Transparency Myanmar

transparency.myanmar@gmail.com

CNN News, 20th Dec, 2009

          အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း ပြည်နယ်များနှင့် မြန်မာနိုင်ငံ တို့အကြား နှစ်ဦးနှစ်ဖက် ကုန်သွယ်ရေး အားပေး မြှင့်တင်ရန်အတွက် ရူပီးငွေ သိန်းပေါင်း ၆၅၀ ကုန်ကျမည့် ဖီဇိုရမ်မှ မြန်မာနယ်စပ်သို့ ဆက်သွယ်သော ကီလိုမီတာ ၁၀၀ အဝေးပြေးလမ်းမကြီး ဖောက်လုပ်ရေး စီမံကိန်းကို အိန္ဒိယ အစိုးရက အတည်ပြုပေးလိုက်ပါသည်။

          အိန္ဒိယ ပို့ဆောင်ရေး ဝန်ကြီး Brahm Dutt ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သော သြဇာကြီး ကော်မတီက အဝေးပြေးလမ်း တည်ဆောက်ရေး အဆိုပြုချက်ကို လက်ခံ ဆုံးဖြတ်ပေးခဲ့ခြင်း ဖြစ်သည်။ အဆိုပါ အဝေးပြေးလမ်းသည် မီဇိုရမ်ပြည်နယ် လောင်တာလိုင်းမှ စတင်၍ မြန်မာနယ်စပ်အထိ ဖောက်လုပ်မည် ဖြစ်သည်။ ထို့အပြင် ဆိပ်ကမ်း ဝန်ဆောင်မှုများ ပြုလုပ်ရန် အဆိုပြုထားသည့် မြန်မာနိုင်ငံ စစ်တွေမြို့နှင့်လည်း နောင်တွင် ဆက်သွယ်နိုင်လိမ့်မည်ဟု အစိုးရ ကြေညာချက်တွင် ဖော်ပြထားပါသည်။

          စစ်တွေတွင် တည်ဆောက်မည့် ဘင်္ဂလား ပင်လယ်အော် ဆိပ်ကမ်းသည် အိန္ဒိယ အရှေ့မြောက် ဒေသ တစ်ခုလုံးအတွက် မီဇိုရမ်ကို ဖြတ်သန်းကာ ရေလမ်းကြောင်း ထွက်ပေါက်အဖြစ် အထောက်အပံ့ ပြုမည် ဖြစ်ပါသည်။ သယ်ယူ ပို့ဆောင်ရေး ကော်မတီက လက်ခံ အတည်ပြုခဲ့သည့် အဝေးပြေးလမ်း စီမံကိန်းနှင့် ဆိပ်ကမ်း ဝန်ဆောင်မှု စီမံကိန်းသည် သယ်ယူ ပို့ဆောင်စရိတ်ကို လျှော့ချနိုင်ခြင်းဖြင့် ဒေသတွင်း ပြိုင်ဆိုင်နိုင်မှုကို တိုးတက်စေလိမ့်မည်ဟု အစိုးရ အစီရင်ခံစာတွင် ဖော်ပြပါသည်။

          ယခု လမ်းမကြီးသည် နောက်ဆုံးတွင် မြန်မာနိုင်ငံတွင်းရှိ အဝေးလမ်းနှင့် သွားရောက် ပူးပေါင်းနိုင်မည် ဖြစ်ပြီး လောလောဆယ်တွင် မိမိတို့ အာဏာပိုင်သည် နယ်မြေတွင်း တည်ဆောင်နေခြင်း ဖြစ်ပါသည်။ တရုတ်နိုင်ငံ၏ အစပျိုး ဝင်ရောက်မှုများနှင့် နီးစပ်မှု ရရှိနေသော မြန်မာအစိုးရ၏ ထောက်ခံ ကြိုဆိုမှုကို ရရှိရန်အတွက် ဗဟိုအစိုးရ၏ သံတမန်ဆိုင်ရာ ကြိုးပမ်း အားထုတ်မှု တစ်ခုအဖြစ် တွေ့မြင်နိုင်ပါသည်ဟု ဝန်ကြီးဌာန ဝါရင့်အရာရှိ တစ်ဦးက ပြောကြားပါသည်။

          စစ်တွေဆိပ်ကမ်းကို မီဇိုရမ်ပြည်နယ်က အရေးကြီးသည်ဟု ယူဆနေသော မျှော်လင့်ချက် တစ်ခုအဖြစ် သတ်မှတ်နိုင်ပါသည်။ မီဇိုရမ်၏ ထွက်ကုန် ဝါးပင်များနှင့် မြန်မာ့သစ်တော ထွက်ကုန်များ အတွက် အဓိက ကုန်သွယ်ရေး ဗဟိုချက်အဖြစ် စစ်တွေဆိပ်ကမ်း ဖွံ့ဖြိုးအောင် အိန္ဒိယက ဆောင်ရွက်မည် ဖြစ်သည်။ ရေလမ်းကြောင်း ၂၂၅ ကီလိုမီတာ အပြင် အဓိက အစီအစဉ် ဖြစ်သော လမ်းမ ၂ ခုကို ဖောက်လုပ်ရန် ရည်မှန်းထားပါသည်။ (NH.54) မှ နယ်စပ်အထိ ၁၁၇ ကီလိုမီတာ ရှည်သော လမ်းပိုင်း နှင့် နယ်စပ်မှ ကလွတ်ဝထိ ၅၂ ကီလိုမီတာ ရှည်သော လမ်းပိုင်းတို့ ဖြစ်ပါသည်။

          သတင်းများအရ စစ်တွေ၊ ကာလကတ္တားနှင့် ဗီဆာခါ ပါတနမ်တို့အကြား ပင်လယ် ရေလမ်းကြောင်းကိုလည်း တိုးတက် ဖွံ့ဖြိုးအောင် ဆောင်ရွက်ဦးမည်ဟု သိရပါသည်။ စစ်တွေဆိပ်ကမ်းသည် အရှေ့တောင် အာရှဒေသသို့ ထွက်ပေါက်တစ်ခုအဖြစ် အသုံးဝင်မည့်အပြင် အရှေ့မြောက်ဒေသသို့ ရေနံနှင့် ဓာတ်ငွေ့ အဓိက ဖြန့်ဝေသည့် ဗဟိုပွိုင့် တစ်ခုလည်း ဖြစ်လာလိမ့်မည်ဟု ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Associated Press, 20th Dec, 2009

          ပြီးခဲ့သည့် နှစ်က အတည်ပြုခဲ့သော မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်၍ ဒီမိုကရေစီမကျဟု ဝေဖန်မှုများ ရှိနေသော်လည်း ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ အခြေခံ ဥပဒေကို ပြောင်းလဲမှုများ ပြုလုပ်လိမ့်မည် မဟုတ်ကြောင်း နိုင်ငံပိုင် မီဒီယာများက တနင်္ဂနွေနေ့က ဖော်ပြခဲ့ပါ သည်။ တနင်္ဂနွေနေ့က ထုတ်ဝေသော New Light of Myanmar နှင့် အခြား သတင်းစာများတွင် ပါရှိသော ဆောင်းပါး၌၊ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီအား ၎င်းတို့၏ တောင်းဆိုမှုကို ဂရုပြုလိမ့်မည် မဟုတ်ကြောင်း ဖော်ပြခဲ့ပါသည်။

          အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ အသစ်သည် မျှတမှု မရှိဟုဆိုကာ ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်မည်ဟု ထုတ်ဖော် ပြောကြားခြင်း မရှိသေးချေ။ NLD သည် စစ်အစိုးရနှင့် တွေ့ဆုံ ဆွေးနွေးရန် တောင်းဆိုလျက် ရှိပါသည်။

          နိုင်ငံပိုင် မီဒီယာများတွင် ပါဝင်သော သုံးသပ်ချက်များသည် သာမန်အားဖြင့် လက်ရှိ အစိုးရ၏ အာဘော်အမြင်များကို ထင်ဟပ်လေ့ ရှိပြီး တစ်ခါတစ်ရံ အစိုးရက တရားဝင် ထုတ်ဖော် ပြောကြားခြင်း မရှိသေးသော်လည်း ပြည်သူများနှင့် နိုင်ငံတကာ၏ တုံ့ပြန်မှုများကို စမ်းသပ်သည့် အနေဖြင့် ဖော်ပြသော အာဘော်များလည်း ရှိပါသည်။

          တနင်္ဂနွေနေ့က ဖော်ပြသော သုံးသပ်ချက် ဆောင်းပါးတွင် အစိုးရက ယခင်ကပင် ဖော်ပြခဲ့ပြီး ဖြစ်သော ရပ်တည်ချက်ကို အတည်ပြုခဲ့ပါသည်။ ပါလီမန်တွင် ၂၅ % ကို စစ်တပ်မှ ခွဲတမ်း ယူထားခြင်းနှင့် အရေးပေါ် အခြေအနေတွင် သမ္မတသည် အာဏာကို စစ်တပ်သို့ လွှဲပြောင်းပေးနိုင်ခြင်းတို့ကို ပြောင်းလဲ ပြင်ဆင်ပေးမည် မဟုတ်ကြောင်း အတည်ပြု ရေးသားထားပါသည်။

အခြေခံဥပဒေတွင် ဒေါ်အောင်ဆန်းစုကြည်အား ရွေးကောက်ပွဲ ဝင်ရောက်နိုင်ရေးမှ တားဆီး ထားသော အပိုဒ်တစ်ခု ပါဝင်ပါသည်။

          အဆိုပါ ဆောင်းပါးတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ၂၀၁၀ ရွေးကောက်ပွဲအရ ပေါ်ထွက်လာမည့် ပါလီမန်အသစ်ကသာ ပြင်ဆင်နိုင်မည် ဖြစ်သည်ဟု ဖော်ပြထားပါသည်။

          မြန်မာအစိုးရသည် လာမည့်နှစ်တွင် အထွေထွေ ရွေးကောက်ပွဲ ကျင်းပမည်ဟု ဆိုနေသော်လည်း၊ ကျင်းပမည့်ရက်နှင့် လိုအပ်သော ဥပဒေများ ကြေညာခြင်း မရှိသေးပေ။ ဒေါ်အောင်ဆန်းစုကြည်၏ ပါတီသည် ၁၉၉၀ ခုနှစ်က ရွေးကောက်ပွဲတွင် အနိုင် ရရှိခဲ့သော်လည်း စစ်တပ်က အာဏာလွှဲပေးရန် ငြင်းဆန်ခဲ့ပါသည်။

          တွေ့ဆုံ ဆွေးနွေးခြင်းဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန် တောင်းဆိုထားခြင်းကို လိုက်လျောမည် မဟုတ်ကြောင်း အဆိုပါ ဆောင်းပါးတွင် ဖော်ပြထားပါသည်။ ထို့အပြင် ဒီမိုကရေစီ နည်းလမ်းကျကျ အတည်ပြုထားသော ဖွဲ့စည်းပုံ ဥပဒေကို လူတစ်စု တစ်ဖွဲ့က ပြင်ဆင်ရန် အခွင့်အရေး မရှိကြောင်း ဖော်ပြထားပါသည်။

          ဆောင်းပါးတွင် မည်သည့် လူတစ်စု၊ လူတစ်ဖွဲ့ ဖြစ်ကြောင်း အမည်ဖော်၍ ရည်ညွှန်းထားခြင်း မရှိသော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီနှင့် အခြား ဒီမိုကရေစီအဖွဲ့များသည် အခြေခံဥပဒေအား အတင်းအကျပ် တရားမဝင် အတည်ပြုထားကြောင်းနှင့် အစိုးရကို ပြန်လည် ပြင်ဆင်ရန် တောင်းဆိုထားကြသည်။

          ဒေါ်အောင်ဆန်းစုကြည်သည် မကြာသေးမီက ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ဆုံခွင့် ရရန် တောင်းဆိုထားရာ အခြေခံဥပဒေနှင့် ပတ်သက်၍ ဖော်ပြထားခြင်း မရှိဘဲ နိုင်ငံအကျိုးအတွက် အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်နိုင်ရေးအတွက် သူမက ရှင်းပြလိုသည်ဟုသာ ဖော်ပြထားပါသည်။

          အဆိုပါ ဆောင်းပါးတွင် အခြေခံဥပဒေကို ပြည်သူများက အတည်ပြုပြီး ဖြစ်ကြောင်းနှင့် နိုင်ငံခြား သံအမတ်ကြီးများ၊ စစ်သံမှူးများအား မဲဆန္ဒပေးမှုကို ကြည့်ရှုခွင့် ပြုခဲ့ပြီး ရလဒ်ကို အသိအမှတ်ပြု ခဲ့ကြပြီး ဖြစ်သည်ဟု ဖော်ပြထားပါသည်။

          ပြီးခဲ့သည့်နှစ် နာဂစ်မုန်တိုင်း အပြီးတွင် ကျင်းပသော ဆန္ဒခံယူပွဲတွင် မဲပေးခွင့် ရှိသူ၏ ၉၂ % ကျော်က အတည်ပြုခဲ့သည်ဟု မြန်မာဗိုလ်ချုပ်များက ရှင်းလင်း ပြောခဲ့ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာနိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသော တရုတ်နိုင်ငံ၊ ဒုတိယသမ္မတ Xi Jinpin သည် ကမ္ဘောဒီယားသို့ မထွက်ခွာမီ မြို့တော်သစ် နေပြည်တော်၌ စစ်အစိုးရ၏ ထိပ်တန်း ခေါင်းဆောင်နှစ်ဦးနှင့် တွေ့ဆုံခဲ့ကြောင်း အစိုးရ အရာရှိကြီးများက အတည်ပြု ပြောကြားသည်။

မစ္စတာ Xi Jinping သည် မြန်မာနိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၊ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့နှင့် ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် နေပြည်တော်၌ တွေ့ဆုံခဲ့သည်ဟု ဆိုသည်။

စစ်အစိုးရ ထိပ်ပိုင်းခေါင်းဆောင် နှစ်ဦးနှင့် တရုတ် ဒုတိယသမ္မတတို့ တွေ့ဆုံ ဆွေးနွေးခဲ့သည့် အကြောင်းအရာများကို မူ သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

ယင်းသို့ တွေ့ဆုံမှု ပြုလုပ်ပြီးနောက် တရုတ် ဒုတိယသမ္မတသည် နေပြည်တော်မှ ကမ္ဘောဒီးယားနိုင်ငံ၊ ဆီရမ်ရိပ်ဒ် မြို့သို့ လေယာဉ်ဖြင့် ထွက်ခွာ သွားခဲ့သည်ဟု ဆိုသည်။ မစ္စတာ Xi Jinping သည် ဆီရမ်ရိပ်ဒ်ရှိ နာမည်ကျော် အန်ကောဝပ် ဘုရားကျောင်းသို့ သွားရောက် လည်ပတ်မည် ဖြစ်ပြီး ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် မြို့တော် ဖနွမ်ပင်သို့ သွားရောက်ကာ ဝန်ကြီးချုပ် ဟွန်ဆန်နှင့် တွေ့ဆုံမည် ဖြစ်ကြောင်း သတင်းများကဆို သည်။

မစ္စတာ Xi Jinping သည် ဒီဇင်ဘာလ ၁၉ ရက်နေ့ တွင် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့သို့ တောင်ကိုရီးယား နိုင်ငံမှ ရောက်ရှိခဲ့သည်။ ၎င်းသည် အာရှ လေးနိုင်ငံ ခရီးစဉ်၏ တတိယ မြောက် နိုင်ငံအဖြစ် မြန်မာသို့ ရောက်ရှိ လာခြင်း ဖြစ်ကြောင်း၊ ဂျပန်၊ တောင်ကိုရီးယား၊ မြန်မာနှင့် ကမ္ဘောဒီးယား နိုင်ငံများသို့ အစီအစဉ်အလိုက် သွားရောက်ရန် စီစဉ်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

နိုင်ငံတကာ နိုင်ငံရေး အခင်းအကျင်းတွင် တရုတ်နိုင်ငံသည် မြန်မာ၏ မဟာမိတ် နိုင်ငံတစ်ခု ဖြစ်သည်။ ဤသို့ မဟာမိတ် ဖြစ်ရခြင်းမှာလည်း မြန်မာပြည်တွင် ရှိသော သဘာဝဓာတ်ငွေ့ အရင်းအမြစ်များကို တရုတ်နိုင်ငံက ဝယ်ယူလိုသောကြောင့် ဖြစ်သည်ဟု နိုင်ငံတကာ အသိုင်းအဝိုင်းတွင် ဝေဖန် ပြောဆိုလျက် ရှိသည်။ ထို့ပြင် တရုတ်နိုင်ငံသည် မြန်မာပြည်မှ ယူနန်ပြည်နယ်သို့ ဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းရန် စီစဉ်လျက် ရှိသည်။

"တရုတ်နဲ့ မြန်မာ နှစ်နိုင်ငံအကြား ပူးပေါင်း ဆောင်ရွက်မှုဟာ အနာဂတ် ကာလမှာ ပိုမိုကျယ် ပြန့်လာမှာပါ" ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး Ye Dabo က ပြောကြားသည်။

တရုတ် ဒုတိယသမ္မတ Xi Jinping သည် ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံ စေတီတော်နှင့် ကျောက်မျက်ရတနာ ပြတိုက်သို့ သွားရောက် လည်ပတ်ခဲ့သည်။

ရန်ကုန်အခြေစိုက် တရုတ်နိုင်ငံ သံရုံးမှ သတင်းရင်းမြစ်များ၏ အဆိုအရ ဒုတိယသမ္မတ၏ ခရီးစဉ်အတွင်း နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာများနှင့် သဘောတူညီချက် စာချုပ်များစွာ လက်မှတ် ရေးထိုးခဲ့ကြ ကြောင်းသိရသည်။ သို့သော် လက်မှတ် ရေးထိုးသည့် အကြောင်း အရာများနှင့် အသေးစိတ် အချက်အလက်များ မသိရှိရပေ။

တရုတ်သည် မြန်မာနိုင်ငံ၏ စတုတ္ထအကြီးဆုံး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပြုလုပ်သည့် နိုင်ငံဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု တန်ဖိုးစုစုပေါင်းမှာ အမေရိကန် ဒေါ်လာ ၁ ဒဿမ ၃ ဘီလီယံ ရှိသည်။ ၂၀၀၈ ခုနှစ်အတွင်း နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှု တန်ဖိုးမှာလည်း ၂ ဒဿမ ၆ ဘီလီယံ ဒေါ်လာ အထိ ရောက်ရှိခဲ့သည်။

Monster Sand Critics ဝက်ဘ်ဆိုက်မှ Chinese vice president Xi Jinping meets Myanmar Junta chief ကို ဘာသာ ပြန်ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Mizzima News, 19th Dec, 2009

          နယ်ခြားစောင့် တပ်ဖွဲ့အဖြစ် အသွင်ပြောင်းရန် မြန်မာအစိုးရ၏ ပြင်းထန်စွာ ဖိအားပေးခြင်းကို ခံနေရသော ဝ စစ်တပ် (UWSA) သည် အရေးပေါ် အခြေအနေအတွက် ကြိုတင် ပြင်ဆင်မှုများကို ပြုလုပ်နေသည်ဟု အကဲခတ်သမားများက ပြောကြားပါသည်။

          UWSA သည် ၎င်း၏ လက်နက်ကိုင်တပ်မှ အငြိမ်းစား ယူ၍ တရုတ်နိုင်ငံတွင် နေထိုင်နေသော စစ်မှုထမ်းဟောင်းများကို ပြန်လည် ခေါ်ယူ၍ တိုက်ပွဲအတွက် ပြင်ဆင်နေခြင်း ဖြစ်ပါသည်။ အဆိုပါ စစ်သားဟောင်းများမှာ အသက် ၄၀ မှ ၅၀ အတွင်း ရှိသူများ ဖြစ်၍ ဗမာပြည် ကွန်မြူနစ်ပါတီ (ဗကပ) လက်ထက်ကပင် အငြိမ်းစား ယူသွားသူများ ဖြစ်သည်ဟု ထိုင်းနိုင်ငံ အခြေစိုက် ရှမ်းသံတော်ဆင့် သတင်းဌာနမှ လက်ထောက် အယ်ဒီတာ ဦးစိန်ကြည်က ပြောကြာခဲ့ပြီး ၎င်းသည် ရှမ်း အရှေ့မြောက် ဒေသကို အနီးကပ် စောင့်ကြည့် လေ့လာနေသူ ဖြစ်ပါသည်။

          UWSA သည် လက်နက်ကိုင် တပ်ဖွဲ့ဝင် ၃ သောင်းခန့် ရှိသည်ဟုလည်း ခန့်မှန်းထားကြပါသည်။

          ဝ လူဦးရေ ၇ သိန်းခန့် ရှိသည့်အနက် ၄ သိန်းခန့်မှာ မြန်မာနိုင်ငံတွင် နေထိုင်၍ ၃ သိန်းခန့်မှာ တရုတ်နိုင်ငံတွင် နေထိုင်ပါသည်။

          UWSA သည် နေရာတိုင်းမှ တပ်ဖွဲ့ဝင်ဟောင်းများကို ခေါ်ယူ စုဆောင်းနေပါသည်။ ၎င်းတို့ကို ကျွမ်းကျင်မှုအလိုက် တာဝန်များ ပေးအပ်မည် ဖြစ်ပြီး တချို့ကို လေ့ကျင့်ရေး တာဝန်၊ အချို့ကို တိုက်ခိုက်ရေး တာဝန်၊ အချို့ကို အခြား စစ်ဒေသများအကြား ထောက်ပံ့ ပို့ဆောင်ရေး တာဝန် စသဖြင့် နေရာချထားမည် ဖြစ်ပါသည်။ အထူးသဖြင့် တပ်သားသစ်များကို ကြီးကြပ်ကြပါလိမ့်မည်။ တပ်သားသစ်များနှင့် ပြည်သူ့စစ်များကို လေ့ကျင့် သင်တန်းပေးခြင်းနှင့် ဦးဆောင် လှုပ်ရှားခြင်း တာဝန်များကို ထမ်းဆောင် ကြပါလိမ့်မည်။ အတွင်းသတင်းများအရ တပ်ဖွဲ့ဝင်ဟောင်း များစွာ တဖွဲဖွဲ လာရောက် ပူးပေါင်းနေကြသည်ဟု သိရှိရကြောင်း ဦးစိန်ကြည်က ပြောကြားပါသည်။

          ဝ စစ်တပ် ခေါင်းဆောင်များနှင့် မြန်မာစစ်တပ် ခေါင်းဆောင်များသည် နိုဝင်ဘာ ၁၄ ရက်က တန့်ယန်းတွင် တွေ့ဆုံ၍ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး ကိစ္စကို ဆွေးနွေးခဲ့ကြပါသည်။ သို့ရာတွင် ဝ စစ်တပ်က တင်ပြသော တောင်းဆိုမှုများကြောင့် အစည်းအဝေးတွင် ရလဒ်များ ထွက်ပေါ်ခြင်း မရှိခဲ့ပါ။ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် နောက်ဆုံး သတ်မှတ်ရက်ကို ဒီဇင်ဘာလကုန်အထိ တိုးချဲ့ သတ်မှတ်ခဲ့ပါသည်။

          မြန်မာအစိုးရထံ တောင်းဆိုထားသော စည်းကမ်းချက် ၉ ချက်နှင့် ပတ်သက်၍ အလျှော့ပေး ညှိနှိုင်းမည် မဟုတ်ကြောင်း ဝ စစ်တပ် သတင်းရပ်ကွက်မှ ကြားသိရပါသည်။

          အကယ်၍ လိုအပ်လာပါက မြန်မာ့တပ်မတော်နှင့် တိုက်ခိုက်ရန်အတွက် UWSA သည် ကတုတ်ကျင်းများ တူးခြင်း၊ မိုင်းတုံ၊ ဟိုပန်၊ သံလွင်မြစ် အနောက်ခြမ်း တန့်ယန်း အနီးတဝိုက်တွင် လမ်းများ ပြင်ဆင်ခြင်းတို့ကို ဆောင်ရွက်နေသည်ဟုလည်း ကြားသိရပါသည်။

          UWSA သည် ပြည်သူ့စစ် အဖွဲ့များကိုလည်း အမြင့်ဆုံး တပ်လှန့်ထားပြီး တိုက်ပွဲဝင်ရန် အသင့် အနေအထား ရှိနေသည်ဟု ဝ အဖွဲ့အစည်းနှင့် နီးစပ်သူ တရုတ်မြန်မာ နယ်စပ် အခြေစိုက် အကဲခတ် လေ့လာရေးသမား အောင်ကျော်ဇောက ပြောကြားပါသည်။

          ယခင် စစ်သားဟောင်းများသည် အသက်အရွယ် ကြီးရင့်ခြင်း အပါအဝင် အကြောင်းပေါင်းစုံဖြင့် အနားယူခဲ့ကြသူများ ဖြစ်ပြီး အများစုမှာ တိုက်ပွဲ အတွေ့အကြုံ ရင့်ကျက်သူများ ဖြစ်ပါသည်။ တစ်ခါတစ်ရံတွင် ပြည်သူ့စစ်များက အမြဲတမ်း စစ်တပ်ထက် ပို၍ အသုံးဝင်ပြီး တိုက်ရည် ခိုက်ရည် ပိုကောင်းသည်ဟု အများစုက ယူဆကြသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

          မြန်မာ တပ်မတော် ကာကွယ်ရေး ဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်၏ ဖိတ်ကြားချက်အရ တရုတ် ပြည်သူ့လွတ်မြောက်ရေး တပ်မတော် ချန်ဒူးစစ်ဒေသမှူး ဒုတိယဗိုလ်ချုပ်ကြီး အိုက်ဟူးရှင်းသည် ဒီဇင်ဘာ ၇ ရက်က မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး နေပြည်တော် ပေါင်းလောင်း ဧည့်ရိပ်သာတွင် မြန်မာ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ပါသည်။

          တရုတ် တပ်မတော် ကိုယ်စားလှယ် အဖွဲ့သည် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်သန်းထွဋ်၊ ရန်ကုန်တိုင်း ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်း တို့နှင့်လည်း တွေ့ဆုံခဲ့ပြီး ဝ အရေးကိစ္စကို ဆွေးနွေးခဲ့ကြပုံ ရသည်ဟု အောင်ကျော်ဇောက ဆိုပါသည်။

          မြန်မာ့တပ်မတော်က အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား လူမျိုးစု လက်နက်ကိုင် တပ်ဖွဲ့များကို ယခုနှစ်ကုန်တွင် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် ဖိအားပေးနေခြင်းကြောင့် ၎င်းတို့၏ အနာဂတ်နှင့် ပတ်သက်၍ စိုးရိမ် ပူပန်နေကြပြီး တရုတ်မြန်မာ နယ်ခြားတစ်လျှောက် နိုင်ငံရေး မငြိမ်သက်မှုများ ရှိနေသည်ဟု ကုလသမဂ္ဂ အစီရင်ခံစာတွင် ဖော်ပြထားပါသည်။

          မြန်မာနိုင်ငံ အရှေ့မြောက်ဒေသမှ လူမျိုးစု လက်နက်ကိုင် တပ်ဖွဲ့များသည် လက်နက်နှင့် ခဲယမ်း မီးကျောက်များ ဝယ်ယူရန်အတွက် ဘိန်းနှင့် အခြား မူးယစ်ဆေးဝါးများ ထုတ်လုပ်မှုကို တိုးမြှင့် နေပါသည်။ သို့ဖြစ်၍ မြန်မာနိုင်ငံ၏ ဘိန်းထုတ်လုပ်မှုမှာ ၂၀၀၆ မှ စ၍ ၅၀ % မြင့်တက်လာခဲ့သည်ဟု မူးယစ်ဆေးဝါးနှင့် ရာဇာဝတ်မှု ဆိုင်ရာ ကုလသမဂ္ဂအဖွဲ့ရုံး (UNODC) က အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါသည်။

          အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် ဝ နှင့် ကချင်အဖွဲ့များသည် လက်နက် ဝယ်ယူရန်အတွက် မူးယစ်ဆေးဝါးများကို ရောင်းချခဲ့ပြီး စုံစမ်း ထောက်လှမ်းခံရခြင်းကို ရှောင်းရှားရန် ၎င်းတို့၏ သိုလှောင် ပိုင်ဆိုင်မှုများကို ရွှေ့ပြောင်းခဲ့ကြသည်ဟု သြစတြီးယားနိုင်ငံ ဗီယင်နာ အခြေစိုက် ကုလသမဂ္ဂ မူးယစ်ဆေး ထိန်းချုပ်ရေးဌာန အကြီးအကဲ အန်တိုနီယို မာရီယာက နောက်ဆုံး အစီရင်ခံစာ ထုတ်ပြန်ပြီးနောက် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အတွင်း ရာထူး အဆင့်အတန်းများ ပြောင်းလဲ လှန်လှောရမည့် အရေးပေါ် စိန်ခေါ်မှု တစ်ရပ်နှင့် ရင်ဆိုင်နေရကြောင်း လေ့လာ သုံးသပ်သူများက ပြောကြားသည်။

မကြာသေးမီက ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ ပါတီမှ သက်ကြီးပိုင်း ခေါင်းဆောင်များ တွေ့ဆုံ ဆွေးနွေးမှု တစ်ရပ် ပြုလုပ်ပြီးနောက်  နိုင်ငံရေး ကျွမ်းကျင်သူများက ယင်းသို့ သုံးသပ် လာကြခြင်း ဖြစ်သည်။

လာမည့် ၂၀၁၀ ပြည့်နှစ်တွင် ဒီမိုကရေစီ ရွေးကောက်ပွဲ ကျင်းပမည် ဖြစ်သော်လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ အဓိက ပုဂ္ဂိုလ်မှာ ယနေ့အချိန်အထိ ဖမ်းဆီး ထိန်းသိမ်းခံထားရဆဲ ဖြစ်ကြောင်း၊ သို့အတွက်ကြောင့် NLD အနေဖြင့် ပါတီတွင်း အတွေးအမြင် မတူညီသည့် ကိစ္စရပ်များကို ဖြေရှင်းရန် လိုအပ်နေပြီ ဖြစ်ကြောင်း ကျွမ်းကျင်သူများက ဆိုသည်။

မြန်မာပြည်ကို ၁၉၆၂ ခုနှစ် ကတည်းက အုပ်ချုပ်ခဲ့သော တပ်မတော် အစိုးရသည် ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား NLD ပါတီမှ သက်ကြီးပိုင်း ခေါင်းဆောင် သုံးဦးကို သွားရောက် ဂါရဝပြု တွေ့ဆုံခွင့် ပြုခဲ့သည်။ ယင်းသို့ တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က ပါတီတွင်း အပြောင်းအလဲများ ပြုလုပ်ရန် ၎င်းတို့ သုံးဦးကို တောင်းဆိုခဲ့သည်။

NLD ပါတီ ဥက္ကဋ္ဌ ဦးအောင်ရွှေ (၉၂ နှစ်)၊ အတွင်းရေးမှူး ဦးလွင်(၈၅ နှစ်) နှင့် ဗဟို အလုပ်အမှုဆောင် ကော်မတီ (CEC) အဖွဲ့ဝင် ဦးလွန်းတင် (၈၉ နှစ်) တို့ သုံးဦးက မည်သို့မျှ မမျှော်လင့်ထားသော ဒေါ်အောင်ဆန်းစုကြည်၏ ပြုပြင် ပြောင်းလဲရေး အဆိုပြုချက်ကို အတည်ပြုလိုက်ကြကြောင်း သိရသည်။

အဖွဲ့ဝင် စုစုပေါင်း ၁၁ ဦး ပါဝင်သော ကော်မတီတွင် ဒေါ်အောင်ဆန်းစုကြည်သည် အသက် ၆၄ နှစ် ဖြစ်ပြီး အသက် အငယ်ဆုံး ဖြစ်သည်။ အခြားသော  အဖွဲ့ဝင် ကိုးဦးမှာ အသက် ၈၀ နှင့် ၉၀ ဝန်းကျင်များ ဖြစ်ကြကာ ၎င်းတို့သည် ကျန်းမာရေး အခြေအနေ လွန်စွာ ကောင်းမွန် သူများလည်း မဟုတ်ဟု ဆိုသည်။

NLD သက်ကြီးပိုင်း ခေါင်းဆောင်များသည် ပါတီတွင်း အသက် ငယ်ရွယ်သူ မျိုးဆက်သစ်များ အနေဖြင့် လာမည့်နှစ် ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မည့် ကိစ္စ အပါအဝင် ပါတီ၏ ပေါ်လစီ ရေးရာများတွင် ပါဝင် ပတ်သက်လာမည်ကို သဘောမတူခဲ့ကြပေ။ မျိုးဆက်သစ် အတော်များများက ပို၍ လက်တွေ့ကျသော ချဉ်းကပ်မှုကို လိုလားကြသည်။

"ဒါဟာ NLD ပါတီအတွက် အကွဲအပြဲ ဖြစ်စေမယ့် အချက်ပါပဲ" ဟု ထိုင်းနိုင်ငံ၊ ဘန်ကောက် အခြေစိုက် အမည်မဖော်လိုသူ သံတမန်တစ်ဦးက ပြောသည်။

"NLD ရဲ့ ဗဟိုကော်မတီမှာ သဘောထား တင်းမာတဲ့သူတွေ ရှိနေတယ်ဆိုတာ သိသာပါတယ်။ သူတို့က အနာဂတ်ကို ကြည့်မယ့်အစား အတိတ်ကိုပဲ ပိုပြီး ဦးစားပေးကြည့် နေကြတယ်" ။

AFP သတင်းဌာန၏ Party needs new blood ကို ဘာသာပြန်ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Xinhua, 20th Dec 2009

          တရုတ် ဒုတိယ သမ္မတ ဇီဂျင်ပင်းသည် တနင်္ဂနွေနေ့က နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးနှင့် တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် ဆက်ဆံရေးကို မြှင့်တင်ရန်အတွက် အဆိုပြုချက် ၄ ခုကို တင်ပြ ဆွေးနွေးသွားပါသည်။

          အဆိုပြုချက်တွင် ပါဝင်သည့် အချက်များမှာ အဆင့်မြင့် အရာရှိများ အဆက်မပြတ် ထိတွေ့ ဆက်ဆံရေး၊ ပိုမို နက်ရှိုင်းသည့် အပြန်အလှန် ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်ရေး၊ နယ်စပ်ဒေသများ၏ အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုကို ထိန်းသိမ်းရေး၊ နိုင်ငံတကာနှင့် ဒေသတွင်း ရေးရာများတွင် ပိုမို အားကောင်းစွာ ညှိနှိုင်း ဆောင်ရွက်ရေးတို့ ဖြစ်ပါသည်။

          အိမ်နီးချင်းကောင်းများ ဖြစ်ကြသော တရုတ်နှင့် မြန်မာတို့သည် ငြိမ်းချမ်းစွာ ယှဉ်တွဲ နေထိုင်ရေး ဆိုင်ရာ မူဝါဒ ၅ ချက်ကို သဘောတူ ထောက်ခံခဲ့ကြသည်ဟု "ဇီ"က ပြောဆိုပါသည်။

          လတ်တလော နှစ်များတွင် နှစ်နိုင်ငံအကြား ကဏ္ဍပေါင်းစုံ၌ ရင်းနှီးသော ဖလှယ်မှုများ၊ ပူးပေါင်း ဆောင်ရွက်မှုများကို တွေ့မြင်ရမည် ဖြစ်ပြီး နှစ်နိုင်ငံ ပြည်သူများအတွက် သိသာ ထင်ရှားသော အကျိုး အမြတ်များ ဆောင်ကြဉ်း ပေးနိုင်ခဲ့သည်ဟု "ဇီ"က ဆိုပါသည်။

          တရုတ်နိုင်ငံ၏ အဓိက အကျိုးစီးပွားများ ဖြစ်သည့် ထိုင်ဝမ်၊ တိဘက်တို့နှင့် ပတ်သက်သည့် အရေးကိစ္စများတွင် မြန်မာနိုင်ငံ၏ ထောက်ခံ အားပေးမှုကို အသိအမှတ် ပြုပါကြောင်း "ဇီ"က အလေးအနက် ပြောကြားပါသည်။

          မြန်မာနိုင်ငံနှင့် တန်ဖိုးရှိသော ဆက်ဆံရေးကို အမြဲတမ်း ထူထောင်ထားသည့် အကြောင်းကို အလေးပေးသည့် အနေဖြင့် "ဇီ"က ပြောကြားရာတွင် တရုတ်မြန်မာ ဆက်ဆံရေး နှစ် ၆၀ ပြည့်သည့် အထိမ်းအမှတ်အဖြစ် ၂၀၁၀ တွင် နှစ်နိုင်ငံ ဆက်ဆံရေးကို ချဲ့ထွင်ရန် မြန်မာနှင့် အတူ ဆောင်ရွက်လိုကြောင်းနှင့် မြန်မာနိုင်ငံသို့ ပေးအပ်မည့် အကူအညီများကိုလည်း ဆက်လက် ထောက်ပံ့သွားမည်ဟု ဆိုပါသည်။

          ဒီမိုကရေစီစနစ်နှင့် အမျိုးသား ပြန်လည် ပေါင်းစည်းရေးကို ရှေ့ရှု၍ မြန်မာနိုင်ငံ ချီတက်နေခြင်းကို တွေ့မြင်ရ၍ တရုတ်က ဝမ်းမြောက်ကြောင်းနှင့် မြန်မာအစိုးရသည် ၎င်း၏ နိုင်ငံရေး ရည်မှန်းချက်ကို ကောင်းစွာ သဘောပေါက် နားလည်၍ နိုင်ငံတော် တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးရေးကို တောင်ရွက်နိုင်လိမ့်မည် ဟု ယုံကြည် စိတ်ချကြောင်း "ဇီ"က ဆက်လက် ပြောကြားပါသည်။

          ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးကလည်း "တရုတ် ပြည်သူ့ သမ္မတနိုင်ငံ စတင် ထူထောင်သည့် ၁၉၄၉ ကတည်းက ပထမဆုံး အသိအမှတ် ပြုခဲ့ကြသော နိုင်ငံများတွင် မြန်မာနိုင်ငံ ပါဝင်ခဲ့ကြောင်း နှစ်ဖက်စလုံးတွင် အပြန်အလှန် ကူညီအားပေးမှု၊ လေးစားမှုများ အမြဲ ရှိခဲ့ကြောင်း ပြောကြားခဲ့ပြီး မြန်မာနိုင်ငံအား ရေရှည် ကူညီ ထောက်ပံ့ခဲ့ခြင်းအတွက် ကျေးဇူးတင်ကြောင်း အလေးအနက် ပြောကြားခဲ့ပါသည်။

          တရုတ်မြန်မာ ဆက်ဆံရေးနှစ် ၆၀ ပြည့်သည့် အထိမ်းအမှတ်အဖြစ် အဆင့်မြင့် အရာရှိများ အပြန်အလှန် ဆက်ဆံရေးနှင့် ပိုမို ထိရောက်သော ပူးပေါင်း ဆောင်ရွက်မှုများကို ရှေ့ဆက်၍ လုပ်ဆောင်သွားရန် မြန်မာက မျှော်လင့်ပါကြောင်း ၎င်းက ပြောကြားပါသည်။

          တွေ့ဆုံ ဆွေးနွေးမှု အပြီးတွင် ခေါင်းဆောင်နှစ်ဦးသည် ကုန်သွယ်ရေး၊ ဘဏ္ဍာရေးနှင့် လျှပ်စစ်ဓာတ်အား ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး သဘောတူညီချက်များ လက်မှတ် ရေးထိုးခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ကြပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Bangkok Post, 20th Dec, 2009

          မြန်မာနိုင်ငံမှ လာမည့်လတွင် မက်သဖက်တမင်း ဆေးပြားများ နယ်စပ်ကို ဖြတ်၍ အလုံးအရင်းလိုက် ဝင်လာဖွယ် ရှိကြောင်း ထိုင်းနိုင်ငံ မူးယစ်ဆေးဝါး အာဏာပိုင်များအား တပ်လှန့်ထားပါသည်။ တိုင်းရင်းသား အဖွဲ့များသည် လက်နက်များ ဝယ်ယူရန် ငွေများလိုအပ်နေသောကြောင့်ဖြစ်ပါသည်။

          ကိုးကန့်နှင့် ဝ ဒေသတွင် မြန်မာစစ်တပ်၏ ရန်ကို တွန်းလှန်နိုင်ရေးအတွက် ငွေရရှိနိုင်ရန် မူးယစ်ဆေးဝါး ထုတ်လုပ်မှုကို အရှိန် မြှင့်လိမ့်မည်ဟု ယူဆရပေသည်။

          ထိုင်းနိုင်ငံ၏ စိုးရိမ်ပူပန်မှုများ တိုးပွားလာရခြင်းမှာ ပြီးခဲ့သည့်လက သီးခြား ဖြစ်စဉ် နှစ်ခုတွင် ဝ တပ်သားများ (UWSA) ထံမှ မူးယစ်ဆေးဝါး ဆေးပြား ငါးသိန်းကို ထိုင်း ရဲတပ်ဖွဲ့က ဖမ်းဆီး ရရှိခဲ့ခြင်းကြောင့် ဖြစ်သည်။

          ဝတပ်သားများကို ဖမ်းဆီး စစ်ဆေးရာ ၎င်းတို့က မူးယစ်ဆေးဝါး ရောင်းရငွေများကို မြန်မာစစ်တပ်နှင့် တိုက်ခိုက်ရာတွင် အသုံးပြုရန် ဖြစ်သည်ဟု ဝန်ခံ ပြောကြားကြပါသည်။

          မြန်မာအစိုးရကလည်း မူးယစ်ဆေးဝါး ရောင်းဝယ်မှုများကို တိုက်ခိုက်လျက် ရှိကြောင်း၊ လာမည့်နှစ်တွင် အဆိုပါ တိုင်းရင်းသားအဖွဲ့များကို ပိုမို၍ ပြင်းထန်စွာ ဖိအားပေး နှိမ်နင်းလိမ့်မည်ဟု မိမိတို့ ယုံကြည်သည်ဟု ထိုင်း မူးယစ်ဆေးဝါး နှိမ်နင်းရေးဗျူရိုမှ ကော်မရှင်နာ Adithep Panjamanont က ပြောကြားခဲ့ပါသည်။

          သတင်းများ၏ အဆိုအရ ထိုင်း မြန်မာ နယ်စပ် ချင်းရိုင်၊ ချင်းမိုင်နှင့် မယ်ဟောင်ဆွန် တစ်ဖက်ကမ်းတွင် မူးယစ်ဆေးဝါး ထုတ်လုပ်သည့် စက်ရုံ ငါးဆယ်ခန့်ကို ၎င်းဒေသတွင် နေထိုင်သော တိုင်းရင်းသား လူမျိုးစု အချို့က တည်ထောင်ထားကြသည်ဟု ဆိုပါသည်။

          ထိုင်း အာဏာပိုင်များသည် မြန်မာများနှင့် ပူးပေါင်း၍ စက်ရုံများကို ဖျက်ဆီးခြင်း၊ နယ်စပ်ဖြတ်၍ မူးယစ်ဆေးဝါး ရောင်းဝယ်ခြင်းများကို စစ်ဆင်ရေးများ ပြုလုပ်ခြင်းတို့ ပြုလုပ်ခဲ့ပါသည်။

          ရဲမှူးချုပ် Adithep က ပြောကြားရာတွင် နယ်စပ်ရှိ မက်သဖက်တမင်း ဆေးပြား ထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေး အခြေအနေမှာ နှစ်နိုင်ငံ အစိုးရက အကြီးအကျယ် နှိမ်နင်းနေသည့် ကြားမှ စိုးရိမ်ဖွယ်ရာ အခြေအနေကို ရောက်ရှိနေသည်ဟု ဆိုပါသည်။ ဆယ့်သုံးနှစ်အရွယ် ကလေးများပင် ဆေးစွဲနေသည်ကို တွေ့ရကြောင်း ၎င်းက ဆိုပါသည်။

          ထိုင်း ဒုတိယ ဝန်ကြီးချုပ် Suthep Thangsuban သည် ချင်းမိုင်ဒေသရှိ Omkoi ခရိုင် Ban Khun Tuen Noi တွင် ဘိန်း စိုက်ပျိုးခြင်းကို ရပ်ဆိုင်းသွားရေးအတွက် ပရောဂျက် တိုးချဲ့ခြင်း အခမ်းအနားတွင် ရဲမှူးချုပ် Adithep က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။

          ထို ပရောဂျက်သည် ချင်းရိုင်၊ ချင်းမိုင်နှင့် မယ်ဟောင်ဆွန် ဒေသများတွင် မကြာခင်က အတည်ပြုခဲ့သော ပရောဂျက် ၁၀ ခုတွင် တစ်ခု ဖြစ်ပါသည်။

          လွန်ခဲ့သည့် နှစ်လေးဆယ်အတွင်း ထိုင်းနိုင်ငံသည် ဘိန်းစိုက်ပျိုးခြင်းကို ဧက ၁၁၂၀၀၀ မှ ၁၃၁၉ ဧကအထိ လျှော့ချနိုင်ခဲ့ပါသည်။ Omkoi ဒေသတွင် မကြာသေးခင်က ဧက ၇၀၀ တွေ့ရှိခဲ့ရပါသည်။

          ထိုင်း ကက်ဘိနက်သည် မကြာသေးမီက ဘိန်းစိုက်ပျိုးမှုများ ပပျောက်သွားရေး အတွက် Investing From Strength to Strength စီမံကိန်း ခေါင်းစဉ်ဖြင့် ဘတ်ဂျက် ၁.၉ ဘီလီယံ ဘတ်ငွေကို အတည်ပြုခဲ့ပါသည်။

          အဆိုပါ စီမံကိန်းသည် လေးနှစ် စီမံကိန်း ဖြစ်ပြီး လာမည့်လတွင် စတင်မည် ဖြစ်ပြီး၊ ကရင်လူမျိုးများကို ကော်ဖီ၊ ပဲနှင့် ဆန်သီးနှံများကို စိုက်ပျိုးစေရန် အားပေးသွားမည် ဖြစ်ပါသည်။

          ဒုဝန်ကြီးချုပ် Suthep က Ban Khun Tuen Noi တွင် အာဏာပိုင်များအား ဥပဒေကို လေးစား လိုက်နာရန်နှင့် လာမည့်နှစ်တွင် မူးယစ်ဆေးဝါး ရောင်းဝယ်မှုများကို နှိမ်နင်းရာတွင် စုစည်း ညီညွှတ်စွာ ပူးပေါင်း လုပ်ဆောင်ကြရန် ပြောကြားခဲ့ပါသည်။

          မိမိတို့သည် လာမည့်နှစ်တွင် မူးယစ်ဆေးဝါး ရောင်းဝယ်မှုနှင့် တရားမဝင် သုံးစွဲမှုများကို ၅ % ကျဆင်းအောင် လုပ်ဆောင်နိုင်မည်ဟု မျှော်လင့်ကြောင်း Suthep က ပြောကြားခဲ့ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.