Transparency Myanmar

transparency.myanmar@gmail.com

Irrawaddy news,30 Dec 2009

နယ်ခြားစောင့် တပ်ဖွဲ့အဖြစ် အသွင်ပြောင်းရေးနှင့် ပတ်သက်၍ သဘောတူညီချက် ရရှိရန် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO အပေါ် တောင်းဆိုထားမှုကို မြန်မာတပ်မတော် အစိုးရက ရုတ်သိမ်း ပေးလိုက်ပြီး ဆက်လက် ညှိနှိုင်း ဆွေးနွေးနေသည်ဟု KIO သတင်းရပ်ကွက်မှ ကြားသိ ရပါသည်။

ဥက္ကဌ လယော်ဇောင်ရ၊ ဒုတိယဥက္ကဌ(၁) ဂေါ်ရီဇော်ဆန်နှင့် အထွေထွေ အတွင်းရေးမှူး လဂျာ တို့ပါဝင်သော KIO ခေါင်းဆောင် (၈) ဦးသည် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်း ဦးဆောင်သော အဖွဲ့ဝင် (၇) ဦးပါ မြန်မာတပ်မတော် ကိုယ်စားလှယ်အဖွဲ့နှင့် ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနားတွင် အင်္ဂါနေ့က တွေ့ဆုံခဲ့ကြပါသည်။

KIO အဖွဲ့၏ လက်နက်ကိုင် အဖွဲ့အစည်းဖြစ်သည့် KIA အတွက် မြန်မာအစိုးရ သြဇာခံ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးနှင့် ပတ်သက်၍ နောက်ဆုံး သတ်မှတ်ရက် မရှိကြောင်း KIO နိုင်ငံခြားရေးရာဌာန ဒုတိယ အကြီးအကဲ ဂျိမ်းလမ်ဒေါင်က ဗုဒ္ဓဟူးနေ့တွင် ဧရာဝတီသို့ ပြောကြားခဲ့ပြီး အဆိုပါကိစ္စနှင့် ပတ်သက်၍ နှစ်ဖက်စလုံး ဆက်လက် ဆွေးနွေးလျက်ရှိသည်ဟု ဆိုပါသည်။

အပစ်အခတ် ရပ်စဲထားသော လွတ်လပ်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို မြန်မာအစိုးရ သြဇာခံ နယ်ခြားစောင့်တပ် အဖြစ် အသွင်ပြောင်းရန် နောက်ဆုံး သတ်မှတ်ရက်ကို အောက်တိုဘာ လကုန်အထိ ပထမဦးစွာ သတ်မှတ်ခဲ့သော်လည်း အစိုးရက ဒီဇင်ဘာလကုန်အထိ နောက်ဆုတ်ပေးခဲ့ပါသည်။

KIA နှင့် UWSA တို့ကဲ့သို့သော အင်အားကြီး လက်နက်ကိုင် တပ်ဖွဲ့များမှာ ယခုအချိန်ထိ အမိန့်ကို နာခံခြင်း မရှိသေးပါ။

အင်္ဂါနေ့က မြစ်ကြီးနားတွင် ကျင်းပသော အစည်းအဝေးတွင် KIO ကိုယ်စားလှယ်များက ပင်လုံစာချုပ် စိတ်ဓာတ်ကိုသာ နှစ်သက်လေးစားကြောင်း မြန်မာကိုယ်စားလှယ် အဖွဲ့ကို ပြောကြားခဲ့သည်ဟု လမ်ဒေါင်က ဆိုပါသည်။

ဗဟိုအစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ကချင်၊ ချင်း၊ ရှမ်း တိုင်းရင်းသား ခေါင်းဆောင်များသည် ၁၉၄၇ ခုနှစ် ရှမ်းပြည်နယ်၌ လက်မှတ်ရေးထိုးခဲ့သော ပင်လုံစာချုပ်၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံကို ဖက်ဒရယ် ပြည်ထောင်စုအဖြစ် ဖွဲ့စည်းရေးပင် ဖြစ်ပါသည်။

ပင်လုံစာချုပ်ကိုသာ လိုက်နာမည့် KIO ၏ လတ်တလော အဆိုပြုချက်အရ အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အလွန်ဒေါသ ထွက်ခဲ့သည်ဟု မကြာမီက ရရှိသော သတင်းများက ဆိုပါသည်။

KIO အဖွဲ့သည် ပင်လုံစာချုပ်၏ မူဝါဒဘောင်အတွင်းတွင်သာ ရပ်တည်သွားရန် ဆန္ဒရှိသည်ဟု ထိုင်းနိုင်ငံ အခြေစိုက် Kachin News Group မှ အယ်ဒီတာ လဖိုင်နော်ဒင်က ဆိုပါသည်။ နိုင်ငံရေး ပြဿနာကို နိုင်ငံရေး နည်းလမ်းအရသာ KIO က ဖြေရှင်းလိုသော်လည်း မြန်မာအစိုးရက အပေးအယူ လုပ်ညှိနှိုင်းရန် ဆန္ဒမရှိဟု သိရပါသည်။

ဒီဇင်ဘာလကုန် နောက်ဆုံး သတ်မှတ်ရက်ကို မည်သည့် အပစ်ရပ်အဖွဲ့ကမှ လိုက်နာခြင်း မရှိပါက မြန်မာစစ်တပ်က နမူနာပြသည့် အနေဖြင့် တိုင်းရင်းသား လက်နက်ကိုင်များကို အရေးယူ ဆောင်ရွက်လိမ့်မည်ဟု ရှမ်းပြည်နယ်မှ ရရှိသော သတင်းများအရ သိရှိရသည်ဟု ချင်းမိုင် အခြေစိုက် ရှမ်းသံတော်ဆင့် သတင်းစာမှ အယ်ဒီတာမှ စိုင်းဂျွန်းက ပြောကြားပါသည်။

အခြား အပစ်ရပ်တပ်ဖွဲ့တစ်ခု ဖြစ်သည့် SSA (မြောက်ပိုင်း) သည် ၎င်း၏ အောက်ခြေ လက်နက်ကိုင် တပ်ဖွဲ့များကို နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး အဆိုပြုချက်နှင့် ပတ်သက်၍ ဒီဇင်ဘာ (၇-၁၈)ရက်ထိ ရှင်းလင်း တင်ပြခဲ့သော်လည်း မြန်မာအစိုးရ၏ တောင်းဆိုချက်ကို လက်ခံခြင်း ရှိ/မရှိကို ယခုတိုင် ကြေညာခြင်း မရှိသေးပါ။ ဝတပ်ဖွဲ့ UWSA ကဲ့သို့သော အင်အားကြီး တပ်ဖွဲ့များ မည်သို့ ဆုံးဖြတ်သည်ကို SSA (မြောက်ပိုင်း) က စောင့်ကြည့်နေခြင်း ဖြစ်သည်ဟု စိုင်းဂျွန်၏ ပြောကြားချက်အရ သိရှိရပါသည်။

ထို့အပြင် တပ်ဖွဲ့ဝင် (၁၅၀၀ မှ ၂၀၀၀) ခန့်ရှိသော ကိုးကန့်တပ်ဖွဲ့သည် မြန်မာ့တပ်မတော် စစ်ကြောင်းကို အပြင်းအထန် ခုခံနိုင်ခြင်း မရှိပဲ သြဂုတ် (၂၄) ရက်နေ့တွင် ကိုးကန့်ဒေသ မြို့တော် လောက်ကိုင်ကို စွန့်လွှတ်ခဲ့ရချိန်မှစ၍ ဝတပ်ဖွဲ့ UWSA သည် ၎င်း၏ ခံစစ်ကြောင်းကို ခိုင်မာအောင် တည်ဆောက်နေပါသည်။

တချိန်တည်းတွင်ပင် UWSA က နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို မူအားဖြင့် သဘောတူခဲ့သော်လည်း မြန်မာစစ်တပ် အရာရှိများ အုပ်ချုပ်သည်ကိုမူ လက်မခံနိုင်ကြောင်း ပြောကြားခဲ့ပြီး အစိုးရ တာဝန်ရှိသူများနှင့် ဆက်လက် ဆွေးနွေးနေသည်ဟု UWSA သတင်းရပ်ကွက်မှ ကြားသိရပါသည်။

နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး အစီအစဉ်ကို မြန်မာအစိုးရက ထုတ်ပြန်ပြီး နောက်ပိုင်းတွင် ကချင် NDAK နှင့် ကရင်နီ KNPLF စသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အနည်းငယ်က အဆိုပါ အစီအစဉ်ကို လက်ခံ ပါဝင် ဆောင်ရွက်မည့် အသိအမှတ်ပြု အခမ်းအနားများကို နိုဝင်ဘာလတွင်းက တရားဝင် ကျင်းပခဲ့ကြပါသည်။

တရားဝင် အစိုးရ စာရင်း ဇယားများအရ မြန်မာ့တပ်မတော်နှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရရှိထားသော တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ (၁၇) ဖွဲ့ ရှိသည်ဟု သိရပါသည်။

အင်အားကြီး အပစ်ရပ် အဖွဲ့တစ်ခုဖြစ်သည့် DKBA က မြန်မာအစိုးရ၏ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး အဆိုပြုချက်ကို လက်ခံ သဘောတူခဲ့သော်လည်း ယခုတိုင် အကောင်အထည်ဖော် ဆောင်ရွက်ခြင်း မရှိသေးပါ။

DKBA တပ်ဖွဲ့ဝင်များအကြား နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး ကိစ္စနှင့် ပတ်သက်၍ သဘောကွဲလွဲမှုများ ဖြစ်ပွားနေသည်ဟု ကရင် သတင်းရပ်ကွက်မှ ကြားသိရပြီး  အဆိုပါ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး အစီအစဉ်ကို လက်ခံခဲ့သော ခေါင်းဆောင်ပိုင်းနှင့် သဘောထား မတိုက်ဆိုင်မှုကြောင့် ဧပြီလမှစ၍ DKBA တပ်ဖွဲ့ဝင် ရာပေါင်းများစွာ KNU ဘက်သို့ ထွက်ပြေး ခိုလှုံခဲ့ကြသည်ဟု သိရှိရပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment