Transparency Myanmar

transparency.myanmar@gmail.com

ဥပဒေဆိုတာ - သာဒင်
http://myanmar-mediawatchdog.blogspot.com/2010/01/blog-post_08.html
မှခွင့်မတောင်းဘဲ ကူးယူ ဖော်ပြသည်

ပြီးခဲ့တဲ့ အပတ်က The Voice Journal မှာ ဆောင်းပါးရှင် အောင်ထွဋ်က
မြန်မာနိုင်ငံမှာ check and balance မရှိလို့ ဥပဒေအရ ပေးအပ်ထားတဲ့
စီးပွားရေး အခွင့်အရေးတွေ မရနိုင် ဖြစ်နေပါတယ်။ အခြေခံ ဥပဒေသစ်အရ အဲဒီ
အရာတွေ ဖြစ်နိုင်ခြေ ရှိသွားပါပြီလို့ ရေးထားပါတယ်။ ဆောင်းပါးရှင် အနေနဲ့
ဖြစ်နိုင်ခြေကို သံသယရှိပုံရ လို့ theorictallyဖြစ်နိုင်ခြေ ရှိတယ်
လို့တော့ ရေးထားပါတယ်။

မြန်မာပြည်ရဲ့ ပြဿနာက အဲဒါပါပဲ။ ဥပဒေက ပေးထားပေးပြီး မရ ဆိုတာတွေဟာ
excessive executive power လို့ ခေါ်တဲ့ အုပ်ချုပ်ရေး အာဏာမှာ အလွန်အကျွံ
အာဏာတွေ ရောက်နေတဲ့ ကိစ္စပါ။ ဒီကိစ္စဟာ အစိုးရ အဖွဲ့မှာသာ အရိုးစွဲနေတာ
မဟုတ်ဘဲ သူရဲ့ အုပ်ချုပ်ရေး ယန္တရား တစ်ခုလုံးမှာ အရိုးစွဲနေတာ ဖြစ်တယ်။
အခြေခံ ဥပဒေသစ်နဲ့ သူ့ရဲ့ ရလဒ်တွေ အပေါ်မှာ ကျွန်တော်တို့ အယုံအကြည်
မရှိတာဟာ အဲဒီ အုပ်ချုပ်ရေး အာဏာရဲ့ အလွန်အကျွံ ဖြစ်နေတဲ့ အာဏာ ကြောင့်
ဖြစ်တယ်။

မြန်မာ ပြည်သူတွေဟာ သူတို့ကို ဥပဒေက ဘယ်လို ရနိုင်ခွင့်တွေ ပေးထားတယ်
ဆိုတာ မသိပါဘူး။ ဒီကနေ့ ပြည်ထောင်စု မြန်မာနိုင်ငံ စီးပွားရေး ဦးပိုင်
လီမိတက် လို့ ခေါ်တဲ့ တပ်ပိုင် ကုမ္ပဏီကြီးက မိုနိုပိုလီ လုပ်ပြီး
သွင်းစားနေတဲ့ စားအုန်းဆီ၊ မော်တော်ယာဉ် စတဲ့ သွင်းကုန်တွေကို မြန်မာ
ပုဂ္ဂလိက ကုမ္ပဏီများ တင်သွင်းခွင့် မရှိဘူးလို့ ဘယ်ဥပဒေကမှ တားဆီးထားတာ
မဟုတ်ပါ။ ဒါပေမဲ့ ကုန်သွယ်ရေး ဦးစီးဌာနက သူ့သဘောနဲ့သူ ဘယ်သူ့ကိုမှ
လိုင်စင်မပေးဘူး။ ဦးပိုင် ဆိုတဲ့ ကုမ္ပဏီကြီးဟာ ကားဝယ်စီးတဲ့
ပြည်သူတွေရဲ့ ချွေးနှဲစာတွေကို အလွန်အကျွံ ဈေးတင် ထားခြင်းဖြင့် အမြတ်
ထုတ်နေတဲ့ ကုမ္ပဏီကြီး ဖြစ်နေ ကြောင်း ဗိုလ်ချုပ်တွေ မသိပါဘူး။ အခုဆိုရင်
ဗိုလ်ချုပ်ကြီးတွေရဲ့စိတ်ထဲမှာ၊ ပြည်သူတွေရဲ့စိတ်ထဲမှာ ကားပါမစ် ဆိုတာဟာ
အခွန် ဆောင်ထားတဲ့ နိုင်ငံခြားငွေ လက်ဝယ် ရှိသူတိုင်း တင်သွင်းနိုင်တဲ့
ပစ္စည်းအဖြစ် ဥပဒေက သတ်မှတ် ထားတာကို လုံးဝ
မေ့သွားကြပါပြီ။

ဥပဒေက ပေးအပ်တဲ့ ကိစ္စကို နည်းဥပဒေ သို့မဟုတ် လုပ်ထုံးလုပ်နည်းနဲ့
ပြန်ပြီး ပိတ်ထားမယ် ဆိုတာဟာ နည်းဥပဒေ က ဥပဒေအထက်မှာ သွားနေတဲ့ သဘော
ဖြစ်နေတယ်။ ဒီလိုသာဆိုရင် အခြေခံ ဥပဒေသစ်အရ လွှတ်တော်တွေက ဥပဒေ ပြုတဲ့
ကိစ္စဟာ သုံးစားလို့ မရတဲ့ ဥပဒေတွေပဲ ဖြစ်တော့မှာပေါ့။ လွှတ်တော်တွေက
ဥပဒေပြု ၊ အုပ်ချုပ်ရေး အာဏာက အဲဒါတွေကို ဘေးချိတ်ပြီး နည်းဥပဒေ၊
လုပ်ထုံး လုပ်နည်းတွေနဲ့ ပြန်ပိတ်ပြီး လုပ်စားနေကြတာကို ပြန်ဖြည်ဖို့
ဆိုတာ နောက်အာဏာရှင် တစ်ဦးကပဲ လုပ်နိုင်ပါလိမ့်မယ်။ လွှတ်တော် များက လုပ်
နိုင်မယ် မထင်ပါဘူး။

အာမခံ လုပ်ငန်း ဥပဒေကိုလည်း ကြည့်ပါဦး။ ပုဂ္ဂလိက အာမခံ လုပ်ငန်းတွေအတွက်
ဥပဒေ ထွက်ထားတာ ၂၀၀၆ ခုနှစ် လောက်ကတည်းက ထွက်ထားတာပါ။ ဒီနေ့အထိ
ဘယ်ပုဂ္ဂလိကကိုမှ အာမခံ လုပ်ငန်း လိုင်စင် ခွင့်မပြုဘူး။ ကုမ္ပဏီမှတ်ပုံ
တင်တဲ့ ကိစ္စလည်း ဒီအတိုင်းပဲ။ ဥပဒေအရ လူတိုင်း ကုမ္ပဏီထောင်ခွင့် ရှိတယ်။
အဲဒါကို ဦးစိုးသာတို့လို ၀န်ကြီးတစ်ပါးက နိုင်ငံရေး ကင်းရှင်းကြောင်း
ပြည်ထဲရေး ထောက်ခံချက် လိုတယ်လို့ လုပ်ထုံး လုပ်နည်း ထည့်လိုက်တယ်။ ဥပဒေက
နိုင်ငံရေး လုပ်တဲ့လူ စီးပွားရေး လုပ်ခွင့် မပိတ်သော်လည်းပဲ နည်းဥပဒေက
ပိတ်ထားတယ်။
အခြေခံ ဥပဒေသစ် အရ ပေါ်လာတဲ့ အစိုးရအဖွဲ့က စစ်အစိုးရရဲ့ အနွယ်တော်တွေ
ဖြစ်မယ်ဆိုတာ လူတိုင်းသိပါတယ်။ သမ္မတ ဦးရွှေမန်း၊ ဒုတိယသမ္မတ ဦးတင်အောင်
မြင့်ဦး လို့တောင် ပြောနေကြပြီ။ ဒီလိုဆိုရင် အဲဒီ အစိုးရဟာ လွှတ်တော်တွေက
ပြုလိုက်တဲ့ ဥပဒေတွေရဲ့ အထက်မှာ သွားနေ မှာ သေချာနေပါတယ်။ ဥပဒေက
ပေးကားပေး၏ မရ ဖြစ်ဦးမှာ သေချာနေတယ်။ အဲဒီလို နည်းဥပဒေ၊
လုပ်ထုံးလုပ်နည်း တွေက ဥပဒေ အထက်မှာ နေတဲ့ သဘော သက်ရောက်တဲ့ သဘောတရားကို
ဗိုလ်ချုပ်တွေ သဘောပေါက်ဖို့ ဆိုတာက လည်း မလွယ်ပါဘူး။

နောက်တစ်ခု ကတော့ လွှတ်တော်များရဲ့ ဥပဒေပြုတဲ့ ကိစ္စပါ။ လွှတ်တော်တွေကို
နိုင်ငံတကာမှာလို တက်ကြွတဲ့ နေ့တိုင်း ရုံးတက် အလုပ်လုပ်တဲ့ လွှတ်တော်တွေ
ဖြစ်ဖို့ ဗိုလ်ချုပ်ကြီးများမှာ ရည်ရွယ်ချက် မရှိပါဘူး။ လွှတ်တော်ဆိုတာ
သူတို့ အတွက် ဦးရွှေမန်း သမ္မတ တင်မြှောက်ဖို့ လှေကားထစ်တစ်ခု အဖြစ်သာ
သုံးချင်တာပါ။ ဒါကြောင့် လွှတ်တော်တွေက ဥပဒေပြုဖို့ လုံလောက်တဲ့ တွေ့ဆုံမှု
ဖြစ်မှာ မဟုတ်ပါဘူး။ လွှတ်တော် တစ်ခုချင်းစီကို လွှတ်တော် ဥက္ကဋ္ဌတွေကပဲ
ခေါ်လို့ရတယ်။ ဒီတော့
လွှတ်တော် ဥက္ကဋ္ဌ နှစ်ယောက်ကို စစ်တပ်က ကိုင်ထားရင် လွှတ်တော်ခေါ်စရာ
မလိုတော့ဘူး။ သူတို့ စစ်တပ်က ရေးထားတဲ့ ဥပဒေရှိရင် အဲဒါ အတည်ပြုဖို့
ခေါ်မယ်။ ဒါပဲ။

လွှတ်တော် နှစ်ရပ်ပေါင်းရဲ့ ၂၅ ရာခိုင်နှုန်း လက်မှတ်ထိုးရင် ပြည်ထောင်စု
လွှတ်တော် ခေါ်လို့ ရတာလေး တစ်ခုတော့ ပါပါရဲ့။ ဒီတော့ လက်မှတ် ၁၆၆ ခုကို
စုပြီး ရက်စွဲပေါင်း ၃၆၅ ခုနဲ့ လွှတ်တော်ခေါ်ဖို့ တစ်စုံတစ်ယောက်က ၀ီရိယ
မစိုက်ရင် လွှတ်တော်ဆိုတာ ဘေးထိုင်ဘုပြော မှတ်တမ်းသာ တင်တဲ့ အမျိုးသား
ညီလာခံ ဖြစ်တော့မှာပါ။ ကြံ့ခိုင်ရေး ဗိုလ်ချုပ်တစ်ဦးက
ဆရာဝန်ကြီး တစ်ယောက်ကို သူတို့ပါတီကနေ အရွေးခံဖို့ ဆွယ်တယ်။ ဆရာဝန်ကြီး က
မအားဘူး ပြောလိုက်တယ်။ ဒီတော့ ဘာပြန်ပြောလဲ ဆိုတော့ တစ်နှစ်တစ်ခါ
ခဏလောက်ပဲ အစည်းအဝေး တက်ရ တဲ့ကိစ္စ ဖြစ်လို့ ၀င်ပါ ပေးပါ လို့ ဆိုတယ်။
ကြည့်ပါဦးဗျာ။ သုံးစားလို့ မရတဲ့ လွှတ်တော်ဆိုတာ အခုကတည်းက
ပေါ်လွင်နေပါပြီ။

The Voice ဆောင်းပါးရှင် အောင်ထွဋ်ကို ပြောချင်ပါတယ်။ ခင်ဗျား
အကောင်းမြင် နေတာတွေဟာ ဗိုလ်ချုပ် ကြီးသန်းရွှေ မသေသရွေ့ ဘာမှ
မဖြစ်နိုင်ဘူး ဆိုတာပါပဲ။

သာဒင်

0 comments:

Post a Comment