တိုင်တိုင် ရောင်းချပေးသွားမည်ဟု ၎င်းက ဆိုပါသည်။

          စွမ်းအင်ကြွယ်ဝသော တာ့ခ်မင်နစ္စတန်သည် ယခင် ဆိုဗီယက်ယူနီယံအဖွဲ့ဝင် နိုင်ငံတစ်ခု ဖြစ်၍ ကမ္ဘာပေါ်တွင် အကြီးဆုံး ဓာတ်ငွေ့သိုက်များ ရှိနေသည်ဟု ယုံကြည်ထားကြပါသည်။ လက်ရှိအချိန်တွင် ထွက်ရှိသမျှ ဓာတ်ငွေ့အားလုံးနီးပါးကို ဆိုဗီယက်ခေတ်ပိုက်လိုင်းဟောင်းများမှ တစ်ဆင့် ရုရှားသို့ တင်ပို့ ရောင်းချနေပါသည်။

          ယခုနှစ် စောစောပိုင်းတွင် ရုရှား စွမ်းအင်ဘီလူးကြီး Gaspron သို့ ပို့လွှတ်နေသော ဓာတ်ငွေ့ ပိုက်လိုင်းတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သောကြောင့် တာ့ခ်မင်နစ္စတန်၏ သဘာဝဓာတ်ငွေ့ တင်ပို့မှုများ လုံးဝနီးနီး ပြတ်တောက်သွားခဲ့ပြီး အခြားဓာတ်ငွေ့တင်ပို့မှု လမ်းကြောင်းများ လုံခြုံမှု ရှိစေရန် "အက်ဂါဘက်"က ချက်ခြင်း အရှိန်မြင့် ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါဓာတ်ငွေ့ သယံဇာတများကို ရယူ သုံးစွဲလိုသော EU ကလည်း အချိန်ကြာမြင့်စွာ ရပ်ဆိုင်းနေသည့် တိုက်ရိုက် တင်ပို့နိုင်မည့် နာဘူကိုး ပိုက်လိုင်း စီမံကိန်းတွင် "အက်ဂါဘက်"၏ ပူးပေါင်း ဆောင်ရွက်မှုကို သေချာစေရန် စိုးရိမ်ပူပန်မှု ရှိနေပါသည်။ ရုရှားမှ သဘာဝဓာတ်ငွေ့ ရောင်းချပေးမှုကို မှီခိုနေရသော အရှေ့ဥရောပနိုင်ငံများ အဆင်ပြေစေရန် အထက်ပါ ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းက အထောက်အကူပေးနိုင်မည် ဖြစ်ပါသည်။

          သို့ရာတွင် အဆိုပါ နာဘူကိုး စီမံကိန်း၏ အခက်အခဲ၊ အဟန့်အတားများကို ကျော်လွှားရန် EU က နှောင့်နှေးကြန့်ကြာနေချိန်တွင် တရုတ်နိုင်ငံက "အက်ဂါဘက်" ဒေါ်လာ ၄ ဘီလျံ ချေးငှားခြင်းဖြင့် ခြေမြန်လက်မြန် နေရာဝင်ယူခဲ့ပြီး ပိုက်လိုင်းသစ် စီမံကိန်းကို ဦးဆောင်လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။

          တရုတ်အမျိုးသား ရေနံကော်ပရေးရှင်း CNPC မှ ဆောင်ရွက်နေသော ယခုပိုက်လိုင်းသစ်သည် တနှစ်လျှင် သဘာဝဓာတ်ငွေ့ ကုဗမီတာ ၄၀ ဘီလျံခန့် တင်သွင်းနိုင်မည် ဖြစ်၍ သယံဇာတရယူ သုံးစွဲရေး ပြိုင်ပွဲတွင် အနောက်နိုင်ငံများနှင့် ရုရှား၏ ရှေ့တွင် ဘီဂျင်းက ရောက်ရှိနေသော လက္ခဏာပင် ဖြစ်ပါသည်။

          ယခုသဘာဝဓာတ်ငွေ့လက်ဝါးကြီးအုပ်ရယူရေး ပြိုင်ပွဲသည် ရုရှားနှင့် အနောက်နိုင်ငံတို့၏ ပြိုင် ပွဲမဟုတ်တော့ပဲ ရုရှားနှင့် တရုတ်တို့၏ ပြိုင်ပွဲဖြစ်သွားပြီဟု အတိအလင်းဆိုနိုင်ပါသည်။ အနောက် နိုင်ငံများ ပံပိုးပေးသည့် နာဆူကိုးကဲ့သို့သော စီမံကိန်းများသည် ယခုပွဲတွင် ပြိုင်ဘက်ဖြစ်မလာနိုင် တော့ပါဟု Jelenkovic က သုံးသပ် ပြောကြားလိုက်ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Burmanet.org, 10th Dec 2009

          အမေရိကန်သမ္မတ အိုဘားမားသည် ကြာသပတေးနေ့က ၎င်း၏ ငြိမ်းချမ်းရေး နိုဘယ်ဆု လက်ခံအပြီး စကားပြောကြားရာတွင် ထာဝရငြိမ်းချမ်းရေးအတွက် လူ့အခွင့်အရေး လိုအပ်ပြီး၊ လူတစ်ဦးချင်းစီအတွက် စီးပွားရေး အခွင့်အလမ်းများ လိုအပ်သည်ဟု ထည့်သွင်း ပြောကြားသွားပါသည်။ တစ်ခါတစ်ရံ စစ်ပွဲများ လိုအပ်ပြီး ငြိမ်းချမ်းရေး ပြန်လည်ရရှိရေးအတွက်မူ ကမ္ဘာတစ်ခုလုံးက အခြေအနေအချို့ ချမှတ်ပေးရမည် ဖြစ်ကြောင်း အိုဘားမားက ပြောကြားခဲ့ပါသည်။

          နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် အီရန်၊ မြောက်ကိုရီးယား တို့ကဲ့သို့သော နျူကလီယာ ခြိမ်းခြောက်မှုရှိသော နိုင်ငံများကို အဓိပ္ပါယ်ရှိသော အရေးယူ ပိတ်ဆို့မှုများ ချမှတ်ရမည် ဖြစ်ကြောင်း အိုဘားမားက ထည့်သွင်း ပြောကြားခဲ့ပါသည်။ ထို့နည်းလည်းကောင်းပင် မိမိနိုင်ငံသားများကို ပြန်လည် ဖိနှိပ်နေသည့် Dartur နှင့် မြန်မာနိုင်ငံတို့ကိုလည်း အဓိပ္ပါယ်ရှိသော အရေးယူ ပိတ်ဆို့မှုများ ပြုလုပ်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

          ထို့အပြင် အစိုးရများသည် ၎င်းတို့၏ ပြည်သူများကို အခြေခံ လူ့အခွင့်အရေးများကို အာမခံရမည် ဖြစ်ပြီး၊ စီးပွားရေးလုံခြုံမှုနှင့် အခွင့်အလမ်းများကို ဖြည့်ဆည်းပေးရမည်ဟု ပြောကြားခဲ့ပါသည်။

          Obama က အမှန်တကယ် ငြိမ်းချမ်းမှုဆိုသည်မှာ ကြောက်ရွံ့ခြင်းမှ ကင်းလွတ်ရမည်သာမက လိုချင်မှုများမှလည်း လွတ်မြောက်ရမည်ဟု ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.