Transparency Myanmar

transparency.myanmar@gmail.com

မြန်မာပြည်မှ စစ်အာဏာရှင်များ အပါအဝင်  အခြားနိုင်ငံများမှ စစ်အာဏာရှင်များအနေဖြင့် မိမိနိုင်ငံသားများနှင့် လူမျိုးများ၏ အခွင့်အရေး ချိုးဖောက်မှုများအတွက် နောက်ဆက်တွဲ အကျိုးဆက်များနှင့် ရင်ဆိုင်ရမည်သာ ဖြစ်ကြောင်း အမေရိကန်သမ္မတ ဘားရက်အိုဘားမားက သတိပေး ပြောကြားလိုက်သည်။

ဥပဒေ ချိုးဖောက်သော အစိုးရမှန်သမျှ မိမိအမှုကို မိမိ မလွဲမသွေ တာဝန်ယူရမည် ဖြစ်ကာ ကမာ့ငြိမ်းချမ်းရေးကို ထိပါးစေမည့် မည်သို့သော ခြိမ်းခြောက်မှုကိုမဆို ကမ္ဘာကြီးက လျစ်လျူရှုထားမည် မဟုတ်ကြောင်း၊ ထို့အတူ မိမိနိုင်ငံသားများနှင့် အခြားသူများ အခွင့်အရေးကို ထိပါးစေမည့်  စနစ်များ၏ ခြိမ်းခြောက်မှုကိုလည်း မသိကျိုးနွံ ပြုမည် မဟုတ်ကြောင်း သမ္မတအိုဘားမားက နော်ဝေနိုင်ငံ၊ အော်စလိုမြို့၌ မိန့်ခွန်း ပြောကြားရာတွင် ထည့်သွင်း ပြောဆိုသည်။

"ဒါဖာမှာ မျိုးဖြုတ် သတ်ဖြတ်မှု ကျူးလွန်တာ၊ ကွန်ဂိုမှာ စနစ်တကျ မုဒိမ်းကျင့်တာ၊ မြန်မာပြည်မှာ ဖိနှိပ် ချုပ်ခြယ်တာ အစရှိတာတွေအတွက် နောက်ဆက်တွဲ အကျိုးဆက် ဆိုတာ မလွဲမသွေ ရှိလာမှာပါ" ဟု အိုဘားမားက ပြောသည်။

သို့သော် အမေရိကန် အစိုးရသည် စေ့စပ်ညှိနှိုင်းရေး ပေါ်လစီကို ကျင့်သုံးလျက် ရှိကြောင်း လက်ခံ ပြောဆိုသည်။ ဆွေးနွေးမှု မပါဝင်သော ပြစ်တင် ဝေဖန်မှုများသည် ပိုနေမြဲ ကျားနေမြဲ အနေအထားသို့ပင် ပြန်လည် ဆိုက်ရောက်သွားနိုင်ကြောင်း၊ မည်သည့် အာဏာရှင်စနစ်မဆို တံခါးဖွင့် ရွေးချယ်စရာ နည်းလမ်း တစ်စုံတစ်ရာ မရှိဘဲ ကျရှုံးမည် မဟုတ်ကြောင်း အိုဘားမားက ပြောဆိုသည်။

အမေရိကန် ပြည်ထောင်စုသည် မြန်မာနိုင်ငံ တပ်မတော် အစိုးရအပေါ် ကာလကြာရှည်စွာ ပိတ်ဆို့ အရေးယူမှုများ ပြုလုပ်ခဲ့သော်လည်း ပြီးခဲ့သည့် စက်တင်ဘာလတွင် တိုက်ရိုက် စေ့စပ် ညှိနှိုင်းမှုများ ပြုလုပ်သွားမည်ဟု မူဝါဒသစ် ချမှတ်ခဲ့သည်။ သို့တိုင်အောင် ပိတ်ဆို့ အရေးယူမှုများကိုမူ ဆက်လက် ကျင့်သုံးသွားမည်ဟု ဆိုသည်။

"အဆိုပါ မူဝါဒသစ် ချမှတ် ပြဋ္ဌာန်းပြီးနောက် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကတ်ကမ်းဘဲလ် ဦးဆောင်သော အထူးသံတမန် ကိုယ်စားလှယ်အဖွဲ့ကို မြန်မာ တပ်မတော် အစိုးရ အပါအဝင် အတိုက်အခံ နိုင်ငံရေးသမားများ၊ တိုင်းရင်းသား ခေါင်းဆောင်များ အပါအဝင် နိုင်ငံရေးပါတီ များနှင့် တွေ့ဆုံ ဆွေးနွေးရန် စေလွှတ်ခဲ့သည်။

ကတ်ကမ်းဘဲလ်၏ ၎င်းခရီးစဉ်သည် နှစ်ပေါင်း ၁၄ နှစ်အတွင်း ပထမဆုံး ဖြစ်သည်။ ယခု  အိုဘားမားက အော်စလိုမြို့တွင် မိန့်ခွန်းပြောကြားရာ၌ ခက်ခဲ နက်နဲသော စေ့စပ် ညှိနှိုင်းမှုများနှင့် သံတမန် နည်းလမ်းများ ရှိမည် ဖြစ်ကြောင်း၊ သို့သော် အာဏာရှင်များအနေဖြင့် မိမိ ကျူးလွန်သော လုပ်ရပ်များအတွက် အကျိုးဆက်များနှင့် မလွဲမသွေ ရင်ဆိုင်ကြရမည် ဖြစ်ကြောင်း ပြောဆိုသည်။

Mizzima သတင်းဌာန၏ Dictator to face consequence: Obama ကို ဆီလျော်အောင် ဘာသာပြန်ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး(UNODC) ၏အဆိုအရ မြန်မာနိုင်ငံ အတွင်း ဘိန်းစိုက်ပျိုးမှုများ ပြန်လည် ခေါင်းထောင် လာကြောင်း သိရသည်။

ကုလသမဂ္ဂက စစ်တမ်းတစ်ရပ် ပြုလုပ်ရာ မြန်မာနိုင်ငံတွင်း ဘိန်းစိုက်ပျိုးမှုမှာ ပြီးခဲ့သည့် ၂၀၀၆ ခုနှစ်မှစ၍ ၅၀ ရာခိုင်နှုန်းခန့် မြင့်တက်လာသည် ဟု ဆိုသည်။ UNODC ကမြန်မာနိုင်ငံတွင်း ဘိန်းစိုက်ပျိုးမှုသည် သုံးနှစ်အတွင်း မြင့်တက်လာသည်ဟု ပြောကြားသည်။

မြန်မာနိုင်ငံတွင် တရားမဝင် မူးယစ်ဆေးပင်များ စိုက်ပျိုးမှုအပေါ် မှီခိုနေရခြင်းအား ပယ်ဖျောက် နိုင်အောင် ကြိုးပမ်းရာတွင် ယခုကဲ့သို့ ဘိန်းစိုက်ပျိုးမှု ပြန်လည်မြင့်တက်လာ ခြင်းမှာ ပြဿနာတစ်ရပ် ဖြစ်သည်ဟု ဆိုသည်။

မြန်မာ ပြည်တွင်းရှိ စိုက်ပျိုး မြေဧက ၃၁၀၀၀ ဟက်တာခန့်မှာ ယခုအခါ ဘိန်းပင်များ စိုက်ပျိုးလျက် ရှိသည်ကို တွေ့ရကြောင်း၊ ယမန်နှစ်ကထက် ၁၁ ရာခိုင်နှုန်းခန့် မြင့်တက် လာကြောင်း UNODC ကဆိုသည်။

ယခု ကိစ္စသည် ၁၉၉၀ ပြည့်နှစ် ကာလများနှင့် များစွာ ခြားနားခြင်း မရှိပေ။ ထိုစဉ်က မြန်မာပြည်သည် ကမ္ဘာပေါ်တွင် ဘိန်းအများဆုံး စိုက်ပျိုးထုတ်လုပ်သည့် နိုင်ငံတစ်ခုဖြစ်ခဲ့ သည်။ UNODC မှအကြီးအကဲ Antonio Maria Costa က "အခုပုံစံက လမ်းလွဲဘက်ကို ရောက်နေတဲ့ သဘောပါပဲ" ဟုပြောကြားသည်။

မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း ဒေသတွင် တည်ငြိမ် အေးချမ်းမှု မရှိသလို ဘိန်း စိုက်ပျိုးမှုများ လည်း မြင့်တက်လျက် ရှိကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များသည် မူယစ်ဆေးဝါး ထုတ်လုပ် ရောင်းချမှုမှ ရရှိသော အမြတ်အစွန်းဖြင့် စစ်လက်နက်များ ဝယ်ယူနေခြင်း ဖြစ်ကြောင်း ၎င်းကပြောပါသည်။

မြန်မာနိုင်ငံသည် ဒေသတွင်း အက်ဖက်တမင်း ကဲ့သို့သော မူးယစ်ဆေးဝါး မျိုးများ အဓိက ထုတ်လုပ်ရာ နိုင်ငံတစ်ခု ဖြစ်လာနိုင်သည် ဟု UNODC က သတိပေးသည်။

အရှေ့တောင် အာရှဒေသတွင်း နိုင်ငံအစိုးရများ၊ အလှူရှင်များ အနေဖြင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းများကို ပိုမို လုပ်ကိုင်သွားရန် လိုအပ်သည် ဟုလည်း Antonio Maria Costa က တိုက်တွန်း ပြောကြားသည်။

BBC သတင်းဌာနမှ Burma opium production up again ကိုဘာသာပြန်ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

japantoday.com, 15th Dec 2009

          ဒုက္ခသည်ဆိုင်ရာ အဆင့်အတန်း သတ်မှတ်မှု မရရှိဘဲ ခြွင်းချက်ဖြင့် ဂျပန်တွင် နေထိုင်ရန် ခွင့်ပြုထားသော မြန်မာ (၃၇) ဦးအဖွဲ့သည် ပိုမို စိတ်ချရမည့် နှစ်ရှည် နေထိုင်ခွင့် ရရှိရန် တိုကျိုဒေသ လူဝင်မှု ကြီးကြပ်ရေး ဗျူရိုသို့ တနင်္လာနေ့က လျှောက်ထားခဲ့ကြသည်ဟု ၎င်းတို့၏ ရှေ့နေများက ပြောကြားပါသည်။

          ရှေ့နေများ၏ အစိုးရ တိုကျို၊ ဂန်မ၊ ဆိုင်တာမနှင့် ဦးဘ အုပ်ချုပ်ရေး ဒေသများတွင် နေထိုင်သော မိသားစု (၂၂) စုမှ မြန်မာ (၃၇) ဦးသည် နှစ်ရှည် နေထိုင်ခွင့်အတွက် လျှောက်ထားခဲ့ကြခြင်း၏ အကြောင်းရင်းမှာ မြန်မာနိုင်ငံတွင် အခြေအနေများ ပြောင်းလဲသွားပါက ၎င်းတို့၏ လက်ရှိ နေထိုင်ခွင့်ကို သက်တမ်းတိုး၍ မရနိုင်သောကြောင့် ဖြစ်သည်ဟု သိရပါသည်။ ထို့အပြင် ၎င်းတို့၏ လက်ရှိ နေထိုင်ခွင့် အဆင့်အတန်းမှာ မြန်မာနိုင်ငံမှ မိသားစုဝင်များကို ခေါ်ယူခွင့် မရသလို လူမှု ထောက်ပံ့ကြေးများလည်း မရရှိဟု ဆိုပါသည်။

          ယခုနှစ်တွင် လျှောက်ထားသူများ၏ (၂၀%) ထက် မပိုသော အရေအတွက်သာလျှင် နှစ်ရှည် နေထိုင်ရန် ခွင့်ပြုချက် ရရှိလိမ့်မည်ဟု ရှေ့နေအဖွဲ့၏ လေ့လာမှုများအရ သိရှိရပြီး ယခုကဲ့သို့ လျှောက်လွှာတင်သူများထဲမှ အမျိုးသားတစ်ဦးသည် ၎င်း၏ မိသားစုဝင်များကို မခေါ်ယူနိုင်သောကြောင့် ဧပြီလက မိမိကိုယ်မိမိ သေကြောင်း ကြံစည်ခဲ့သည်ဟု ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Nation,By Petchanet Pratruangkrai,15 Dec 2009

          မြန်မာနိုင်ငံနှင့် နယ်စပ် ဖြတ်ကျော် ကုန်သွယ်ရေး မြှင့်တင်နိုင်ရေးအတွက် ထိုင်းနိုင်ငံ အစိုးရသည် လာမည့်နှစ်တွင် နယ်စပ် စစ်ဆေးရေးစခန်း လေးခု ထပ်မံ ဖွင့်လှစ်၍ ကူညီ ထောက်ပံ့ပေး သွားမည် ဖြစ်ပါသည်။

၎င်းတို့မှာ ရှမ်းပြည်နယ် Huag Ton Nung မယ်ဟောင်ဆိုင်တွင် တစ်ခု၊ ထားဝယ် Ban Nam Khao၊ ကချာနာဘူရီတွင် တစ်ခု၊ ဘုရားသုံးဆူတွင် ဘုရားသုံးဆူစခန်း၊ ကချာဘူရီတွင် တစ်ခု၊ မိုင်းအိုက်တွင် Dan Singkhon၊ Prachuap တွင် တစ်ခုတို့ ဖြစ်ပါသည်။

ကူးသန်းရောင်းဝယ်ရေးဌာန ဒုဝန်ကြီး Alongkorn Ponlaboot က ယမန်နေ့က ပြောကြားရာတွင် ထိုင်းအစိုးရသည် အဆိုပါ နယ်စပ် စစ်ဆေးရေး စခန်းများကို တတ်နိုင်သမျှ အမြန်ဆုံး ဖွင့်လှစ်သွားမည် ဖြစ်ပြီး၊ နှစ်နိုင်ငံ ကုန်သွယ်မှု မြှင့်တင်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလုပ်ငန်းများ တိုးတက်လာရန် ရည်ရွယ်သည်ဟု ဆိုပါသည်။

ယခု လောလောဆယ်တွင် ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံကြားတွင် နယ်စပ် စစ်ဆေးရေးစခန်း သုံးခုသာ ရှိပါသည်။

မြန်မာနိုင်ငံတွင် ဝန်ကြီးများနှင့် တွေ့ဆုံ ဆွေးနွေးပြီးနောက် Alongkorn က ပြောကြားရာတွင် နှစ်နိုင်ငံစလုံးက မြန်မာနိုင်ငံနှင့် Tak's Mae Sot ဆက်သွယ်သည့် ချစ်ကြည်ရေးတံတား တည်ဆောက်ရေးအတွက် အကူအညီများပေးရန် သဘောတူပြီး ဖြစ်သည်ဟု ဆိုပါသည်။

နှစ်နိုင်ငံစလုံးက မကြာခင် ဆပ်ကော်မတီ ဖွဲ့စည်း၍ တံတားတည်ဆောက်မည့် နေရာ အတိအကျ သတ်မှတ်၍ ဆောက်လုပ်ရေးအတွက် ဇယား ရေးဆွဲသွားလိမ့်မည်ဟု ဒုဝန်ကြီးက ပြောပါသည်။

ထိုင်းကုန်သည်ကြီများ အသင်းမှ နယ်စပ်ကုန်သွယ်ရေး ကော်မတီ ဥက္ကဌ Niyom Wairatpanij က ပြောကြားရာတွင် ကုန်သွယ်ရေးနှင့် ခရီးသွားလာရေး လုပ်ငန်းအတွက် ပံ့ပိုးပေးမည့် နယ်စပ် စစ်ဆေးရေးစခန်းများ ပိုမိုဖွင့်လှစ်ပေးခြင်းကို ထိုင်းကုန်သည်များကို အားတက်လျက် ရှိကြကြောင်း ပြောပါသည်။

အာဆီယံ လွတ်လပ်စွာ ကုန်သွယ်မှု သဘောတူညီချက် (AFTA) သည် လာမည့်နှစ် အစောပိုင်းတွင် အပြည့်အဝ အကောင်အထည်ဖော်တော့မည် ဖြစ်ရာ အာဆီယံပစ္စည်း အတော်များများအား အခွန်ကောက်ခြင်းကို ဖယ်ရှားတော့မည် ဖြစ်ကြောင်း၊ စစ်ဆေးရေးစခန်းများ ပိုမို ဖွင့်လှစ်ခြင်းဖြင့် ထိုင်းကုန်သည်များအတွက် အခွင့်အလမ်းများ ပိုမိုရရှိလာမည် ဖြစ်ကြောင်း Niyom က ပြောပါသည်။

ထိုင်း ကုန်သည်ကြီးများ အသင်းမှ ကိုယ်စားလှယ်များနှင့် ကဏ္ဍခုနစ်ရပ် စီမံကိန်း ပိုမို အားကောင်း လာစေမည့် မိုက်ခရို စီမံကိန်း (Micro Action Plan) များကို ဆွေးနွေးပြီးနောက်၊ ဒုတိယဝန်ကြီးက အစိုးရသည် အပြည့်အဝ ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

စီမံကိန်းကို ပံ့ပိုးရေးအတွက် ပူးပေါင်း ဆောင်ရွက်နိုင်ရန် Joint Public - Private Committee on Commerce ကို တည်ထောင်ရန် ထိုင်းကုန်သည်ကြီးများအသင်း (TCC) နှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနတို့ သဘောတူပြီး ဖြစ်ကြောင်း သိရှိရပါသည်။

TCC သည် ပြီးခဲ့သည့်လက Micro Action Plan ကို စတင် ချမှတ်ခဲ့ပြီး၊ ၂၀၁၅ ခုနှစ်တွင် တစုတစည်းထဲ ဖြစ်လာမည့် အာဆီယံ ဈေးကွက်ကြီးတွင် ပြိုင်ဆိုင်မှု ခက်ခဲလာမည် ဖြစ်၍ ထိုင်းပစ္စည်းများ အရည်အသွေးမြင့် ထုတ်လုပ်ရေးနှင့် ထိရောက်သော ဝန်ဆောင်မှုများ ပေးနိုင်ရန် ရည်ရွယ်၍ အဆိုပါ စီမံကိန်းကို ချမှတ်ခဲ့ပါသည်။

ကဏ္ဍခုနစ်ရပ်မှာ စိုက်ပျိုးရေး၊ ကျောက်မျက်ရတနာ၊ အထည်အလိပ်၊ ကျန်းမာရေးဝန်ဆောင်မှု၊ ဆောက်လုပ်ရေး၊ ခရီးသွားလာရေးနှင့် နယ်စပ်ကုန်သွယ်ရေးတို့ ဖြစ်ကြပါသည်။

TCC ဒုဥက္ကဌ Komson Opassathavorn က TCC သည် အဆိုပါ Plan ကို ထိုင်းဝန်ကြီးချုပ် Abhisit ထံ မနက်ဖြန် တင်ပြဆွေးနွေးမည် ဖြစ်ပြီး၊ အစိုးရ၏ အကူအညီ အထောက်အပံ့ အပြည့်အဝ ရရှိလိမ့်မည်ဟု ထင်ကြောင်း ပြောကြားသွားခဲ့ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

AP News , 13th Dec 2009

          မြောက်ကိုရီးယားမှ စစ်လက်နက်ပစ္စည်း ၃၅ တန်ခန့် ထိုင်းနိုင်ငံတွင် ဖမ်းဆီးရမိခြင်းနှင့် နိုင်ငံခြားသား လေယာဉ် အမှုထမ်း ၅ ဦးအား တရားမဝင် လက်နက် ပိုင်ဆိုင်မှုဖြင့် တရားစွဲဆိုထားသော ကိစ္စများသည် ပြုံးယမ်း၏ နျူကလီးယား ရည်မှန်းချက်များ ရပ်တန့်သွားရေးအတွက် စေ့စပ် ညှိနှိုင်းရန် ကြိုးစားအားထုတ်နေသော အမေရိကန် ပြည်ထောင်စုအတွက် ထိုးနှက်ချက် တစ်ရပ် ဖြစ်သည်ဟု လေ့လာသူများက တနင်္ဂနွေနေ့တွင် ပြောကြားခဲ့ပါသည်။

          အမေရိကန် အာဏာပိုင်များ၏ သတင်းပေးမှုမှ တစ်ဆင့် အရေးယူ ဆောင်ရွက်နိုင်ခဲ့သော ထိုင်းအာဏာပိုင်များသည် ဖောက်ခွဲရေးပစ္စည်းများ ဒုံးပစ်လောင်ချာ ဗုံးသီးများနှင့် မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည် အစိတ်အပိုင်းများ သယ်ဆောင်လာသော ဘီလူးရှင်း ၇၆ ကုန်တင် လေယာဉ်ကို ဘန်ကောက် ဒွန်မောင်း လေဆိပ်တွင် ဆီဖြည့် ရပ်နားစဉ် စနေနေ့က သိမ်းဆည်း ရမိခဲ့ပါသည်။ ကာဇက်စတန် နိုင်ငံ သား ၄ ဦးနှင့် ဘယ်လာရုစ် နိုင်ငံသားတစ်ဦး ပါဝင်သော လေယာဉ်အမှုထမ်း အဖွဲ့ကိုလည်း ထိန်းသိမ်း ထားပါသည်။

          မြောက်ကိုရီးယားနိုင်ငံမှ လက်နက်များကို သယ်ဆောင် ရောင်းဝယ်ခြင်းကို တားမြစ်ထားသည့် ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်ကြောင့် ထိုင်းနိုင်ငံက အရေးယူ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောဆိုပါသည်။

          အထီးကျန် ကွန်မြူနစ် နိုင်ငံက နျူကလီးယား စမ်းသပ်မှုနှင့် ဒုံးကျည်ပစ်လွှတ် စမ်းသပ်မှုများ ပြုလုပ်ခဲ့ပြီးနောက် ဇွန်လတွင် နောက်ဆုံး အရေးယူ ပိတ်ဆို့မှုများ ချမှတ်ခဲ့ပါသည်။ မြောက်ကိုရီးယားနိုင်ငံ နျူကလီးယားလက်နက် အစီအစဉ်ကို ရပ်တန့်သွားစေရန် ရည်ရွယ်သော အရေးယူ ပိတ်ဆို့မှုများသည် အဆိုပါနိုင်ငံ၏ သမားရိုးကျ လက်နက်များ ရောင်းချမှုကိုလည်း တားမြစ်ထားပါသည်။

          နျူကလီးယားလက်နက် ဖျက်သိမ်းရေးဆိုင်ရာ ခြောက်နိုင်ငံ ဆွေးနွေးပွဲသို့ ပြုံးယမ်း ပြန်လည် တက်ရောက်ရေးအတွက် စည်းရုံးရန် တာဝန်ဖြင့် သမ္မတ အိုဘားမား၏ အထူး ကိုယ်စားလှယ်အဖွဲ့က မြောက်ကိုရီးယားသို့ ၃ ရက်ကြာ ခရီးစဉ် သွားရောက်ခဲ့အပြီးတွင် ယခုကဲ့သို့ ဖမ်းဆီးမိခဲ့ခြင်း ဖြစ်သည်။ ကိုယ်စားလှယ် Stephen Bosworth က ဆွေးနွေးပွဲများ ပြန်လည် စတင်ရန် လိုအပ်သော နားလည်မှုများကို နှစ်ဖက်စလုံးက ရရှိခဲ့ကြသည်ဟု ပြောကြားပါသည်။

          အမေရိကန်-မြောက်ကိုရီးယား ဆွေးနွေးရေးနှင့် ခြောက်နိုင်ငံ ဆွေးနွေးပွဲသို့ မြောက်ကိုရီးယား ပြန်လည် တက်ရောက်ရေးအတွက် ကြိုးစား ဆောင်ရွက်မှုများတွင် ယခု ဖြစ်ရပ်ကြောင့် အနှုတ် လက္ခဏာ ဆောင်သော သက်ရောက်မှုများ ဖြစ်လာနိုင်သည်ဟု မြောက်ကိုရီးယား လေ့လာရေးဆိုင်ရာ ဆိုးလ် တက္ကသိုလ်မှ ပါမောက္ခ ယန်ပူဂျင်က ပြောဆိုပါသည်။

          ထိုင်းလေတပ် ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ကြီး မွန်တော်ဆူချူကွန်က အဆိုပါ စင်းလုံးငှား ကုန်တင် လေယာဉ်သည် ပြုံးယမ်းမှ ထွက်ခွာလာခြင်း ဖြစ်ပြီး ဒွန်မောင်းလေဆိပ်တွင် ဆီဖြည့်ရန် ရပ်နားခွင့် တောင်းခဲ့သည်ဟု ပြောပါသည်။

          လေယာဉ်၏ ဦးတည်ရာ လမ်းကြောင်းနှင့် ပတ်သက်၍ ပြည်တွင်းသတင်း ဖော်ပြချက်များမှာ ကွဲလွဲလျက် ရှိပြီး အချို့က သီရိလင်္ကာ၊ အချို့က ပါကစ္စတန်ဟု ခန့်မှန်းနေကြပါသည်။

          နိုင်ငံတော် လုံခြုံရေးနှင့် သက်ဆိုင်နေသောကြောင့် လေယာဉ် ဦးတည်ရာကို မပြောနိုင်ပါ။ ယခုကိစ္စနှင့် ပတ်သက်၍ အသေးစိတ်ကို အစိုးရက ထုတ်ပြန်သွားပါလိမ့်မည်ဟု ဆူပီဆန်းက ပြောကြားပါသည်။

          မြောက်ကိုရီးယားသည် အာဖရိက၊ အာရှနှင့် တောင်အမေရိကနိုင်ငံများသို့ လက်နက်များ ရောင်းချခြင်းဖြင့် ကုလသမဂ္ဂ အရေးယူမှုများကို ချိုးဖောက်နေသည်ဟု ကျယ်ကျယ်ပြန့်ပြန့် စွပ်စွဲခြင်း ခံနေရပါသည်။

          အသေးစိတ် ဆောင်ရွက်မှုများ ပြီးဆုံး၍ တိကျ သေချာစွာ စစ်ဆေးပြီးချိန်တွင် ကုလသမဂ္ဂ ပြစ်ဒဏ် ချမှတ်ရေး ကော်မတီသို့ အသေးစိတ် အချက်အလက်များကို တင်ပြ အစီရင်ခံမည်ဟု ထိုင်း နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ သာနီသွန်ဖာဒီက ပြောကြားပါသည်။

          အထိန်းသိမ်းခံ လေယာဉ်အမှုထမ်း ၅ ဦးကို တားမြစ်ထားသော လက်နက်များ လက်ဝယ်ရှိမှုဖြင့် တရားစွဲဆိုထားကြောင်း၊ ၎င်းတို့ကို အာမခံ မပေးကြောင်း၊ တနင်္လာနေ့တွင် တရားရုံး၌ စစ်ဆေးမည် ဖြစ်ကြောင်း ရဲမှူးကြီး ဆူပီဆန်ပက်ဒီနရူနတ်က ပြောကြားပါသည်။

          အဆိုပါ ကုန်တင်လေယာဉ်နှင့် ပတ်သက်သော သတင်း အချက်အလက်ကို အမေရိကန်ထံမှ ထိုင်းအာဏာပိုင်များ ရရှိခဲ့သည်ဟု ပြည်တွင်းသတင်းများက ဖော်ပြကြပါသည်။ အမေရိကန်သံရုံး ပြောခွင့်ရ ပုဂ္ဂိုလ် Michael Turner က မူ သံရုံးအနေဖြင့် ယခု ဖြစ်ရပ်ကို မှတ်ချက် မပေးလိုကြောင်း ပြောကြားခဲ့ပါသည်။

          ကုလသမဂ္ဂ၊ ဘယ်လာရုစ်နှင့် ကာဇက်စတန်နိုင်ငံများသို့ သတင်းပေးပို့ရမည် ဖြစ်သော ယခုကိစ္စနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များ ရရှိရန် ရက်ပေါင်းများစွာ အချိန်ယူရမည် ဟု ထိုင်း ဒုတိယဝန်ကြီးချုပ် ဆူသက်သောင်ဆူဘန်က ဆိုပါသည်။

          စုံစမ်း စစ်ဆေးမှုများကို ပွင့်ပွင့်လင်းလင်း ဆောင်ရွက်သွားမည်ဟု အစိုးရက အာမခံထားသောကြောင့် ပြည်သူများ အနေနှင့် ထိတ်လန့်စရာ မလိုကြောင်း၊ ယခုကိစ္စနှင့် ပတ်သက်သော အခြေအနေများကို ပြည်ပနိုင်ငံများအား အစိုးရက ရှင်းပြသွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားပါသည်။

          သိမ်းဆည်း လက်နက်များကို လုံခြုံရေး တင်းကြပ်စွာဖြင့် လေဆိပ်အနီးရှိ နာခွန်ဆဝမ်တပ်စခန်းသို့ စနေနေ့ညက ရွှေ့ပြောင်းခဲ့သည်ဟု ထိုင်းအာဏာပိုင်များက သတင်း ထုတ်ပြန်ပါသည်။

          ယခု ဖမ်းဆီးရမိမှုကြောင့် အမေရိကန် အစိုးရသည် မြောက်ကိုရီးယားနှင့် ညှိနှိုင်း ဆွေးနွေးနေခိုက်တွင် အရေးယူ ပိတ်ဆို့မှုများကိုလည်း ပိုမို တင်းကြပ်စွာ ဆက်လက် ဆောင်ရွက်သွားရလိမ့်မည်ဟု နိုင်ငံပိုင် Korea Institute for Defense Analyses မှ ဘေဆောင်ဂျူးက ပြောကြားပါသည်။

          လက်နက် ရောင်းချမှုများသည် ဆင်းရဲသော မြောက်ကိုရီးယားအတွက် ငွေမာ ရရှိရန် အဓိက လမ်းကြောင်း ဖြစ်နေပါသည်။ မြောက်ကိုရီးယားသည် အီရန်၊ ဆီးရီးယားနှင့် မြန်မာနိုင်ငံများသို့ ဒုံးကျည်များ၊ ဒုံးကျည် အစိတ်အပိုင်းများ၊ အခြား လက်နက်ပစ္စည်းများ ရောင်းချခြင်းဖြင့် နှစ်စဉ် ဒေါ်လာ သန်းရာနှင့် ချီ၍ ရရှိနေသည်ဟု ယုံကြည်ရကြောင်း ဘေဆောင်ဂျူးက ဆိုပါသည်။

          လွန်ခဲ့သော သြဂုတ်လက တားမြစ်ထားသော မြောက်ကိုရီးယားမှ ဒုံးကျည် ထိပ်ဖူးများနှင့် အခြားလက်နက်များ လျို့ဝှက် တင်ဆောင်လာသော အီရန်သို့ ဦးတည်နေသည့် ကဟားမား အလံတင် ကုန်တင်သင်္ဘော တစ်စင်းကို ယူအေအီးနိုင်ငံက ဖမ်းဆီးရမိခဲ့ပြီး အဆိုပါ ဖမ်းဆီးမှုသည် မြောက်ကိုရီးယားအပေါ် အရေးယူ ပိတ်ဆို့မှုများ ချမှတ်ပြီးချိန်မှ စ၍ ပထမဆုံး ဖမ်းဆီးရမိမှု ဖြစ်ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

          မြန်မာအစိုးရနှင့် အာရှပစိဖိတ်ဆိုင်ရာ ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေးကော်မရှင် United Nations Economic and Social Commission for Asia and Pacific (UNESCAP) တို့ ပူးပေါင်း ကျင်းပသော ဖွံ့ဖြိုး တိုးတက်မှု ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲကို နေပြည်တော်တွင် လာမည့် အင်္ဂါနေ့၌ ဖွင့်လှစ်မည် ဖြစ်ပါသည်။

          လယ်ယာနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနနှင့် ESCAP တို့ ကမကထပြု ကျင်းပသော ယခု ဆွေးနွေးပွဲသည် ဒုတိယအကြိမ် ကျင်းပခြင်း ဖြစ်ပြီး လက်ရှိ အလည်အပတ် ရောက်ရှိနေသော ကုလ အထွေထွေအတွင်းရေးမှူးချုပ် လက်အောက်ခံ ESCAP အမှုဆောင် အတွင်းရေးမှူး ဒေါက်တာ နိုလင်းဟေဇာနှင့် ဝန်ကြီး ဗိုလ်ချုပ်ဌေးဦး၊ ဦးစိုးသာတို့ အပါအဝင် ဝန်ကြီးဌာနများမှ တာဝန်ရှိ ပုဂ္ဂိုလ်များ တက်ရောက်ကြမည်ဟု အင်္ဂါနေ့ တရားဝင် သတင်းများတွင် ဖော်ပြပါသည်။

          တနင်္ဂနွေနေ့က မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့သော ဒေါက်တာနိုလင်းဟေဇာကို ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်က နေပြည်တော်တွင် တနင်္လာနေ့၌ လက်ခံ တွေ့ဆုံခဲ့သည်ဟု New Light of Myanmar သတင်းစာက ဖော်ပြပါသည်။

          အခြားသတင်းများအရ ESCAP က ဖိတ်ကြားခဲ့သော နိုဘယ်ဆုရှင် ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌဟောင်း စီးပွားရေး ပညာရှင် ဂျိုးဇက်စတစ်ဂလစ်သည် ဆင်းရဲမွဲတေမှု လျှော့ချရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ကျေးလက်ဖွံ့ဖြိုးရေး မူဝါဒ အလေးပေး မဟာဗျူဟာနှင့် ပတ်သက်သော ဆွေးနွေးပွဲ ဖိုရမ်ကို တက်ရောက်လိမ့်မည်ဟု သိရှိရပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

 အီတလီဝန်ကြီးချုပ် ဘလူစကိုနီသည် မီလန်မြို့တွင် ပြုလုပ်သော ဆန္ဒပြ လမ်းလျှောက်ပွဲအတွင်း လူတစ်ဦး၏ အကြမ်းဖက် ရိုက်နှက်မှုကို ခံလိုက်ရသောကြောင့် မျက်နှာတွင် ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ကြောင်း ၎င်း၏ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောကြားသည်။

မစ္စတာ ဘလူစကိုနီအား ယခုအခါ မျက်နှာ ဒဏ်ရာများ ကုသရန် မီလန်ဆေးရုံတွင် တင်ထားကြောင်း၊ ရိုက်နှက်ခံရမှုကြောင့် မေးစေ့နှင့် ဘယ်ဘက် အပေါ်နှုတ်ခမ်း ကွဲသွားကာ သွားနှစ်ချောင်းလည်း ကျိုးသွားကြောင်း သိရသည်။

မီလန် ရဲတပ်ဖွဲ့ဝင်များ၏ အဆိုအရ မစ္စတာ ဘလူစကိုနီအား ရိုက်နှက်ခဲ့သူမှာ စိတ်ရောဂါ ရှိသူတစ်ဦး ဖြစ်သည်။ မျက်မြင်သက်သေများက မစ္စတာ ဘလူစကိုနီသည် ရုတ်တရက် ရိုက်နှက်ခံလိုက်ရခြင်း ဖြစ်ပြီး ဒဏ်ရာကြောင့် မျက်နှာတွင် သွေးများဖြင့် နီရဲသွားကြောင်း ပြောကြားသည်။

CNN သတင်းဌာန အဆိုအရ အီတလီ ဝန်ကြီးချုပ်သည် မီလန်မြို့ရှိ San Raffaele ဆေးရုံတွင် CAT scan ဖြင့် ရောဂါ ရှာဖွေ စမ်းသပ်မှု ခံယူပြီး ဖြစ်ကြောင်း၊ သူ၏ ပုဂ္ဂိုလ်ရေး ဆရာဝန်ဖြစ်သူက အနီးကပ် ကြီးကြပ် ကုသလျက် ရှိကြောင်း သိရသည်။

မစ္စတာဘလူစကိုနီသည် အဂတိ လိုက်စားမှု အပါအဝင် အခြားသော စွပ်စွဲမှုများစွာဖြင့် ရင်ဆိုင်နေရကာ ဒုတိယ ဇနီးဖြစ်သူနှင့်လည်း အိမ်ထောင်ရေး အဆင်မပြေ ဖြစ်ကာ ကွာရှင်း ပြတ်စဲခဲ့သည်။ ဝန်ကြီးချုပ်သည် သူ၏ မွေးရပ်ဇာတိ ဖြစ်သော မီလန်မြို့တွင် တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်။

ဘလူစကိုနီအား အဆိုပါ စိတ်ရောဂါသည်က သံဖြင့် ပြုလုပ်ထားသောDoumo di Milano ပုံတူဖြင့် ရိုက်နှက်လိုက်ခြင်း ဖြစ်သည်ဟု မီလန် ရဲတပ်ဖွဲ့ဝင်များက အတည်ပြု ပြောကြား သည်။

"အခင်းဖြစ်ပြီး မကြာခင်မှာပဲ သူ အေးအေးဆေးဆေး ပြန်ဖြစ်သွားပါတယ်။ ဆေးရုံကို သွားတော့ ကားပေါ်ကနေ လူအုပ်ကြီးကို လက်ပြသွားသေးတယ်" ဟု ကာကွယ်ရေးဝန်ကြီး Ignazio La Russa က အီတလီ သတင်းစာ Corriere della Sera သို့ ပြောကြားသည်။

ဘလူစကိုနီ ရိုက်နှက်ခံရမှုတွင် ပြဿနာပေါင်း သောင်းခြောက်ထောင် ပါဝင်ဆက်နွှယ်လျက် ရှိပြီး အဓိက ပြဿနာမှာ ၎င်းကို ပြစ်တင်ဝေဖန်သူများ ဖြစ်သည်ဟု မစ္စတာ Ignazio La Russa က ဆိုသည်။

"ကျွန်တော် ပြောနိုင်တာကတော့ ဝန်ကြီးချုပ် ကို မုန်းတဲ့သူတွေ ဝိုင်းနေတယ်ဆိုတဲ့ အချက်ပါ ပဲ။ အဲဒါဟာ မကောင်းပါဘူး" ဟု ၎င်းက ပြောသည်။

"အဲလို ဝန်ကြီးချုပ်ကို အမုန်းတရားတွေ ဝိုင်းနေလို့လဲ အခုလို ဖြစ်ရပ်တွေ ထွက်ပေါ်လာတာပါ။ အဲဒီညက ဖြစ်ခဲ့တဲ့ ကိစ္စကို ကျွန်တော်အနေနဲ့ သိပ်ပြီး မအံ့သြမိပါဘူး" ဟု ဆက်လက် ပြောကြားသွားသည်

မီလန် ရဲတပ်ဖွဲ့များက ယခုအခါ မစ္စတာ ဘလူစကိုနီအား တိုက်ခိုက်ခဲ့သူအား စစ်ကြော မေးမြန်းမှုများ ပြုလုပ်လျက်ရှိရာ ထိုသူသည် စိတ်ပိုင်းဆိုင်ရာ အခြေအနေ အတော်ပင် ဆိုးရွားလျက် ရှိသည်ကို တွေ့ရှိရသည်ဟု ဆိုသည်။ ထို့ပြင် ၎င်းသည် စိတ်ရောဂါ ကုသမှု ခံယူဖူးသော ရောဂါသည် တစ်ဦး ဖြစ်သည်။

အီတလီ မီဒီယာများ အဆိုအရ ထိုသူ၏ အမည်မှာ Massimo Tartaglia ဖြစ်ပြီး အသက် ၄၀ ဝန်းကျင် ရှိကြောင်း၊ ၎င်းသည် ဝန်ကြီးချုပ်အား တစ်ကိုယ်တော် တိုက်ခိုက်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း သိရသည်။

ဝန်ကြီးချုပ် ရာထူးသက်တမ်း သုံးကြိမ်တိတိ ပြန်လည် ရရှိခဲ့သူ မစ္စတာ ဘလူစကိုနီသည် အခွန် ရှောင်တိမ်းမှုဖြင့် တရား ရင်ဆိုင်နေရသည်။ သို့သော် ၎င်းက ပြစ်မှုများ အားလုံးသည် နိုင်ငံရေးလုပ်ကြံမှု သက်သက်သာ ဖြစ်သည်ဟု ငြင်းပယ်ခဲ့သည်။ ထို့ပြင် သူ၏ ပုဂ္ဂိုလ်ရေး ဇာတ်ကြောင်းမှာလည်း ၁၉ နှစ်ကြာ ပေါင်းသင်းခဲ့သော ဇနီးသည် Veronica Lario က ကွာရှင်း ပြတ်စဲရန် တောင်းဆိုလိုက်ပြီးနောက် လူသိ ပိုများလာသည်။

 မစ္စတာ ဘလူစကိုနီ အတွက် အီတလီ စီးပွားရေးသမား တစ်ဦးက သက်တော်စောင့်များ ငှားရမ်းပေးထားကြောင်း၊ ထို့ပြင် ဘလူစကိုနီသည် ၎င်းနှင့် ဇာတ်လမ်းမကင်းသည်ဟု ယူဆရသော အသက် ၁၈ နှစ် အရွယ် မိန်းကလေးတစ်ဦး၏ မွေးနေ့ပွဲသို့ တက်ရောက်ပြီး မွေးနေ့လက်ဆောင်အဖြစ် စိန်လည်ဆွဲတစ်ကုံး ပေးခဲ့ကြောင်း အစရှိသည့် စွပ်စွဲချက်များ ထွက်ပေါ်လာပြီးနောက် မစ္စ Veronica က ကွာရှင်း ပြတ်စဲရန် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

မည်သို့ဆိုစေ ဝန်ကြီးချုပ် ဘလူစကိုနီမှာ ယနေ့အချိန်အထိ လူကြိုက်များသော ခေါင်းဆောင်တစ်ဦး ဖြစ်နေဆဲပင် ဖြစ်သည်။

CNN သတင်းဌာနမှ Italian Prime Minister Berlusconi struck in face at rally ကို ဘာသာ ပြန်ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Kachin News Group, 11th Dec 2009

          မြန်မာပြည် မြောက်ပိုင်း ကချင်ပြည်နယ် ဗန်းမော်မြို့မှ ကချင် တိုင်းရင်းသားတို့၏ ရိုးရာ အထိမ်းအမှတ် သင်္ကေတများမှာ ယမန်နေ့ မနက်က မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး မလာမီတွင် အမိန့်အရ ရုတ်တရက် ဖယ်ရှားခြင်း ခံရသည်ဟု ဒေသတွင်း သတင်းများအရ သိရပါသည်။

          မြို့လယ်နှင့် ၂ မိုင်အကွာ အောင်တ ကျေးရွာရှိ ဗန်းမော် ကချင်စာပေနှင့် ယဉ်ကျေးမှု အသင်းပိုင် ကွင်းအတွင်းရှိ ယဉ်ကျေးမှု တန်ဖိုး ကြီးမားလှသော ကချင်မနောတိုင်များကို ၂၀၀၉ ဒီဇင်ဘာ ၁၀ ရက် ဒေသ စံတော်ချိန် မနက် ၈ နာရီခန့်တွင် ယဉ်ကျေးမှု အသင်း လူကြီးများက ဖယ်ရှားခဲ့ကြသည်ဟု အဆိုပါ သတင်းများက ဆိုပါသည်။

          ဗန်းမော်ခရိုင် ကချင်များ၏ ဒုတိယအကြိမ် ကျေးဇူးတော်နေ့နှင့် ဆွပ် မနောပွဲကို ကျင်းပခဲ့ပြီး နောက် ၁၃ ရက် အကြာတွင် ဗန်းမော် စစ်တပ် အာဏာပိုင်များက ကချင် ယဉ်ကျေးမှု သင်္ကေတများကို ဖျက်ဆီးခဲ့ကြခြင်း ဖြစ်ပါသည်။

          ယင်းသို့ ဖယ်ရှားရန် အတွက် ခရစ်ယာန်ရိုးရာ အထူး ဝတ်ပြု ဆုတောင်းပွဲ ကျင်းပပြီးမှ ဒေသခံ ယဉ်ကျေးမှု အသင်းလူကြီးများက မနောပွဲ ကျင်းပရာ ကွင်းပြင် အလယ်ခေါင်ရှိ ရိုးရာသစ်သား မနောတိုင်ကြီးများကို ဂရုတစိုက် ဖယ်ရှားခဲ့ကြပါသည်။ ဝတ်ပြု ဆုတောင်းပွဲသို့ မြို့ပေါ်မှ ဘတ်ပတစ်စ်နှင့် ရိုမန်ကက်သလစ် ဘုရားကျောင်းများမှ ဘာသာရေး ခေါင်းဆောင်များလည်း ပါဝင် ဝတ်ပြုခဲ့ကြသည်ဟု သိရှိရပါသည်။

          ကချင် မနောတိုင်များမှာ မြစ်ကြီးနား ဗန်းမော် ကားလမ်းဘေးတွင် တည်ရှိပြီး မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်းသည် မြစ်ကြီးနား ဗန်းမော် ကားလမ်းအတိုင်း ယမန်နေ့က အထူး ယာဉ်တန်းဖြင့် လာရောက်ခဲ့သည်ဟု ဒေသခံများက ပြောပါသည်။

          တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်း ဗန်းမော်သို့ မလာမီ တစ်ရက်တွင် ဗန်းမော်ခရိုင်နှင့် မြို့နယ် အုပ်ချုပ်ရေး အဖွဲ့များ (ခယတနှင့် မယက) က ကချင် ယဉ်ကျေးမှုအသင်း လူကြီးများကို ရုတ်တရက် ညွှန်ကြားခဲ့ခြင်း ဖြစ်သည်ဟု သတင်းများအရ သိရပါသည်။

          ကချင်ပြည်နယ် ဥက္ကဋ္ဌ ဗိုလ်ချုပ်စိုးဝင်းလာရောက် ကြည့်ရှုမည် ဖြစ်၍ မနောတိုင်များကို အမြန်ဆုံး ဖယ်ရှားရန် ခရိုင်ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခင်မောင်မြင့်နှင့် မြို့နယ်ဥက္ကဋ္ဌ ဦးခင်မောင်အေးတို့က ညွှန်ကြားခဲ့သည်ဟု ဆိုပါသည်။

          နိုဝင်ဘာ ၁၂ ရက်နေ့တွင် အစိုးရ မြေထိုးစက်တစ်စီး ကွင်းအတွင်းသို့ ရောက်လာပြီး မနောအကပွဲ ကျင်းပရာ စက်ဝိုင်းပုံ ကွင်းပြင်ကို ဖြိုချ မြေညှိလိုက်ပြီး ကွန်ကရစ်အခင်း ခပ်ပါးပါး လောင်းပစ်ခဲ့ကြသည်။ ခရိုင်ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခင်မောင်မြင့်၏ အမိန့်အရ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်ဟုလည်း သိရပါသည်။ ယင်းသို့ ဖြိုဖျက်အပြီးတွင် ပွဲတော်ကို မူလ စီစဉ်ထားသည့် နိုဝင်ဘာ ၂၆-၂၈ အထိ ၃ ရက်အစား ၂၇ နှင့် ၂၈ ၂ ရက်သာ ကျင်းပခွင့် ရခဲ့သည်ဟု ယဉ်ကျေးမှု ကော်မတီ အဖွဲ့ဝင်များက ပြော ကြားပါသည်။

          ပွဲတော် ကျင်းပပြီးသည်နှင့် အမြန်ဆုံး မနောတိုင်များကို ဖယ်ရှားပါမည်ဟု မနောပွဲ ကျင်းပရေး ကော်မတီ အဖွဲ့ဝင်များက အာဏာပိုင်များထံ ဝန်ခံကတိလက်မှတ် ရေးထိုးခဲ့ရသည်ဟုလည်း ကော်မတီ အဖွဲ့ဝင်များက ထုတ်ဖော် ပြောကြားခဲ့ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.