Transparency Myanmar

transparency.myanmar@gmail.com

newscorpse.blogspot.co, By Sinlung, 13 Dec 2009

          ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၀ ရက်နေ့၊ နိုင်ငံတကာ လူ့အခွင့်အရေးနေ့က ကမ္ဘာအရပ်ရပ်ရှိ လူ့အဖွဲ့အစည်းအသီးသီးနှင့် မြန်မာနိုင်ငံအတွင်းရှိ အဖွဲ့များက ရွေးကောက်ပွဲမတိုင်မီ စစ်မှန်သော နိုင်ငံရေးအရ ပြန်လည်ပေါင်းစည်းမှုနှင့် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများအားလုံး ကို လွတ်ပေးရန် တညီတညွတ်တည်း တောင်းဆိုခဲ့ကြပါသည်။

          ကမ္ဘာအရပ်ရပ်တွင် အခြေစိုက်သော အဖွဲ့အစည်း တစ်ရာကျော် စုပေါင်းထုတ်ပြန်သော ကြေ ညာချက်တွင် အဓိက ဒီမိုကရေစီ လှုပ်ရှားသူများ၊ တိုင်းရင်းသားများနှင့် တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်ရန်နှင့် စစ်တပ်က ရေးဆွဲထားသော ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြန်လည် သုံးသပ်ရန် တောင်းဆို ထားပါသည်။ ထို့အပြင် ပြည်တွင်းရှိ တိုင်းရင်းသား လူမျိုးစုများ၊ နိုင်ငံရေး လှုပ်ရှားသူများ၊ သတင်းစာ ဆရာများ၊ အရပ်သားများအပေါ် စနစ်တကျ လူ့အခွင့်အရေး ဖောက်ဖျက်မှုများ၊ ရာဇဝတ်မှု ကျူးလွန်နေမှုများကို ချက်ခြင်းရပ်ရန် တောင်းဆိုခဲ့ကြပါသည်။

          "ကျွန်ုပ်တို့သည် ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ စစ်မှန်သော နိုင်ငံရေး ပေါင်းစည်းမှု လိုအပ် ကြောင်း ထပ်လောင်း ပြောကြားလိုကြောင်း နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့်လည်း မြန်မာနိုင်ငံတွင် သေချာ၍ မြင်သာသော ဒီမိုကရေစီ ပြောင်းလဲမှုများ ဖြစ်ပေါ်စေရန် အရေးယူမှုများ ပြုလုပ်ရန် တောင်းဆို လိုက်ပါသည်။ မြန်မာပြည်သူများ အနေဖြင့် စစ်မှန်သော ရွေးချယ်မှု ပြုလုပ်နိုင်ရန် လိုအပ်သောကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် အကူအညီပေးရန် တာဝန် ရှိပါသည်" ဟု Alternative ASEAN Network on Burma (Altsean - Burma)၊ Burma Partership၊ Burma Campaign UK ၊ Burma Centre Delhi ၊ Burma Lawyers Council ၊ Burmese American Democratic Alliance၊ Ethnic Nationalities Council ၊ Shwe Gas Movement နှင့် Women League of Chin-Land စသည် အဖွဲ့များ ပါဝင် လက်မှတ်ရေးထိုး ထားသော ကြေညာချက်တွင် ဖော်ပြထားပါသည်။

          ကမ္ဘာ့ လူ့အခွင့်အရေး ကြေညာချက်တွင် အပိုဒ် ၂၁ ၌ အစိုးရ၏ အာဏာသည် ပြည်သူများ၏ ဆန္ဒကို အခြေခံရမည်ဟု ပါရှိသော်လည်း မြန်မာနိုင်ငံရှိ စစ်အစိုးရသည် အာဏာတည်မြဲရေး အတွက် အတင်းအကျပ် အင်အားသုံး၍ အုပ်ချုပ်လျက်ရှိပါသည်။

          နိုင်ငံရေး လှုပ်ရှားသူများ၊ အဖွဲ့အစည်း ခေါင်းဆောင်များ၊ သတင်းစာ ဆရာများနှင့် ဘုန်းတော် ကြီးများကို လွတ်လပ်သော တွေးခေါ်မှုများ ဖော်ထုတ်မှုကြောင့် ဖမ်းဆီးမှုများ ပြုလုပ်လျက် ရှိပါသည်။ အစိုးရ၏ တိုင်းရင်းသား လူမျိုးစုများအပေါ် ကြမ်းတမ်းစွာ ကိုင်တွယ်ရေး မူဝါဒအရ ကျေးရွာများတွင် လူမဆန်သော ရာဇဝတ်မှုများ ကျူးလွန်လျက် ရှိနေဆဲ ဖြစ်ပါသည်။ မြန်မာ အစိုးရသည် ၂၀၁၀ ရွေး ကောက်ပွဲတွင် အနိုင်ရရေး သေချာစေရန်အတွက် နိုင်ငံရေး ပုံစံကိုပါ လိုသလို ပုံဖော်ရန် ဆက်လက်ပြု လုပ်လျက် ရှိပါသည်။ ရွေးကောက်ပွဲ မှာလည်း စစ်အစိုးရက ၎င်းတို့အာဏာ ဆက်လက်ချုပ်ကိုင်ထား နိုင်ရေးနှင့် ၎င်းတို့အပေါ် အရေးယူမှုများ မပြုလုပ်နိုင်ရန် ရေးဆွဲထားသော ၂၀၀၈ အခြေခံ ဥပဒေပေါ် တွင် အခြေခံ ပြုလုပ်မည် ဖြစ်သည်ဟု ကျေညာချက်တွင် ဖော်ပြထားပါသည်။

          အကယ်၍ ရွေးကောက်ပွဲကို အထက်ပါ ပြောင်းလဲမှုများ မပြုလုပ်ပဲ ပြုလုပ်ခဲ့မည်ဆိုပါက စစ် တပ်က အာဏာကြိုးဆွဲသော အစဉ်အလာ တစ်ပါတီ အုပ်ချုပ်မှုကို ပြန်လည်ရရှိမည်ကို မိမိတို့ စိုးရိမ် သည်ဟု အဆိုပါ အဖွဲ့ကြီးက ပြောကြားခဲ့ပါသည်။

          ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်လာလိမ့်မည်မဟုတ် သည့် အပြင် မြန်မာနိုင်ငံ အတွက်လည်း မည်သည့် ပြောင်းလဲမှုမှ သယ်ဆောင် လာလိမ့်မည် မဟုတ် ပေ။ အဘယ်ကြောင့် ဆိုသော် ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ အခြေခံမှစ၍ အားနည်းချက်များစွာ ရှိနေ သောကြောင့် ဖြစ်ပါသည်။ အခြေခံ ဥပဒေတွင် စစ်တပ်ကို အာဏာများ ခွဲဝေပေးထားခြင်း၊ စောင့်ကြည့်ခြင်းနှင့် ထိန်းညှိခြင်းတို့ အားနည်းခြင်း(Lack of check and balance)၊ တိုင်းရင်းသား လူမျိုးစုများ အပေါ် ခွဲခြားဆက်ဆံမှုများ၊ ဖိနှိပ်မှုများ ဆက်လက် ခွင့်ပြုခြင်းများ၊ လူ့အခွင့်အရေး ကာကွယ်ပေးမှု အားနည်းခြင်း၊ ယောက်ျား၊ မိန်းမ ခွဲခြားဆက်ဆံခြင်း စသည့် အားနည်းမှုများ ပါဝင်သည်ဟု ကြေညာချက်တွင် ထည့်သွင်း ဖော်ပြထားပါသည်။

          အဆိုပါ ကြေညာချက်ကို ထောက်ခံကြသူများမှာ Actions Birmanie – Brussels, All Burma Democratic Lusei Women Organization, Arakan League for Democracy (Exile - India), Arakan Liberation Party, ASEAN Inter-Parliamentary Myanmar Caucus, Asian Center for the Progress of Peoples, Austrian Burma Center, Burma Aktion Germany, Burma Campaign Australia, Burmese Women's Union, Chin Students and Youth Federation, Chin Women Organization, Danish Burma Committee, Dictator Watch, All Burma Federation of Student Unions, Foundation for Media Alternatives (Philippines), International Federation for Human Rights, Karen Women's Organization, Kuki Women Human Rights Organization, Naga National League for Democracy, People's Forum on Burma (Japan), Student Federation of Thailand စသည့် အဖွဲ့များ ပါဝင်ပါသည်။

          ၎င်း ကြေညာချက်တွင် နိဂုံးချုပ် တိုက်တွန်းထားသည်မှာ နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် မြန်မာပြည်သူများ၏ ဆန္ဒများအတွက် ကူညီထောက်ပံမှုများ ပြုနိုင်ရန်  ညီညွှတ် ပေါင်းစည်းရမည် ဖြစ်ပြီး၊ အမျိုးသား ပြန်လည် ပေါင်းစည်းရေးကို မပြုလုပ်မခြင်း လှည့်စားမည့် ရွေးကောက်ပွဲကို ခွင့်မပြုရန် ခိုင်မာသော ဆုံးဖြတ်ချက်နှင့် လှုပ်ရှားကြရမည် ဖြစ်သည်ဟု ဖော်ပြထားပါသည်။

          တစ်ချိန်တည်းမှာပင် ဒီဇင်ဘာ ၁၀ ရက် နိုင်ငံတကာ လူအခွင့်အရေးနေ့ အခမ်းအနားကို ရန်ကုန်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးခန်းတွင် အစိုးရ၏ သတိပေးမှုကို လစ်လျူရှု၍ ကျင်းပခဲ့ သည်ဟု Burma Pastnership Secetariat ၏ ကျေညာချက်တွင် ဖော်ပြထားပါသည်။

          ထို့အတူပင် ရန်ကုန်၌ All Burma Monks 'Alliance က မျိုးဆက်သစ် ကျောင်းသားများနှင့် All Burma Fedecation of student Union တို့မှ ကြေညာချက် ထုတ်ပြန်ရာတွင် နိုင်ငံတကာ အသိုင်းအ ဝိုင်း အား ဒီမိုကရေစီ အတိုက်အခံများ တိုင်းရင်းသားများနှင့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုနှင့် အမျိုးသား ပြန်လည် ပေါင်းစည်းရေး လုပ်ငန်းစဉ်များကို မပြုလုပ်ပဲ ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲအား အသိအမှတ် မပြုရန် တိုက်တွန်းထားပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Press Release, 14th Dec 2009

          မြန်မာတပ်မတော် အစိုးရသည် ၂၀၁၀ တွင် ရွေးကောက်ပွဲများ ကျင်းပရန် စည်းရုံး ပြင်ဆင် နေသော်လည်း ၂၀၀၈ တွင် ၎င်းတို့ လက်ခံ အတည်ပြုခဲ့သော အခြေခံ ဥပဒေအရ ရွေးကောက်ပွဲများ အပြီး အာဏာကို ဆက်လက် ချုပ်ကိုင်ထားလိုသော တပ်မတော်၏ စိတ်ရင်းအမှန်ကိုမူ သံသယ ဖြစ်စရာ လိုမည် မထင်ပါ။ လက်ရှိ အာဏာရ ဗိုလ်ချုပ်ကြီးများသည် စစ်အာဏာရှင်များ ကြီးစိုးခဲ့သော ၄၇ နှစ်တာကာလ အတွင်းတွင် ၎င်းတို့ ရှေ့မှ သွားလေသူ ခေါင်းဆောင်များလောက်ပင် ပြည်သူများအပေါ် စိတ်ဝင်စားမှု မရှိပါဟု International Trade Union Confederation ITUC ၏ အစီရင်ခံစာသစ်တွင် ဖော်ပြထားပါသည်။ စစ်မှန်သော ဒီမိုကရေစီစနစ်သို့ ပြန်လည် ဦးတည်ခြင်း၊ ကုန်သွယ်ရေး သမဂ္ဂ အခွင့်အရေးများ အပါအဝင် လူ့အခွင့်အရေးများကို လေးစားခြင်း စသည့်အချက်များ လုံးဝ မရှိသောကြောင့် မြန်မာနိုင်ငံ၏ မျိုးဆက်သစ်လူငယ်များမှာ စာသင်ခန်းများတွင် ရှိနေခွင့် လုံးဝ မရတော့ဘဲ အလွန် ဆိုးဝါး ကြမ်းတမ်းသော အလုပ်များ အပါအဝင် အလုပ်ပေါင်းစုံကို လုပ်ကိုင်ရန် အတင်းအကျပ် ဖိအားပေး ခံရတော့မည် ဖြစ်သည်။

          ကုန်သွယ်ရေး သမဂ္ဂ အခွင့်အရေးများနှင့် မြန်မာကလေးငယ်များ၏ ကပ်ဆိုက်နေသော အခြေအနေများ အပါအဝင် လူ့အခွင့်အရေး အလွဲသုံး ချိုးဖောက်မှုများ အတွင်းမှ ဆက်နွယ်မှုများကို ITUC ၏ အစီရင်ခံစာ အသစ်တွင် အလေးပေး ဖော်ထားပါသည်။

          မည်သည့် ပြည်ပစစ်ရေး ခြိမ်းခြောက်မှုမှ မရှိသော်လည်း အတိုက်အခံ အဖွဲ့အစည်း မှန်သမျှကို ချေမှုန်းရန်အတွက် မြန်မာစစ်အစိုးရသည် နိုင်ငံတော် ဘတ်ဂျက်၏ ၄၀ % ကို စစ်တပ်အတွက် သုံးစွဲခဲ့ပြီး အမှန်တကယ် အရေးကြီးသော ပညာရေးနှင့် ကျန်းမာရေး ကဏ္ဍများအတွက် အတိုအထွာမျှသာ သုံးစွဲခဲ့ပါသည်။ နောက်ဆုံးတွင် ရလဒ် အနေနှင့် မူလတန်းပညာ တတ်မြောက်သူ မြန်မာကလေးငယ် ဦးရေမှာ ၅၅% အောက်သို့ ကျဆင်းသွားခဲ့ပြီး နေ့စဉ် နေ့တိုင်း သိန်းနှင့် ချီသော ကလေးလူငယ်များသည် အချိန်ပြည့် အလုပ်လုပ်ကြရကာ တစ်ခါတရံ အာဏာပိုင်များက အတင်းအကြပ် ခိုင်းစေသော အလုပ်များကို လုပ်ကိုင်ကြရပါသည်။ တပ်မတော် အဖွဲ့အစည်းများ၏ ကလေးသူငယ် စစ်သားများ အတင်းအကြပ် စုဆောင်းမှုကို မြန်မာနိုင်ငံတွင် မကြာခဏ တွေ့မြင်နေရပြီး အဆိုပါ ကိစ္စများ ပပျောက်စေရပါမည်ဟု အစိုးရက ကတိပေးထားသည့်ကြားမှ ဖြစ်ပေါ်နေခြင်း ဖြစ်သည်။

          ကုန်သွယ်ရေး သမဂ္ဂ အခွင့်အရေးများကို ခံစားခွင့် မရှိသော လစာကို အဆိုပြု တင်ပြရန် မဖြစ်နိုင်သော မြန်မာကျောင်းဆရာများ ရင်ဆိုင်နေရသည့် အခက်အခဲများကိုမူ အစီရင်ခံစာတွင် ခပ်ပါးပါးသာ ဖော်ပြထားပါသည်။ မိသားစု ရပ်တည်ရန် လိုအပ်သော ငွေ၏ ရာခိုင်နှုန်း အနည်းငယ်မျှသာရှိသော ဝင်ငွေကို မြန်မာကျောင်းဆရာများ ရရှိပါသည်။ မြန်မာကျောင်းဆရာ အများစုမှာ ၎င်းတို့ထံတွင် ကျူရှင်ယူရန် ကျောင်းသားများအား တိုက်တွန်း အားပေးလေ့ ရှိသော်လည်း သင်ကြားရေးပစ္စည်းနှင့် ကျောင်းအလှူငွေ စသော အခြား ကုန်ကျစရိတ်များစွာ ကျခံနေရသည့်အတွက် မိဘတိုင်းမှာ အဆိုပါ ကျူရှင်စရိတ်ကို အကုန်အကျ မခံနိုင်တော့ပါ။ အဆိုပါစနစ်သည် ပညာရေးစနစ်၏ အဆင့်တိုင်းတွင် ဖြစ်ပေါ်နေပြီး နှစ်စဉ် အရေအတွက် သောင်းဂဏန်းရှိသော စရိတ် မတတ်နိုင်သည့် ကလေးများမှာ ကျောင်းမှ ထွက်၍ အလုပ်လုပ်ရန် ကြိုးစားကြရပါသည်။

          စစ်အာဏာရှင်စနစ် အောက်တွင် ဒုက္ခများဖြင့် ကြီးပြင်းလာရသော ကလေးများ၏ အကြောင်းကို ဖော်ပြနိုင်ရန် နိုင်ငံတဝှမ်း အင်တာဗျူးများစွာ ပြုလုပ်ခဲ့ပါသည်။ တစ်လလျှင် လစာ တစ်သောင်း (၈.၆ ဒေါ်လာ) ရရှိရန် တစ်နေ့လျှင် ၁၂ နာရီ၊ တစ်ပတ်လျှင် ၇ ရက်လုံး အလုပ်လုပ်ရသည်ဟု ရန်ကုန် လက်ဖက်ရည်ဆိုင် တစ်ခုမှ ၁၁ နှစ်အရွယ် ကလေးငယ်က ပြောပြပါသည်။ အခြားကလေးများမှာ တစ်လလျှင် ၈၀၀၀ (၆ ဒေါ်လာ) ခန့်သာ ရပါသည်။ တစ်ရက်လျှင် ထမင်း ၂ နပ် ကျွေးပြီး ပူအိုက် ကျဉ်းကျပ်သော အခန်းငယ်တွင် စုပြုံ အိပ်စက်ရပါသည်။ အိပ်ရေး မဝသောကြောင့် နေ့ခင်းပိုင်းတွင် အလွန် ပင်ပန်းပါသည်။ စားပွဲထိုး၊ ပန်းကန်ဆေး၊ သန့်ရှင်းရေး စသဖြင့် အဆက်မပြတ် အလုပ်လုပ်ကြရသည်ဟု ကလေးငယ်က ရင်ဖွင့်ပါသည်။

          မြန်မာနိုင်ငံတွင် လူမှု အခွင့်အရေးများ၊ လူ့အခွင့်အရေးနှင့် ကလေးသူငယ် ရပိုင်ခွင့်များနှင့် ပတ်သက်၍ ဆွေးနွေး ဆောင်ရွက်ခြင်းများသည် အလွန်ပင် အန္တရာယ်များလှပါသည်။ စစ်အာဏာရှင် အစိုးရက မည်သည့် ဝေဖန်မှုမျိုးကိုမှ သည်းခံမည် ဟုတ်ပါ။ တိုင်းပြည်တွင်းရှိ အခြေအနေမှန်များကို ဖော်ပြခြင်း မပြုရန် စာနယ်ဇင်း မီဒီယာများအား အစိုးရစာပေ စိစစ်ရေးအဖွဲ့က တားမြစ်ထားပါသည်။ နိုင်ငံရေး အကျဉ်းသားများ ကူညီရေးအဖွဲ့ (AAPP in Burma) ၏ အဆိုအရ မြန်မာနိုင်ငံတွင် ဖမ်းဆီးထားသော နိုင်ငံရေးအကျဉ်းသား အရေအတွက်မှာ ၂၁၀၀ ကျော်သည်ဟု သိရပါသည်။ ၎င်းတို့အထဲတွင် ကုန်သွယ်ရေး သမဂ္ဂအဖွဲ့ဝင် ၃၀ ခန့် ပါဝင်ပြီး၊ ထောင်ဒဏ် ၅ နှစ်မှ တစ်သက်တစ်ကျွန်း ပြစ်ဒဏ်အထိ ချမှတ်ခြင်း ခံရပါသည်။ ထိုကဲ့သို့ ဖိနှိပ်နေသည့် ကြားမှပင် မြန်မာနိုင်ငံတွင်းရှိ အလုပ်သမားများကို ဆက်လက် ကူညီရန်နှင့် မြန်မာနိုင်ငံ အနှံ့အပြားမှ ကျောင်းများကို ထောက်ပံ့နိုင်ရန်အတွက် Federation of Trade Unions - Burma က မြန်မာနိုင်ငံတွင် ပိတ်ပင်ခံထားရသော ITUC ကို ဆက်သွယ် ပူးပေါင်းခဲ့ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ကာဇက်စတန် နိုင်ငံမှ အလယ်ပိုင်း အာရှဒေသကို ဖြတ်သန်းပြီး တရုတ်နိုင်ငံသို့ သွယ်တန်း ထားသည့်  သဘာဝဓာတ်ငွေ့ ပိုက်လိုင်းအား တရုတ်နိုင်ငံသမ္မတ ဟူဂျင်တောင်က ဖွင့်လှစ်ပေးလိုက်ကြောင်း သိရသည်။

မစ္စတာဟူသည် ကာဇက်စတန် သမ္မတ Nursultan Nazarbayev နှင့် အတူ အက်စ်တာနာမြို့တွင် ကျင်းပပြုလုပ်သော အဆိုပါ ဓာတ်ငွေ့ပိုက်လိုင်း ဖွင့်ပွဲကို တက်ရောက်ခဲ့သည်။

အဆိုပါ ဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းမှုသည် တရုတ်နိုင်ငံ စွမ်းအင် လုံခြုံရေး အစီအစဉ်၏ တစ်စိတ်တစ်ပိုင်း ဖြစ်ကြောင်း၊ မစ္စတာဟူသည် နောက်တစ်နေ့တွင် ဓာတ်ငွေ့ပိုက်လိုင်း အမှန်တကယ် စတင် သွယ်တန်းရာ တာ့ခ်မင်နစ္စတန်နိုင်ငံသို့ သွားရောက်ပြီး ဓာတ်ငွေ့ စတင် ပို့လွှတ်မှု အခမ်းအနားကို တက်ရောက်မည် ဖြစ်ကြောင်း တရုတ် သတင်းများက ဆိုပါသည်။

ဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းရေး စီမံကိန်းတွင် ပါဝင်သည့် နိုင်ငံတစ်ခု ဖြစ်သော ဥဇဘက်ကစ္စတန်နိုင်ငံ သမ္မတ Islam Karimov လည်း သမ္မတ ဟူဂျင်တောင်နှင့်အတူ အဆိုပါ အခမ်းအနားသို့ တက်ရောက်မည်ဟု သိရသည်။

 

ကြီးကျယ် ခမ်းနားသော ဓာတ်ငွေ့ စီမံကိန်း

တရုတ်သမ္မတ နှင့် ကာဇက်စတန်သမ္မတ တို့သည် ကီလိုမီတာ ၁၈၃၃ (၁၁၃၉ မိုင်) ရှည်လျားသော ဓာတ်ငွေ့ပိုက်လိုင်း ခလုတ်ကို အတူတကွ နှိပ်ကာ ဖွင့်လှစ် ပေးလိုက်ကြောင်း၊ ရိုက်တာ သတင်းဌာနက ရေးသားသည်။

"ဒါဟာ အင်မတန် ကြီးကျယ် ခမ်းနားတဲ့ ဆောက်လုပ်ရေး စီမံကိန်းကြီး ဖြစ်ပါတယ်။ ဒီစီမံကိန်းကြီးဟာ တစ်ချိန်တုန်းက ကမ္ဘာကျော် ရှေးဟောင်း ပိုးလမ်းမကြီးကို ပြန်လည် ဖော်ထုတ် သွားပါလိမ့်မယ်" ဟု မစ္စတာ Nursultan က ပြောကြားသည်။

အဆိုပါ ဓာတ်ငွေ့ ပိုက်လိုင်းသည် တာ့ခ်မင်နစ္စတန် နိုင်ငံတွင် တရုတ် အမျိုးသား ရေနံကော်ပိုရေးရှင်း (CNPC) က တူးဖော် လုပ်ကိုင်နေသော လုပ်ကွက်အနီးမှ စတင်ခြင်း ဖြစ်ပြီး တရုတ်ပြည် အနောက်ပိုင်း၊ ဇီကျန်းပြည်နယ်တွင် အဆုံးသတ်သည်။

အဆိုပါ လုပ်ကွက်မှ တစ်နှစ်လျှင် ဓာတ်ငွေ့ ကုဗမီတာ ဘီလီယံ ၄၀ ထွက်ရှိသည် ဖြစ်ရာ အလယ် အာရှ ဒေသနိုင်ငံများ အနေဖြင့် ရုရှားနိုင်ငံမှ ဓာတ်ငွေ့ကို များစွာ မှီခိုရန် မလိုအပ်ပေ။

အဆိုပါ ဓာတ်ငွေ့ပိုက်လိုင်းသည် ကာဇက်စတန်နိုင်ငံ၏ ပထမဆုံးသော ပြည်ပ တင်ပို့သည့်  ဓာတ်ငွေ့ပိုက်လိုင်း ဖြစ်ပြီး ရုရှားနိုင်ငံမှ ဖြတ်သန်းသွားခြင်း မရှိကြောင်း၊ ပိုက်လိုင်း သွယ်တန်းရေး စီမံကိန်းအတွက် အမေရိကန် ဒေါ်လာ ၆ ဒဿမ ၇ ဘီလီယံ ကုန်ကျကာ နှစ်နှစ်အတွင်း သွယ်တန်းမှု ပြီးဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

စီမံကိန်းအတွက် ဘဏ္ဍာငွေ အတော်များများကို တရုတ်ဖွံ့ဖြိုးရေးဘဏ် (China Development Bank) မှ ရရှိခဲ့ခြင်း ဖြစ်သည်။

BBC သတင်းဌာန၏ China head opens Kazakh pipeline ကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

www.business24-7.ae,13 Dec 2009

          လာမည့်နှစ်တွင် ကျင်းပမည့် ရှားရှားပါးပါး ရွေးကောက်ပွဲများအတွက် မြန်မာနိုင်ငံ၌ ကြိုတင် ပြင်ဆင်နေချိန်တွင် ဖြစ်နိုင်ချေ ရှိသော အောင်မြင်မှုနှင့် တိုင်းပြည်၏ အရွယ်လွန် တပ်မတော် ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အနာဂတ်တို့ အပေါ်တွင် အာရုံစူးစိုက် ရောက်ရှိ နေကြသည် ဟု ပြည်ပရောက် နိုင်ငံရေး လှုပ်ရှားသူများက ပြောဆိုပါသည်။

          သူတစ်ပါးကို ရှောင်ပုန်းလေ့ ရှိသော၊ သူတပါးကို မယုံကြည်တတ်သော ဗေဒင်ယတြာကို အလွန်အကျွံ ယုံကြည် ကိုးကွယ်သော အသက် ၇၆ နှစ်အရွယ် ဗိုလ်ချုပ်မှူးကြီးသည် ၁၉၉၂ မှစ၍ တိုင်းပြည်ကို မြဲမြံစွာ ချုပ်ကိုင် အုပ်ချုပ်ခဲ့သော်လည်း ယခုအခါ ၎င်း၏ နေဝင်ချိန်သို့ ရောက်နေပြီဟု ဝေဖန် ဆန်းစစ်သူများက ပြောကြားပါသည်။

          မြောက်မြားစွာ ဝေဖန် ပြစ်တင်မှုများ ရှိခဲ့သော ၂၀၀၈ ဆန္ဒခံယူပွဲဖြင့် အတည်ပြုခဲ့သည့် ခြေခံ ဥပဒေသစ်အရ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ခေါင်းဆောင်သော တပ်မတော်အစိုးရ SPDC သည် ရွေးကောက်ပွဲများ အပြီးတွင် အစိုးရအဖွဲ့သစ်သို့ အာဏာ လွှဲပြောင်းပေးရမည် ဖြစ်သည်။

          ဗိုလ်ချုပ်မှူးကြီးသည် ၎င်း၏ အာဏာကို ဆက်လက် ထိန်းသိမ်းရေးအတွက် အခြေခံ ဥပဒေက ဖော်ဆောင်ပေးမည့် နာယက ခေါင်းဆောင် ရာထူးသစ်တစ်ခုကို ရယူဖွယ် ရှိသည်ဟု ပြည်ပရောက် နိုင်ငံရေး လှုပ်ရှားသူတစ်ဦးက ပြောပါသည်။

          သို့ရာတွင် ၎င်း၏ ပါဝါကို တင်ရန် အပတ်တကုတ် ကြိုးစားပြီးချိန်တွင် အစိုးရအဖွဲ့အတွင်း မကျေမနပ် ဖြစ်မှုများကို ရင်ဆိုင်ရပါလိမ့်မည်။ နောက်ဆုံး အကုန်လုံး ရှင်းလင်းပြီးချိန်တွင် ၎င်း၏ အနာဂတ် လုံခြုံမှုကို သေချာစေရန် ပြုလုပ်လိမ့်မည်ဟု Forum for Democracy in Burma မှ အထွေထွေ အတွင်းရေးမှူး နိုင်အောင်က ပြောကြားပါသည်။

          ဗိုလ်ချုပ်မှူးကြီးသည် အထီးကျန် သီးသန့် နေတတ်သူ ဖြစ်ပြီး ၎င်းတွင် အတွင်းစည်း အသိုင်းအဝိုင်း တစ်ခုသာ ရှိသည်ဟုလည်း နိုင်အောင်က ဖြည့်စွက် ပြောဆိုပါသည်။

          ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မှ နိုင်ငံရေး လေ့လာသူတစ်ဦးဖြစ်သည့် အောင်နိုင်ဦးကမူ "သူ နိုင်ငံရေးအာဏာကို ဘယ်လိုပုံစံနဲ့ စွန့်ခွာမလဲ ဆိုတာကို စောင့်ကြည့်ရတာ စိတ်ဝင်စားစရာပါပဲ၊ အကြောင်းကတော့ နည်းမှန် လမ်းမှန်နဲ့ စွန့်လွှတ်နိုင်မှာ မဟုတ်လို့ပါ"ဟု မှန်းဆပါသည်။ တကယ်လို့ အရင် ရာထူးကို ဆက်ယူထားမယ်ဆိုရင် တကယ် စွန့်လွှတ်တာ မဟုတ်ဘူးဆိုတဲ့ အဓိပ္ပါယ်ပါဘဲ။ တကယ်လို့များ ရာထူး ဆက်မယူဘူးဆိုရင် အချိန်အတိုင်းအတာ တစ်ခုအထိတော့ သူ့ရဲ့ အနီးကပ် လက်ထောက်တွေက ကာကွယ် စောင့်ရှောက်ပေးတာ ခံရမှာပါဟု ၎င်းက ဆိုပါသည်။

          မြန်မာနိုင်ငံတွင် ၁၉၆၂ စစ်တပ်က အာဏာသိမ်းစဉ်ကပင် ခေါင်းဆောင်များစွာတို့၏ အနာဂတ် ကံကြမ္မာများကို ဗိုလ်ချုပ်မှူးကြီးက တွေ့ရှိ သဘောပေါက် နားလည်ခဲ့ပြီး ဖြစ်ပါသည်။

          ၁၉၆၂ မှ ၁၉၈၈ ထိ တိုင်းပြည်ကို အုပ်ချုပ်ခဲ့သော ယခင် အာဏာရှင်ဟောင်း ဦးနေဝင်းမှာ နေအိမ်တွင် အကျယ်ချုပ် ကျခံနေရစဉ် ၂၀၀၂ တွင် ကွယ်လွန်ခဲ့ပြီး နိုင်ငံတော်ဈာပနအဖြစ် သဂြိုလ်ခြင်း မခံရသလို ၎င်းကွယ်လွန်ချိန်တွင် မိသားစုဝင်များမှာလည်း ထောင်ဒဏ် ကျခံနေရ ပါသည်။ နိုင်ငံပိုင် သတင်းဌာနများကလည်း နာရေးသတင်းကို သာမန်မျှသာ ဖော်ပြကြပါသည်။

          ထောက်လှမ်းရေး အဖွဲ့အစည်းအတွင်း ၎င်းမလိုလားသူများကို ဗိုလ်ချုပ်မှူးကြီး ကိုယ်တိုင် ဦးဆောင် ဖယ်ရှားခဲ့ပြီး ထောက်လှမ်းရေး အကြီးအကဲ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ခင်ညွှန့်ကို ၂၀၀၄ တွင် နေအိမ် အကျယ်ချုပ်အဖြစ် ထောင်ဒဏ် ၄၄ နှစ် ပြစ်ဒဏ် ချမှတ်ခဲ့ပါသည်။

          "သူကတော့ အငြိမ်းစား ယူလိုပုံ မရပါ။ သို့သော် အခြေခံဥပဒေအရ သူလုပ်ရမှာပါ။ သူ့ရဲ့သားလို ယုံကြည်ရသူတစ်ယောက်ကို နေရာပေးပါလိမ့်မယ်"ဟု ပြောကြားသူမှာ ဒီမိုကရေစီ လှုပ်ရှားသူ ချင်းမိုင် တက္ကသိုလ်မှ ပညာရှင် ဝင်းမင်း ဖြစ်ပါသည်။

          ဝင်းမင်းက ဆက်လက် ပြောဆိုရာတွင် ဗိုလ်ချုပ်မှူးကြီးသည် အာဏာကို ဆက်လက် ထိန်းချုပ် ထားသည်ဆိုပါက အထက်အောက် ရာထူးအဆင့်ဆင့် တက်လမ်း မှေးမှိန်နေသည့် တပ်မတော်အတွင်း ခေါင်းဆောင်သစ်များ ထွက်ပေါ်လာရန် မမျှော်မှန်းနိုင်သေးပါဟု ဆိုပါသည်။

          မည်သို့မျှ မှန်းဆ၍ မရခြင်းသည် သူ၏ မဟာဗျူဟာ ဖြစ်သည် သူ ဘာဆက်လုပ်မလဲဆိုတာ မည်သူမှ မသိနိုင်ပါ။ သူသည် ထူးထူးဆန်းဆန်း ထိန်းချုပ်တတ်သူတစ်ဦး ဖြစ်ပါသည်ဟု ၎င်းက ပြောပါသည်။

          ဗိုလ်ချုပ်မှူးကြီးသည် ၎င်း၏ ကြီးကျယ် ခမ်းနားသော အိပ်မက်များ ပြည့်ဝစေခြင်းငှာ တမင် တည်ဆောက်ခဲ့သော နေပြည်တော် မြို့တော်သစ်သို့ ရန်ကုန်မှ ၂၀၀၅ ခုနှစ်တွင် ရုတ်တရက် ပြောင်းရွှေ့ခဲ့ပါ သည်။ ထိုနည်းတူပင် ၎င်း၏ အုပ်စိုးမှုကို ခြိမ်းခြောက်သည်ဟု ယူဆသော အရာမှန်သမျှကို ၎င်းကိုယ်တိုင် ကာကွယ်သွားမည်သာ ဖြစ်သည်။

          လာမည့် ရွေးကောက်ပွဲများသည်လည်း တပ်မတော် အစိုးရကို ဦးစားပေးရန် ရည်ရွယ် ပြုလုပ်ခြင်းသာ ဖြစ်သည်။

          ၁၉၉၀ ရွေးကောက်ပွဲတွင် NLD ပါတီ အနိုင်ရပြီးချိန်မှ စ၍ လွန်ခဲ့သော ဆယ်စုနှစ် ၂ ခုအတွင်း အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ် ထိန်းသိမ်းထားသည့် အချိန်မျိုးတွင် အခြေခံဥပဒေက လွှတ်တော် ကိုယ်စားလှယ်နေရာ လေးပုံတစ်ပုံကို တပ်မတော်အတွက် နေရာပေးထားပါသည်။

          အချို့ ဝေဖန် ဆန်းစစ်သူများက "စစ်တပ်တွင် ကျန်နေခဲ့သော မျက်နှာသစ်အချို့နှင့် ဗိုလ်ချုပ်မှူးကြီး ဆက်ဆံရလိမ့်မည်" ဟု ပြောကြားပါသည်။

          ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ အခြေခံဥပဒေသစ်အရ ခေါင်းဆောင်သစ် တစ်ယောက်တော့ ပေါ်ပေါက်လာမည်ဟု အောင်နိုင်ဦးက ဆိုပါသည်။ မည်သူမျှ ဗိုလ်ချုပ်မှူးကြီး သန်းရွှေလောက်တော့ မဆိုးနိုင်ပါ ဟု ယူဆပါသည်။ အုပ်ချုပ်ရေး စနစ်သစ်ကလည်း တံခါးကို နည်းနည်းတော့ ဟပေးလိမ့်မည်ဟု ၎င်းက ပြောကြားပါသည်။

          ရွေးချယ် တင်မြောက်ခြင်းဆိုင်ရာ တရားဝင် အခွင့်အာဏာကို အသုံးပြုရန် စိတ်ဝင်စားသူ တပ်မတော် အရာရှိသစ်များနှင့် ဗိုလ်ချုပ်မှူးကြီး၏ အသိုင်းအဝိုင်းကြားတွင် ရှုပ်ထွေးသော အာဏာလွန်ဆွဲပွဲ ဖြစ်လာနိုင်သည်ဟု လေ့လာသူများက ပြောပါသည်။

          သို့ရာတွင် ဗိုလ်ချုပ်မှူးကြီး၏ အနာဂတ် ကံကြမ္မာမှာ ၎င်း၏ လက်တွင်း၌သာ အများစု ရှိနေဆဲ ဖြစ်ပါသည်။

          ရှမ်းသံတော်ဆင့် သတင်းစာမှ ပြည်ပရောက် ခေါင်းဆောင်တစ်ဦးဖြစ်သူ ခွန်ဆိုင်း ဂျာဂင်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ကန့်လန့်ကာ နောက်ကွယ်မှ နေ၍ အရာရာကို ညွှန်ကြားလိမ့်မည်ဟု မှတ်ချက်ပေးပါ သည်။

          အပြောင်းအလဲတွေက သမားရိုးကျအတိုင်း ပေါ်လာမှာ မဟုတ်ပါ။ ဘွတ်ရှ်အပြီး အိုဘားမားကဲ့သို့ ပြောင်းလဲရန် ပြည်သူများက အလျင်စလို ဖြစ်နေခြင်း မရှိပါဟု ၎င်းက ဟာသနှော၍ ပြောပါသည်။

          ကနဦးမှာတော့ လက်ရှိ စင်ပေါ်က ဗိုလ်ချုပ်မှူးကြီးက သတိထားနေဦးမှာပါ။ သူ့ကိုယ်သူ သေချာပြီလို့ ယူဆတဲ့အထိ နည်းနည်းလေးပဲ ပြောင်းဖို့ ကြိုးစားမှာပါ။ အဲဒီနောက်မှာတော့ တကယ့် ပွဲကြီးပွဲကောင်းတွေ ပေါ်လာမှာပါဟု ၎င်းက သုံးသပ် ဆွေးနွေးခဲ့ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Xinhua News, 13th Dec 2009

          မြန်မာနိုင်ငံတွင် တစ်ပေါင်းတစ်စည်း အိမ်ထောင်စု လူနေမှု အခြေအနေ အကဲဖြတ် လေ့လာရေး စီမံကိန်းကို နိုင်ငံတစ်ဝှမ်း တိုင်းနှင့် ပြည်နယ် ၁၄ ခုတွင် ယခုလမှ စ၍ အကောင်အထည် ဖော်သွားရန် အစီအစဉ် ရှိသည်ဟု အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန သတင်းများက တနင်္ဂနွေနေ့တွင် ပြောကြားပါသည်။

          ပြည်သူတို့၏ လူနေမှု အဆင့်အတန်း မြှင့်တင်ရန်နှင့် ချမှတ်ထားသော အနာဂတ် စီးပွားရေး မူဝါဒများ အကောင်အထည် ဖော်နိုင်ရေးကို ရည်ရွယ်သည့် အဆိုပါ စီမံကိန်းသည် ဒုတိယ အကြိမ်မြောက် ဖြစ်၍ ၂၀၁၀ မေလအထိ ၆ လ ကြာမြင့်မည် ဖြစ်ပြီး ၁၁၆ မြို့နယ်မှ အိမ်ထောင်စု ၁၈၆၆၀ ၏ ၂၀၀၄-၀၅ မှ ၂၀၀၉-၁၀ အတွင်း ၅ နှစ်တာကာလ ၎င်းတို့၏ လူနေမှု အခြေအနေ ပြောင်းလဲမှုများကို လေ့လာ မှတ်တမ်းတင်မည် ဖြစ်သည်။

          လုပ်ငန်းများ ဆောင်ရွက်ရန် တိုင်းနှင့် ပြည်နယ် အားလုံးတွင် ကွင်းဆင်းအဖွဲ့များ ဖွဲ့စည်းပြီး ဖြစ်သည်ဟုလည်း သိရပါသည်။

          မြန်မာနိုင်ငံတွင် အဆိုပါ စီမံကိန်းကို ပထမအကြိမ် အနေဖြင့် ၂၀၀၃ မှ ၂၀၀၅ အတွင်း အစိုးရနှင့် ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ်  UNOP တို့၏ အကူအညီနှင့် ဆောင်ရွက်ခဲ့ပြီး တွေ့ရှိရသော အချက်အလက်များပေါ်တွင် အခြေပြု၍ အိမ်ထောင်စု နေထိုင်မှု အခြေအနေများကို ရည်ညွှန်းသည့် အကဲဖြတ် အစီရင်ခံစာ (၈) ခုကို ပြုစု တင်ပြနိုင်ခဲ့ပါသည်။

          မြန်မာနိုင်ငံသည် ၂၀၀၈-၀၉ တွင် ဂျီဒီပီ GDP တိုးတက်မှုနှုန်း ၁၀.၇ % ရှိခဲ့သည်ဟု တရားဝင် စာရင်းများအရ သိရှိရပါသည်။

          မြန်မာနိုင်ငံသည် လတ်တလောတွင် ၎င်း၏ အမျိုးသား စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ၂၀၀၉-၀၇ မှ ၂၀၁၀-၁၁ အထိ ၄ ကြိမ်မြောက် ၅ နှစ် ရေတို စီမံကိန်းကို အကောင်အထည် ဖော်နေဆဲ ဖြစ်ပြီး နှစ်စဉ် ၁၂ % တိုးတက်လာရန် ရည်မှန်းထားပါသည်။ မြန်မာနိုင်ငံ၏ ၂၀၀၇-၀၈ ဂျီဒီပီ တိုးတက်မှု နှုန်းမှာ ၁၁.၉ % ဖြစ်ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

BBC News, 7th Dec 2009

          တရုတ်နိုင်ငံ၏ ကားထုတ်လုပ်မှုနှင့် ရောင်းချမှု နှစ်ခုပေါင်းမှာ ဇန်နဝါရီလမှ နိုဝင်ဘာလအတွင်း ၁၂ သန်း ကျော်သွားပြီ ဖြစ်ကြောင်း အစိုးရ မီဒီယာက ပြောပါသည်။

          တရုတ် မော်တော်ကား ထုတ်လုပ်သူများ အသင်းသည် တစ်နှစ်လုံးအနေဖြင့် ထုတ်လုပ်မှုနှင့် ရောင်းချမှု ပမာဏ ၁၃ သန်းထိ ရောက်ရှိရန် ခန့်မှန်းကြောင်း Xinhua သတင်းဌာနမှ ဖော်ပြခဲ့ပါသည်။

          တိုင်းပြည်၏ မက်လုံးများကလည်း မော်တော်ကား ရောင်းချရမှုကို မြင့်တက်စေပြီး၊ အစိုးရကလည်း လာမည့်နှစ်အတွက် စီးပွားရေး ကဏ္ဍတွင် ထည့်သွင်းပေးမည့် အကူအညီများကို အကြိမ်ကြိမ် အာမခံနေပြီး ဖြစ်ပါသည်။

          ကမ္ဘာတစ်ဝှမ်းတွင် ကားရောင်းချရမှု ကျဆင်းနေသော်လည်း တရုတ်ပြည်တွင် ကားရောင်းချရန် လိုအပ်ချက်မှာ မတရား မြင့်တက်လျက် ရှိနေပါသည်။

          နိုဝင်ဘာ တစ်လတည်းတွင် ကားရောင်းချရမှုမှာ ၁.၃၅ သန်း ရှိသည်ဟု ကနဦး ကိန်းဂဏန်းများအရ သိရှိရပါသည်။

          တရုတ်ပြည်၏ အကြီးဆုံး ကားထုတ်လုပ်သူ Shanghai Automotive Industry သည် နှစ်စမှ နိုဝင်ဘာ လကုန်အထိ ကားအစီးရေ ၂.၄၄ သန်း ရောင်းချခဲ့ရပြီး၊ ယခင်နှစ်ကထက် ၅၀ % တက်လာသည်ဟု Xinhua က ဆိုပါသည်။

          ကားအသေးများကို အခွန် မကောက်သော တိုင်းပြည်၏ မက်လုံးကလည်း တရုတ်ပြည် ကားရောင်းချရမှုကို တိုးတက်လာစေပါသည်။

          ကမ္ဘာပေါ်ရှိ အခြား အစိုးရများ နည်းတူ တရုတ်ကလည်း ကားဟောင်းများနှင့် ကားသစ်များ လဲလှယ်ရာတွင် အစိုးရက တစ်စိတ်တစ်ပိုင်း ကျခံပေးသည့် စနစ်ကို စတင် အသုံးပြုခဲ့ပါသည်။

          ယခင်က အမေရိကန်နှင့် ဂျပန်တို့ကသာ တစ်နှစ်တည်းတွင် ကား ၁၀ သန်း ထုတ်လုပ် ခဲ့ကြဖူးပါသည်။

          တရုတ်ပြည်တွင်း ကားရောင်းချရမှု ပမာဏသည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက အမေရိကန်ထက် ပထမဦးဆုံးအကြိမ် ကျော်လွန်ခဲ့ပါသည်။

          တရုတ်အစိုးရသည် ၎င်း၏ နှစ်ပတ်လည် စီးပွားရေး မူဝါဒဆိုင်ရာ အစည်းအဝေးကို တနင်္လာနေ့က ကျင်းပအပြီးတွင် စီးပွားရေးတွင် ထည့်သွင်းမှုများ ဆက်လက် ပြုလုပ်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု Xinhua သတင်းဌာနက ပြောပါသည်။

          မိမိတို့သည် တရုတ်ပြည်၏ မက်ခရို (Macro) စီးပွားရေး မူဝါဒ တည်ငြိမ်ရေးနှင့် ဆက်လက် တည်ရှိနေရေးအတွက် ထိမ်းသိမ်းရမည်ဟု Beijing က ပြောပါသည်။

          တရုတ်အစိုးရက တရုတ် စားသုံးသူများကို ပိုမို သုံးစွဲစေရန် ဆွဲဆောင်မည့် အစီအစဉ်များကိုလည်း စီစဉ်ထားကြောင်း အကြိမ်ကြိမ် ပြောကြားခဲ့ပါသည်။

          တရုတ်နိုင်ငံသည် ပို့ကုန်အဓိက စီးပွားရေး ဖြစ်ပါသည်။ သို့သော် ယခုအခါ တရုတ်အစိုးရသည် ပြည်တွင်း သုံးစွဲမှု ပိုမို ကျယ်ပြန့်လာပြီး စီးပွားရေးစနစ် တစ်ခုလုံးကို အထောက်အကူ ပြုရန် တိုက်တွန်းနေပါသည်။

          ပြည်တွင်း စားသုံးမှု လိုအပ်ချက် တိုးတက်လာအောင် လုပ်ဆောင်ရာတွင် မိမိတို့သည် ပြည်သူများ၏ လိုအပ်ချက် တိုးတက်ရေးသည် အရေးကြီးသည့် နေရာတွင် ထားရှိရမည် ဖြစ်ပါသည်ဟု အစိုးရက ဆိုပါသည်။

          သို့သော် တရုတ်ပြည်တွင် အခြေပစ္စည်းများ ဈေးတက်လာမှု၊ ရှယ်ယာဈေးနှုန်းများ တက်လာမှုကြောင့် စီးပွားရေး ကဏ္ဍတွင် အစိုးရငွေ ထည့်သွင်းမှု လျော့ချသွားမည်ကို အများက စိုးရိမ်နေကြပါသည်။

ဦးဆောင်နေသော တရုတ် ရှယ်ယာများ အနည်းငယ် တက်လာရာ Shanghai Composite index သည် ပွိုင့် ၁၅ ခု တက်လာပါသည်။ (၀.၅ % တက်လာပြီး ၃၃၃၁.၉ သို့ ရောက်လာပါသည်)

          အထက်ပါ နှစ်ပတ်လည် စီးပွားရေး မူဝါဒ အစည်းအဝေးမှ ထွက်ပေါ်လာသော ရလဒ်များသည် ဈေးကွက်ကို များစွာ အထောက်အကူ ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံသူများ၏ မရေမရာ ဖြစ်နေမှုများကို အဖြေ ထုတ်ပေးခဲ့ကြောင်း Debon စာချုပ်မှ Yu Hai Teng က ပြောပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.