Transparency Myanmar

transparency.myanmar@gmail.com

The Law Gazette, James Dean, 16th Dec 2009

           မြန်မာနိုင်ငံ အတွင်းရှိ နိုင်ငံတကာ ဥပဒေ အကျိုးဆောင် အဖွဲ့များ၏ ဆောင်ရွက်ချက်များ အပေါ် စုံစမ်း စစ်ဆေးနေမှုအား အဖွဲ့အစည်းတွင်း ဝန်ထမ်းများ မလုံလောက် မှုကြောင့် ရပ်ဆိုင်း လိုက်သည်ဟု သိရပါသည်။

          ဖိအား ပေးနေသောအဖွဲ့ Burma Campaign UK (BCUK) က ယခုအပတ်၌ ပြောကြားခဲ့ရာတွင် နှစ်ပတ်လည် ညစ်ညမ်း စာရင်း (Dirty List) ကို လူထုသို့ ထုတ်ပြန်မည် မဟုတ်ဟု ဆိုပါသည်။ မြန်မာနိုင်ငံအတွင်း လှုပ်ရှားနေသော မြန်မာ မဟုတ်သော ကုမ္ပဏီများ၏ စာရင်း ဖြစ်ပါသည်။ ယခုနှစ်တွင် အဆိုပါ ညစ်ညမ်းစာရင်းသို့ ဥပဒေ အကျိုးဆောင်အဖွဲ့များ၏ အမည်ကို ပထမဆုံးအကြိမ် ထည့်သွင်းရန် စီစဉ်ထားသည်ဟု ဆိုပါသည်။

          BCUK ၏ အခိုင်အမာ ပြောကြားချက်အရ မြန်မာနိုင်ငံတွင် ကုန်သွယ်ရေး လုပ်သည်ဖြစ်စေ၊ ရင်းနှီး မြှုပ်နှံသည် ဖြစ်စေ၊ တပ်မတော် အစိုးရအား တိုက်ရိုက် သော်လည်းကောင်း၊ သွယ်ဝိုက်၍ သော်လည်းကောင်း ရန်ပုံငွေ ထည့်ဝင်ရသည်ဟု ဆိုပါသည်။ လက်ရှိအစိုးရသည် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် မြန်မာပြည်သူများကို ဖိနှိပ်မှုများကြောင့် နိုင်ငံတကာ၏ ပြစ်တင် ရှုံ့ချခြင်းကို ခံနေရပါသည်။

          ပြီးခဲ့သော နှစ်ကုန်ပိုင်းက စ၍ BCUK သည် ဥပဒေ အကျိုးဆောင် အဖွဲ့များအား စုံစမ်း စစ်ဆေးခြင်းကို စတင်ခဲ့ပြီး မြန်မာနိုင်ငံမှ ဖောက်သည်များအား အကြံဥာဏ် ပေးနေသည်ဟု ယုံကြည်ရသော UK ဥပဒေ အဖွဲ့အစည်းကြီး တစ်ခုကို ထိထိရောက်ရောက် စုံစမ်းနေသည်ဟု ဆိုပါသည်။ ကမ္ဘာ့အကြီးဆုံး ဥပဒေ အကျိုးဆောင်အဖွဲ့ (၁၀၀) ခန့် အနက်မှ (၁၄) ခုမှာ မြန်မာနိုင်ငံတွင် လှုပ်ရှားနေသော အထောက်အထားများ ရရှိထားသည်ဟုလည်း သိရပါသည်။ မြန်မာနိုင်ငံ၏ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ကိစ္စများကို ချောမွေ့အောင် ဥပဒေ အကျိုးဆောင် အဖွဲ့များ ကူညီနေခြင်းသည် မြန်မာ အစိုးရကို ရန်ပုံငွေ ရှာပေးနေခြင်းသာ ဖြစ်သည်ဟု BUCK ၏ ပြောရေးဆိုခွင့် ရှိသူက စွပ်စွဲလိုက်ပါသည်။

          ဝန်ထမ်းများ မလုံလောက်၍ စုံစမ်းရေး အစီအစဉ်ကို ရပ်ဆိုင်းထားရသည်ဟု BCUK ပြောခွင့်ရ အမျိုးသမီးက ယခုအပတ်တွင် ပြောကြားပါသည်။ ဥပဒေအကျိုးဆောင် အဖွဲ့များကို စုံစမ်းရေး အစီအစဉ်မှ ဝန်ထမ်းများ BCUK မှ နှုတ်ထွက်သွားပြီဟု ယူဆရပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Mizzima, Mungpi,  16th Dec 2009

          မြန်မာအစိုးရသည် ဒေါ်အောင်ဆန်းစုကြည်က သူမ၏ ပါတီမှ ကျန်းမာရေး မကောင်းသော ခေါင်းဆောင်များနှင့် တွေ့ဆုံခွင့် ပြုရန် တောင်းဆိုခဲ့မှုအား တစ်စိတ်တစ်ပိုင်းအဖြစ် ဗုဒ္ဓဟူးနေ့က ခွင့်ပြုခဲ့ကြောင်း၊ သူမ၏ ပါတီမှ ဝါရင့် အဖွဲ့ဝင်တစ်ဦးက ပြောပါသည်။

          ဒေါ်အောင်ဆန်းစုကြည်အား သူမ၏ ပါတီမှ ကျန်းမာရေး မကောင်းကြသော ဥက္ကဋ္ဌ ဦးအောင်ရွှေ၊ အတွင်းရေးမှူး ဦးလွင်နှင့် CEC အဖွဲ့ဝင် ဦးလွန်းတင်တို့အား ဗုဒ္ဓဟူးနေ့တွင် တွေ့ဆုံ ခွင့်ပြုလိမ့်မည်ဟု NLD မှ CEC အဖွဲ့ဝင် ဦးဝင်းတင်က အင်္ဂါနေ့က မဇ္ဈိမသို့ ပြောကြားခဲ့ပါသည်။

          မည်သည့်နေရာတွင် တွေ့ဆုံမည်ကို အတိအကျ မသိရသော်လည်း အားလုံးကို စိမ်းလဲ့ကန်သာ ဧည့်ဂေဟာတွင် ခေါ်ဆောင်လာလိမ့်မည် ထင်ကြောင်း ၎င်းက ပြောပါသည်။

          ပြီးခဲ့သည့်လက ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံသို့ စာရေးသား ပေးပို့၍ ကျန်းမာရေး မကောင်းသော ပါတီခေါင်းဆောင် သုံးဦးနှင့် တွေ့ဆုံ ဂါရဝပြု ခွင့်ပြုရန်နှင့် ထိန်းသိမ်းခြင်း ခံထားရသော ပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးတို့၏ တွေ့ဆုံခွင့် ပြုရန် တောင်းဆိုခဲ့ပါသည်။

          ထို့အပြင် သူမ၏ စာတွင် မြန်မာ နိုင်ငံသားများ၏ အကျိုးအတွက် နိုင်ငံတကာ အရေးယူ ပိတ်ဆို့မှုများ ဖြေလျော့သွားရေးအတွက် ဆွေးနွေးနိုင်ရန် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့် ပြုရန်ကိုလည်း တောင်းဆိုခဲ့ပါသည်။

          ယခုကဲ့သို့ ခွင့်ပြုခဲ့ခြင်းအပေါ် အစိုးရ၏ သဘောထား ပျော့ပြောင်းလာမှုဟု လည်းကောင်း၊ အပြုသဘော ဆောင်သော လက္ခဏာဟု လည်းကောင်း အဓိပ္ပာယ် ကောက်ယူသင့်သလားဟု ဦးဝင်းတင်က မေးမြန်းခဲ့ရာ၊ ၎င်းက မထင်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် သူမ တောင်းဆိုခဲ့သည့် အတိုင်း ခွင့်ပြုခဲ့ခြင်း မဟုတ်သောကြောင့် ဖြစ်သည်ဟု ဆိုပါသည်။ ဒေါ်အောင်ဆန်းစုကြည်က ခေါင်းဆောင်သုံးဦး၏ အိမ်သို့ သွားရောက် ဂါရဝပြုခွင့် ပြုရန် တောင်းဆိုခဲ့ရာ တစ်စိတ်တစ်ပိုင်းသာ ခွင့်ပြုခဲ့ခြင်း ဖြစ်ပါသည်ဟု ဦးဝင်းတင်က ပြောပါသည်။

          အကယ်၍သာ အစိုးရအနေဖြင့် ရိုးသားခဲ့မည် ဆိုပါက ဒေါ်အောင်ဆန်းစုကြည်အား ၎င်းတို့ အိမ်အသီးသီးသို့ သွားရောက်ခွင့် ပြုရန် ခက်ခဲမည် မဟုတ်ကြောင်း၊ ယခုမူ ကျန်းမာရေး မကောင်း၍ အားနည်းသူ သုံးဦးကို တွေ့ဆုံရာ နေရာသို့ ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆိုပါသည်။

          ယခု တွေ့ဆုံမှုအား ခွင့်ပြုခဲ့ခြင်းမှာ သူမ၏ တောင်းဆိုမှုမှာ အစိုးရ၏ အကျိုးကို မထိခိုက်၍သာ ခွင့်ပြုခဲ့ခြင်း ဖြစ်ကြောင်း၊ ၂၀၀၃ ခုနှစ် မေလကတည်းက နေအိမ် အကျယ်ချုပ်ဖြင့် ထားရှိသူ ဒုဥက္ကဋ္ဌ ဦးတင်ဦး အပါအဝင် ပါတီ CEC များနှင့် တွေ့ဆုံခွင့် ပြုရန် တောင်းဆိုထားမှုကို ခွင့်ပြုလိမ့်မည်လား ဆိုသည်ကိုမှု မိမိ သံသယ ရှိကြောင်း၊ သတင်းစာဆရာတစ်ဦးက ပြောပါသည်။

          ဦးဝင်းတင်ကလည်း အစိုးရအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အား သူမ တောင်းဆိုထားသည့် အတိုင်း ဦးတင်ဦး အပါအဝင် CEC အဖွဲ့ဝင်များနှင့် တွေ့ဆုံခွင့် ပြုလိမ့်မည်ဟု မိမိ မသိနိုင်ကြောင်း၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့် ပြုရန် တောင်းဆိုထားမှုမှာလည်း ဖြစ်နိုင်လိမ့်မည် မထင်ကြောင်း ပြောပါသည်။ အကယ်၍ ဗိုလ်ချုပ်မှူးကြီးက စိတ်ပြောင်းသွားပြီး ခွင့်ပြုခဲ့လျှင်တော့ အတိုင်းထက် အလွန်ဖြစ်သည် ဟု ၎င်းက ပြောပါသည်။

          အစောပိုင်းက ဦးဝင်းတင်က မဇ္ဈိမသို့ ပြောကြားခဲ့ရာတွင် ဒေါ်အောင်ဆန်းစုကြည်၏ တောင်းဆိုမှုအား ဗိုလ်ချုပ်မှူးကြီး အနေဖြင့် တုံ့ပြန်ခြင်း မပြုမီ အလေးအနက် စဉ်းစားသင့်ကြောင်း၊ ယခုကိစ္စမှာ မြန်မာ့နိုင်ငံရေး အနာဂတ်အတွက် သက်ရောက်မှုများစွာ ရှိနေသည်ဟု ဆိုပါသည်။

          ဗိုလ်ချုပ်မှူးကြီး သန်းရွှေအနေဖြင့် ပြည်သူလူထု၏ အနာဂတ် အပါအဝင် ကဏ္ဍစုံအား စဉ်းစားသင့်ကြောင်း၊ တပ်မတော်နှင့် ဒေါ်စုတို့ နှစ်ဦး၏ ကိစ္စ မဟုတ်ကြောင်း၊ နိုင်ငံတစ်ခုလုံး၏ အရေးကိစ္စ ဖြစ်ကြောင်း ဦးဝင်းတင်က ဖြည့်စွက် ပြောကြားသွားပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

CNN News, 16th - Dec - 2009

          အမေရိကန် ပြည်ထောင်စု သမ္မတ Obama သည် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအီ ထံသို့ ပုဂ္ဂိုလ်ရေး စာရေးသားခဲ့ပြီး၊ အမေရိကန် ကိုယ်စားလှယ် သွားရောက်စဉ်က ထည့်ပေးလိုက်ကြောင်း အမေရိကန် အကြီးတန်း အာဏာပိုင်တစ်ဦးက ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့ပါ သည်။

          ပြီးခဲ့သည့် အပတ်က မြောက်ကိုရီးယားသို့ အမေရိကန် ကိုယ်စားလှယ် Stephen Bosworth သွားရောက်စဉ် အဆိုပါ စာကို ပေးအပ်ခဲ့သည်ဟု ၎င်းက ဆိုပါသည်။

          အဆိုပါ အာဏာပိုင်က ၎င်း မည်သူမည်ဝါ ဖြစ်ကြောင်း ထုတ်ဖော်ခြင်း မရှိကြောင်း၊ ယခု ကိစ္စသည် အထိမခံသော ကိစ္စ ဖြစ်နေသောကြောင့် ဖြစ်သည်ဟု ဆိုပါသည်။

          Bosworth က ပြီးခဲ့သည့် အပတ်က ပြောကြားရာတွင် ၎င်း၏ ခရီးစဉ် အတွင်းတွင် သမ္မတ Obama ၏ အမြင်များကို တင်ပြနိုင်ခဲ့သည်ဟု ဆိုပါသည်။ Obama ၏ အမြင်များ ဖြစ်သည့် ခြောက်နိုင်ငံ ဆွေးနွေးပွဲ၏ အခြေခံ ရည်မှန်းချက် ဖြစ်သော ကိုရီးယားကျွန်းဆွယ်အား အပြည့်အဝ နျူကလီးယား ကင်းမဲ့ဇုံ ဖြစ်ရေး၊ အဆိုပါ ရည်မှန်းချက်အတွက် တိုးတက်မှုများ ရပ်တန့်နေခြင်း ကြောင့် နှစ်နိုင်ငံ ဆက်ဆံရေးတွင် အတားအဆီးသဖွယ် ရှိနေခြင်းတို့ကို ပြောခဲ့သည်ဟု ဆိုပါသည်။

          Obama အနေဖြင့် မဟာမိတ်များနှင့် အလုပ်လုပ်ရန် အမေရိကန်က ပြင်ဆင် ထားရှိပြီး၊ ဒေသတွင်းရှိ ပါတနာများကို မြောက်ကိုရီးယား၏ ယခုနှင့်မတူ ခြားနားသော အနာဂါတ်ကို အဆိုပြုရန် ကိစ္စများအား ရှင်းရှင်းလင်းလင်း ထုတ်ပြထားပြီး ဖြစ်ကြောင်း Bosworth က ပြောပါသည်။

          Bosworth က ဆက်လက် ပြောကြားရာတွင် ခြောက်နိုင်ငံ ဆွေးနွေးပွဲမှာ ၂၀၀၅ ခုနှစ် စက်တင်ဘာလတွင် ထုတ်ပြန်ထားသော ကြေညာချက်၏ ရည်မှန်းချက်ကို အပြည့်အဝ အကောင် အထည်ဖော်ရေးအတွက် ပြန်လည် အတည်ပြုလိုကြောင်း ဆိုပါသည်။ အဆိုပါ ကြေညာချက်တွင် မြောက်ကိုရီးယားသည် လက်ရှိ နျူကလီးယား အစီအစဉ်များအပြင် နျူကလီးယား လက်နက် အားလုံးကို စွန့်လွှတ်ရန် ကတိပြုထားပါသည်။

          သို့သော် မြောက်ကိုရီးယားသည် အမေရိကန်၊ ရုရှား၊ တရုတ်၊ တောင်ကိုရီးယား၊ ဂျပန်တို့ ပါဝင်သော ခြောက်နိုင်ငံ ဆွေးနွေးပွဲကို ပြန်လာရန် ငြင်းဆန်ထားပြီး၊ အမေရိကန် အစိုးရနှင့် တိုက်ရိုက် စကားပြောရန်သာ လိုလားကြောင်း ပြောကြားနေပါသည်။

          ပြီးခဲ့သည့် ဧပြီလက မြောက်ကိုရီးယားသည် ၎င်း၏ နျူကလီးယားနှင့် ဒုံးကျည် စမ်းသပ်မှုကို နိုင်ငံတကာက ဝေဖန်မှုများကြောင့် ခြောက်နိုင်ငံ ဆွေးနွေးပွဲကို ရပ်ဆိုင်းခဲ့ပါသည်။

          ယခု Bosworth ၏ ခရီးစဉ်တွင်လည်း မြောက်ကိုရီးယားတို့က ခြောက်နိုင်ငံ ဆွေးနွေးပွဲ ပြန်လာရန် မည်သည့် ကတိပြုမှုကိုမျှ မရရှိခဲ့ပေ။ သို့သော် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်ကမူ Bosworth ၏ ဆွေးနွေးခဲ့မှုများသည် အပေါင်းလက္ခဏာ ဆောင်ကြောင်း ပြောကြားလိုက်ပါသည်။

          သို့သော် မြောက်ကိုရီးယားတို့ အနေဖြင့် ခြောက်နိုင်ငံ ဆွေးနွေးပွဲသို့ ပြန်လာမည်။ မည်သည့် အချိန်တွင် ပြန်လာမည်ကိုမူ စောင့်ကြည့်ရဦးမည် ဖြစ်ပြီး၊ အနိမ့်ဆုံး အဆင့်အနေဖြင့် ယခု ဆွေးနွေးမှု များသည် စူးစမ်း လေ့လာသည့် တွေ့ဆုံမှုများသာ ဖြစ်ပြီး၊ ညှိနှိုင်းခြင်း မဟုတ်ကြောင်း ကလင်တန်က ပြောခဲ့ပါသည်။

          ကလင်တန်က ယခင်က ပြောကြားခဲ့ရာတွင် အမေရိကန် အနေဖြင့် မြောက်ကိုရီးယားနှင့် နှစ်နိုင်ငံ တွေ့ဆုံမှု ပြုလုပ်ရန် ဆန္ဒရှိကြောင်း၊ သို့သော် ခြောက်နိုင်ငံ ဆွေးနွေးပွဲ ခေါင်းစဉ် အောက်တွင်သာ တွေ့သည်ဟု ဆိုလိုကြောင်း ပြောကြားခဲ့ဖူးပါသည်။ ထို့အပြင် သူမက မြောက်ကိုရီးယားတို့ အနေဖြင့် နျူကလီးယား အစီအစဉ်များ ဖျက်သိမ်းရေးအတွက် နောက်ပြန် မလှည့်မည့် ခြေလှမ်းများ မတွေ့ရမချင်း၊ ပြုံးယမ်းနှင့် ပုံမှန် ဆက်ဆံရေးများ ပြုလုပ်လိမ့်မည် မဟုတ်သည့်အပြင် အရေးယူ ပိတ်ဆို့မှုများကိုလည်း ရုတ်သိမ်းပေးလိမ့်မည် မဟုတ်ကြောင်း သတိပေးခဲ့ပါသည်။

          သုံးသပ်သူ အချို့ကမူ မြောက်ကိုရီးယားတို့သည် အမေရိကန်နှင့် ဆက်ဆံရေးအသစ် ပြုလုပ်ရေးအတွက် အချိန်ဆွဲကောင်း ဆွဲလိမ့်မည်ဟု သုံးသပ်ကြပါသည်။ တောင်ကိုရီးယားက အတည်ပြု ပြောကြားရာတွင် မြောက်ကိုရီးယားတို့သည် ၎င်းတို့၏ Yongbyon နျူကလီးယား Plant ကို ပြန်စရန် နောက်ဆုံးအဆင့်သို့ ရောက်နေပြီဟု ဆိုပါသည်။ ၎င်းအစီအစဉ်မှာ ခြောက်နိုင်ငံ ဆွေးနွေးပွဲမှ မထွက်ခွာမီက ရပ်ဆိုင်းထားခဲ့ပါသည်။

          သို့သော် ၎င်းကိစ္စများနှင့် ပတ်သက်၍ မှန်ကန်မှု ရှိ၊ မရှိ အတည်ပြုနိုင်ခြင်း မရှိဟု ဆိုပါသည်။

          ဝေဖန် သုံးသပ်သူများကမူ မြောက်ကိုရီးယားသည် ယခုအခါ သံတမန်ရေးရာအရ အထီးကျန် ပြုလုပ်ထားမှုနှင့် စီးပွားရေးအရ အထိနာနေမှုများကို ဖြေလျော့နိုင်ရေးအတွက် အကြီးအကျယ် လိုလားနေသည်ဟု ဆိုပါသည်။ အထူးသဖြင့် ပြုံးယမ်း၏ နျူကလီးယားနှင့် ဒုံးကျည် စမ်းသပ်မှုများကြောင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ပိုမို ပြင်းထန်သော အရေးယူမှုများ ချမှတ်ခဲ့ခြင်းသည် မြောက်ကိုရီးယားကို အထိနာစေခဲ့ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Irrawaddy, 15th - Dec - 2009

          လာမည့် ရက်ပိုင်းအတွင်း သူမ၏ NLD ပါတီမှ သက်ကြီးပိုင်း အရွယ်လွန် ခေါင်းဆောင်များနှင့် တွေ့ဆုံရမည့် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေနှင့် အတိုက်အခံပါတီ၏ မျိုးဆက် ပြဿနာကို ဖြေရှင်းနိုင်ပါ့မလား ဟူသော မေးခွန်းတစ်ခု ပေါ်ပေါက်နေပါသည်။

          နိုဝင်ဘာ လကုန်တွင် NLD သတင်းရပ်ကွက်မှ ဧရာဝတီသို့ ပြောကြားခဲ့ရာတွင် မြန်မာ အာဏာပိုင်များသည် ဒေါ်အောင်ဆန်းစုကြည်၏ တောင်းဆိုချက်အရ NLD ဗဟို အလုပ်မှုဆောင် ကော်မတီဝင်များနှင့် သူမအား တွေ့ဆုံခွင့် ပြုခဲ့သော်လည်း အထိန်းသိမ်းခံ ခေါင်းဆောင်တစ်ဦး ဖြစ်သူ ဗိုလ်ချုပ်ကြီးဟောင်း တစ်ဦး ပါဝင်ခွင့် ရ ၊မရကိုမူ သေချာစွာ မသိရသေးဟု ဆိုပါသည်။

          အထက်ပါ တွေ့ဆုံမှုကို ကရင် နှစ်သစ်ကူးနေ့အဖြစ် ကျရောက်သည့် ဗုဒ္ဓဟူးနေ့ အစိုးရ ရုံးပိတ်ရက်တွင် ပြုလုပ်နိုင်ဖွယ် ရှိပါသည်။

          နေပြည်တော်ရှိ အာဏာပိုင်များကမူ သူမအား အလုပ် အမှုဆောင် ကော်မတီဝင် (၃) ဦး ဖြစ်သော ဦးအောင်ရွှေ၊ ဦးလျင်၊ ဦးလွန်းတင်တို့နှင့်သာ တွေ့ဆုံခွင့် ပြုခဲ့သည်ဟု ပြောကြားပါသည်။ ဦးအောင်ရွှေသည် အသက် (၉၂) နှစ် ရှိပြီ ဖြစ်ပြီး ကျန်နှစ်ဦးမှာ  အသက် (၈၀) ကျော်များ  ဖြစ်သည်။

          ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဖြစ်သူ ပါတီခေါင်းဆောင်သည် သူမ၏ လုပ်ဖော်ကိုင်ဘက်များနှင့် ဆွေးနွေးရာတွင် အခြားသော နိုင်ငံရေး ကိစ္စများနှင့်အတူ ပါတီ ပြန်လည် ဖွဲ့စည်းရေးကိုလည်း ဆွေးနွေးရန် မျှော်လင့်ထားပြီး အထူးသဖြင့် အသက်ကြီး၍ မကျန်းမာသော ဗဟိုအလုပ် အမှုဆောင် ကော်မတီဝင်များ နေရာတွင် လူငယ် ခေါင်းဆောင်များနှင့် အစားထိုးရန် ဖြစ်သည်ဟု NLD သတင်း ရပ်ကွက်က ဆိုပါသည်။

          လက်ရှိ အချိန်တွင် ပါတီ၌ ဗဟို အလုပ်အမှုဆောင် ကော်မတီ CEC အဖွဲ့ဝင် (၁၁) ဦး ရှိပြီး ၎င်းတို့အနက် (၆) ဦးမှာ အသက် (၈၀) ကျော်ပြီ ဖြစ်၍ ကျန်းမာရေး မကောင်းပါဟု CEC အဖွဲ့ဝင်၊  NLD ပါတီ ပြောရေးဆိုခွင့် ရှိသူ အသက် (၆၇) နှစ်ရှိ ဦးခင်မောင်ဆွေက ပြောကြားပါသည်။

          အမှန်စင်စစ် အသက် (၆၄) နှစ်ရှိပြီ ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးခင်မောင်ဆွေမှ လွဲ၍ ကျန် CEC အဖွဲ့ဝင်များ အားလုံးမှာ အသက် (၈၀) ကျော်ပြီ ဖြစ်ပါသည်။

          NLD ၏ ထင်ရှားသော အခြား ခေါင်းဆောင်တစ်ဦး ဖြစ်သည့် ဒုတိယဥက္ကဋ္ဌ ဦးတင်ဦးမှာ အသက် (၈၃) နှစ် ရှိပြီ ဖြစ်၍ ဒေါ်အောင်ဆန်းစုကြည်၏ ယာဉ်တန်း ဒီပဲယင်းတွင် ခြံတိုက်ခိုက်ခံရ ပြီးနောက် ၂၀၀၃ ခုနှစ် မေလတွင် ဖမ်းဆီး ထိန်းသိမ်းခြင်း ခံရပါသည်။

          "တကယ်လို့ ပါတီတစ်ခုလုံး ပြုပြင် ပြောင်းလဲဖို့ မဖြစ်နိုင်ရင်တောင် ကျန်းမာရေး မကောင်းတဲ့ ပါတီ ခေါင်းဆောင်ပိုင်းကိုတော့ အစားထိုးသင့်ပါတယ်" ဟု NLD နှင့် ရင်းနှီးသော မဟာမိတ်တစ်ဦး ဖြစ်သူ ရန်ကုန် အခြေစိုက် ရခိုင်လူမျိုး ခေါင်းဆောင် ဦးအေးသာအောင်က ပြောကြားပါသည်။

          ပါတီဥက္ကဋ္ဌ ဦးအောင်ရွှေ နေမကောင်းသောကြောင့် အခြား CEC အဖွဲ့ဝင် (၂) ဦး ဖြစ်သူ ဦးဝင်းတင် (အသက် ၈၀) နှင့် ဦးသန်းထွန်း (၈၇) နှစ်တို့က ယာယီဥက္ကဋ္ဌ တာဝန်ကို အလှည့်ကျ တာဝန် ယူနေသည်ဟုလည်း သိရှိရပါသည်။

          ၎င်းတို့နှင့် နှိုင်းယှဉ်လျှင် ငယ်သေးသည့် အသက် (၇၀) ဦးသန်းငြိမ်းနှင့် အသက် (၆၀) ဦးဥာဏ်ဝင်းတို့မှာမူ CEC ၏ အရံ အဖွဲ့ဝင်များ ဖြစ်ပါသည်။

          NLD ပါတီအနေဖြင့် ၎င်း၏ လူကြိုက်များမှု အနေအထားကို ဆက်လက် ထိန်းသိမ်းရန်အတွက် ပြည်တွင်းရှိ လက်ရှိအနေအထားကို ၂၀၁ဝ ရွေးကောက်ပွဲ မတိုင်ခင် ပိုမို ခိုင်မာ အားကောင်းအောင် လုပ်ဆောင်ရန် လိုအပ်သည်ဟု ပြည်တွင်းမှ နိုင်ငံရေး လေ့လာသူများက သုံးသပ်ထားပါသည်။

          အထက်ပါ ကိစ္စနှင့် ဆက်စပ်၍ မေးစရာ ရှိသည်မှာ ဒုတိယတန်း ခေါင်းဆောင်များပင် အသက် (၆၀) ကျော် နေသော အခြေအနေမျိုးဖြင့် အတိုက်အခံ ဦးဆောင်ပါတီသည် လူ့အဖွဲ့အစည်း၏ မျှော်လင့်ချက်များကို မည်သို့ ပေါင်းကူးပေးမည်နည်း ဟူသော မေးခွန်းဖြစ်သည်။

          အစိုးရ၏ ဖိနှိပ်မှုများနှင့် အခြား အကြောင်းများကြောင့် NLD ပါတီ၏ နိုင်ငံရေးဆိုင်ရာ ပါတီ ညီလာခံကို မကျင်းပနိုင်သည်မှာ ဆယ်စုနှစ် တစ်ခုခန့် ရှိခဲ့ပြီ ဖြစ်ပါသည်။ CEC က ရပ်ဆိုင်းထားခဲ့သော ပါတီ အစည်းအဝေးများကို နိုင်ငံတဝှမ်း ပြန်လည် ကျင်းပရန် လူငယ် ပါတီဝင်များက လတ်တလော တောင်းဆိုနေကြပါသည်။

          ပါတီ ခေါင်းဆောင်ပိုင်းအတွင်း မျိုးဆက် ကွာဟမှု ပြဿနာကို ဖြေရှင်းရန် NLD ၏ နိုင်ငံရေးဆိုင်ရာ ညီလာခံ အစည်းအဝေးများကို (၄) နှစ်လျှင် တစ်ကြိမ်ခန့် အနည်းဆုံး ကျင်းပသင့်သည်ဟု ဦးအေးသာအောင်က ပြောကြားပါသည်။ သို့မှသာ လူငယ် အဖွဲ့ဝင်များ နေရာ ရလာနိုင်မည် ဖြစ်ပါသည်။

          NLD ပါတီက မျိုးဆက် အစားမထိုးနိုင်သည့် ပြဿနာကို ကြုံတွေ့နေချိန်တွင် ၎င်း၏ နိုင်ငံရေး ပြိုင်ဘက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ခေါင်းဆောင်သော တပ်မတော် အစိုးရကမူ ၎င်း၏ရာထူး အဆင့်ဆင့် ရှိသော စစ်တပ်အတွင်း အပေါ်မှ အောက်အထိ ရာထူးများ ပေး၍ စည်းရုံးလျက် ရှိပါသည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (၇၆) နှစ်နှင့် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး (၇၂) နှစ်တို့မှ လွဲ၍ ကျန်ဗိုလ်ချုပ်ကြီးများမှာ အသက် (၆၀) တန်းများ ဖြစ်၍ အချို့မှာ (၅၀) တန်းသာ ရှိပါသေးသည်။

          တပ်မတော် အစိုးရက ကျောထောက်နောက်ခံ ပေးထားသော အရပ်ဖက် အဖွဲ့အစည်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း USDA သည် ငယ်ရွယ်၍ ဂုဏ်သိက္ခာ ရှိသူများကို လာမည့် ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ရန် ကိုယ်စားလှယ်လောင်းများအဖြစ် စုဆောင်းလျက် ရှိပြီး တပ်မတော် အစိုးရကို ထောက်ခံသော ပါတီအဖြစ် ရပ်တည်ရန် ပြင်ဆင်နေပါသည်။

          ၁၉၉၀ ရွေးကောက်ပွဲ ဖြစ်ရပ်မျိုး ထပ်မံမဖြစ်ပွားရန် ရှောင်ရှားသည့် အနေဖြင့် ကြံ့ခိုင်ရေးအသင်း USDA သည် ငယ်ရွယ်၍ နာမည်ကောင်း ရှိသူများကို လွှတ်တော် ကိုယ်စားလှယ် လောင်းလျာများအဖြစ် ၂၀၀၉ နှစ်ဦးမှ စ၍ ရွေးချယ် စုဆောင်းခဲ့သည်ဟု အမည် မဖော်လိုသော USDA သတင်းပေးသူက ပြောကြားပါသည်။

          ၁၉၉၀ ရွေးကောက်ပွဲတွင် တပ်မတော် အစိုးရကို လိုလားသော တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီကို ကျော်လွှား၍ NLD ပါတီက အပြတ်အသတ် အနိုင်ရခဲ့ခြင်း ဖြစ်သည်။

          ယခု အနှစ် (၂၀) ခန့် ကျော်လာခဲ့ချိန်တွင် NLD ၌ လူငယ် အမတ်လောင်းများ အားနည်း ချို့တဲ့နေပါသည်။ သို့သော်လည်း စစ်အုပ်ချုပ်ရေးကို တော်လှန် အုံကြွခဲ့သည့် ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံတွင် တက်ကြွစွာ လှုပ်ရှားခဲ့ကြသော မျိုးဆက်သစ် အဖွဲ့ဝင်များက အပိုဆောင်း အဖြစ် ရှိနေပါသေးသည်။

          အကျဉ်းကျ ခံနေရသော (၈၈) မျိုးဆက် ကျောင်းသားများအဖွဲ့ ခေါင်းဆောင်များ ဖြစ်သည့် မင်းကိုနိုင်၊ ကိုကိုကြီး၊ ပြုံးချို နှင့် ဌေးကြွယ် စသူတို့မှာ အသက် (၄၀) ကျော်တန်းများ ဖြစ်ပြီး မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုများ ပေါ်ပေါက်လာရေး ကိစ္စတွင် ကြီးမားစွာ အထောက်အကူ ဖြစ်စေလိုသဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ ပါတီနှင့် ပူးပေါင်း ဆောင်ရွက်ရန် အသင့် ရှိနေပါသည်ဟု ထုတ်ပြန် ကြေညာထားပါသည်။

          နိုင်ငံတဝှမ်းတွင် အလားအလာ ရှိသော လူငယ်များ မြောက်မြားစွာ ပေါ်ထွက်လာနေပါသည်ဟု ဦးခင်မောင်ဆွေက ပြောကြားခဲ့ပါသည်။ ၎င်းတို့သည် အနာဂါတ် ကာလတွင် ပါတီခေါင်းဆောင်များ ဖြစ်လာကြပါလိမ့်မည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

တရုတ် ပြည်သူ့ သမ္မတနိုင်ငံ ဒုတိယ သမ္မတ Xi Jinping သည် စက်တင်ဘာလ ၁၈ ရက်နေ့တွင် မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်မည် ဖြစ်သည်။

၎င်းသည် တရုတ်ပြည်တွင် သမ္မတ ဟူဂျင်တောင် ပြီးလျှင် ဒုတိယမြောက် အရေးပါသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပြီး မစ္စတာ ဟူ၏ တာဝန်ကို တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ထမ်းဆောင် ရလာဖွယ် ရှိသူဟုလည်း သတ်မှတ် ပြောဆိုခြင်း ခံထားရသည်။

ဒုတိယသမ္မတ Xi Jinping သည် မြန်မာပြည်တွင် နှစ်ရက်တာမျှ နေထိုင်မည် ဖြစ်ပြီး တပ်မတော် အစိုးရ၏ ထိပ်ဆုံး ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့်လည်း တွေ့ခွင့်ရမည်ဟု မျှော်လင့်ရသည်။

အောက်ဖော်ပြပါ အချက်များမှာ တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ဆက်ဆံရေးနှင့် ပတ်သက်ပါသည်။

မြန်မာနိုင်ငံသည် ၁၉၄၉ ခုနှစ်တွင် ပေါ်ထွန်းခဲ့သော တရုတ် ပြည်သူ့ သမ္မတနိုင်ငံ (People's Republic of China) ကိုပထမဆုံးအသိအမှတ်ပြုသော နိုင်ငံများအနက် တစ်နိုင်ငံ အပါအဝင် ဖြစ်သည်။ သို့သော် ၁၉၆၀ ပြည့်နှစ် များအတွင်း ရန်ကုန်မြို့ (ထိုစဉ်က မြို့တော်) တွင် ဖြစ်ပွားခဲ့သော တရုတ် ဆန့်ကျင်ရေး အဓိကရုဏ်းများ ကြောင့် နှစ်နိုင်ငံ ဆက်ဆံရေးမှာ ခပ်တန်းတန်း ဖြစ်ခဲ့သည်။

၁၉၈၈ ခုနှစ် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သော ဒီမိုကရေစီ တောင်းဆို ဆန္ဒပြမှုများကို စစ်တပ်က ခပ်ကြမ်းကြမ်း နှိမ်နင်း ဖြိုခွင်းလိုက်ပြီးနောက် အနောက်ကမ္ဘာက မြန်မာနိုင်ငံအပေါ် ကျယ်ပြန့်သော အတိုင်းအတာဖြင့် ပိတ်ဆို့ အရေးယူမှုများ ပြုလုပ်ခဲ့သည်။ ထိုအချိန်မှ စ၍ တရုတ်ပြည်က အဆိုပါ လစ်ဟာချက်ကို ဖြည့်စွက်ပေးရန် ကြိုးစားလာခဲ့သည်။ မြန်မာပြည်အား စစ်လက်နက်နှင့် အခြားသော အကူအညီ အထောက်အပံ့များ ပေးသည်။ နှစ်နိုင်ငံ ကုန်သွယ်မှုကိုလည်း အစွမ်းကုန် မြှင့်တင်ခဲ့သည်။ တစ်ဆက်တည်းပင် မြန်မာ တပ်မတော် အစိုးရအား ကျယ်ပြန့်သော အတိုင်းအတာဖြင့် သံတမန်နည်းအရ အထောက်အပံ့များ ပေးခဲ့သည်။

မြန်မာနိုင်ငံတွင်း တရုတ်ပြည်၏ ရင်းနှီးမြှုပ်နှံမှု တန်ဖိုးမှာ ဒေါ်လာ တစ်ဘီလီယံ (ပေါင် ၆၁၅ ဒဿမ ၅ သန်း) ကျော်ရှိသည်။ သတ္တု တူးဖော်ရေး လုပ်ငန်းများတွင် အဓိက ရင်းနှီး မြှုပ်နှံထားခြင်း ဖြစ်သည်။ တရုတ်သည် မြန်မာနိုင်ငံ၏ စတုတ္ထ အကြီးဆုံး နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူ ဖြစ်သည်ဟု နိုင်ငံပိုင် မီဒီယာက ဆိုသည်။ ယမန်နှစ် ပထမ သုံးလပတ်ကျော်တွင် နှစ်နိုင်ငံ ကုန်သွယ်မှုမှာ ပိုမို မြင့်တက်လာပြီး ဒေါ်လာ ၂ ဒဿမ ၆၃ ဘီလီယံ တန်ဖိုးထိ ရှိခဲ့သည်။ မြန်မာနိုင်ငံတွင်း သစ်ထုတ်လုပ်ရေး လုပ်ငန်းများတွင်လည်း တရုတ် ကုမ္ပဏီ အမြောက်အမြား ဝင်ရောက် လုပ်ကိုင်လျက် ရှိသည်။

မြန်မာပြည်သည် တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက် တစ်ခု ဖြစ်သည်။ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကုန်းတွင်းပိတ် ဒေသများအတွက် ရေနံနှင့် သဘာဝဓာတ်ငွေ့ တင်သွင်းခွင့် ရရှိရုံသာမက စစ်ထောက်လှမ်းရေး အခြေစိုက် စခန်းများ ဖွင့်လှစ်ခွင့်လည်း ရရှိထားသည်။

ပြီးခဲ့သည့် အောက်တိုဘာတွင် တရုတ်နိုင်ငံပိုင် CNPC ရေနံကော်ပိုရေးရှင်းက မြန်မာ့ ပင်လယ်ပြင်၌ ရေနံ တင်ပို့ရေး ဆိပ်ကမ်းကြီး တစ်ခုကို စတင် တည်ဆောက်ခဲ့သည်။ ရေကြောင်း သွားလာရေး ကျပ်တည်း ခက်ခဲသော မလက္ကာ ရေလက်ကြား မှတစ်ဆင့် ရေနံ တင်ပို့မှုကို ရှောင်ရှားနိုင်မည့် ပိုက်လိုင်း သွယ်တန်းမှု စီမံကိန်း၏ တစ်စိတ်တစ်ပိုင်းအဖြစ် တည်ဆောက်နေခြင်း ဖြစ်သည်။

နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုတွင် အဖုအထစ်များလည်း ရှိခဲ့သည်။ ပြီးခဲ့သည့် သြဂုတ်လ နယ်စပ်ဒေသတွင် ဖြစ်ပေါ်ခဲ့သော တိုက်ခိုက်မှုများကြောင့် တရုတ်ပြည်ဘက်သို့ ဒုက္ခသည် များစွာ စုပြုံ ဝင်ရောက်သွားခဲ့ကြရာ ဘေဂျင်း အစိုးရအတွက် အမျက်ဒေါသ ထွက်စရာ ဖြစ်ခဲ့သည်။

၂၀၀၇ ခုနှစ်တွင် မြန်မာနိုင်ငံ၏ မြို့တော်သစ် နေပြည်တော်နှင့် ပတ်သက်၍ ကြေညာချက် တစ်ရပ် ထုတ်ပြန်ခဲ့သည်။ ဆင်းရဲနွမ်းပါးသော နိုင်ငံတစ်နိုင်ငံ အနေဖြင့် ထိုကဲ့သို့ ငွေကြေး အမြောက်အမြား သုံးစွဲပြီး မြို့တော်သစ်ကြီး တစ်ခု တည်ဆောက်ရန် စဉ်းစားခဲ့သည့် အချက်အပေါ် လွန်စွာ အံ့အား သင့်ရပါကြောင်း၊ အဆိုပါ မြို့တော်သစ်ကြီး တည်ဆောက်မှုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ၏ အရင်းနှီးဆုံး မိတ်ဆွေနိုင်ငံ တစ်ခုဟု ယူဆရသော တရုတ်ပြည်ကို အသိမပေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သဘောထား ထုတ်ပြန်ခဲ့သည်။

 

Xinhua သတင်းဌာနမှ Five facts about China-Myanmar relations ကို ဘာသာပြန်ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာ တပ်မတော် အစိုးရက နေအိမ် အကျယ်ချုပ်ဖြင့် ဖမ်းဆီး ထိန်းသိမ်း ခံထားရသော အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား သူမ၏ နိုင်ငံရေးပါတီမှ သက်ကြီးပိုင်း ခေါင်းဆောင် သုံးဦး နှင့် တွေ့ဆုံခွင့် ပြုခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံ ဆွေးနွေးပွဲသို့ သတင်းထောက်များ တက်ရောက်ခွင့် မရရှိခဲ့ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ ပါတီမှ လုပ်ဖော်ကိုင်ဖက်များအား နိုင်ငံတော် ဧည့်ဂေဟာ ရှိရာသို့ မော်တော်ယာဉ်များဖြင့် ခေါ်ဆောင်သွားသည်ကို တွေ့မြင်လိုက်ရကြောင်း သိရသည်။ အဆိုပါ နိုင်ငံတော် ဧည့်ဂေဟာသည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ဆွေးနွေမှုများ ပြုလုပ်ရာတွင် အသုံးပြုနေကျ နေရာတစ်ခု ဖြစ်သည်။

သတင်းများအရ ဒေါ်အောင်ဆန်းစုကြည် သည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်  ဥက္ကဋ္ဌ ဦးအောင်ရွှေ (၉၁ နှစ်)၊ အတွင်းရေးမှူး ဦးလွင် (၈၆ နှစ်)၊ ဦးလွန်းတင် (၈၈ နှစ်) တို့နှင့် ၄၅ မိနစ်တာမျှ တွေ့ဆုံ ဆွေးနွေးခွင့် ရရှိခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် ၂၀၀၈ ခုနှစ် ဇန်နဝါရီလက ပါတီ ခေါင်းဆောင်များနှင့် အဆိုပါ ဧည့်ဂေဟာတွင် နောက်ဆုံးအကြိမ် တွေ့ဆုံခွင့် ရရှိခဲ့သည်။

Channel4.com မှ Suu Kyi meets opposition leaders ကို ဘာသာပြန်ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီ အရေးကိစ္စကို ဖြေရှင်းရာတွင် ရလဒ်ကောင်းများ ထုတ်ဖော် နိုင်လိမ့်မည်ဟု အပြုသဘော ဆောင်သော အမြင်ရှိပါကြောင်း အရှေ့တောင်အာရှ နိုင်ငံများ အဖွဲ့(အာဆီယံ) သံတမန်များက တူညီစွာ ပြောဆို လိုက်သည်။

"ဒီကိစ္စဟာ အချိန်နဲ့ ပတ်သက်တဲ့ ပြဿနာ တစ်ခုမျှပါပဲ" ဟု အာဆီယံ ချာတာ ရေးဆွဲရေး ဆိုင်ရာ အတိုင်ပင်ခံ ပညာရှင်များအဖွဲ့ ဥက္ကဋ္ဌ Tun Musa Hitam က ဒုတိယ အကြိမ်မြောက် Asean Secretariat Policy Forum ၌ ပြောကြားသည်။ မြန်မာ ကိုယ်စားလှယ်များသည် မိမိတို့ အဖွဲ့တွင် တက်ကြွစွာ အလုပ် လုပ်ကိုင်လျက် ရှိကြောင်း၊ ကျင်းပမြဲ ဖြစ်သော ဆွေးနွေးပွဲ များသို့လည်း ပါဝင် ဆွေးနွေးမည့် ကိုယ်စားလှယ်များ စေလွှတ်လေ့ ရှိကြောင်း၊ ယင်း ကိုယ်စားလှယ်များသည် အလွန် အပြုသဘော ဆောင်သော ပုဂ္ဂိုလ်များ ဖြစ်ကြောင်း ၎င်းက ဆိုပါသည်။

အာဆီယံ ချာတာ ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့် ပညာရှင်များအဖွဲ့၏ သံအမတ်ကြီး Rosario G Manalo က အာဆီယံတွင် အဖွဲ့ဝင် နိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက် မစွက်ဖက်သည့် မူဝါဒ ရှိသော်လည်း အာဆီယံသည် မည်သည့် အရေးကိစ္စမျှ  လုပ်ကိုင် ပေးခြင်း မရှိ ဟူသော သဘောမျိုး မဟုတ်ပါကြောင်း ပြောဆိုသည်။

"ကျွန်တော်တို့ အဖွဲ့ရဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေက မြန်မာနိုင်ငံနဲ့ စိတ်ပါလက်ပါ ဆွေးနွေးမှု ပြုလုပ်ကြပါတယ်။ တစ်ဆင့်ပြီး တစ်ဆင့် ဆွေးနွေးသွားဖို့လည်း ကမ်းလှမ်းထားပါတယ်" ဟု ၎င်းက ပြောသည်။

မြန်မာ့ အရေးကိစ္စသည် အာဆီယံအဖွဲ့တွင် ရှိသော လူ့အခွင့်အရေးဆိုင်ရာ ကော်မရှင်အဖွဲ့၏ ပထမ ဦးစားပေး ဖြစ်ကြောင်း မစ္စတာ Manalo က ဖြည့်စွက် ပြောပါသည်။

သို့သော် အာဆီယံအဖွဲ့ အနေဖြင့် မြန်မာနိုင်ငံအား ဒီမိုကရေစီအကြောင်း သင်ကြား ပေးသွားမည် မဟုတ်ပါကြောင်း Tun Musa Hitam က ဆိုသည်။

"မြန်မာနိုင်ငံကို ဒီမိုကရေစီ အရေးကိစ္စအတွက် သင်ကြားပေးမှာ မဟုတ်သလို အကူအညီနဲ့ သင်တန်းတွေ ဖွင့်နိုင်အောင်လည်း အထောက်အပံ့ ပေးသွားမှာ မဟုတ်ပါဘူး" ဟု Tun Musa Hitam က ပြောသည်။

ဒီမိုကရေစီ အရေးနှင့် ဆက်စပ်သော ဖွံ့ဖြိုး တိုးတက်မှုများ မြန်မာနိုင်ငံတွင်း ထွက်ပေါ်လာမည်ဟု အာဆီယံက မျှော်လင့်မထားပါကြောင်း ၎င်း၏ ပြောကြားချက်အရ သိရသည်။

"ဒီမိုကရေစီ တိုးတက်မှုနဲ့ ပတ်သက်တဲ့ သတင်း ပေးပို့ချက်တွေအရ ထူးခြားတဲ့ ကိစ္စတွေ ထွက်လာတာတော့ မတွေ့ရပါဘူး။ ဒါပေမဲ့ အနည်းငယ်တော့ တိုးတက်တာ ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီ အနည်းငယ်ဟာ တိုးတက်မှု တစ်ခုလို့ ပြောလို့ ရနေပါသေးတယ်" ဟု ဆိုသည်။

အာဆီယံ အဖွဲ့သည် ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် အာဆီယံ ချာတာ တစ်နှစ်ပြည့် အခမ်းအနားနှင့် ဒုတိယ အကြိမ်မြောက် ASEAN Secretariat Policy ဖိုရမ် ကို  "တစ်နှစ်ပြည့် အာဆီယံချာတာ" ဟူသော ခေါင်းစဉ်ဖြင့် ကျင်းပ ပြုလုပ်သည်။

Xinhua သတင်းဌာန၏ ASEAN envoys optimistic on solution over Myanmar democracy problem ကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

          မြန်မာစစ်တပ်၏ ရက်စက်စွာနှိမ်နင်းခြင်း ခံရသော ကရင် ဒုက္ခသည်များ ရှိရာသို့ Vision Beyond Borders(VBB) အဖွဲ့ ရောက်ရှိ သွားခဲ့သည်။ အဆိုပါ ဒုက္ခသည်များနှင့် ပတ်သက် ထိတွေ့မှုရှိသော နိုင်ငံများသို့ VBB က မေတ္တာ သဝဏ်လွှာ ပေးစာ တစ်စောင် ကိုလည်း ပေးပို့ခဲ့သည်။  

          ကရင်ဒုက္ခသည် စခန်းများတွင် လုပ်ကိုင်နေသော အလုပ်သမားများသည် ကြောက်မက် ဖွယ်ရာ ဇာတ်လမ်းများကို နေ့စဉ်နှင့်အမျှ ကြားနေကြရသည်။ ဟိုတလောက ကြားရသည့် သတင်းမှာ အတော့်ကိုဆိုးရွားပါသည်။ မြန်မာစစ်တပ်က ကရင်လူမျိုးတို့ ပိုင်ဆိုင်သော လယ်ယာမြေများ၊ စပါးခင်းများကို ဖျက်ဆီး ပစ်ခဲ့သည်ဟု ဆိုသည်။ ကရင် တိုင်းရင်းသားများ၏ ထမင်းအိုးကို ရိုက်ခွဲလိုက်သည့် သဘောပင်ဖြစ်၏။ 

          သမိုင်းကြောင်းကို ကြည့်လျှင် ကရင်ဒုက္ခသည် များသည် နှစ်ပေါင်း ၂၅ နှစ်တာကာလ အတွင်း ထိုင်းနိုင်ငံသို့ အစုလိုက်အပြုံလိုက် ထွက်ပြေးခဲ့ကြရသည်။ ထိုင်းဘက်သို့ ထွက် ပြေးသော ဒုက္ခသည် အများစုမှာ ကရင်းတိုင်းရင်းသား လူမျိုးစုများ ဖြစ်ကြပြီး ၎င်းတို့သည် မြန်မာနိုင်ငံတွင် ဖိနှိပ်မှု အများဆုံး ခံရသူများလည်း ဖြစ်ကြသည်။ ထို့ပြင် ၎င်းတို့သည် မြန်မာအစိုးရ၏ စနစ်တကျ ခွဲခြားဆက်ဆံမှုကို ခံကြရသည်။  

          "မြန်မာ စစ်ဗိုလ်ချုပ် တစ်ယောက်က ပြောဖူးတယ်။ ဘာလဲဆိုတော့ ၂၀၁၀ ပြည့်နှစ် ရောက်ရင် မြန်မာပြည်မှာ ကရင်လူမျိုးတွေ ကျန်တော့မှာမဟုတ်ဘူး" ဟု VBBမှ Patrick Klein က ပြောပါသည်။  

          အဆိုပါ မြန်မာစစ်ဗိုလ်ချုပ်က ကမ္ဘာပေါ်တွင် ကရင်လူမျိုး တစ်ဦးတစ်ယောက်မျှ မရှိ စေလိုကြောင်း Patirck Kelin က ဆိုသည်။ 

          ၂၀၁၀ ရွေးကောက်ပွဲများ နီးကပ်လာသည်နှင့် အမျှ ကရင် တိုင်းရင်းသားများ အပေါ် ဖိနှိပ် တိုက်ခိုက်မှုများလည်း ပိုမိုများပြားလာမည်သာ ဖြစ်သည်။ 

          မြန်မာစစ်တပ်က ကရင် ယောင်္ကျားများ၊ ကလေးငယ်များကို ပေါ်တာဆွဲပြီး အဓမ္မ လုပ်သားအဖြစ် ခိုင်းစေလျက် ရှိသည်။ ကရင် အမျိုးသမီးများကို အဓမ္မပြုကျင်ပြီး မှီို့ သတ်ဖြတ် ပစသည်။ ဒုက္ခသည် စခန်းရှိ ကရင်လူမျိုး ကလေးငယ်တိုင်းတွင် ခြောက်ခြားစရာ ကောင်းသော ဘဝဇာတ်လမ်း ကိုယ်စီ ရှိကြသည်။ မတရား ညဉ်းပန်း နှိပ်စက်မှု၊ မုဒိမ်းကျင့်မှု၊ ပစ်ခတ်သတ်ဖြတ်မှု စသည်တို့က ကလေးငယ်များအား ခြောက်လှန့်လျက် ရှိသည်။  

          ကရင် အမျိုးသမီးငယ် တစ်ဦးဆိုလျှင် အစုလိုက်အပြုံလိုက် မုဒိမ်းကျင့်ခြင်း ခံခဲ့ရပြီး ကြိုးဖြင့် ဇောက်ထိုးဆွဲကာ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရသည်။

          ထိုင်းနယ်စပ် ဒေသသို့ ခိုးကြောင်ခိုးဝှက် သွားလာနေကြသော မြန်မာစစ်သားများသည် ညပိုင်းတွင် ဒုက္ခသည် စခန်းများသို့ ဝင်ရောက်ကာ အဖိုးတန် ပစ္စည်းများကို ခိုးယူခြင်း၊ အမျိုသမီးများကို မုဒိမ်းကျင့်ခြင်း စသည်တို့ကို ရဲရဲတင်းတင်း လုပ်ကိုင်ကြသည်။ မြန်မာ စစ်သားများက ကလေးငယ်များကို လေပေါ်သို့ ပစ်မြှောက်တင်ကြပြီး မြေပြင်သို့မကျ မီ ၎င်းတို့ သေနတ်လှံစွပ်ပေါ်သို့ ကျအောင် ပြုလုပ်ကြသည်။  

          ယင်းသို့ စိတ်တုန်လှုပ် ခြောက်ခြားစရာ ကောင်းသော ဖြစ်ရပ်များ မည်သို့ပင် ရှိစေသော်ငြား ကရင်လူမျိုးများမှာ ဘုရားသခင်ကို ယုံကြည်ကြသည်။ မိဘမဲ့ ကလေးငယ်များသည် နံနက် ၄ နာရီတွင် အိပ်ရာထပြီး ဘုရားဝတ်ပြု ဆုတောင်းမှုများကို နှစ်နာရီတိတိ ပြုလုပ်ကြသည်။ ညဘက်ပိုင်းတွင်းလည်း ထိုနည်းအတိုင်းပင် ရှိခိုး ဆုတောင်းလေ့ ရှိကြသည်။  

          VBB သည် အဆိုပါ ဒုက္ခသည်များကို ကယ်တင်ရန် ကြိုးပမ်းလျက် ရှိသည်။ မြန်မာ နိုင်ငံတွင်းရှိသော ခရစ်ယာန် အသင်းများ၊ ဘုရားရှိခိုး ကျောင်းများနှင့် ချိတ်ဆက်ပြီး မိဘမဲ့ ကလေးများ ကယ်တင်ရေး လုပ်ငန်းများကို လုပ်ကိုင်လျက် ရှိသည်။ မြန်မာ နယ်စပ်ဒေသနှင့် ဝေးကွာသော နေရာများတွင် ဒုက္ခသည် စခန်းများ တည်ဆောက်ပေးရေး အတွက်လည်း ကြိုးပမ်းလျက် ရှိသည်ဟု သိရသည်။ ယင်းအတွက် ရန်ပုံငွေများလည်း အတော်ပင် တိုးမြင့် ရရှိခဲ့သည်။ သို့သော် ဒုက္ခသည်စခန်းများ အတွက် လိုအပ်သော အထောက်အကူများ ဖြည့်တင်း ပေးရာတွင် ထိုင်းအစိုးရ၏ သဘောတူညီချက် ရရှိရန် လိုအပ်နေသေးသည်။ ဆောက်လုပ်ရေး လုပ်ငန်းများအတွက် သဘောတူညီချက် ပေးရန် ထိုင်းအစိုးရက စဉ်းစားနေဆဲ ဖြစ်သည်ဟု သိရသည်။  

          ဒုက္ခသည်များမှာ နိုင်ငံသား ကတ်ကဲ့သို့သော မည်သူမည်ဝါဖြစ်သည်ဟူသည့် အထောက်အထား မရှိသည့် အတွက် ထိုင်းအစိုးရ၏ အကူအညီကို မရရှိဘဲ ဖြစ်နေသည်။

          ကရင်ဒုက္ခသည် စခန်းများ လုံခြုံမှု ရရှိစေရေးအတွက် အစိုးရ အရာရှိကြီးများ သဘောတူညီမှု ပေးရန် ဆုတောင်းပေးကြပါ။  အစာငတ်မွတ်မှုဖြင့် ရင်ဆိုင်နေကြရသော ဒုက္ခသည်များ အတွက်လည်း ဆုတောင်းမေတ္တာ ပို့သပေးကြပါ။ VBB နှင့် တွဲဖက် လုပ်ကိုင်လျက်ရှိသော နိုင်ငံတကာ အဖွဲ့အစည်းများ အနေဖြင့် စားနပ်ရိက္ခာများ ပိုမိုထောက်ပံ့ ပေးနိုင်အောင်လည်း ဆုတောင်းပေးကြပါ။  

Mission News Network မှ Karen refugees hunted and slain ကို ဆီလျော်အောင် ဘာသာပြန်ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.