Transparency Myanmar

transparency.myanmar@gmail.com

Global Post , By Patrick Winn, 28th December 2009

          အမေရိကန်နှင့် မြန်မာနိုင်ငံတို့၏ ဆက်ဆံရေးသည် နွေးထွေးသော လက္ခဏာ ပြသနေပြီ ဆိုသော်လည်း မြန်မာနိုင်ငံသည် အမေရိကန် အစိုးရ၏ ပြင်းထန်သော အရေးယူ ပိတ်ဆို့မှုကို ခံနေရဆဲ ဖြစ်ပါသည်။

          မြန်မာ အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ပြစ်ဒဏ်ပေးသော အနေဖြင့် အမေရိကန် အစိုးရသည် မြန်မာနိုင်ငံတွင် ရင်းနှီး မြှုပ်နှံရန်နှင့် မြန်မာပစ္စည်းများ တင်သွင်းရန် ခွင့်မပြုခဲ့ပေ။ ထို့ကြောင့် အမေရိကန် တို့အနေဖြင့် မြန်မာနိုင်ငံမှ နှစ်သက်ဖွယ် ကောင်းသော သယံဇာတများ ဖြစ်သော ရှားပါးသော သစ်များနှင့် ကျောက်စိမ်းတို့ကို ဝယ်ယူခြင်းကို တားမြစ် ခံထားရပါသည်။ တစ်နည်းအားဖြင့် အဆိုပါ ပစ္စည်းများကို ဝယ်ယူခြင်းဖြင့် ဖိနှိပ်သော စစ်အစိုးရကို ငွေကြေး ထောက်ပံ့ပြုရာ ရောက်သည်ဟု ဆိုခြင်းကြောင့် ဖြစ်သည်။

          သို့သော် အမေရိကန် နိုင်ငံတွင် ပရိဘောဂ အရောင်း ကိုယ်စားလှယ်များသည် မြန်မာ့ကျွန်းသစ်ကို ကြော်ငြာ၍ ရောင်းဝယ်နေကြသည်။ မြန်မာ့ကျွန်းသစ်သည် ရှားပါးပြီး အရည်အသွေး ကောင်းမွန်မှုကြောင့် တဖြည်းဖြည်း ဈေးတက်လာနေပါသည်။ မြန်မာနိုင်ငံ၏ နာမည်ဆိုးကြောင့် အမေရိကန်တို့၏ တင်းကြပ်သော ဥပဒေများ ချမှတ်ထားသော်လည်း အမေရိကန်တို့သည် Website မှတစ်ဆင့် မြန်မာ့ သစ်မာများကို အလွယ်တကူ ဝယ်ယူနိုင်ဆဲပင် ဖြစ်ပါသည်။

          အဆိုပါ အရည်အသွေး ကောင်းသော သစ်များသည် စစ်အစိုးရအတွက် အကြီးမားဆုံး ငွေရပေါက်ရလမ်း ဖြစ်ရာ အဆိုပါငွေများဖြင့် ကိုယ့်တိုင်းပြည်ကို ပြန်ပြီး ဖိနှိပ်လျက် ရှိပေသည်။

          ဗြိတိန်နိုင်ငံ၏ အမြတ်ရယူသည့် လုပ်ငန်း မဟုတ်သည့် Global Witness ၏ အဆိုအရ ၂၀၀၇-၀၈ ခုနှစ်တွင် သစ်အမျိုးမျိုး တင်ပို့ ရောင်းရငွေသည် တိုင်းပြည်၏ စတုတ္ထ အများဆုံး ပို့ကုန်တန်ဖိုး ရှိခဲ့သည်ဟု သိရှိရပါသည်။ အာဖရိက၏ Blood Diamond စိန် ရောင်းဝယ်ရေးကို နာမည်ကျော်အောင် ပြုလုပ်ပေးခဲ့သော ရှေ့နေအဖွဲ့ တစ်ခုသည် မြန်မာ့သစ် ရောင်းဝယ်ရေးကို ရပ်ဆိုင်းသွားအောင် ပြင်းပြင်းထန်ထန် လုပ်ဆောင်လျက် ရှိပါသည်။

          ထို့အပြင် သစ်များ ခုတ်ယူမှုကြောင့် သစ်တောများ ပျက်စီးပြီး၊ ကမ္ဘာပေါ်တွင် ပတ်ဝန်းကျင်ဆိုင်ရာ ခြိမ်းခြောက်မှုများ ရှိလာကြောင်း Global Witness မှ သစ်တော ကျွမ်းကျင်သူ Jon Buckrell က ဆိုပါသည်။

          ယခု ၂၀၀၉ ခုနှစ် ဒီဇင်ဘာလတွင် အမေရိကန် ကုမ္ပဏီများသည် အင်တာနက်တွင် "မြန်မာ့သစ်" ဟူ၍ ပြောင်ကျကျ ကြော်ငြာ၍ ရောင်းချလာကြပါသည်။ ၎င်းတို့တွင် Floors To Go's က "Ulysses Burmese Teak" ဟုလည်းကောင်း၊ Can Trust Hardwood က "Solid Burmese Teak" ဟူ၍ လည်းကောင်း၊ Corona Hardwood က "Burma Mahogany" ဟူ၍ လည်းကောင်း၊ ကြော်ငြာခဲ့ကြပါသည်။ အဆိုပါ လုပ်ငန်းများသို့ မှတ်ချက်ပေးရန် ဆက်သွယ်ခဲ့ရာ Corana Hardwood တစ်ခုကသာ တုံ့ပြန်ခဲ့ပါသည်။ ၎င်းက တင်သွင်းသူ Elegance Wood Flooring ကို အဆိုပါသစ်များ အတွက် မူရင်းနိုင်ငံကို မေးမြန်းခဲ့ပါသည်။ အဆိုပါ တင်သွင်းသူကလည်း E-mail ဖြင့် ပြန်ကြားရာတွင် Burma Mahogany အတွက် မည်သည့် မှတ်ချက်မျှ မပေးခဲ့ပေ။ ၎င်းက မူရင်းနိုင်ငံကို Web Site ၌ ကြော်ငြာရာတွင် "Burma / Thiland"  ဟု အမည်တပ်ခဲ့သည်။

          မြန်မာ့ကျွန်းသစ်သည် စကြာဝဠာတွင် အလှပဆုံးသစ်အဖြစ် ဆိုရမည် ဖြစ်ပါသည်။ ၎င်းသည် ပျက်စီးခြင်း မရှိဘဲ၊ အရည်အသွေး ကျဆင်းသွားခြင်း မရှိဘဲ၊ မိုးထဲ လေထဲတွင် သဘာဝအတိုင်း ကြာရှည်ခံသောသစ် ဖြစ်ပါသည်။ ၎င်းကို ဗြိတိသျှတို့၏ Colonial – era navy စတိုင်အိမ်များ ဆောက်ရာတွင် ပိုမို အသုံးပြုကြပါသည်။ သက်တမ်း ရင့်သော ကျွန်းများကို ဝရံတာများ၊ ဝရံတာတွင် ထားရှိမည့် ပရိဘောဂများနှင့် ရွက်လှေများ တည်ဆောက်ရာတွင် အသုံးပြုပါသည်။ မြန်မာ့ကျွန်းသစ်သည် လူချမ်းသာများသာ အသုံးပြုနိုင်သည့် လူတန်းစား အမှတ်အသားတစ်ခု ဖြစ်ပါသည်။

          အမေရိကန်၏ ဖက်ဒရယ် ဥပဒေအရ မြန်မာသစ်များကို တင်သွင်းခြင်းကို ပိတ်ပင်ထားသော်လည်း၊ တင်သွင်းသူများသည် ဥပဒေ၏ ဟာကွက်များကို အသုံးချခဲ့ကြပါသည်။

          ၂၀၀၃ ခုနှစ်မှ စ၍ အမေရိကန် သမ္မတများသည် Burma Freedom and Democracy Act ကို နှစ်စဉ် အသစ် ပြန်လည် အတည်ပြုကြရာတွင် မြန်မာနိုင်ငံမှ ထုတ်ကုန် မှန်သမျှ တင်သွင်းရန် တားဆီး ပိတ်ပင်ထားပါသည်။

          ထိုဥပဒေကို လက်တစ်လုံးခြား လုပ်နိုင်ရန် အမေရိကန် သစ်လုပ်ငန်းရှင်များသည် မြန်မာသစ်များကို တရုတ်နိုင်ငံမှ တင်သွင်းကြပါသည်။ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမှ သစ်လုံးများကို ကားများ ဖြင့် နယ်စပ်မှ ထုတ်ယူသွားပြီး ခွဲသားများအဖြစ် ပြောင်းလဲခဲ့ကြပါသည်။

          ထို့ကြောင့် ကွန်ဂရက်သည် တရားမဝင် သစ်ဥပဒေကို အလေးအနက် ထားပြီး လွန်ခဲ့သည့် နှစ်တစ်ရာကျော်က ရှိခဲ့သော Lacey Act ကို ပြင်ဆင်ခြင်းဖြင့် ဖိအားပေးခဲ့ပါသည်။ ယခုအခါ အမေရိကန် ကုန်ပစ္စည်း တင်သွင်းသူများသည် သစ်၏ ခုတ်ယူသည့် မူရင်းနိုင်ငံကို ဖော်ပြရမည် ဖြစ်ရာ၊ အကယ်၍ မူရင်းနိုင်ငံသည် မြန်မာနိုင်ငံ ဖြစ်နေပါက အဆိုပါ သစ်တင်သွင်းသူသည် တရားမဝင် ဖြစ်လိမ့်မည် ဖြစ်ပါသည်။

          သို့သော် သစ်ကို မြန်မာနိုင်ငံမှ သစ်ဖြစ်ကြောင်း ခွဲခြား၍ မရနိုင်အောင် ပြုလုပ်၍ ရကြောင်း အမေရိကန် စိုက်ပျိုးရေးဌာနမှ ပြောခွင့်ရ အမျိုးသမီး Jessica Milteer က ပြောပါသည်။

          အဆိုပါ တရားမဝင်သစ်များကို တင်သွင်းကြောင်း တာဝန်ရှိသူများက သက်သေ ပြနိုင်သည့် အပေါ် မူတည်၍ ဒဏ်ငွေ အမေရိကန် ဒေါ်လာ ၂၅၀ မှ ငါးသိန်းအထိ ပေးဆောင်ရနိုင်ပြီး အချို့အမှုများတွင် ထောင်ဒဏ် ကျခံရနိုင်သည်ဟု ဆိုပါသည်။

          အဆိုပါ ပြင်ဆင်ချက်တွင် အမေရိကန် ကုန်ပစ္စည်း တင်သွင်းသူများသည် နိုင်ငံခြား တိုင်းပြည်များ၏ အပင်များကို ကာကွယ် စောင့်ရှောက်သော ဥပဒေများကို အလေးထားရမည် ဖြစ်ကြောင်း ဖော်ပြထားပါသည်။ ထို့ကြောင့် အကယ်၍ တရုတ်နိုင်ငံ ဥပဒေတွင် ရှားပါးသော မြန်မာ သစ်ပင်များ တင်သွင်းခြင်းကို ကန့်သတ်ထားသည်ဟု ဆိုလျှင် အမေရိကန် ကုမ္ပဏီများကလည်း အဆိုပါသစ်ကို တင်သွင်းခြင်းမှ တားမြစ်ခံရမည် ဖြစ်သည်ဟု ဆိုလိုခြင်း ဖြစ်ပါသည်။ Global Witness ၏ အဆိုအရ တရုတ်နိုင်ငံသည် လေထု ညစ်ညမ်းမှုအတွက် ဂရုမပြုသည့် နိုင်ငံ ဖြစ်သော်လည်း၊ တရားဝင် နှိမ်နှင်းမှုများအရ အချို့ဒေသများတွင် မြန်မာနိုင်ငံမှ တရားမဝင် သစ်တင်သွင်းမှုကို ၇၀% ခန့် လျော့ချနိုင်ခဲ့ပါသည်။

          အမေရိကန်တို့အနေဖြင့်မူ သစ်တင်သွင်းသူများကို အပြီးတိုင် အရေးယူမည့် အဆင့် ကျန်ရှိနေပါသေးသည်။ ဥပဒေ အသစ်ကလည်း သက်ရောက်မှု မရှိသေးသဖြင့် အမေရိကန် ကိုယ်စားလှယ်များသည် ကျန်ရှိသော မြန်မာသစ်များကို လွတ်လပ်စွာ ရောင်းဝယ်လျက် ရှိနေကြပါသေးသည်။

          အမေရိကန် နိုင်ငံခြားရေးဌာနက မြန်မာနိုင်ငံ၏ ၂၀၁၀ ရွေးကောက်ပွဲကြောင့် အချို့ အရေးယူ ပိတ်ဆို့မှုများကို ဖြေလျော့ပေးရန် အကြံပြုထားပါသည်။ သို့သော် မြန်မာနိုင်ငံ၏ အဖိုးတန် သစ်တောများကို ကာကွယ်ပေးသော အနေဖြင့် မြန်မာ့သစ်များအပေါ် ကန့်သတ်ထားမှုများကိုမူ ရုတ်သိမ်းပေးလိမ့်မည် မဟုတ်ပေ။ မြန်မာ့သစ်တောများသည် သစ်ခုတ်ယူမှုများ သတ္တု တူးဖော်မှုများကြောင့် ပျက်စီးနေပြီ ဖြစ်ပါသည်။

          ပြင်းထန်သော ဥပဒေများနှင့် ကျွန်းသစ် တင်သွင်းရမှု လျော့ကျလာသည့်အတွက် အမေရိကန်တွင် ကျွန်းစိုက်ပျိုးရန် စတင် ကြိုးစားလာရပြီ ဖြစ်ပါသည်။ အပူပိုင်း ရာသီဥတု ရှိသည့် အမေရိက အလယ်ပိုင်းနှင့် တောင်ပိုင်းတို့တွင် ပေါက်ရောက်ပါသည်။ သို့သော် အဆိုပါသစ်သည် အချို့ သင်္ဘော တည်ဆောက်သူများနှင့် ပရိဘောဂ အရောင်းကိုယ်စားလှယ်များ၏ အဆိုအရ သက်တမ်းရင့် မြန်မာ့ ကျွန်းသစ် အရည်အသွေးကို မည်သို့မျှ မယှဉ်နိုင်ကြောင်း သိရှိရပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Reuters, 27th Dec 2009

          မြန်မာနိုင်ငံမှ ဓာတ်ငွေ့နှင့် လျှပ်စစ် ဓာတ်အားကို တင်သွင်းရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရည်ရွယ်နေကြောင်း အစိုးရ အရာရှိကြီး တစ်ဦးက ပြောကြားခဲ့ပြီး စီးပွားရေး လျင်မြန်စွာ ကြီးထွားလာမှုကို ထောက်ပံ့ အားပေးရန်အတွက် စွမ်းအင် ဖြည့်ဆည်းမှုကို မြှင့်တင်ရန် ကြိုးစားနေခြင်း ဖြစ်သည်ဟု ဆိုပါသည်။

          အင်္ဂါနေ့တွင် ဒက်ကား၌ စတင် ကျင်းပမည့် နှစ်နိုင်ငံ ဝန်ကြီးအဆင့် ဆွေးနွေးပွဲ ၂ ရက်လုံးတွင် အထက်ပါ ကိစ္စကို အဓိက ဆွေးနွေးဖွယ် ရှိသည်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီး Mohamed Mijarul Quayes က ပြောပါသည်။

          မိမိတို့၏ ကြီးထွားလာသော စွမ်းအင် လိုအပ်ချက်ကို ပြည့်မီရန်အတွက် မြန်မာနိုင်ငံက ပိုလျှံ၍ ရောင်းချရန် အဆင်သင့် ဖြစ်နေသော လျှပ်စစ် ဓာတ်အားနှင့် ဓာတ်ငွေ့များကို တင်သွင်းမည့် ဒက်ကား၏ အစီအစဉ်များ ပါဝင်လိမ့်မည်ဟု ၎င်းက ရိုက်တာသို့ ပြောကြားပါသည်။

          ၎င်းဆွေးနွေးပွဲ၌ လျှပ်စစ်ဓာတ်အား တင်သွင်းရန်အတွက် မြန်မာနိုင်ငံတွင် တည်ဆောက်နေသော ရေအား လျှပ်စစ် စီမံကိန်းနှင့် ပတ်သက်၍ ဆွေးနွေးကြပါလိမ့်မည်။

          ဆင်းရဲ၍ လူဦးရေ ထူထပ်သော ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွက် ကြီးမားသည့် ဝန်ထုပ်ဝန်ပိုး ဖြစ်နေသော ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဒုက္ခသည် စခန်းများတွင် စုဝေး ရောက်ရှိနေသည် မြန်မာ မူဆလင် ဒုက္ခသည်များကို မြန်မာနိုင်ငံသို့ ပြန်ပို့ရန် ကိစ္စကိုလည်း ဆွေးနွေးကြပါလိမ့်မည်။

          ဘင်္ဂလားဒေ့ရှ် အရှေ့တောင်ပိုင်း Cox's Bazar ခရိုင်တွင် UNHCR ထူထောင်ထားသော ဒုက္ခသည် စခန်းများတွင် မြန်မာ ရိုဟင်ဂျာ မူဆလင် ၂၈၀၀၀ ကျော် နေထိုင်လျက် ရှိပါသည်။

          တိုးတက်မှု ၆ % ရှိနေသော စီးပွားရေး ကြီးထွားမှုကို တွန်းအားပေးရန် ဆင်းရဲ မွဲတေမှုကို တိုက်ဖျက်ရန်နှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများကို အားပေးရန်အတွက် ပြည်တွင်း၊ ပြည်ပ ရင်းမြစ်များမှ ရရှိမည့် ဓာတ်ငွေ့နှင့် လျှပ်စစ်ဓာတ်အား ဖြည့်ဆည်းမှုများ လိုအပ်နေသည်ဟု ဘင်္ဂလားဒေ့ရှ် အစိုးရ အရာရှိများ နှင့် ကျွမ်းကျင်သူများက ပြောကြားပါသည်။

          အဆိုပါ ပြဿနာများကို ဖြေရှင်းမည်ဟု ကတိပေး၍ ပြီးခဲ့သော ဇန်နဝါရီလက အာဏာ ရရှိလာသော ဝန်ကြီးချုပ် ရှိတ်ဟက်ဆီနာ၏ အစိုးရသည် နိုင်ငံ၏ လျှပ်စစ်ဓာတ်အားပေး ကွန်ယက်စနစ်အတွင်း လိုအပ်ချက်ကို လာမည့် နှစ်များအတွင်း ထိထိရောက်ရောက် ဖြည့်ဆည်း နိုင်လိမ့်မည်ဟု မျှော်လင့်ထားပါသည်။

          လက်ရှိ အချိန်တွင် ဘင်္ဂလားဒေ့ရှ်သည် တစ်နေ့လျှင် လျှပ်စစ် ဓာတ်အား ၃၈၀၀ မဂ္ဂါဝပ် ထုတ်လုပ်လျက် ရှိပြီး အမှန်တကယ် လိုအပ်ချက်ထက် ၁၂၀၀ မဂ္ဂါဝပ်မှ ၁၅၀၀ မဂ္ဂါဝပ်အထိ လျော့နည်းနေသည် ဟု စွမ်းအင် အရာရှိများက ပြောကြားပါသည်။

          ဘင်္ဂလားဒေ့ရှ်တွင် လက်ရှိ ထုတ်ယူနေသော ဓာတ်ငွေ့သိုက်မှာ ကုဗပေ ၇ . ၂ ထရီလီယံခန့် ရှိ၍ နောက်ထပ် ထွက်ရှိမည်ဟု ခန့်မှန်းထားသော အရံ ဓာတ်ငွေ့သိုက် ကုဗပေ ၅.၅ ထရီလီယံမှာလည်း လာမည့်နှစ် အနည်းငယ်အတွင်း သုံးစွဲလိုက်လျှင် ကုန်ခမ်းသွားမည် ဖြစ်သည်။

          မြန်မာ အစိုးရ၏ ဖိနှိပ်မှုများမှ လွတ်မြောက်ရန် ကြိုးစားသည့် အနေဖြင့် ၁၉၉၂ အစောပိုင်းက နယ်စပ်ဖြတ်ကျော် ထွက်ပြေးလာသော မြန်မာနိုင်ငံမှ ရိုဟင်ဂျာ ၂ သိန်းခွဲ ခန့်အနက် အများစုကို UNHCR က အဆိုပါ နှစ်ကုန်ကပင် မြန်မာနိုင်ငံသို့ ပြန်ပို့ခဲ့ပြီး အချို့မှာမူ မြန်မာနိုင်ငံသို့ ပြန်ရန် ငြင်းဆန်နေကြပါသည်။

          Cox'Bagor ခရိုင်အရာရှိများ၏ အဆိုအရ ရိုဟင်ဂျာ ၃ သိန်းခန့်သည် ဒုက္ခသည် စခန်းများ၏ ပြင်ပတွင် ဒေသခံ မူဆလင်များနှင့် ရောနှော နေထိုင်ကြပြီး အနည်းငယ်သာ နေရာရှိသော အလုပ်အချို့ကို ရရှိရန် အတွက် အလုအယက် ယှဉ်ပြိုင်နေကြသည်ဟု သိရပါသည်။

          အင်္ဂါနှင့် ဗုဒ္ဓဟူးတွင် ကျင်းပမည့် ဆွေးနွေးပွဲတွင် ရိုဟင်ဂျာ ကိစ္စသည်လည်း အဓိက ဆွေးနွေးရမည့် ကိစ္စ ဖြစ်သည်ဟု Quayes က ပြောကြားခဲ့သော်လည်း အသေးစိတ် ပြောကြားခြင်း မရှိပါ။

          ဒက်ကားနှင့် နေပြည်တော် အရာရှိများသည် စီးပွားရေး ဗီဇာနှင့် ပတ်သက်သော ပြဿနာများ ရှင်းလင်း ဖယ်ရှားရန် နည်းလမ်းများနှင့် ကုန်သွယ်ရေး တိုးတက်စေရန်အတွက် တိုက်ရိုက် ငွေပေးစနစ်ကို မိတ်ဆက် ကျင့်သုံးရန် ကိစ္စများကိုလည်း ဆွေးနွေးကြမည် ဖြစ်သည်။

          နှစ်နိုင်ငံကြား လက်ရှိ ကုန်သွယ်ရေး ပမာဏမှာ လွန်စွာ နည်းပါးပါသည်။ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့ ထိစပ်နေသော နယ်နိမိတ်မှာ ၃၂၀ ကီလိုမီတာ (မိုင် ၂၀၀) ခန့် ရှိပြီး အချို့အပိုင်းကို နတ်မြစ်က ပိုင်းခြားထားပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

            မြန်မာနိုင်ငံတွင်း အခြေခံ အခွင့်အရေးများ နည်းပါးနေမှုနှင့် မြန်မာစစ်အစိုးရ၏ စနစ်တကျ လူအခွင့်အရေး ချိုးဖောက်နေမှုများနှင့် ပတ်သက်၍ ကုလသမဂ္ဂက ပြစ်တင် ရှုတ်ချထားသော ဆုံးဖြတ်ချက်ကို စီနီယာ အတိုက်အခံ ခေါင်းဆောင်ကြီးတစ်ဦးက လှိုက်လှိုက်လှဲလှဲ ကြိုဆို လိုက်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေများအပေါ် ကုလသမဂ္ဂ အထွေထွေ ညီလာခံ (UNGA) က ချမှတ်ခဲ့သော ဆုံးဖြတ်ချက်ကို မြန်မာအတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် ၏ အမျိုးသား ဒီမိုကရေစီပါတီ (NLD) မှ ပါတီ ဗဟိုကော်မတီဝင် ဦးဝင်းတင်က ကြိုဆို လိုက်သည်။ ယခု ဆုံးဖြတ်ချက်သည် ကုလသမဂ္ဂ၏ လုပ်ရိုးလုပ်စဉ် အလုပ်တစ်ခု ဖြစ်သော်လည်း လူ့ကျင့်ဝတ် ကိုယ်ကျင့်တရားနှင့် ပတ်သက်၍ လွန်စွာ အရေးကြီးကြောင်း ဦးဝင်းတင်က ဆိုသည်။

 "ဒါဟာ မြန်မာနိုင်ငံအတွက် ကောင်းတဲ့ လက္ခဏာ တစ်ရပ်ပါ၊ တစ်ကမ္ဘာလုံးမှာ ရှိတဲ့ နိုင်ငံတွေက မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေကို အလေးအနက်ထား စဉ်းစားခဲ့တယ် ဆိုတာကို ဖော်ပြနေပါတယ်။ အဲဒါကြောင့်လည်း အခုလို မဲခွဲ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်" ဟု ဦးဝင်းတင်က မဇ္ဈိမ သတင်းဌာနသို့ ပြောကြားသည်။

မည်သို့ပင် ဖြစ်စေကာမူ ယခုကဲ့သို့ ကုလသမဂ္ဂက ဆုံးဖြတ်ချက် ထုတ်ပြန်ကာ ပြစ်တင် ဝေဖန်လိုက်ရုံ သက်သက်ဖြင့် မြန်မာနိုင်ငံတွင်း ဖြစ်ပေါ်နေသော တိုင်းရင်းသား လူမျိုးစုများပေါ် တိုက်ခိုက်မှုများ၊ စနစ်တကျ လူ့အခွင့်အရေး ချိုးဖောက်မှုများ နှင့် အဓမ္မကျင့်သည့် ကိစ္စကို လက်နက်သဖွယ် အသုံးပြုနေခြင်းများ လျော့ပါး သက်သာဖွယ် မရှိကြောင်း ဦးဝင်းတင်က ဆိုသည်။

      "ကုလသမဂ္ဂအနေနဲ့ လုံခြုံရေး ကောင်စီမှာ မြန်မာ့ လူ့အခွင့်အရေး ကိစ္စကို ပိုပြီး ဆွေးနွေး ညှိနှိုင်းသင့်ပါတယ်" ဟုလည်း ဦးဝင်းတင်က ပြောကြားခဲ့သည်။

            ကုလသမဂ္ဂ အဖွဲ့ကြီးက သက်သေ အထောက်အထားတွေ စုဆောင်းပြီး မြန်မာ စစ်တပ်ကဲ့သို့ အရေးတယူပြု တာဝန်ယူ ဆောင်ရွက်နိုင်သူများနှင့် ပူးပေါင်းမှသာ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများကို ရပ်တန့် ပစ်နိုင်မည် ဖြစ်သည်ဟု ၎င်းက ဖြည့်စွက် ပြောဆိုသည်။

      မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးနှင့် ပတ်သက်၍ ဒီဇင်ဘာလ ၂၃ ရက်နေ့က ကျင်းပပြုလုပ်သော ၆၄ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ (UNGA) တွင် ဒုတိယမြောက် ဆုံးဖြတ်ချက် မူကြမ်း တစ်ရပ်ကို ချမှတ်ခဲ့ကြသည်။ အထွေထွေ ညီလာခံတွင် မြန်မာ့ လူ့အခွင့်အရေး ကိစ္စအပေါ် နိုင်ငံပေါင်း ၈၆ နိုင်ငံ မဲခွဲ ဆုံးဖြတ်ရာ ၂၃ နိုင်ငံက ဆန့်ကျင်ပြီး ၃၉ နိုင်ငံက မဲမပေးဘဲ ကြားနေခဲ့သည်။ အထွေထွေ ညီလာခံ၏ ဆုံးဖြတ်ချက်တွင် လူ့အခွင့်အရေး အခြေအနေများအပေါ် တတိယ ကော်မတီ တစ်ရပ်၏ အစီရင်ခံစာနှင့် လူ့အခွင့်အရေးဆိုင်ရာ အထူး သံတမန်နှင့် ကိုယ်စားလှယ်များ၏ အစီရင်ခံစာ တို့လည်း ပါဝင်သည်။

UNGA က ထုတ်ပြန်သော ဆုံးဖြတ်ချက်တွင် ဖမ်းဆီး ထိန်းသိမ်းခံထားရသော နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများ အားလုံးကို အမြန်ဆုံး လွှတ်ပေးရန် စစ်အစိုးရကို ဖိအားပေး တောင်းဆိုထားသည်။

            ဆုံးဖြတ်ချက်ကို အတည်ပြုပြီးနောက် ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် တရားဝင် ထုတ်ပြန်ခဲ့သည်။ အဆိုပါ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ မြန်မာစစ်အစိုးရ၏ ကုလသမဂ္ဂဆိုင်ရာ အထူး ကိုယ်စားလှယ်များက လွန်စွာ စိတ်ပျက်မိကြောင်း ထုတ်ဖော် ပြောဆိုသည်။

      "နိုင်ငံရေးကို လွန်စွာ ဇောင်းပေးပြီး နိုင်ငံတစ်ခုတည်းကို ကွက်၍ ထုတ်ဖော်ခဲ့သော ဆုံးဖြတ်ချက်ကို မြန်မာနိုင်ငံက ဆန့်ကျင်မဲပေးပါသည်။ အဆိုပါ ဆုံးဖြတ်ချက်ကို ကန့်ကွက်ပါသည်" ဟူသော မြန်မာကိုယ်စားလှယ်အဖွဲ့က ကုလသမဂ္ဂသို့ တင်သွင်းသည့် အဆိုပြုလွှာကို ကိုးကား၍ ကုလသမဂ္ဂ၏ သတင်း ထုတ်ပြန်ချက်က ဆိုသည်။

      "နိုင်ငံရေး ဦးတည်ချက် သက်သက်ဖြင့် လူ့အခွင့်အရေး ချိုးဖောက်သည်၊ အလွဲသုံးစား ပြုလုပ်သည် ဟူသော အစီရင်ခံစာမှာ လက်သင့်ခံဖွယ် မရှိပေ။ ထို့အတူ မြန်မာနိုင်ငံ၏ အမျိုးသား နိုင်ငံရေး ဖြစ်စဉ်ကို ဝင်ရောက် စွက်ဖက်မှုအား လက်သင့်ခံမည် မဟုတ်သလို ခွင့်ပြုမည်လည်း မဟုတ်ပေ" ဟု မြန်မာ ကိုယ်စားလှယ်အဖွဲ့က ဆိုသည်။

            ရုရှား၊ တရုတ်၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် အစရှိသော နိုင်ငံများသည် အဆိုပါ UNGA ၏ ဆုံးဖြတ်ချက်ကို ဆန့်ကျင်ခဲ့သည့် အတွက် မြန်မာကိုယ်စားလှယ်အဖွဲ့က ကျေးဇူး အထူးတင်ရှိကြောင်း ထုတ်ဖော်ခဲ့သည်။ မြန်မာ၏ အိမ်နီးချင်း ထိုင်းနိုင်ငံက မဲမပေးဘဲ ကြားနေ နိုင်ငံအဖြစ် ရပ်တည်ခဲ့သည်။

Mizzima သတင်းဌာန၏ Opposition lauds UN resolution on Burma ကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.