Transparency Myanmar

transparency.myanmar@gmail.com

မြန်မာနိုင်ငံ မြို့တော်သစ် နေပြည်တော်ဒေသတွင် ဌာနဆိုင်ရာ အဆောက်အအုံများ၊ အိမ်ရာများ ၊ လမ်းမကြီးများ၊ ဈေးများ၊ ဟိုတယ်-မော်တယ်နှင့် အပန်းဖြေစခန်းများ ထွက်ပေါ်လာပြ ဖြစ်သော်လည်း နေပြည်တော်ဒေသ ဆောက်လုပ်ရေး လုပ်ငန်းများမှာ ဆက်လက် အကောင်အထည် ဖော်လျက် ရှိသည်ကို တွေ့ရပါသည်။ 

အုပ်ချုပ်ရေး ယန္တရား တစ်ခုလုံး ရန်ကုန်မှ နေပြည်တော်သို့ ပြောင်းရွှေ့သွားသည့် နောက်ပိုင်း ကာလများတွင် နေပြည်တော်ဒေသ မြို့သစ်ကြီး ငါးမြို့ကို ဆက်လက် အကောင်အထည်ဖော် တည်ဆောက်နေဆဲ ဖြစ်သည်။ 

မြို့တော်သစ်ကြီး ငါး မြို့မှာ ဥတ္တရာသီရိ၊ ဒက္ခိဏသီရိ၊ ပုပ္ပါသီရိ၊ ဇဗ္ဗူသီရိနှင့် ဇေယျာသီရိတို့ ဖြစ်ပြီး ယခင်ရှိပြီးသား မြို့ဟောင်း သုံးခု ဖြစ်သော ပျဉ်းမနား၊ လယ်ဝေး၊ တက်ကွန် တို့နှင့် ပေါင်းပါက နေပြည်တော် ခရိုင်ဒေသ မြို့စုစုပေါင်း ၈ ခုဖြစ်လာမည်ဖြစ်သည်။ အဆိုပါ မြို့ဟောင်းသုံးခုမှာ ယခင်က မန္တလေးတိုင်းတွင် ပါဝင်ခဲ့သော်လည်း ယခုအခါ နေပြည်တော် ဒေသပိုင်အဖြစ် ပြောင်းလဲ သတ်မှတ်လိုက်ပြီ ဖြစ်သည်။ 

ဤအတောအတွင်းမှာပင် မြို့တော်ဟောင်း ရန်ကုန်တွင် ကျန်ရှိနေသော အစိုးရဌာန ရုံးများ ကို နေပြည်တော်သို့ ပြောင်းရွှေ့နေရာချရန် အစိုးရက စီစဉ်လျက်ရှိသည်။  

သို့သော် ဝန်ကြီးဌာန ညွှန်ကြားရေး ရုံးခွဲမျာမှာ မြန်မာနိုင်ငံ တောင်ပိုင်း ဒေသ ဝန်ကြီးဌာန ရုံးခွဲများ အဖြစ် ရန်ကုန်မြို့တွင် ဆက်လက် ထားရှိမည် ဖြစ်ကြောင်း သတင်းပေးပို့ချက်များ အရ သိရသည်။ 

မြန်မာစစ်အစိုးရသည် ၂၀၀၅ခုနှစ် နိုဝင်ဘာလတွင် အုပ်ချုပ်ရေး ယန္တရားတစ်ခုလုံးကို ရန်ကုန်မြို့မှ မြောက်ဘက် ၃၉၀ ကီလိုမီတာ အကွာ နေပြည်တော်သို့ ပြောင်းရွှေ့ပစ်ခဲ့သည်။ နေပြည်တော် မြို့သစ်သည် ပဲခူးရိုးမ တောင်တန်းများနှင့် အရှေ့ဘက် ရှမ်းရိုးမ တောင်တန်းများ အကြားတွင် တည်ရှိပြီး ဧရိယာ စတုရန်းကီလိုမီတာ ၇၀၅၄ ဒဿမ ၃၇ ကျယ် ဝန်းသည်။ နေပြည်တော်တွင် လူဦးရေ စုစုပေါင်း ၉၂၄၆၀၈ ဦး ရှိကြောင်း အစိုးရက ထုတ်ပြန်သော စာရင်း ဇယားများအရ သိရသည်။ 

နေပြည်တော်သို့ ပြောင်းရွှေ့သွားပြီး တစ်နှစ်ကျော်ခန့် အကြာတွင် အစိုးရက ရန်ကုန်မြို့ တွင် ကျန်ရစ်သော အစိုးရပိုင် အဆောက်အအုံများ လေလံတင် ရောင်းချနိုင်ရေး အတွက် ကော်မတီတစ်ရပ်ကို ဖွဲ့စည်းစေခဲ့သည်။ အဆိုပါ ကော်မတီဥက္ကဋ္ဌမှာ အမျိုးသားစီးပွားရေး စီမံကိန်းနှင့် ဖွံ့ဖြိုးရေးဝန်ကြီး ဌာနဝန်ကြီး ဦးစိုးသာဖြစ်သည်။

လေလံတင် ရောင်းချသည့် အစီအစဉ်တွင် အစိုးရ ကြီးကြပ်မှုဖြင့် အကောင်အထည်ဖော် လျက်ရှိသော အိမ်ရာစီမံကိန်း အဆောက်အအုံများ၊ အဆိုပါစီမံကိန်းနှင့် ပတ်သက်သော မြေများလည်း ပါဝင်သည်။  

မြန်မာအစိုးရက နေပြည်တော် မြို့တော်သစ် တည်ဆောက်ရာတွင် အစိုးရဌာနများ၌ ကာလ ကြာရှည်စွာ အမှုထမ်းခဲ့သော ဝန်ထမ်းများအား မြေယာသစ်များ ပေးခဲ့သည်။ ယင်းသို့ မြေပေးရာတွင် အစိုးရ ဝန်ထမ်းအဖြစ် ၁၀ နှစ်၊ နေပြည်တော်တွင် ၂ နှစ် တာဝန်ထမ်းခဲ့ဖူးသူများကို ဦးစားပေး ဝယ်ယူခွင့်ပေးခဲ့ခြင်း ဖြစ်သည်။ 

ပြီးခဲ့သည့် ၂၀၀၆ ခုနှစ်မှစ၍ နေပြည်တော် စည်ပင်သာယာရေးနှင့် ဖွံ့ဖြိုးရေး ကော်မတီ သည် မြန်မာနိုင်ငံသားများအား မြေယာများ ဝယ်ယူခွင့်ပြုပြီး  နေပြည်တော်၌ လာရောက် ရင်းနှီးမြှုပ်နှံကြရန် ဖိတ်ခေါ် ခဲ့သည်။ 

အဆိုပါ မြေယာကွက်သစ်များသည် အိမ်ရာမြေများ၊ ရှော့ပင်းစင်တာများ၊ ဈေးများ၊ အဝေးပြေး ကားစခန်းများနှင့် ကားဝပ်ရှော့များ တည်ဆောက်ရန် လျာထားခြင်းဖြစ်သည်။  

နေပြည်တော် စည်ပင်သာယာရေးနှင့် ဖွံ့ဖြိုးရေး ကော်မတီအဆိုအရ အဆောက်အအုံများ ဆောက်လုပ်ပြီးသည်နှင့် တစ်ပြိုင်နက် ၁၀ နှစ်အတွင်း လွှဲပြောင်း ရောင်းချခွင့် မရှိသော နှစ် ၃၀ မြေငှားရမ်း နေထိုင်ခွင့် လက်မှတ်ရရှိမည် ဖြစ်သည်။ 

ဤအတောအတွင်းမှာပင် မြန်မာအစိုးရသည် နေပြည်တော် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် ၏ တစ်စိတ်တစ်ပိုင်းအဖြစ် နေပြည်တော်နှင့် ချိတ်ဆက်မည့် လမ်းဖောက်လုပ်ရေး စီမံကိန်း များကိုပါ အကောင်အထည် ဖော်နေသည်။ 

ရန်ကုန်မြို့နှင့် နေပြည်တော် ချိတ်ဆက်ထားသည့် ၈ လမ်းသွား အဝေးပြေး လမ်းမကြီးကိုလည်း ပြီးခဲ့သည့် မတ်လက ဖွင့်လှစ်ခဲ့သည်။ အဆိုပါလမ်းမကြီး ဖောက်လုပ်ရေး စီမံကိန်းကို ဧရာမ ဆောက်လုပ်ရေး လုပ်ငန်းကြီး ၁၂ ခုက တာဝန်ယူ ဖောက်လုပ်ပေးခဲ့ခြင်း ဖြစ်သည်။ 

အဆိုပါ ရန်ကုန်-နေပြည်တော် အဝေးပြေး လမ်းမကြီးသည် ၃၂၃ ဒဿမ ၂ ကီလိုမီတာ ရှည်လျားသည်။ နေပြည်တော်သို့ ယခင်လမ်းဟောင်းဖြစ်သော ရန်ကုန် - မန္တလေးအဝေး ပြေး လမ်းမကြီးမှ သွားပါက ၅၆၃ ကီလိုမီတာခန့် ဝေးကွာသည်။  

ထို့ပြင် မြန်မာအစိုးရသည် ယခင် ပျဉ်းမနားဘူတာနှင့် နီးကပ်သော နေရာတွင် နေပြည်တော် ဘူတာသစ်တစ်ခုကို တည်ဆောက်လျက် ရှိသည်။ နေပြည်တော်တွင် နေထိုင်သူများ လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်ရန် တည်ဆောက်ခြင်း ဖြစ်ကြောင်း၊ ဆောက်လုပ်ရေး အတွက် လိုအပ်သော လေ့လာ တိုင်းထွာမှုများကို ဆောင်ရွက်ဆဲဖြစ် ကြောင်း အစိုးရက ဆိုသည်။ 

အဆိုပါ ဘူတာသစ်မှာ မကြာသေးခင်က တည်ဆောက်မှု ပြီးဆုံးသွားပြီဖြစ်သည် ဟုဆိုသော နေပြည်တော် ဘူတာသစ်ကြီး ပြီးသည့်နောက် ဒုတိယမြောက် ဘူတာ ဖြစ်လာမည် ဖြစ်သည်။ 

တရိစ္ဆာန်ဥယျဉ်၊ ရေတံခွန်၊ ပရဆေးဥယျာဉ် ၊အမျိုးသားအထိမ်းအမှတ်ဥယျာဉ် နှင့် ငါးလိုက် ကန်သာ အပန်းဖြေစခန်း တို့မှာလည်း တည်ဆောက်ပြီးစီး သွားပြီဖြစ်သည်။ ထို့ပြင် မြန်မာပုဂ္ဂလိက ကုမ္ပဏီများက နေပြည်တော်တွင် ရှော့ပင်းစင်တာများ၊ ကုန်တိုက်များ စုစုပေါင်း ၄၂ ခုကို တာဝန်ယူ တည်ဆောက်လျက် ရှိသည်။ နေပြည်တော်သို့ လာရောက်လ ည်ပတ်မည့် သူများကို ဆွဲဆောင်နိုင်ရန် ရည်ရွယ်၍ တည်ဆောက်နေခြင်း ဖြစ်သည်။  

နေပြည်တော်တွင် အစိုးရဌာနများ၊ အိမ်ရာစခန်းများ၊ ပုဂ္ဂလိကဆေးရုံနှင့်ဘဏ်များ၊ မြန်မာ့ ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်ကြီးများ အသင်း ကဲ့သို့သော ခေတ်မီသည့် အဆောက်အအုံ များလည်း ပေါ်ထွက်ခဲ့ပြီးဖြစ်သည်။ နာမည်ကျော် ရွှေပုဇွန်မုန့်တိုက်ပင် ပါရှိသေးသည်။ 

တစ်ချိန်တည်းမှာပင် အခြားသော ဆောက်လုပ်ရေး ကုမ္ပဏီများကလည်း ခေတ်မီ ရှော့ပင်းစင်တာကြီးများကို တရှိန်ထိုး တည်ဆောက်လျက်ရှိပြီး အချို့မှာ အပြီးသတ် အဆင့်သို့ ရောက်ရှိနေကြောင်း သိရသည်။ အဆိုပါ ရှော့ပင်းစင်တာများထဲတွင် နေပြည်တော် Junction Center ကို ပြီးခဲ့သည့် သြဂုတ်လက ဖွင့်လှစ်ခဲ့သည်။ Junction Centerကို ရွှေတောင် ဆောက်လုပ်ရေးက တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

ဆိုပါက မြန်မာနိုင်ငံ မြိုတော်သစ် နေပြည်တော်သည် လာမည့် ဆယ်စုနှစ် တစ်ခုလောက် တွင် မြို့တော်အင်္ဂါရပ်နှင့် ပြည့်စုံသော အဆင့်သို့ ရောက်ရှိလာမည်ဟု ခန့်မှန်းရပါသည်။ 

Xinhua သတင်းဌာန၏ Construction of Myanmar new capital continues ကို ဆီလျော်အောင် ဘာသာ ပြန်ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Associated Press, 24 Dec 2009

          ကြာသပတေးနေ့က ကျင်းပသော ကုလသမဂ္ဂ အထွေထွေညီလာခံက မြန်မာနိုင်ငံတွင်းရှိ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ပြင်းထန်စွာ ရှုတ်ချလိုက်ပြီး ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်ကို လွှတ်ပေးရန် စစ်ဖက် အုပ်ချုပ်သူများကို တိုက်တွန်း လိုက်ပါသည်။

          အရေးယူမည့် အစီအစဉ်များနှင့် ချိတ်ဆက်ထားခြင်း မရှိသော ကုလသမဂ္ဂ ဆုံးဖြတ်ချက် အရ လာမည့်နှစ် အထွေထွေ ရွေးကောက်ပွဲများကို နိုင်ငံရေး ပါတီအားလုံးအတွက် တခါးဖွင့်ပေးရန် အချက်ကိုလည်း တိုက်တွန်းထားပါသည်။

          ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီသည် ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော်လည်း ၁၉၆၂ ကပင် နိုင်ငံကို အုပ်ချုပ်ခဲ့သော တပ်မတော်က အဆိုပါရလဒ်များကို အသိအမှတ်ပြု လေးစားခြင်း မရှိခဲ့ပါ။

          အသက် ၆၄ နှစ်ရှိ ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် လွန်ခဲ့သော အနှစ် ၂၀ အတွင်း ၁၄ နှစ်ခန့် နေအိမ်တွင် အကျယ်ချုပ် ထိန်းသိမ်းခြင်း ခံနေရကာ ပြီးခဲ့သော သြဂုတ်လက သူမ၏ အကျယ်ချုပ်ပြစ်ဒဏ်ကို နောက်ထပ် ၁၈ လ သက်တမ်း တိုးခဲ့ခြင်းကြောင့် အကယ်၍ဗဟို တရားရုံးကသာ သူမ၏ အယူခံလွှာကို ပြန်လည်ကြားနာ၍ ပြစ်ဒဏ်ကို လျော့ပေါ့ခြင်း မပြုလုပ်ခဲ့ပါက လာမည့်နှစ် ရွေးကောက်ပွဲများတွင် သူမပါဝင်နိုင်မည်မဟုတ်ပါ။

          ကြာသပတေးနေ့ အစောပိုင်းက ကျင်းပခဲ့သော ကုလသမဂ္ဂ အဖွဲ့ဝင် ၁၉၂ နိုင်ငံ၏ ၂၀၀၉ ခုနှစ် နောက်ဆုံးအစည်းအဝေးတွင် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ပြစ်တင် ရှုတ်ချသည့် ဆုံးဖြတ်ချက်အား ထောက်ခံမဲ ၈၆၊ ကန့်ကွက်မဲ ၂၃၊ ကြားနေ ၃၉ မဲနှင့် ပျက်ကွက် ၄၄ နိုင်ငံနှင့် လက်ခံ အတည်ပြုခဲ့ပါသည်။

          ဒေါ်အောင်ဆန်းစုကြည်အား လတ်တလော ကြားနာစစ်ဆေးမှုနှင့် ပြစ်ဒဏ် ချမှတ်ထား မှုများနှင့် ပတ်သက်၍ အကြီးအကျယ် စိုးရိမ်ပူပန်နေကြောင်း ကုလသမဂ္ဂ ဆုံးဖြတ်ချက်တွင် ဖော်ပြ ထားပြီး သူမနှင့်တကွ နိုင်ငံရေး အကျဉ်းသား အားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးရန် တောင်းဆို လိုက်ပါသည်။

          မြန်မာပြည်သူများ၏ အခြေခံလွတ်လပ်ခွင့်များနှင့် လူ့အခွင့်အရေးများ အပေါ်စနစ်တကျ ချိုး ဖောက် ကျူးလွန်နေသော ကိစ္စများကို ကုလသမဂ္ဂက အပြင်းအထန် ရှုတ်ချကြောင်း ဆုံးဖြတ် ခဲ့ပါသည်။ ပျောက်ဆုံးနေသော (သို့) ထိန်းသိမ်း ဖမ်းဆီးထားသော ပြည်သူများ မည်သည့်နေရာ တွင် ရောက်ရှိနေသည် ဆိုသည်ကို ထုတ်ဖော် ရှင်းလင်းရန် မြန်မာအစိုးရကို တောင်းဆိုလိုက်ပါသည်။

          အဆိုပါ ကုလသမဂ္ဂ ဆုံးဖြတ်ချက်ကို မြန်မာအစိုးရက ပယ်ချခဲ့ပြီး ကြီးမားသော နိုင်ငံရေး ထိုး နှက်မှု တစ်ခုသာ ဖြစ်သည်ဟု ပြောဆိုခဲ့ပါသည်။

          မြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ်သို့ ချော့မွေ့စွာ အသွင်းကူးပြောင်းရေး လမ်းကြောင်း ပေါ်တွင် ရှိနေပြီး လာမည့်နှစ် ပါတီစုံ ရွေးကောက်ပွဲများအတွက် ပြင်ဆင်နေသည်ဟု မြန်မာအစိုးရက အကြောင်းပြခဲ့ပါသည်။

          နိုင်ငံရေးအရ ရည်ရွယ်ချက်ဖြင့် လူ့အခွင့်အရေး ကိစ္စများကို တလွဲအသုံးပြုခြင်းကို လက်မခံနိုင် ကြောင်း၊ မိမိတို့၏ ပြည်တွင်းနိုင်ငံရေးတွင် မည်သည့် ကြားဝင်နှောက်ယှက်မှုကိုမှ ခွင့်မပြုနိုင်ကြောင်း ဖြင့် မြန်မာအစိုးရက တင်းမာစွာ တုန့်ပြန်ခဲ့ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Mizzima, By Mungpi,24 Dec 2009

          မြန်မာစစ်အစိုးရသည် ရုရှားထံမှ လက်နက်များ ဝယ်ယူရန် ဆုံးဖြတ်ချက် ချခဲ့ရခြင်းမှာ ၂၀၁၀ ရွေးကောက်ပွဲအပြီး တက်လာမည့် အစိုးရသစ် လက်ထက်တွင် ဘတ်ဂျက် အကန့်အသတ်များ ရှိလာမည်ကို စိုးရိမ်သောကြောင့် ဖြစ်မည်ဟု ထင်ရကြောင်း ဝေဖန်သုံးသပ်သူတစ်ဦးက ပြောကြားခဲ့ပါသည်။

          ထိုင်းနိုင်ငံ ချင်းမိုင် အခြေစိုက် မြန်မာ့အရေးလေ့လာသူ ဝင်းမင်းက စစ်အစိုးရအနေဖြင့် လာမည့် နှစ်ရွေးကောက်ပွဲအတွက် အလုပ်ရှုပ်နေချိန်တွင် ရုရှားမှ Mig 29 Fulcrum D တိုက်လေယာဉ်များ ဝယ်ယူရန် ဆုံးဖြတ်ခြင်းမှာ အထက်ပါ အကြောင်းကြောင့် ဖြစ်လိမ့်မည်ဟု ထင်ကြောင်း ပြောကြားခဲ့ပါ သည်။

          ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ရုရှား၏ စီးပွားရေး နေ့စဉ်သတင်းစာ Vedomosti က မဇ္ဈိမသို့ ပြောကြားခဲ့ရာတွင် ရုရှားသည် Mig 29 K/KUB အစီး ၂၀ နှင့် Mi 35 တိုက်ခိုက်ရေးရဟတ်ယာဉ် ၈ စီး မှ ၁၀ စီးခန့်၊ စုစုပေါင်း တန်းဖိုးအမေရိကန်ဒေါ်လာသန်း ၆၄၀ ခန့်ကို ရောင်းချရန် စာချုပ်ချုပ်ဆိုပြီးဖြစ် ကြောင်း၊ ၂၀၁၀ တွင် ပေးအပ်ရန်ဖြစ်ကြောင်း ပြောခဲ့ပါသည်။

          အဆိုပါ လက်နက်ဝယ်ယူမှု သတင်းသည် နိုဘယ်ဆုရ စီးပွားရေးပညာရှင် Joseph Stiglitz မြန်မာနိုင်ငံသို့ လာရောက်အပြီးတွင် ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပြီး Stiglitz က မြန်မာအစိုးရကို စစ်တပ် အသုံးစရိတ်များ လျော့ချ၍ ပညာရေး ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် အကြံပြုခဲ့ပါသည်။ မြန်မာစီးပွားရေး သည် ပညာရေး စနစ် နိုးထလာမှု လိုအပ်သည်ဟု ဆိုပါသည်။

          Stiglitz က ထပ်မံ အကြံပြုရာတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ကဲ့သို့သော သဘာဝအရင်း အမြစ်များ ရောင်းချရငွေသည် တိုင်းပြည်ကို ကဏ္ဍသစ်တစ်ရပ် ဖွင့်လှစ်နိုင်မည်ဖြစ်သော်လည်း မှန်ကန် အကျိုးရှိစွာ အသုံးချနိုင်ခြင်း မရှိပါက တန်ဖိုးရှိသော အခွင့်အရေးကို လက်လွှတ် ဆုံးရှုံးလိုက်ရမည် ဖြစ်ကြောင်း ပြောခဲ့ပါသည်။

          ထို့အပြင် မြန်မာစစ်အစိုးရသည် စစ်တပ်ပိုင် စီးပွားရေး အဖွဲ့အစည်းများဖြစ်သော ပြည်ထောင်စု မြန်မာနိုင်ငံ စီးပွားရေးဦးပိုင်(UMEH) နှင့် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC) တို့ကို ထပ်မံ တိုးချဲ့လျက်ရှိကြောင်း၊ အစိုးရအဖွဲ့သစ် တက်လာပြီး နောက် စစ်တပ်သည် ပါလီမန်၏ ထိန်းချုပ်မှုမှ ကင်းလွတ်သော စီးပွားရေး လုပ်ငန်းများမှ ၎င်း၏ ကိုယ်ပိုင်ဘတ်ဂျက်များ အတွက် အာမခံချက် ရှိစေရန် ဖြစ်ကြောင်း ဝင်းမင်းက ထပ်လောင်းပြောကြားခဲ့ပါသည်။

          HMEH ကို ကာကွယ်ရေး ဝန်ကြီးဌာန ပစ္စည်းဝယ်ယူရေး ညွှန်ကြားရေးမှူးရုံးမှ တာဝန်လည်ပတ်ပြီး ဖက်စပ်လုပ်ငန်း အများအပြား လုပ်ကိုင်လျက်ရှိပါသည်။ MEC သည် စီးပွားရေး လုပ်ငန်းများမှ ဝင်ငွေကို ကာကွယ်ရေး အသုံးစရိတ်အတွက် အသုံးပြုပြီး၊ UMEH သည် စစ်သားများ နှင့် မိသားစုများကို ဝင်ငွေရရှိအောင် ပြုလုပ်ပေးပါသည်။

          စစ်တပ်သည် ကလေးများ အမြဲတမ်း ကစားစရာ အရုပ်ကို လိုချင်သလို၊ သူတို့သည် လက်နက် အသစ်များကို အမြဲလိုချင်ကြောင်း ဝင်းမင်းကပြောပါသည်။ ဝမ်းနည်းစရာကောင်းသည့် အချက်မှာ Stiglitz အကြုံပြုသလို ကာကွယ်ရေး အသုံးစရိတ် လျော့ချပြီး ပညာရေးနှင့် ကျန်းမာရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရမည့် အစား အမြဲတမ်း လိုချင်စိတ် ဖြစ်နေသည့် အရုပ်သစ်များ ဝယ်ယူရေးကိုသာ စိတ်ဝင်စားနေခြင်း ပင်ဖြစ်ကြောင်း ၎င်းကပြောပါသည်။

          လက်နက်ဝယ်ယူမှု စာချုပ်ကို ဆန့်ကျင်သည့် အနေဖြင့် နယူးဒေလီရှိ ဒီမိုကရေစီ လှုပ်ရှားသူ မြန်မာ ၁၂ ဦးခန့်သည် ကြာသပတေးနေ့ နေ့လည်က ရုရှားသံရုံးရှေ့တွင် ဆန္ဒပြခဲ့ကြပါသည်။

          မြန်မာနိုင်ငံတွင် ရန်သူမရှိကြောင်း၊ လက်နက်ဝယ်ရန် မလိုအပ်ကြောင်း၊ ယခုလက်နက်များမှ မြန်မာနိုင်ငံသားများကို ဖိနှိပ်ရာတွင် အသုံချမှ ဖြစ်ကြောင်း ရွှေသဘာဝဓာတ်ငွေ့ လှုပ်ရှားမှုမှ Salong က မဇ္ဈိမသို့ ပြောကြားခဲ့ပါသည်။

          ဆန္ဒပြရာတွင် ကြွေးကြော်သံများမှာ "ငြိမ်းချမ်းရေးကို အလိုရှိသည်၊ MIG 29 ကိုအလိုမရှိ"၊ "ဟေ့ရုရှား၊ ငါတို့ ငြိမ်းချမ်းရေးကို အလိုရှိသည်" ဟူ၍ ဖြစ်သည်။ ဆန္ဒပြသူများက ပြောကြားရာတွင် မြန်မာအစိုးရသည် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရောင်းရငွေများကို ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် အသုံးပြုရမည့် အစား လက်နက်များကိုသာ ဝယ်ယူနေသည်ဟု ပြောကြားခဲ့ပါသည်။

          Vedomosti နေ့စဉ်၏ အဆိုအရ မြန်မာအစိုးရသည် Mig 29 K/KUB တိုက်လေယာဉ် ၁၂ စီး ကို ၂၀၀၁ ခုနှစ်က ဝယ်ယူခဲ့ဘူးကြောင်းသိရှိရပါသည်။ မြန်မာအစိုးရသည် ၁၉၈၉ ခုနှစ်ခုမှ စတင်၍ ယနေ့အထိ အမေရိကန်ဒေါ် ၂ ဘီလီယံ တန်ဖိုးရှိ လက်နက်များဝယ်ယူခဲ့ပြီး တရုတ်နိုင်ငံမှ အဓိက ဝယ်ယူခဲ့သည်ဟုဆိုပါသည်။

          စစ်တပ်သည် မြန်မာနိုင်ငံကို လွန်ခဲ့သော အနှစ်နှစ်ဆယ်မှစ၍ အုပ်ချုပ်လာရာ GDP ၏ ၃% ထက်နည်းသော ငွေကိုသာ ကျန်းမာရေးနှင့် ပညာရေးတွင် အသုံးပြုပြီး ၄၀% ခန့်ကို စစ်တပ်အသုံးစရိတ်အဖြစ်အသုံးပြုပါသည်။

          ယခုတိုက်လေယာဉ်များ ဝယ်ယူရခြင်း နောက်ထပ်အကြောင်းတစ်ခုမှ တရုတ်နှင့် ဘင်္ဂလာဒေ့ရှ် နယ်စပ်များ ကိစ္စအတွက် လေယာဉ်ကို အင်အား ပိုမိုတောင့်တင်းစေရန် ဖြစ်နိုင်ကြောင်း ဝင်းမင်းက ပြောပါသည်။

          လက်နက်ကိုင် တိုင်းသားအဖွဲ့များကို ခြိမ်းခြောက်ရန်၊ အထူးသဖြင့် ဝ တပ်(UWSA)ကို နယ်ခြားစောင့် တပ်အသွင်ပြောင်းရေးအတွက် သဘောတူစေရန် လေတပ်ကို အားဖြည့်ပြီး ခြိမ်းခြောက်ရန် ရည်ရွယ်ပုံရကြောင်း ဝင်းမင်းကပြောပါသည်။

          ထို့အပြင် ဘင်္ဂလာဒေ့ရှ်နှင့် ရေပိုင်နက် အငြင်းပါမှုတွင် ညှိနှိုင်းရာ၌ ပါဝါရှိစေရေးအတွက် တိုက် လေယာဉ်များ ဝယ်ယူခြင်း ဖြစ်လိမ့်မည်ဟု ဝင်းမင်းကသုံးသပ်ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

BBC News, 23 Dec 2009

          ဗီယက်နမ်နိုင်ငံသို့ ဒေါ်လာသန်း ၅၀၀ ငွေချေးမည့် အစီအစဉ်ကို ကမ္ဘာ့ဘဏ်က အတည်ပြုလိုက်ပြီး ၎င်းအစီအစဉ်သည် အရှေ့တောင်အာရှ နိုင်ငံတခုသို့ အကြီးမာဆုံး ငွေချေးငှားမှု ဖြစ်ပါသည်။

          ယခုချေးငွေကို ကမ္ဘာ့ဘဏ်၏ အတိုးနှုန်းနိမ့် ချေးငှားခြင်းဆိုင်ရာ ဌာနခွဲတစ်ခုဖြစ်သော International Bank for Reconstruction and Development မှ ထောက်ပံ့မည် ဖြစ်သည်။

          ယခုချေးငွေသည် ဆင်းရဲနွမ်းပါးသော နိုင်ငံများထက် အလယ်အလတ် ဝင်ငွေရှိသော နိုင်ငံများကို ချေးငှားသည့် အစီအစဉ်ဖြစ်၍ ဗီယက်နမ်နိုင်ငံသို့ ပထမဆုံးအကြိမ် ချေးငွေထုတ်ပေးခဲ့ ခြင်းဖြစ်သည်။

          ယခုပိုက်ဆံများကို အများပိုင် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ပြုပြင်ပြောင်းလဲရေး အစီအစဉ်ကို တွန်းအားပေးရန် အသုံးပြုမည်ဖြစ်ပါသည်။

          ၇ နှစ်ပင် မပြည့်သော အချိန်အတောအတွင်း အကြွေးများ စွာတင်နေသော နိုင်ငံအဆင့်မှ အလယ်အလတ် ဝင်ငွေရှိသော နိုင်ငံအဆင့်အတန်းသို့ ရောက်ရှိလာသည့် ဗီယက်နမ်အတွက် ယခုကိစ္စသည် အရေးပါသော မှတ်တိုင်တစ်ခုဖြစ်သည်ဟု ကမ္ဘာဘဏ်မှ Jim Adams က ပြောကြား ပါသည်။

          သို့သော်လည်း ကမ္ဘာ့စီးပွားရေးကျဆင်းမှု ရင်ဆိုင်နေရသော ၎င်း၏ အများပိုင် ရင်းနှီးမြှုပ်နှံမှု အစီအစဉ်ကို ရှေ့ဆက်နိုင်ရန်အတွက် ဗီယက်နမ်က ချေးငွေအကူအညီ လိုအပ်နေခြင်းဖြစ်သည်။

          လွန်ခဲ့သော နှစ်နှစ်အတွင်းတွင် ဗီယက်နမ်သည် ၂၀၀၇ ၌ ကြီးမားသော မတည်ငွေရင်းများ စီးဝင်လာခြင်း၊ ၂၀၀၈ တွင် လူသုံးကုန်ပစ္စည်းများ ဈေးတက်သွားခြင်း၊ ထို့နောက် ကမ္ဘာ့စီးပွားကျကပ်၏ ရလဒ်ကြောင့် ပို့ကုန်လုပ်ငန်း ကျဆင်းသွားခြင်း စသော စီးပွားရေးလိုင်း တန်ဖိုးများကို အောင်မြင်စွာ ကျော်လွှားခဲ့သော အတွေ့အကြုံများ ရှိနေပါသည်ဟု ကမ္ဘာဘဏ်က ဆိုပါသည်။

          နိုင်ငံ၏ အနာဂတ်ဖွံ့ဖြိုးရေး ယုံကြည် စိတ်ချရစေရန်အတွက် ချေးငွေအကူအညီ လိုအပ်နေခြင်း ဖြစ်သည်ဟုလည်း ပြောကြားခဲ့ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

တရုတ်ပညာရှင်ကြီးများအဖွဲ့ (Think-Tank) တစ်ခုက လေ့လာ သုတေသနပြုချက် အရ တရုတ်နိုင်ငံ လူ့အဖွဲ့အစည်းတွင် မတည်မငြိမ်မှုများ ဖြစ်ပေါ်လျက် ရှိကြောင်း သိရသည်။

တရုတ်နိုင်ငံသည် မကြုံစဖူးသော ဆိုရွားလှသည့် လူမှုရေး ပြဿနာများဖြင့် ရင်ဆိုင် ကြုံတွေ့နေရသည်ဟု တရုတ်ပြည် လူမှုရေးသိပ္ပံ အကယ်ဒမီ (CASS) ကထုတ်ပြန်သော အစီရင်ခံစာ တစ်ရပ်က ဆိုသည်။  

တရုတ်တစ်ပြည်လုံး အတိုင်းအတာဖြင့် လူမှုရေး မတည်မငြိမ်မှုများကို ထိန်ချုပ်ရန် ကြိုးစားနေသော်လည်း ရာဇဝတ်မှုများ အဆမတန် များပြားလာကြောင်း CSAA က ဆိုသည်။ 

တရုတ်ပြည်၏ စီပွားရေး ဖွံ့ဖြိုးတိုးတက်မှုကြောင့် အလုပ်အကိုင် အခွင့်အလမ်း များစွာကို ဖန် တီး ပေးနိုင်ခဲ့ကြောင်း၊ သို့တိုင်အောင် ၂၀၀၉ ခုနှစ်အတွင်း တရုတ်နိုင်ငံတွင် မကြုံဖူးသော လူမှုရေး မတည်မငြိမ်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း အဆိုပါ အစီရင်ခံစာက ဆိုသည်။ 

အဆိုပါ လူမှုရေးဆိုင်ရာ သုံးသပ်ချက် အစီရင်ခံစာနှင့် လက်ရှိအခြေအနေတို့က တရုတ်ပြည်၏ ပေါ်လစီ ရေးဆွဲသူများကို များစွာ တပ်လှန့်လိုက်ရာ ရောက်သွားသည်။ 

တရုတ်အစိုးရ အရာရှိများ၏ ရာထူးအဆင့်လိုက် ပါဝါအလွဲသုံးစား ပြုလုပ်မှုကြောင့် တရုတ် လူ့အဖွဲ့အစည်းအတွင်း ဆိုးရွားသော မတည်မငြိမ်မှုများ ထွက်ပေါ်လာခြင်း ဖြစ်သည်ဟု အစီရင်ခံစာ ရေးသူများက ယုံကြည်ကြသည်။ 

ပြီးခဲ့သည့် ဇွန်လအတွင်းက တရုတ်ပြည် အလယ်ပိုင်းတွင် ဖြစ်ပွားခဲ့သော ဆန္ဒပြမှုတွင် ပါဝင်သူများစွာကို အင်တာဗျူး ပြုလုပ်ပြီးနောက် အဆိုပါ အစီရင်ခံစာကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း CASS က ပြောကြားသည်။ သို့သော် အနောက်မြောက်ပိုင်း ဒေသရှိ ဇီကျန်း ပြည်နယ်တွင် ဖြစ်ပွားခဲ့သော လူမျိုးရေး ပဋိပက္ခကိစ္စကို ထည့်သွင်း ရေးသားခဲ့ခြင်း မရှိဟု ဆိုသည်။ 

ကျေးလက်-မြို့ပြ ကွာဟချက် 

၂၀၀၉ ခုနှစ် ဇန်နဝါရီမှ အောက်တိုဘာ လအတွင်း ရာဇဝတ်မှုများ ပိုမိုဖြစ်ပွားခဲ့သည် ဟု အစိုးရက ထုတ်ပြန်သော စာရင်းဇယားများက ဆိုသည်။ အဆိုပါ ကာလအတွင်း လူပေါင်း လေးသန်းကျော်မှာ ရာဇဝတ်မှု အကြီးစားကို ကျူးလွန်ခဲ့ကြကြောင်း၊ အဆိုပါ ကိန်းဂဏန်း မှာ ၁၀၀၈ ခုနှစ်ကထက် ၁၅ ရာခိုင်နှုန်းခန့် မြင့်တက်လာခြင်း ဖြစ်ကြောင်း သိရသည်။ 

တရုတ်ပြည်၏ ပေါ်လစီများမှာ စီပွားရေး ဖွံ့ဖြိုးတိုးတက်မှု အသီးအပွင့်များကို ပြည်သူအများစု မျှဝေ မခံစားရအောင် ဟန့်တား ထားသကဲ့သို့ ရှိသည်ဟု အစီရင်ခံစာက ဆိုသည်။ 

ကျေးလက်နှင့် မြို့ပြဒေသ ကွာဟမှုမှာ ပိုမိုကြီးထွားလာသည် ကိုတွေ့ရကြောင်း၊ တရုတ်ပြည် ၏ GDP တိုးတက်မှု နှုန်းသည် ကျေးလက်ဒေသ လူဦးရေကို အသုံးချကာ မြင့်တက်လာခြင်း ဖြစ်ကြောင်း CASS က ဥပမာများဖြင့် ညွှန်းဆို ရေးသားခဲ့သည်။  

တရုတ်ကွန်မြူနစ် အစိုးရက အကောင်အထည်ဖော် ဆော်သြလျက်ရှိသော ဟန်ချက်ကျ သည့် လူ့အဖွဲ့အစည်း ဟူသော ဆောင်ပုဒ်ကို အဆိုပါ အစီရင်ခံစာက ပြစ်တင် ဝေဖန်ထားသည်။ တရုတ်အစိုးရက မီဒီယာများကို ချုပ်ကိုင်ရန် ကြိုးပမ်းလာသည်နှင့် အမျှ တရုတ်ပြည်သူများမှာ အင်တာနက်ကို ပိုမိုအသုံးချ ပြီး အစိုးရအရာရှိကြီးများ၏ အလွဲသုံးစားမှုများကို ထုတ်ဖော်နေသည်မှာ အားရဖွယ် ဖြစ်သည်ဟု လည်း အဆိုပါ အစီရင်ခံစာက ချီးကျူးထားသည်။ 

BBC သတင်းဌာနမှ Social Unrest Rising in China ကို ဘာသာပြန်ဆိုသည်

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.