Transparency Myanmar

transparency.myanmar@gmail.com

နယူးယောက် အခြေစိုက် Inner City Press ၏ သတင်း ပေးပို့ချက်အရ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် အီဘရာဟမ် ဂမ်ဘာရီ၏ နေရာတွင် အိန္ဒိယ သံတမန်ဟောင်း ဗီဂျေ နမ်ဘီယားကို ကုလသမဂ္ဂက အစားထိုး ခန့်အပ်တော့မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ကုလသမဂ္ဂက သတင်းထုတ်ပြန်ချက် တစ်စုံတရာ မပြုလုပ်သေးသော်လည်း ပြီးခဲ့သည့် ဒီဇင်ဘာ လဆန်းပိုင်းတွင် အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မစ္စတာဂမ်ဘာရီကို ဒါဖာတွင် အခြေစိုက်သည့် African Union-United Nations Hybrid Operation ၏ ပူးတွဲ ကိုယ်စားလှယ်အဖြစ် လာမည့် ဇန်နဝါရီလတွင် ပြောင်းလဲ တာဝန်ပေးမည် ဖြစ်ကြောင်း ထုတ်ဖော်ခဲ့သည်။

မစ္စတာဂမ်ဘာရီသည် မြန်မာနိုင်ငံ ခရီးစဉ်များနှင့် ဆက်စပ်ပြီး နိုင်ငံရေး ကျွမ်းကျင်သူများနှင့် အတိုက်အခံ နိုင်ငံရေးသမားများ၏ ပြစ်တင် ဝေဖန်ခြင်းကို များစွာ ခံခဲ့ရသည်။

          မစ္စတာဂမ်ဘာရီ နေရာတွင် အစားထိုး ဝင်ရောက်မည့် မစ္စတာ ဗီဂျေ နမ်ဘီးယားသည် အသက် ၆၆ နှစ်အရွယ် ရှိပြီး ၂၀၀၇ ခုနှစ်၊ ဇန်နဝါရီလမှ စတင်ကာ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ လက်အောက်တွင် အမှုဆောင် အရာရှိချုပ် အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ ထို့ပြင် သူသည် ယခင် အထွေထွေ အတွင်းရေးမှူးချုပ် ကိုဖီအာနန် လက်ထက်တွင်လည်း အထူးအကြံပေး ပုဂ္ဂိုလ်အဖြစ် တာဝန် ထမ်းဆောင်ခဲ့ဖူးသည်။

မစ္စတာ ဗီဂျေ နမ်ဘီးယားသည် အိန္ဒိယ အစိုးရ၏ အမျိုးသား လုံခြုံရေးကောင်စီ အကြီးအကဲအဖြစ်လည်း တာဝန် ထမ်းဆောင်ခဲ့ဖူးပြီး ၂၀၀၂ မှ ၂၀၀၄ ခုနှစ်အတွင်း အိန္ဒိယ နိုင်ငံ၏ ကုလသမဂ္ဂ ဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ် အဖြစ်ပါ တာဝန်ယူခဲ့ဖူးသည်။

မှတ်တမ်းများအရ မစ္စတာ ဗီဂျေ နမ်ဘီးယားသည် ပါကစ္စတန်၊ တရုတ်၊ မလေးရှား၊ အာဖဂန် နစ္စတန် နှင့် အယ်လ်ဂျီးရီးယားတို့တွင် အိန္ဒိယ သံအမတ်ကြီးအဖြစ် တာဝန်ယူခဲ့သည်။ သူသည် အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီး ဌာနသို့ ၁၉၇၆ ခုနှစ် တွင် ဝင်ရောက်ခဲ့သည်။

မြန်မာနိုင်ငံတွင် နာဂစ် ဆိုင်ကလုန်း ဝင်ရောက် တိုက်ခတ်ပြီး နှစ်ရက် မြောက်နေ့တွင် မစ္စတာ နမ်ဘီးယားသည် မြန်မာနိုင်ငံ၏ ကုလသမဂ္ဂ အမြဲတမ်း ကိုယ်စားလှယ် ဦးကျော်တင့်ဆွေနှင့် တွေ့ဆုံပြီး ကုလသမဂ္ဂ၏ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဆိုင်ရာ ရန်ပုံငွေ သုံးစွဲရေးအတွက် ဆွေးနွေးခဲ့သည်။ ကုလသမဂ္ဂက ပေးသော ရန်ပုံငွေ မှာ အမေရိကန် ဒေါ်လာ သန်း ၅၀၀ ဖြစ်သည်။

ထို့သို့ ဆွေးနွေးပြီးနောက် မြန်မာစစ်အစိုးရက နာဂစ်ဒဏ် သင့်ခဲ့သော ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသသို့ လေကြောင်းမှ တစ်ဆင့် ကယ်ဆယ်ရေး ပစ္စည်းများ ပေးပို့ခွင့် ပြုခဲ့ပါသည်။

 

The Irrawaddy သတင်းဌာနမှ Indian Diplomat to Succeed Gambari ကို ဘာသာပြန်ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

waterpowermagazine.com, 18th Dec 2009

          မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်တွင် ဒေသတွင်း လျှပ်စစ်ဓာတ်အား လိုအပ်ချက် ပြည့်မီရန် ရေအားလျှပ်စစ် စီမံကိန်းအသစ် ၃ ခုကို မြန်မာအစိုးရက ခွင့်ပြုခဲ့သည်ဟု China View က ဖော်ပြထားပါသည်။

          စီမံကိန်းအသစ်များ ဖြစ်သော စိုင်ဒင်၊ သူဌေးချောင်းနှင့် လေးမြို့မြစ် စီမံကိန်းများကို အကောင်အထည် ဖော်ရန် အမေရိကန်ဒေါ်လာ သန်း ၈၀၀ ခန့် ကုန်ကျမည် ဖြစ်၍ စုစုပေါင်း ထုတ်လုပ်နိုင်မှု စွမ်းအား ၆၈၇ မဂ္ဂါဝပ် ရှိသည်ဟု သိရပါသည်။ အဆိုပါ ထုတ်လုပ်မှုကို ရခိုင်ပြည်နယ်အတွင်း ၃၀ မဂ္ဂါဝပ်ခန့် အသုံးပြုမည် ဖြစ်ပြီး ကျန်လျှပ်စစ်ဓာတ်အားကို နိုင်ငံ၏ အခြားဒေသများသို့ ဖြန့်ဖြူးပေးသွားမည်ဟု ဆိုပါသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

 မြောက်ကိုရီးယားနိုင်ငံမှ လာသော လေယာဉ်တစ်စင်းပေါ်မှ တရားမဝင် လက်နက်များ ဖမ်းဆီးရမိလိုက်ပြီးနောက် ထိုင်းအာဏာပိုင်များသည် အမေရိကန် အစိုးရက ပေးသော သတင်း အချက်အလက်များကို ရယူကာ  အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း အကြီးတန်းအရာရှိ တစ်ဦးက ပြောကြားသည်။

ထိုင်း အာဏာပိုင်များ၏ အဆိုအရ Ilyushin Il-76 အမည်ရ သယ်ယူပို့ဆောင်ရေး လေယာဉ် တစ်စင်းသည် ထိုင်းနိုင်ငံသို့ ဆီဖြည့်ရန် ခဏတာ ဝင်ရောက်စဉ် အဆိုပါ တရားမဝင် လက်နက်များ ဖမ်းဆီးရမိခြင်း ဖြစ်သည်။

လေယာဉ်ပေါ်တွင် ပါရှိသော လက်နက်များမှာ စုစုပေါင်း တန်ချိန်မှာ ၃၅ တန် ဖြစ်ပြီး အားလုံးမှာ မြောက်ကိုရီးယားက တင်ပို့လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။ မြောက်ကိုရီးယားသည် ကုလသမဂ္ဂ၏ ပိတ်ဆို့ အရေးယူမှုကို တော်လှန်သည့် အနေဖြင့် ယင်းသို့ တင်ပို့ခြင်း ဖြစ်သည်။

ယင်းသို့ တရားမဝင် လက်နက်များ ဖမ်းဆီးရမိခြင်းသည် အမေရိကန် ပြည်ထောင်စု၏ အကူအညီကြောင့် ဖြစ်ကြောင်း၊ အဆိုပါ လက်နက်များကို ဖျက်ဆီးသင့်၊ မဖျက်ဆီးသင့် ဟူသော ကိစ္စအတွက် ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းလျက် ရှိကြောင်း ထိုင်းအမျိုးသား လုံခြုံရေးကောင်စီ အကြီးအကဲ Thawil Pliensri က သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြား သည်။

သို့သော် လက်နက် ဖမ်းဆီးရမိသည့် ကိစ္စနှင့် ပတ်သက်သော အသေးစိတ် အချက်အလက်များကိုမူ ထုတ်ဖော် ပြောဆိုခြင်း မရှိခဲ့ပေ။

မြောက်ကိုရီးယားသည် နျူကလီးယားနှင့် ဒုံးကျည် စမ်းသပ် ပစ်ခတ်မှုများ ပြုလုပ်ပြီးနောက် ကုလသမဂ္ဂက ပြီးခဲ့သည့် ဇွန်လတွင် အဆိုပါ နိုင်ငံအား ပိတ်ဆို့ အရေးယူသည့် အမိန့် ထုတ်ပြန်ခဲ့သည်။ အဆိုပါ အမိန့်အရ မြောက်ကိုရီးယားမှ တင်ပို့သော မည်သည့် လက်နက်မဆို ပိတ်ပင် တားဆီးရမည် ဖြစ်သည်။ ကုလသမဂ္ဂက ယင်းသို့ ပိတ်ဆို့ရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ မြောက်ကိုရီးယား နျူကလီးယား အစီအစဉ် ဖျက်သိမ်းရေး သာမက အဆိုပါနိုင်ငံမှ ရောင်းချသော မည်သည့် သမားရိုးကျ လက်နက်မဆို ပိတ်ပင်နိုင်ရေးလည်း ဖြစ်သည်။

ThawilPliensri သည် ဖမ်းဆီးရမိသည့် မြောက်ကိုရီးယား လက်နက်များနှင့် ပတ်သက်၍ ထွက်ပေါ်နေသော ကောလာဟလများကို ချေဖျက်နိုင်ရန် အဆိုပါ သတင်းစာ ရှင်းလင်းပွဲကို ပြုလုပ်ခဲ့ပုံ ရသည်။

ထိုင်းနိုင်ငံသည် ဤသို့ မြောက်ကိုရီးယား လက်နက်များ ဖမ်းဆီးရမိ လိုက်ခြင်း ကြောင့် ကုလသမဂ္ဂ၏ ဂုဏ်ပြုခြင်း ခံရမည်၊ သို့မဟုတ် ယင်းသို့ ဖမ်းဆီးရန် ဖိအားပေး ခံခဲ့ရသည် ဟူသော ကောလာဟလများကို ၎င်းက မဟုတ်မမှန်ကြောင်း ငြင်းပယ်သည်။

ယင်းသို့ ဖမ်းဆီးလိုက်ရသည့် အကြောင်းမှာ ထိုင်းနိုင်ငံသည် ကမ္ဘာ့ လူ့အဖွဲ့အစည်းထဲမှ အဖွဲ့ဝင်တစ်ဦး ဖြစ်နေသောကြောင့် ဟု ၎င်းက ဆိုသည်။

မည်သို့ပင်ဖြစ်စေ ထိုင်းနိုင်ငံသည် ဖြစ်နိုင်ပါက လက်နက်များ သယ်ယူ ပြောင်းရွှေ့ ပေးခဲ့သည့်အတွက် ကုလသမဂ္ဂက ပေးသော နစ်နာကြေးကို ရယူလိုပါကြောင်း မစ္စတာ Thawil Pliensri က ဖြည့်စွက် ပြောဆိုသည်။ အဆိုပါ လက်နက်များကို Nakhon Sawan ပြည်နယ် နှင့် နီးစပ်သော လေတပ်စခန်း တစ်ခုသို့ ပြောင်းရွှေ့ထားသည် ဟု သိရသည်။

အဆိုပါ လေယာဉ်ပေါ်တွင် ရော့ကက်များ၊ လက်ပစ်ဗုံးများ၊ ပေါက်ကွဲမှု ပြင်းထန်သော လက်နက်များ၊ မြေပြင်မှ ဝေဟင်ပစ် ရောကက် ပြုလုပ်နိုင်သည့် အစိတ်အပိုင်းများ နှင့် အခြားသော လက်နက်များ ပါဝင်သည် ဟုဆိုသည်။ အဆိုပါ လေယာဉ်ကို အသိအမှတ်ပြုသော စာရွက်စာတမ်းများအရ ရေနံတူးဖော်ရေး ပစ္စည်းများ တင်ဆောင်သော ကုန်တင်လေယာဉ် ဖြစ်ပြီး အဆိုပါ ပစ္စည်းများကို ပေးပို့ရမည့် နောက်ဆုံးနေရာမှာ သီရိလင်္ကာ နိုင်ငံ ဖြစ်သည်။

လက်နက် မှောင်ခိုရေးရာ ကျွမ်းကျင်သူများက အဆိုပါ လက်နက် ကုန်ပစ္စည်းများကို ပဋိပက္ခ ဖြစ်ပွားရာ ဒေသများ ဖြစ်သော အာဖရိက၊ အီရန် သို့မဟုတ် မြန်မာနိုင်ငံသို့ တင်ပို့ရန် စီစဉ်ခဲ့ခြင်း ဖြစ်ဟန် ရှိကြောင်း သုံးသပ် ပြောကြားသည်။

အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာန၏ မှတ်တမ်းများအရ အဆိုပါ လေယာဉ်ကို ယခုအခါ ထိုင်းနိုင်ငံတွင် ဖမ်းဆီး ထိန်းသိမ်းခံထားရသော ရုရှားလူမျိုး Viktor Bout ၏ နာမည်ဖြင့် တစ်ချိန်က မှတ်ပုံတင်ခဲ့ဖူးသည်။ Viktor Bout သည် လက်နက် မှောင်ခိုကူးသူအဖြစ် သံသယရှိခြင်း ခံထားရသည်။ အမေရိကန် ပြည်ထောင်စုက ထိုသူအား ရုရှားနိုင်ငံသို့ လွှဲပြောင်းပေးရန် ကြိုးစားလျက် ရှိသည်။

ယခု မြောက်ကိုရီးယား လက်နက်ကိစ္စနှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ ပါဝင်ပတ်သက်မှု မရှိပါကြောင်း Viktor Bout က ရုရှားသတင်းဌာန ITAR-Tss ၏ သတင်း ပေးပို့ချက်အပေါ် ငြင်းပယ်လိုက်သည်။ မိမိအား လွှဲပြောင်းပေးရေးအတွက် ကြားနာ စစ်ဆေးမှုကို လွှမ်းမိုးနိုင်ရန် အဆိုပါ မီဒီယာက ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက စွပ်စွဲ ပြောဆိုသည်။

ဖမ်းမိသော လေယာဉ်ပေါ်တွင် အမှုထမ်း ငါးဦး ပါဝင်ပြီး လေးဦးမှာ ကာဇက်စတန်နိုင်ငံမှ ဖြစ်ကာ ကျန်တစ်ဦးမှာ ဘီလာရုစ် နိုင်ငံမှ ဖြစ်သည်။ အဆိုပါ အမှုထမ်း ငါးဦးစလုံးမှာ တရားမဝင် လက်နက်များ မှောင်ခိုကူးမှုဖြင့် ဖမ်းဆီးအရေးခြင်း ခံထားရသည်။

ဖမ်းဆီးခံထားရသော လေယာဉ် အမှုထမ်းထဲမှ ဘီလာရုစ်-ရုရှား လူမျိုးဖြစ်သော Mikail Petukho ၏ ဇနီးဖြစ်သူက သူမ၏ ခင်ပွန်းသည် ဆိုဗီယက် တပ်မတော်တွင် တာဝန် ထမ်းဆောင်ခဲ့ဖူးကြောင်း၊ နောက်ပိုင်းတွင် ရသည့် အလုပ်တစ်ခုကို လုပ်ကိုင်ခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားသည်။ ထို့ပြင် မိမိခင်ပွန်းသည် မည်သူမည်ဝါအတွက် အလုပ် လုပ်ကိုင်ပေးရမည် ဟူသော ကိစ္စကို လုံးဝ မသိရှိခဲ့ပါကြောင်း ၎င်းက ဆိုသည်။

Mikail Petukho ၏ မိတ်ဆွေတစ်ဦးက သူသည် မည်သည့် ကုန်ပစ္စည်းများကို သယ်ယူ ပို့ဆောင်ပေးရမည်ကို မသိရှိခဲ့ကြောင်း ပြောကြားသည်။

"လေယာဉ်ပေါ်မှာ ပါတဲ့ ကွန်တိန်နာတွေ အားလုံးကို ချိတ်ပိတ်ထားတာပါ။ လေယာဉ်မှူးက အဲဒီ ကွန်တိန်နာထဲမှာ ဘာတွေ ပါတယ်ဆိုတဲ့ စာရွက်စာတမ်းပဲ ရခဲ့တာပါ။ ကွန်တိန်နာထဲမှာ ပါလာတဲ့ ပစ္စည်းတွေနဲ့ ပတ်သက်ပြီး မေးရမှာက အဲဒီပစ္စည်းတွေကို တင်ပေးလိုက်တဲ့ သူတွေကိုပါ" ဟု ဆိုဗီယက် လေတပ်တွင် တာဝန် ထမ်းဆောင်ခဲ့ဖူးသူ Vladimir Migol က ဆိုသည်။ ဆိုဗီယက်လေတပ်တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသော အမှုထမ်းများသည် အလုပ်မှ နုတ်ထွက်ပြီးနောက် ရရာအလုပ်ကို မဖြစ်မနေ ရှာဖွေကြရကြောင်း ၎င်းက ဆိုသည်။

အဆိုပါ လေယာဉ်သည် ဂျော်ဂျီယာနိုင်ငံမှ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီတစ်ခု ဖြစ်သော Air West တွင် မှတ်ပုံတင်ထားကြောင်း သိရသည်။

ကာဇက်စတန် နိုင်ငံခြားရေး ဝန်ကြီးဌာနက အဆိုပါ လေယာဉ်ကို မကြာသေးမီ ရက်သတ္တပတ်က နယူးဇီလန်နိုင်ငံမှ SP Trading Company က ငှားရမ်းခဲ့သည်ဟု သတင်း ထုတ်ပြန်သည်။ နယူးဇီလန် အာဏာပိုင်များက အဆိုပါ ကိစ္စကို စုံစမ်း စစ်ဆေးဆဲ ဖြစ်သည် ဟု နယူးဇီလန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောခွင့်ရ ပုဂ္ဂိုလ် James Funnell က ဆိုသည်။

"ကျွန်တော်တို့ နိုင်ငံဟာ မြောက်ကိုရီးယားကို ပိတ်ဆို့ အရေးယူတဲ့ မူဝါဒကို အမြဲတမ်း မားမားမတ်မတ် ထောက်ခံခဲ့တာပါ။ အခု ပြောနေကြတဲ့ စွပ်စွဲချက်တွေ အားလုံးကို စုံစမ်း ဖော်ထုတ်ဖို့လည်း ကြိုးစားနေပါတယ်" ဟု ၎င်းက ပြောကြားသည်။

လေယာဉ် ငှားရမ်းထားသူ SP Trading Company သည် နယူးဇီလန် အစိုးရထံတွင် တရားဝင် မှတ်ပုံတင်ထားသော ကုမ္ပဏီတစ်ခု ဖြစ်သည်။ မြောက်ကိုရီးယားနိုင်ငံသည် ဆင်းရဲနွမ်းပါးသော နိုင်ငံတစ်ခု ဖြစ်ပြီး အီရန်၊ ဆီးရီးယားနှင့် မြန်မာကဲ့သို့သော နိုင်ငံများသို့ နှစ်စဉ် ဒုံးကျည်လက်နက်များ တင်ပို့ ရောင်းချပြီး အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ ရှာဖွေလျက် ရှိသည်။

AP သတင်းဌာန၏ US tip led to seizure of arms from North Korea ကို ဘာသာပြန်ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Christian Science Monitor, 18th Dec 2009

          နှစ်ဦးနှစ်ဖက် ဆက်ဆံရေး တိုးတက်လာစေရန် ရည်ရွယ်သော အဆင့်မြင့် အမေရိကန် သံတမန်၏ ခရီးစဉ်အပြီး တစ်လခန့် အကြာတွင် လှုပ်ခတ်လာခဲ့သော အထိန်းသိမ်းခံ အတိုက်အခံ ခေါင်းဆောင်၏ လူထုလှုပ်ရှားမှုနှင့် အမေရိကန်က ထောက်ပံ့သော တရားမဝင် လူကုန်ကူးမှု တားဆီးရေးဆိုင်ရာ အထောက်အထားများကို ပြသခွင့် ပြုခဲ့ခြင်းသည် မြန်မာ တပ်မတော် အစိုးရ၏ မရေရာ မသေချာသေးသော သဘောထား ပျော့ပြောင်းမှု ဖြစ်ဖွယ် ရှိပါသည်။

          ဗုဒ္ဓဟူးနေ့က နှစ်ပေါင်း များစွာအတွင်း ပထမဆုံး အကြိမ်အနေဖြင့် NLD ဝါရင့် ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ၃ ဦးနှင့် တွေ့ဆုံရန် ဒေါ်အောင်ဆန်းစုကြည်ကို ခွင့်ပြုခဲ့ပါသည်။ သူမသည် မြန်မာနိုင်ငံသို့ လာရောက်သော အမေရိကန် သံတမန်များနှင့်လည်း သီးသန့် တွေ့ဆုံခွင့် ရခဲ့ပြီး သူမ၏ ၁၈ လ အကျယ်ချုပ် ပြစ်ဒဏ်ကို အယူခံလွှာ တင်သွင်းနေချိန်တွင် အစိုးရနှင့် သူမ၏ ဆက်ဆံရေးကို မြှင့်တင်နိုင်ခဲ့ခြင်း ဖြစ်ပါသည်။ သူမ၏ အယူခံလွှာကို ကြားနာခြင်း ပြုရန် ဗဟိုတရားရုံးက ဆုံးဖြတ်ခြင်း မရှိသေးပါ။

          အရှေ့တောင်အာရှ၏ ဆင်းရဲ မွဲတေသော မြန်မာနိုင်ငံတွင် ၁၉၉၀ နောက်ပိုင်း ပထမဆုံး ကျင်းပရန် စီစဉ်ထားသည့် လာမည့်နှစ် ရွေးကောက်ပွဲကာလတွင် အစီအစဉ် ဆွဲထားသော နိုင်ငံစနစ် ကူးပြောင်းမှုကို တင်းကျပ်စွာ ထိန်းချုပ် ဆောင်ရွက်သွားရန် မြန်မာ့တပ်မတော်က သန္နိဋ္ဌာန် ချထားသည်ဟု အကဲခတ်သမားများက ပြောကြားပါသည်။ အဆိုပါ နိုင်ငံရေးစနစ် ကူးပြောင်းခြင်းသည် အရေးယူ ပိတ်ဆို့မှုများနှင့် တွေ့ဆုံ ညှိနှိုင်းမှုကို တစ်ပြိုင်တည်း ကျင့်သုံးရန် ကြိုးစားနေသော အိုဘားမား အစိုးရနှင့် အခြေခံ သဘောတူညီများ ရရှိရန် ဝှက်ဖဲကစား လှည့်ဖြားခြင်း ဖြစ်ပုံ ရပါသည်။

          ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွင် ပါဝင်မည့် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ၏ အခန်းကဏ္ဍနှင့် ပတ်သက်၍ အဓိက မေးခွန်းထုတ်စရာများ ရှိနေဆဲ ဖြစ်ပါသည်။ NLD သည် ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော်လည်း ရလဒ်များ ပယ်ဖျက်ခြင်း ခံခဲ့ပါသည်။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး နှင့် ပါဝင်ခွင့် ရရှိရေးအတွက် အမေရိကနှင့် မဟာမိတ်များက တွန်းအား ပေးနေကြသော်လည်း သူမ၏ ရေပန်းစား လူကြိုက်များမှုသည် တပ်မတော် ဦးဆောင်မည့် လုပ်ငန်းစဉ်အပေါ်တွင် တိုက်ရိုက် ခြိမ်းခြောက်မှုအဖြစ် ရှုမြင်ခြင်း ခံနေရသည်ဟု အကဲခတ်သမားများနှင့် သံတမန်များက ပြောကြားပါသည်။

          ဆယ်စုနှစ် ၂ ခု နီးပါး ထိန်းသိမ်းခြင်း ခံနေရသော ဒီမိုကရေစီ ခေါင်းဆောင်၏ ကံကြမ္မာကို အပေးအယူလုပ် ညှိနှိုင်းရန် အခန်းကဏ္ဍ အမှန်တကယ် ရှိလာခဲ့လျှင် သူမ၏ အယူအဆများကို ရှင်းလင်း ပြောကြားခွင့်ကို အနောက်နိုင်ငံ လှုပ်ရှားမှုများက ဆောင်ကြဉ်း ပေးနိုင်ပါလိမ့်မည်။

          အမှန်တကယ် သဘောထား ပျော့ပြောင်းမှုများ တွေ့ရှိရကြောင်း ပြောကြားရန် မဖြစ်နိုင်ပါ။ မြန်မာ အစိုးရသည် ဝါရှင်တန်နှင့် ဆက်ဆံရေး တိုးတက်ရန် တစ်ခုတည်းကိုသာ စိတ်ဝင်စားပါသည်။ အကယ်၍ ဤသို့ ဖြစ်စေလိုပါက ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်၍ အပြုသဘော ဆောင်သော လက္ခဏာများ ပြသရန် မဖြစ်မနေ လိုအပ်ကြောင်း နားလည် သဘောပေါက်ရပါမည်ဟု ကုလသမဂ္ဂ ဝန်ထမ်းဟောင်း မြန်မာ့ သမိုင်းပညာရှင် စာရေးဆရာသန့်မြင့်ဦးက ပြောကြားပါသည်။

          ဒေသတွင်း လူကုန်ကူးမှု တားဆီးရေး စီမံချက်၏ တစ်စိတ်တစ်ဒေသ ဖြစ်သော ဖြစ်ရပ်မှန် Traffic ရုပ်သံ အစီအစဉ်ကို ထုတ်လွှင့် ပြသရန် မြန်မာ အာဏာပိုင်များက မီးစိမ်းပြလိုက်ခြင်းသည် နောက်ထပ် သဘောထား ပျော့ပြောင်းမှု လက္ခဏာတစ်ခု ဖြစ်ဖွယ် ရှိပါသည်။ ၂၀၀၇ က ရိုက်ကူးခဲ့သော ဇာတ်လမ်းကို ငွေကြေး ထောက်ပံ့သူမှာ US Agency for International Development ဖြစ်၍ အဆိုပါ စီမံချက် နှင့်ပတ်သက်၍ ထင်ရှားသော အဖွဲ့ ဖြစ်ပါသည်။ ယခုအခါ နိုင်ငံတစ်ဝှမ်း ပြသပြီး ဖြစ်ကာ အာရှတလွှား တွင် Live Concerts များ၌ ကြော်ငြာလျက် ရှိပါသည်။

          ကင်မရာ ပြကွက်တွင် မပါဝင်သော မြန်မာစုံတွဲ တစ်တွဲက ထိုင်းနိုင်ငံတွင် လခမရဘဲ အဓမ္မ စေခိုင်းခံရသော အကြောင်းများကို ပြောကြားထားသည့် အဆိုပါ ဇာတ်လမ်းရုပ်ရှင်ကို ရန်ကုန်မြို့ ဟိုတယ်တစ်ခုတွင် ကျင်းပသော အခမ်းအနားတွင် သောကြာနေ့က ပြသခဲ့ပြီး ဖြစ်ပါသည်။ နိုင်ငံပိုင် ရုပ်သံလွှင့်ဌာနက အဆိုပါဇာတ်လမ်းကို ပြသရန် သဘောတူခဲ့ပြီး DVD Version အဖြစ် ဖြန့်ချိဦးမည် ဖြစ်ပါသည်။

          Traffic ကို ပြသရန် အစိုးရ၏ ခွင့်ပြုချက်ကို ယခင်လက ရရှိခဲ့သည်ဟု စီမံချက် အလုပ်အမှုဆောင် ဒါရိုက်တာ Simon Goff က ပြောကြားပါသည်။ ဖိလစ်ပိုင်နိုင်ငံမှ တရားမဝင် လိင်ကုန်ကူးမှု ပြကွက်များကို ဖြတ်တောက်ပေးရန် ဆင်ဆာအဖွဲ့က တောင်းဆိုသဖြင့် ဂရပ်ဖစ် ဆင်ဆာများ ပါဝင်လိမ့်မည်ဟု ဆိုပါသည်။ သို့ရာတွင် ထိုင်းနိုင်ငံ စက်ရုံမှ နောက်ဆုံးတွင် လွတ်မြောက်လာခဲ့သော မြန်မာစုံတွဲ၏ အခန်းများကို ဖြတ်တောက်ခြင်း ပြုပြင်ထားခြင်းမရှိဟု ဆိုပါသည်။

          တရားမဝင် လူကုန်ကူးမှုနှင့် ပတ်သက်၍ နှစ်စဉ် ထုတ်ပြန်သော အမေရိကန် အစိုးရဌာန၏ စာရင်းတွင် မြန်မာနိုင်ငံက အဆိုးဝါးဆုံး အတန်းအစားအဖြစ် နံပတ် ၃ ချိတ်ပါသည်။ မြန်မာသည် ၎င်း၏ နိုင်ငံတကာ နယ်စပ်ဒေသ တစ်လျှောက် တရားမဝင် လူကုန်ကူး စီးဆင်းမှု ပြဿနာကို ကိုင်တွယ် ဖြေရှင်းနိုင်ခြင်း မရှိသောကြောင့် ဖြစ်ပါသည်။ အဆိုပါ စာရင်းတွင် ပါဝင်သော နိုင်ငံများမှာ လက်တစ်ဆုပ်စာမျှသာ ရှိပါသည်။ အနည်းဆုံး မြန်မာပြည်သူ တစ်သန်းခန့် ထိုင်းနိုင်ငံတွင် နေထိုင်နေကြသည်ဟု ခန့်မှန်းထားပြီး ၎င်းတို့အထဲတွင် စစ်မက်ဖြစ်ပွားရာ နယ်မြေများမှ ထွက်ပြေးသူများ ပါဝင်ပြီး ဒုက္ခသည် စခန်းများတွင် နေထိုင်ကြသူများ ဖြစ်၍ ခေါင်းပုံဖြတ်သော လုပ်ငန်းခွင်များသို့ ရောင်းစားခံရသူများလည်း ပါဝင်နေပါသည်။

          အသက်ကြီး၍ ကျန်းမာရေး မကောင်းသော နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးရေး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီအကြား မှန်မှန် တွေ့ဆုံခွင့် ပေးရေးတို့ အပါအဝင် ပိုမို မြင်သာသည့် အလျော့ပေးမှုများကို အစိုးရက လုပ်ဆောင်ရန် လိုအပ်နေပြီး အခြေအနေမည်မျှ ဆိုးနေသည်ကို မြင်တွေ့နိုင်သည်ဟု ထိုင်းနိုင်ငံ အခြေစိုက် Forum for Democracy in Burma မှ ပြောရေးဆိုခွင့်ရှိသူ စိုးအောင်က ပြောကြားပါသည်။ NlD ပါတီ၏ မျက်နှာစုံညီ အစည်းအဝေးများ ကျင်းပခွင့် မရသည်မှာ နှစ်ပေါင်းများစွာ ကြာပြီ ဖြစ်၍ ပါတီဝင်များမှာလည်း အာဏာပိုင်များ၏ အဆက်မပြတ် ဖိနှိပ်မှုကို ခံစားနေရသည်ဟု ၎င်းက ဖွင့်ဟ ပြောကြားပါသည်။

          တိုးတက်မှု တစ်စုံတစ်ရာ ရှိနေသည်ဟု ပြော၍ မရနိုင်ကြောင်း ၎င်းက သုံးသပ် ပြောကြားလိုက်ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Irrawaddy, 18th Dec, 2009

အမေရိကန် ပြည်ထောင်စု အောက်လွှတ်တော် အစီရင်ခံစာတွင် အာဆီယံ၏ တရားဝင်မူဝါဒ ဖြစ်သော မြန်မာစစ်ဖက် အုပ်ချုပ်သူများနှင့် အပြုသဘော ဆောင်သော ဆွေးနွေးမှုများသည် အကျိုး ရလဒ်များ မရရှိနိုင်ကြောင်း ထင်ရှားနေသည်ဟု ဖော်ပြထားပါသည်။

C.R.S - အောက်လွှတ်တော် သုတေသန ဌာနမှ ထုတ်ပြန်ထားသော "အာဆီယံနှင့် အမေရိကန် ဆက်ဆံရေး" အစီရင်ခံစာတွင် မြန်မာနိုင်ငံက အဆိုပြုထားသော ၂၀၁၀ ရွေးကောက်ပွဲများသည် မြန်မာနှင့် အာဆီယံ၏ အနာဂတ် ဆက်ဆံရေးကို ပြဿနာ အကျပ်အတည်း ဖြစ်ပေါ်စေလိမ့်မည်ဟု ဖော်ပြထားပါသည်။

          လွတ်လပ်၍ မျှတသော ရွေးကောက်ပွဲကို ယုံကြည်သူ အနည်းငယ်သာ ရှိသည့် အချိန်မျိုးတွင် အကယ်၍ အစိုးရ အဖွဲ့အတွင်း အတိုက်အခံများအတွက် နေရာအချို့ ရရှိပြီး အရပ်ဖက် အုပ်ချုပ်ရေးသို့ အာဏာ လွဲပြောင်းပေးမည့် အလားအလာကို မြင်တွေ့ရပါက အာဆီယံသည် ၎င်း၏ အပြုသဘော ဆောင်သော ဆွေးနွေးမှု မူဝါဒအတိုင်း ဆက်လက် ဆောင်ရွက်သွားဖွယ် ရှိသည်ဟု စာမျက်နှာ ၂၄ မျက်နှာ ပါ CRS ၏ အစီရင်ခံစာက ဆိုပါသည်။

          လွတ်လပ်၍ နိုင်ငံရေးပါတီ ၂ ခုစလုံးနှင့် သက်ဆိုင်သော အောက်လွှတ်တော် သုတေနဌာနခွဲ CRS သည် အမေရိကန် ပြည်ထောင်စု အောက်လွှတ်တော် အမတ်များအတွက် ကိစ္စပေါင်းစုံကို အစီရင်ခံစာများ ပြုစု တင်ပြရခြင်း ဖြစ်သည်။

          အဆိုပါ အစီရင်ခံစာတွင် မည်သူဖြစ်စေ၊ အကယ်၍ ရွေးကောက်ပွဲ ရလဒ်များသည် စစ်အုပ်ချုပ်ရေးကို ဆက်လက် ကျင့်သုံးမည့် ဟန်ဆောင်မျက်နှာဖုံး တစ်ခု ဖြစ်နေခဲ့ပါက အာဆီယံ အဖွဲ့သည် အိုဘားမား အစိုးရ၏ မူဝါဒနှင့် နီးစပ်သော မူဝါဒ တစ်ခုကို လက်ခံ ကျင့်သုံးရေးအတွက် လိုလိုလားလား ဆန္ဒ ရှိလာပါလိမ့်မည်ဟု ဖော်ပြထားပါသည်။

          မြန်မာနိုင်ငံတွင် နောက်ဆုံး ကျင်းပခဲ့သော နိုင်ငံလုံးကျွတ် ပြည်သူ့ဆန္ဒ ခံယူပွဲ ၂ ခု အပေါ်တွင် မြန်မာ တပ်မတော်၏ တုန့်ပြန် ဆောင်ရွက်မှုများ ဖြစ်သည့် ၁၉၉၀ ရွေးကောက်ပွဲကို ပယ်ဖျက်၍ အာဏာ သိမ်းခဲ့ခြင်းနှင့် အတုအယောင် ၂၀၀၈ ဆန္ဒ ခံယူပွဲ ရလဒ်များကို ကြည့်ခြင်းအားဖြင့် ၂၀၁၀ ရွေးကောက်ပွဲများကို မည်သို့ မည်ပုံ ကိုင်တွယ် ဆောင်ရွက်မည် ဆိုသည်ကို မှန်းဆ ကြည့်နိုင်ပါသည်။

          အမှန်တကယ်အားဖြင့် မြန်မာနိုင်ငံတွင်းရှိ အနေအထားများနှင့် ပတ်သက်၍ အာဆီယံ၏ အယူအဆကို ဖော်ပြရန် ကြီးမားစွာ ဆန္ဒရှိကြောင်း ပဋိညာဉ် အသစ်အရ အာဆီယံက ပြသခဲ့ပြီး ဖြစ်ပါသည် ဟုလည်း ဖော်ပြထားပါသည်။

          ၂၀၀၉ သြဂုတ်လတွင် ဒေါ်အောင်ဆန်းစုကြည်အား ပြစ်ဒဏ် စီရင်ခဲ့ခြင်းကို တုန့်ပြန်သည့် အနေနှင့် အာဆီယံ ဥက္ကဋ္ဌက ထုတ်ပြန်သော အစီရင်ခံစာတွင် "တရားရုံး ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ အာဆီယံသည် အလွန်ပင် စိတ်အနှောင့်အယှက် ဖြစ်ရကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများကို အမြန်ဆုံး လွှတ်ပေးရန် တောင်းဆိုခဲ့ပြီး သို့မှသာလျှင် မြန်မာပြည်သူများ အကြား အမျိုးသား ပြန်လည် ပေါင်းစည်းရေး၊ အဓိပ္ပါယ် ပြည့်ဝ စစ်မှန်သော တွေ့ဆုံ ဆွေးနွေးပွဲ ကျင်းပရေးနှင့် ဒီမိုကရေစီ လုပ်ငန်းစဉ်များ ချောမွေ့ရေးတို့ကို ဖြစ်ပေါ် စေနိုင်လိမ့်မည်ဟု အခိုင်အမာ ပြောကြား ခဲ့ပါသည်။

          မြန်မာအစိုးရ၏ အတိုက်အခံ အဖွဲ့အစည်းများနှင့် တိုင်းရင်းသား လူမျိုးစုများအပေါ် ပြုမူ ဆက်ဆံပုံသည် ရွေးကောက်ပွဲ ရလဒ်အပေါ် အာဆီယံ၏ လက်ခံနိုင်မှုကို အကျိုး သက်ရောက် စေလိမ့်မည်ဟု အာဆီယံက ရည်ညွှန်းခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားပါသေးသည်။

          အာဆီယံသည် မြန်မာ အစိုးရအပေါ် လူသိရှင်ကြား ဝေဖန် ပြစ်တင်ရန် ပိုမို ဆန္ဒ ရှိလာကြောင်း ပြသခဲ့သော်လည်း မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုများ ပြုလုပ်ရန် အကြီးအကျယ် ဆန္ဒရှိကြောင်းကိုမူ ပြသခဲ့ခြင်း မရှိပါဟု အစီရင်ခံစာတွင် မှတ်ချက်ပေးထားပါသည်။

          မလေးရှား၊ စင်ကာပူနှင့် ထိုင်းနိုင်ငံတို့သည် မြန်မာနိုင်ငံနှင့် အဓိက ကုန်သွယ်ဖက် နိုင်ငံများ ဖြစ်ပြီး နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများမှ ရရှိသော စီးပွားရေး အကျိုးအမြတ်များကို စွန့်လွှတ်ရန် လိုလားပုံ မရပါ။ စစ်အုပ်ချုပ်ရေး သမိုင်းကြောင်း ရှိခဲ့ပြီး မြန်မာ မွတ်ဆလင် လူနည်းစုနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှု ရှိနေသော အင်ဒိုနီးရှား အရပ်ဖက်အစိုးရကမူ မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ ဖိအားပေးမှုကို စဉ်းစားရန် ပိုမို ဆန္ဒရှိပုံရပါသည်။

          အစီရင်ခံစာ၏ အဆိုအရ အိုဘားမား အစိုးရ၏ မြန်မာနိုင်ငံ မူဝါဒအပေါ် ပြန်လည် သုံးသပ်မှုသည် အာဆီယံ၏ မြန်မာအစိုးရနှင့် ဆက်ဆံရေးအပေါ် အလားတူ ပြန်လည် သုံးသပ်မှုနှင့် တိုက်ဆိုင်နေသည်ဟု သိရပါသည်။

          အရေးယူ ပိတ်ဆို့သည့် နည်းလမ်း တစ်ခုတည်းဖြင့် မြန်မာနိုင်ငံကို ထိရောက်စွာ ပြောင်းလဲစေနိုင်မည် မဟုတ်ကြောင်းကို အမေရိကန် မူဝါဒသစ်က ပြောစရာ မလိုသော ဝန်ခံမှုအဖြစ် ရှုမြင်ခဲ့ချိန်တွင် အာဆီယံ၏ လတ်တလော အစီရင်ခံစာနှင့် လှုပ်ရှားမှုများကလည်း ၎င်းတို့၏ အပြုသဘော ဆောင်သော ဆွေးနွေးညှိနှိုင်းမှု မူဝါဒမှာ ထိရောက်သော ရလဒ်များ မရရှိကြောင်း ရည်ညွှန်းခဲ့ပါသည်။

          နောက်ဆုံးတွင် အာဆီယံနှင့် အမေရိကန် ပြည်ထောင်စုတို့အနေဖြင့် မြန်မာ တပ်မတော် အစိုးရနှင့် ပတ်သက်သော ၎င်းတို့၏ မူဝါဒများကို တိုင်ပင် ညှိနှိုင်း၍ ဆောင်ရွက်ရန် အခွင့်အလမ်းများ ပေါ်ထွက်လာသည်ဟု အစီရင်ခံစာက ဆိုပါသည်။

          မြန်မာနိုင်ငံအပေါ် အပြုသဘော ဆောင်သော ဆွေးနွေးမှု "အာဆီယံ၏ မူဝါဒကို အခိုင်အမာ ထောက်ခံသူ အချို့မှာ အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူနှင့် ထိုင်းနိုင်ငံ အစိုးရများ ဖြစ်ပြီး အနည်းငယ် ကွဲပြားသော အကြောင်းရင်းများ ရှိကြသည်ဟု CRS က ပြောကြားပါသည်။

          မြန်မာနိုင်ငံ၏ ပြည်တွင်း မငြိမ်သက်မှုသည် ထိုင်းနိုင်ငံအပေါ်တွင် လတ်တလော၊ အန္တရာယ်ရှိသည့် သက်ရောက်မှုများ ပိုမို ဖြစ်ပေါ်စေသောကြောင့် မြန်မာနိုင်ငံအပေါ် ထိုင်းနိုင်ငံ၏ အမြင်မှာ ရောထွေးနေခဲ့ပုံ ရပါသည်။ မြန်မာနိုင်ငံက အာဆီယံသို့ ဝင်ခွင့်ရသော အချိန်၌ ထိုင်းနိုင်ငံသည် စစ်တပ် အာဏာသိမ်းမှုမှ လွတ်မြောက်ကာစ အနေအထား ဖြစ်ပါသည်။

          မည်သို့ပင်ဖြစ်စေ ထိုင်းအရပ်ဖက် အစိုးရသစ်သည် မြန်မာနိုင်ငံ၏ အာဆီယံ ဝင်ခွင့်ကို ထောက်ခံရန် ဆုံးဖြတ်ခဲ့ပြီး ဆွေးနွေးညှိနှိုင်းရေး မူဝါဒကို ကျင့်သုံးခဲ့ပါသည်။

          ဆူဟာတို လက်ထက် အင်ဒိုနီးရှား အစိုးရသည်လည်း မြန်မာစစ်အစိုးရနှင့် သဘောထားအမြင် အချို့တူညီမှု ရှိခဲ့သောကြောင့် မြန်မာနိုင်ငံ၏ အာဆီယံ အဖွဲ့ဝင်အဖြစ် လျှောက်ထားမှုကို ထောက်ခံခဲ့ပါသည်။ နိုင်ငံတွင် ဒီမိုကရေစီစနစ် ကျင့်သုံးလာသော အချိန်ရောက်မှသာ ဂျကာတာက ၎င်း၏ ဒီမိုကရေစီ လိုလားသော သဘောထားကို ပြတ်ပြတ်သားသား ပြသခဲ့ခြင်း ဖြစ်သည်။

          မလေးရှားသည်လည်း ဒေသတွင်း တရုတ်နှင့် အမေရိကန်တို့ လွှမ်းမိုးလာခြင်းနှင့် ပတ်သက်၍ စိုးရိန်ပူပန်နေခဲ့ပြီး မြန်မာစစ်အစိုးရ အုပ်ချုပ်သူများ ကြားတွင်လည်း အလားတူ ရှုမြင်မှုမျိုး ရှိကြောင်း တွေ့ရပါသည်။

          စင်ကာပူ အစိုးရကမူ မြန်မာစစ်ဖက် အုပ်ချုပ်သူများနှင့် ရင်းနှီးစွာ ဆက်ဆံခြင်းဖြင့် စီးပွားရေး အခွင့်အလမ်းများ ရရှိနိုင်ကြောင်း ရှုမြင်ခဲ့ပြီး ထိုအချိန်က မြန်မာစစ်တပ်အတွက် လက်နက်ပစ္စည်း အဓိက ထောက်ပံ့ ရောင်းချသူ ဖြစ်ခဲ့ပါသည်ဟု CRS က ၎င်း၏ အစီရင်ခံစာတွင် သုံးသပ် တင်ပြခဲ့ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

အမေရိကန် ပြည်ထောင်စုက စီးပွားရေး ပိတ်ဆို့ အရေးယူထားသော နိုင်ငံများအတွက် ငွေကြေးလွှဲပြောင်းမှုလုပ်ငန်းများကို လျှို့ဝှက်စွာလုပ်ကိုင်ပေးခဲ့သည့် ဆွစ်ဇာလန်ဧရာမ ဘဏ်ကြီးတစ်ခုမှာ ဒဏ်ငွေ အမေရိကန်ဒေါ်လာ ၅၃၆ သန်း ပေးရန် အပြစ်ပေးခံလိုက် ရကြောင်းသိရသည်။  

ငွေဒဏ် အပြစ်ပေးခြင်းခံရသော ဘဏ်မှာ Credit Suisse ဖြစ်ပြီး အဆိုပါဘဏ်သည် ဆွစ်ဇာလန်တွင် အကြီးဆုံးဖြစ်သည်။ သတင်းများအရ Credit Suisseသည် ဝါရှင်တန် က ပိတ်ဆို့အရေးယူထားသော အာဏာရှင်နိုင်ငံများဖြစ်သည့် ဆူဒန်၊ အီရန်၊ လစ်ဗျား၊ ကျူးဘား အပါအဝင် မြန်မာ တို့အတွက် ငွေကြေးလွှဲပြောင်းပေးမှုများကို တိတ်တဆိတ် လုပ်ကိုင်ပေးခဲ့သည်မှာ ပြစ်မှုထင်ရှားသောကြောင့် ယင်းသို့ ဒဏ်ရိုက်ခံရခြင်းဖြစ်သည်။

Credit Suisse ဘဏ်သည် စစ်ဆေးမှုများကိုရှောင်ရှားနိုင်ရန် အမေရိကန်ဘဏ်များမှတစ် ဆင့် ငွေကြေး လွှဲပြောင်းမှုများ ပြုလုပ်ခဲ့သည်။အဆိုပါ ဆွစ်ဇာလန်ဘဏ်သည် နယူးယောက် အခြေစိုက် အမေရိကန် ဘဏ်များ၏ မှတ်တမ်းများကို အသုံးချပြီး အမေရိကန်အစိုးရက ပိတ်ဆို့ ထားသည့် နိုင်ငံများအတွက် ငွေလွှဲပြောင်းမှုများ ပြုလုပ်ပေးခဲ့သည်ကို တွေ့ရှိရကြောင်း မန်ဟက်တန်ခရိုင် ရှေ့နေ Robert M Morgenthau ကပြောကြားသည်။  

အမေရိကန်ရှေ့နေချုပ် Eric Holder က Credit Suisse ဘဏ်သည် မှားယွင်းသော ဘဏ္ဍာရေး ဆောင်ရွက်ချက်များကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခဲ့သည်ဟု ကြေညာချက် ထုတ်ပြန်သည်။  

"Credit Suisse ဘဏ်သည် ဆယ်စုနှစ် တစ်ခုကျော် ကာလအတွင်း အမေရိကန် ပြည်ထောင်စုက ပိတ်ဆို့ထားသော နိုင်ငံများ (နှင့်) သို့မဟုတ် (အတွက်) လုပ်ငန်းများ လုပ်ကိုင်ခဲ့သည်" ဟု ရှေ့နေချုပ်၏ ကြေညာချက်က ဆိုပါသည်။  

အဆိုပါကြေညာချက်အရ Credit Suisse ဘဏ်သည် ၂၀၀၂ ခုနှစ်မှ ၂၀၀၆ ခုနှစ်အတွင်း စီးပွားရေး ဒဏ်ခတ် အရေးယူ ခံထားရသော နိုင်ငံများအတွက် အမေရိကန်ဒေါ်လာ သန်း ၇၀၀ ကျော် တန်ဖိုးရှိသော ငွေပေးချေမှုများကို လက်ခံဆောင်ရွက်ပေးခဲ့ကြောင်း၊ အဆိုပါ ပမာဏတွင် မြန်မာနိုင်ငံအတွက် ဆောင်ရွက်ပေးခဲ့သော တန်းဖိုး မည်၍မည်မျှ ရှိသည်ကို မသိရှိရသေးကြောင်း သိရသည်။ 

Credit Suisse ဘဏ်သည် အီရန်နိုင်ငံမှ ဖောက်သည်များအတွက် အမေရိကန ပြည်ထောင်စု၏ စုံစမ်း စစ်ဆေးမှုများကို ရှောင်ရှားနိုင်မည့် ငွေကြေးပေးချေမှု ပုံစံများ ပြုလုပ် ပေးခဲ့သည်ဟု ရှေ့နေချုပ် Eric Holder ကဆိုသည်။ ထို့ပြင် ငွေကြေးလွှဲပြောင်းမှု လုပ်ငန်း အတော်များများကို အီရန်နိုင်ငံအတွက် ဝန်ဆောင်မှု ပေးခဲ့ခြင်းဖြစ်သည် ဟု ဆိုသည်။ 

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက Credit Suisse ဘဏ်ကို ကြေညာချက် တစ်ရပ် ထုတ်ပြန်ကာ ပြစ်တင်ရှုပ်ချလိုက်သည်။ "ဘဏ်အတွင်း လုပ်ဆောင်ချက်များ လွဲမှားနေသည်မှာ ထင်ရှားသည်" ဟု ဘဏ္ဍာရေး ဝန်ကြီးဌာန၏ ကြေညာချက်က ဆိုသည်။  

Credit Suisse ဘဏ်၏ သတင်း ပြန်ကြားရေးဌာန အရာရှိ Marc Dosch က "အမှားအယွင်းတွေ ရှိခဲ့တယ်ဆိုတာ ရှင်းပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ အခုလို အခြေအနေမျိုးနဲ့ ရင်ဆိုင်နေရတာပေါ့"  ဟု DVB သတင်းဌာနသို့ ပြောပြသည်။ 

အမေရိကန် ပြည်ထောင်စုသည် ၁၉၉၇ ခုနှစ်မှစ၍ မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှု အမျိုးမျိုး ပြုလုပ်လာခဲ့သည်။ ပြီးခဲ့သည့် သြဂုတ်လ အတွင်း မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက နေအိမ်အကျယ်ချုပ် ၁၈ လထပ်မံကျခံစေရန် အမိန့် ချလိုက်ပြီးနောက် အမေရိကန် အစိုးရကလည်း ပိတ်ဆို့ အရေးယူမှုများ ကို တိုးမြှင့်လိုက်သည်။  

မြန်မာစစ်အစိုးရနှင့် တိုက်ရိုက် စေ့စပ်မည်ဟူသော မူဝါဒသစ် ထုတ်ဖော်ခဲ့သော်ငြားလည်း မြန်မာနိုင်ငံတွင်း သိသာထင်ရှားသော တိုးတက်မှုများ ဖြစ်ပေါ်လာပါမှ ပိတ်ဆို့အရေးယူမှု များကို ဖယ်ရှားပေးမည်ဟု အမေရိကန်အစိုးရက ဆိုထားသည်။ 

DVB သတင်းဌာန၏ Swiss bank fined $536mln for Burma ties ကိုဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.