Transparency Myanmar

transparency.myanmar@gmail.com

Thai News Agency, 11th January 2010

ထိုင်းနိုင်ငံ တောင်ပိုင်း Chumphon ပြည်နယ်ရှိ နေအိမ် တစ်ခုတွင် မြန်မာ အကိုင်အကိုင် ရှာဖွေသူ ပွဲစားများနှင့် တရားမဝင် မြန်မာအလုပ်သမား အယောက် ၃၀ အား ထိုင်း စစ်သားများက ဇန်နဝါရီလ၁၀ ရက်နေ့တွင် ဖမ်းဆီးလိုက်ကြောင်း သိရသည်။

ဗိုလ်မှူး Thanaphan Sukprasert ဦးဆောင်သော တပ်ဖွဲ့ဝင် ၁၅ ဦးပါ တပ်စု တစ်စုသည် Chumphon ပြည်နယ်၊ Tha Sae မြို့ရှိ အိမ်တစ်အိမ်ကို ဝင်ရောက် စီးနင်းရာမှ အဆိုပါ မြန်မာနိုင်ငံသား အလုပ်ပွဲစားများနှင့် တရားမဝင် မြန်မာ အလုပ်သမားများကို ဖမ်းမိခြင်း ဖြစ်ကြောင်း၊ ထိုအိမ်သည် တရားမဝင် လုပ်သားများ ရှာဖွေ စုဆောင်းပြီး အခြားသော ပြည်နယ်များသို့ ပို့လွှတ်လျက် ရှိသည် ဟူသော သတင်းပေးမှုကို အခြေခံကာ ယင်းသို့ ဝင်ရောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း ထိုင်း သတင်း အေဂျင်စီ(TNA) က ပြောသည်။

ထိုအိမ်မှ အမျိုးသား ၁၆ ဦးနှင့် အမျိုးသမီး ၁၄ ဦးဖမ်းမိခဲ့သည်။ ယင်းတို့နှင့် အတူ ကိုဆာ နှင့် မစွာ အမည်ရ အလုပ်ပွဲစား မြန်မာနိုင်ငံသား နှစ်ဦးကိုလည်း ဖမ်းမိနိုင်ခဲ့သည်ဟု ဆိုသည်။ ထိုနှစ်ဦးသည် ထိုင်းနိုင်ငံရှိ တရားမဝင် အလုပ်သမား ဂိုဏ်းတွင် ပွဲစား လုပ်နေသူများ ဖြစ်သည်။

ကနဦး စုံစမ်း စစ်ဆေးမှုအရ ထိုင်းနိုင်ငံမှ လူထုအဖွဲ့အစည်း ခေါင်းဆောင် တစ်ဦးနှင့် စီးပွားရေးသမား တစ်ဦးလည်း တရားမဝင် လုပ်သားများ ကုန်ကူးမှုတွင် ပါဝင် ပတ်သက်နေသည်။

တရားမဝင် လုပ်သားများသည် ရနောင်းမြို့မှ တစ်ဆင့် ထိုင်းနိုင်ငံသို့ ဝင်ရောက်ပြီး Chumphon ရှိ လုံခြုံ စိတ်ချရသော အိမ်တစ်အိမ်တွင် ခေတ္တ ခိုလှုံကြရသည်။ ထိုမှ တစ်ဆင့် Samut Sakhon၊ Chonburi၊ Surat Thani နှင့် Songkhla မြို့များရှိ စက်ရုံများတွင် အလုပ် လုပ်ကိုင်ရန် စေလွှတ်ခြင်း ခံရသည်။

ယခု ဖမ်းမိသော တရားမဝင် အလုပ်သမားများသည် အလုပ် ရရှိရန် ပွဲစားများကို ဘတ်ငွေ ၅၀၀၀ မှ ၇၀၀၀ အထိ ပေးခဲ့ကြရသည်။ ယင်းသို့ ပေးရာတွင်လည်း ၎င်းတို့၏ ခရီးစဉ် အကွာအဝေးပေါ်တွင် မူတည်ကာ ဈေးနှုန်း ကွဲပြား ခြားနားမှု ရှိသည်။ လမ်းခရီးရှိ စစ်ဆေးရေး ဂိတ်တစ်ခုတွင် ထိုင်း ရဲတပ်ဖွဲ့အား ဘတ်ငွေ ၅၀၀ ပေးခဲ့ရသည်။

ဖမ်းဆီးရမိသော တရားမဝင် လုပ်သားများအား ၎င်းတို့၏ နိုင်ငံများသို့ ပြန်မပို့မီ ထိုင်းရဲများက စစ်ဆေး မေးမြန်းမှုများ၊ မှတ်တမ်း ရယူမှုများ ပြုလုပ်ခဲ့သည်။ တရားမဝင် အလုပ်သမားများ ရှာဖွေ စုဆောင်းသည့် ဂိုဏ်းတွင် ပါဝင် ပတ်သက်နေသည့် ထိုင်းနိုင်ငံသားများကိုလည်း ဆက်လက် ဖော်ထုတ် သွားမည်ဟု သိရသည်။

0 comments:

Post a Comment