Transparency Myanmar

transparency.myanmar@gmail.com

DVB News, 12th January 2010

          အကယ်၍ ရွေးကောက်ပွဲ ဥပဒေ ကြေညာသည့်ရက် နောက်ကျမှုကြောင့် ပါဝင် ယှဉ်ပြိုင်ရန် အချိန် မလုံလောက်ခဲ့ပါက ယခုနှစ် ရွေးကောက်ပွဲများကို ပါဝင် ယှဉ်ပြိုင်ရန် ဆုံးဖြတ်ထားခြင်းကို ပြန်လည် စဉ်းစားရလိမ့်မည်ဟု မြန်မာနိုင်ငံမှ နိုင်ငံရေးပါတီ ဥက္ကဋ္ဌတစ်ဦးက ပြောကြားခဲ့သည်။

          မြန်မာနိုင်ငံရေး လောကအတွင်း လက်ရှိ အစိုးရနှင့် ဖြစ်စေ၊ အတိုက်အခံများနှင့် ဖြစ်စေ ပူးပေါင်းခြင်း မရှိသော "တတိယအင်အားစု" နိုင်ငံရေး ပါတီများ အနက်မှ တစ်ခု ဖြစ်သည့် ဒီမိုကရက်တစ် ပါတီတွင် မြန်မာနိုင်ငံ၏ ပထမဆုံး အရပ်သား ဝန်ကြီးချုပ် ဦးနု၏ သမီးဖြစ်သူ ဒေါ်သန်းသန်းနု ပါဝင်သည်။

          ရွေးကောက်ပွဲ ပါဝင် ယှဉ်ပြိုင်ရေးနှင့် ပတ်သက်သော ဥပဒေများကို လူသိရှင်ကြား မထုတ်ပြန် သေးသောကြောင့် လုံလောက်သော ပြင်ဆင်ချိန် ရနိုင်မည် မဟုတ်၍ နိုင်ငံရေး ပါတီများက စောင့်ကြည့် နေကြသည်ဟု ပါတီ ဥက္ကဋ္ဌ ဦးသုဝေက ယမန်နေ့က ပြောကြားသည်။

          ရွေးကောက်ပွဲ ဥပဒေတွင် အဖွဲ့အစည်းများနှင့် လူ ပုဂ္ဂိုလ်များ မြောက်မြားစွာ ပါဝင် ယှဉ်ပြိုင်ခြင်း မပြုနိုင်ရန်အတွက် တားမြစ်ချက်နှင့် ကန့်သတ်ချက် မြောက်မြားစွာ ပါဝင်လိမ့်မည်ဟု မိမိတို့ မျှော်လင့်ထားကြပြီး ရွေးကောက်ပွဲ ဝင်မည့် ပါတီများသည် ၁၉၉၀ ရွေးကောက်ပွဲ ကထက် ပို၍ နည်းသွားလိမ့် မည်ဟု ယူဆကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

          ဒီမိုကရက်တစ် ပါတီသည် နိုင်ငံရေးပါတီများ ဖွဲ့စည်းခွင့် အပါအဝင် ရွေးကောက်ပွဲ ဥပဒေကို ကြေညာရန် တိုက်တွန်းသော စာတစ်စောင်ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ ယခင်ကပင် ပေးပို့ခဲ့ပြီး ဖြစ်သည်။

          ရွေးကောက်ပွဲ ကျင်းပမည့် ရက်ကို မြန်မာအစိုးရက ယခုတိုင် ကြေညာခြင်း မရှိသော်လည်း ဂျပန် သတင်းစာ တစ်စောင်မှ သတင်း ရရှိမှုအရ လာမည့် အောက်တိုဘာလတွင် ကျင်းပရန် တပ်မတော် ခေါင်းဆောင်များက ပြင်ဆင်နေသည်ဟု ယခင် အပတ်က ဖော်ပြခဲ့သည်။

          မြန်မာ နှစ်သစ်ကူး ကာလဖြစ်သော ဧပြီလတွင် ရွေးကောက်ပွဲ ဥပဒေကို ကြေညာလိမ့်မည် ဟုလည်း ဆိုသည်။ သို့ဆိုပါက နိုင်ငံရေး ပါတီများအား ပြင်ဆင်ချိန် ၆ လ သာ ခွင့်ပြုခြင်း ဖြစ်သည်။ တတိယအင်အားစု နိုင်ငံရေးသမား တစ်ဦးက ပြောကြားခဲ့ရာတွင် ရွေးကောက်ပွဲကို လွတ်လပ်စွာ ပါဝင် ယှဉ်ပြိုင်ခွင့်ကို အမျိုးမျိုး တားဆီး ပိတ်ပင်ထားခြင်းသည် လက်ရှိ စစ်ဖက် အစိုးရနှင့် ပူးပေါင်းထားသော အုပ်စုများကို မျက်နှာသာ ပေးထားခြင်းပင် ဖြစ်သည်ဟု ဆိုသည်။

          မြန်မာနိုင်ငံတွင် စစ်အုပ်ချုပ်ရေးကို အမြစ်တွယ်ရန် ရည်ရွယ်၍ အတုအယောင် ရွေးကောက်ပွဲကိုသာ အစိုးရက ကျင်းပ ပေးလိမ့်မည် ဟုသော စွပ်စွဲချက်များနှင့် ရင်ဆိုင်နေရသည့် အဆိုပါ ရွေးကောက်ပွဲ အတွက် ပြင်ဆင်နိုင်မှုနှင့် ပတ်သက်၍ အခြားသူများက ရောထွေးနေသော ထင်မြင်ချက်များ ပေးခဲ့ကြသည်။

          မိမိတို့၏ အယူအဆများနှင့် နိုင်ငံရေး သုံးသပ်ချက်များသည် ပြည်သူများအတွင်း ပျံ့နှံ့နေပြီ ဖြစ်၍ နိုင်ငံရေးအရ မိမိတို့ အဆင်သင့် ဖြစ်နေပြီဟု ပြောနိုင်သည်ဟု Union of Myanmar Federation of National Politics ပါတီမှ ဦးအေးလွင်က ပြောကြားသည်။

          မိမိတို့၏ ယုံကြည်ချက်များ၊ လုပ်ထုံးလုပ်နည်းများ နှင့်အတူ မိမိတို့ပါတီသည် ရှေ့တန်းတွင် ခိုင်မာသော အနေအထားကို ရရှိနေသည်ဟု ပြောကြားသူမှာ Union Democracy Alliance မှ ဦးနေမျိုးဝေ ဖြစ်သည်။

          အဓိက အတိုက်အခံ ပါတီ NLD ကမူ ပါဝင် ယှဉ်ပြိုင်ခြင်း ပြု၊ မပြုကို ယခုတိုင် မကြေညာသေးပါ။ မြန်မာနိုင်ငံတွင် နောက်ဆုံး ကျင်းပခဲ့သော ၁၉၉၀ ရွေးကောက်ပွဲတွင် NLD ပါတီက အပြတ်အသတ် အနိုင်ရရှိခဲ့သော်လည်း စစ်ဖက်အစိုးရက ရွေးကောက်ပွဲ ရလဒ်များကို အသိအမှတ် ပြုရန် ငြင်းဆန်ခဲ့ပြီး ပြည်သူ ချစ်သော ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်တွင် အကျယ်ချုပ်ဖြင့် ဖမ်းဆီး ထိန်းသိမ်းထားခဲ့သည်။

0 comments:

Post a Comment