Transparency Myanmar

transparency.myanmar@gmail.com

          မြန်မာ စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပမည့် နေ့ရက်နှင့် အချိန် သတ်မှတ်ချက် တို့ကို ရှင်းရှင်းလင်းလင်း ထုတ်ဖော်သင့်ပြီ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင်း တိုးတက် ဖြစ်ထွန်းမှု အခြေအနေများကိုလည်း အနီးကပ် စောင့်ကြည့် လေ့လာလျက် ရှိကြောင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ဇန်နဝါရီလ ၇ ရက်နေ့တွင် ထုတ်ဖော် ပြောဆိုသည်။

          ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အထွေထွေ ရွေးကောက်ပွဲကို ကျင်းပပေးမည် ဖြစ်ကြောင်း မြန်မာ စစ်အစိုးရပိုင် သတင်းစာများက ၎င်း၏ ပြောကြားချက် ကိုးကား ရေးသား ခဲ့သော်လည်း ရွေးကောက်ပွဲ ကျင်းပမည့် အချိန် အတိအကျကိုမူ ထုတ်ပြန်ခြင်း မရှိသေးပေ။

          "အဲဒီ သတင်း ပေးပို့ချက်ကို ကောက်နုတ် ပြောဆိုရလျှင် ဒါဟာ အားတက်စရာ တစ်ခု ဖြစ်ပါတယ်၊ ဒါပေမဲ့ ရွေးကောက်ပွဲ ဘယ်နေ့ ဘယ်အချိန် ကျင်းပမယ် ဆိုတဲ့ အချက်ကို ရှင်းရှင်းလင်းလင်း ထုတ်ဖော်ဖို့ ကျွန်တော် မျှော်လင့်နေပါတယ်"  မစ္စတာ ဘန်ကီမွန်းက ပြောသည်။

          အာဖဂန် နစ္စတန် အရေးကိစ္စအတွက် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီတွင် မိန့်ခွန်း ပြောကြားရာ၌ မြန်မာနိုင်ငံနှင့် ပတ်သက်သော မေးမြန်းချက်များကို မစ္စတာ ဘန်ကီမွန်းက ယင်းသို့ တုံ့ပြန် ဖြေကြားခြင်း ဖြစ်သည်။

"ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ အခြား မြန်မာအစိုးရ အရာရှိတွေနဲ့ တွေ့ဆုံစဉ်တုန်းက ကျွန်တော့် အနေနဲ့ ရှင်းရှင်းလင်းလင်း ပြောခဲ့ပြီးသားပါ။ ရွေးကောက် တင်မြှောက်မှုနဲ့ ဆိုင်တဲ့ စနစ်တွေ၊ ဥပဒေ စည်းမျဉ်း စည်းကမ်းတွေကို အရင်ဆုံး ထုတ်ပြန်ပြီး ကျင်းပမယ့် နေ့ရက် အတိအကျကို ရှင်းရှင်းလင်းလင်း ထုတ်ပြန်ဖို့ ကျွန်တော် သူတို့ကို တိုက်တွန်း ပြောဆိုခဲ့ပါတယ်" ဟု ၎င်းက ဆိုသည်။

          လုံခြုံရေး ကောင်စီတွင် မိန့်ခွန်း ပြောသည့် အခမ်းအနားတွင် မစ္စတာ ဘန်ကီမွန်းအား မြန်မာနိုင်ငံ ဆိုင်ရာ အထူးသံတမန် ခန့်အပ်မည့် ကိစ္စကိုပါ မေးမြန်းခဲ့ကြသည်။ ယခင် အထူးသံတမန် အီဘရာဟင် ဂမ်ဘာရီအား ရာထူးနေရာ အသစ်သို့ ပြောင်းလဲ ခန့်အပ်လိုက်ပြီ ဖြစ်သည်။

          မစ္စတာ ဂမ်ဘာရီ ယင်းသို့ ရာထူး ပြောင်းလဲ ရယူပြီးနောက် Inner City Press သတင်းဌာနက ၎င်း၏ နေရာတွင် အိန္ဒိယ သံတမန်ဟောင်း Vijai Nambiar ကို ခန့်အပ်လိမ့်မည်ဟု သတင်း ရေးသားခဲ့သည်။

          အဆိုပါ ကိစ္စနှင့် ပတ်သက်၍ အထွေထွေ အတွင်းရေးမှူးချုပ်က " မစ္စတာ ဂမ်ဘာရီ နေရာကို အစားထိုး ဝင်ရောက် လုပ်ကိုင်နိုင်တဲ့ သူကို ရှာဖွေနေပါတယ်။ သူ့ နေရာကို ဘယ်သူမှ အစားမထိုးဘဲ ဒီအတိုင်း မထားပါဘူး။ လတ်တလော အချိန်ကာလတွေ မှာတော့ အဲဒီ တာဝန်ကို မစ္စတာ ဂမ်ဘာရီရော တခြား စီနီယာ အရာရှိကြီးတွေပါ ရယူ လုပ်ကိုင်ပေးနေပါတယ်။ အဲဒီ ရာထူး လစ်လပ်နေတဲ့ ကိစ္စအတွက် ခင်ဗျားတို့ အနေနဲ့ စိတ်ပူစရာ မလိုပါဘူးခင်ဗျာ" ဟု ဆိုသည်။

Lalit Kjha ၏ Ban Notes No Election Date Set by Than Shwe ကို ဘာသာပြန်ဆိုသည်။

0 comments:

Post a Comment