Transparency Myanmar

transparency.myanmar@gmail.com

          ဒုတိယ ကမ္ဘာစစ် အတွင်းက ဖောက်လုပ်ခဲ့သော တရုတ်နိုင်ငံမှ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း ဒေသသို့ ဆက်သွယ်သည့် သမိုင်းဝင် ကုန်သွယ် လမ်းမကြီးအား ပြန်လည် ဖွင့်လှစ်ပေးရန် မြန်မာ အစိုးရက သဘောတူ ခွင့်ပြုလိုက်ကြောင်း သိရှိရသည်။ အဆိုပါ လမ်းမကြီးသည် မြန်မာနိုင်ငံ မြောက်ပိုင်း၊ ကချင်ပြည်နယ် မှတစ်ဆင့် ဆက်သွယ် ဖောက်လုပ်ထားခြင်း ဖြစ်သည်။

          စတီးဝဲလ် လမ်းမ (ယခင် လီဒိုလမ်းမ) ဟု ခေါ်သော အဆိုပါ လမ်းမကြီးသည် အိန္ဒိယနိုင်ငံ အာသံပြည်နယ်နှင့် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်တို့ကို ဆက်သွယ် ဖောက်လုပ်ထားသော အရေးပါသည့် ကုန်သွယ်ရေး လမ်းမကြီး တစ်ခုလည်း ဖြစ်သည်။

          မူလက ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း အနောက် မဟာမိတ်တပ်များ တရုတ်နိုင်ငံသို့ ရိက္ခာများ တင်ပို့ရာတွင် အသုံးပြုခဲ့သော လမ်းမ ဖြစ်သည်။ သို့သော် နောက်ပိုင်း ကာလများ၌ ပြင်ဆင် ထိန်းသိမ်းခြင်း မရှိခဲ့သဖြင့် လမ်းကြောင်း ပိတ်ဆို့ခဲ့ရသည်။

အဆိုပါ လမ်းမကို ပြန်လည် ဖွင့်လှစ်လိုက်ပြီ ဖြစ်ကြောင်း မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်းက လွန်ခဲ့သော ရက်သတ္တပတ် အတွင်း ကျင်းပခဲ့သည့် Kolkata စီးပွားရေး ထိပ်သီး ဆွေးနွေးပွဲတွင် ထုတ်ဖော် ပြောဆိုခဲ့သည်။ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသမှ ကချင်ပြည်နယ် တနိုင်းဒေသအထိ လမ်းပိုင်းကို တရုတ်နိုင်ငံက ပြန်လည် ပြုပြင်ပေး၍ ကျန်ရှိသော အပိုင်းကို အိန္ဒိယနိုင်ငံက ပြီးဆုံးအောင် တာဝန်ယူခဲ့သည်။

          အဆိုပါ လမ်းမကြီးသည် အာသံပြည်နယ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် အဓိက ကျသည်ဟု အိန္ဒိယက ယုံကြည်လျက် ရှိသည်။ အာသံ ပြည်နယ်သည် နိုင်ငံ၏ ရေနံ လိုအပ်ချက်ကို ၂၅ ရာခိုင်နှုန်းအထိ ဖြည့်ဆည်း ပေးနိုင်သော်လည်း အခြားသော အိန္ဒိယ ပြည်နယ်များနှင့် နှိုင်းယှဉ်ပါက ဖွံ့ဖြိုး တိုးတက်မှု နောက်ကျ ကျန်ရစ်ဆဲ ဖြစ်သည်။

          လေ့လာ သုံးသပ်သူများ၏ အဆိုအရ အာသံပြည်နယ်သည် တရုတ်နှင့် အိန္ဒိယ နိုင်ငံအကြား အပြန်အလှန် ကုန်သွယ်မှုအတွက် ၂၀ ရာခိုင်နှုန်းမျှ အကျိုးပြုနိုင်ကြောင်း သိရသည်။ အဆိုပါ စတီးဝဲလ် လမ်းမကြီးကို ပြန်လည် ဖွင့်လှစ်ရန် ၂၀၀၆ ခုနှစ် အတွင်း လူပေါင်း တစ်သောင်း ခန့်လောက်က ဆန္ဒပြ တောင်းဆိုမှု တစ်ရပ် ဖြစ်ပေါ်ခဲ့ဖူးသည်။ ထိုနှစ်တွင် တရုတ်နိုင်ငံသည် ကမ္ဘာ့ရေနံ တင်သွင်းမှု တတိယ အများဆုံးနိုင်ငံ ဖြစ်ခဲ့ပေရာ အိန္ဒိယနိုင်ငံနှင့် ဆက်သွယ် လုပ်ကိုင်ရန် ဆန္ဒပြင်းပြခဲ့သည်။ အထူးသဖြင့် ဖွံ့ဖြိုး တိုးတက်မှု အားနည်းချက် ရှိသည့် ယူနန်ပြည်နယ် အတွက် တရုတ်က များစွာ အာရုံစိုက်ခဲ့ခြင်း ဖြစ်သည်။

          အရှည် ၁၇၀၀ ကီလိုမီတာ ရှိသော အဆိုပါ လမ်းမကြီးကို ပြန်လည် ဖွင့်လှစ်နိုင်ရေးနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံက မသိ ကျိုးနွံပြု လျစ်လျူရှု ခဲ့သေးသည်။ အကြောင်းမှာ စတီးဝဲလ် လမ်းမကြီး ဖြတ်သန်းရာ ဒေသသည် ကချင် လွတ်မြောက်ရေး တပ်ဖွဲ့(KIA) လက်နက်ကိုင် အဖွဲ့က ထိန်းသိမ်းထားသော နယ်မြေ တစ်စိတ် တစ်ဒေသ ဖြစ်နေ၍ ဖြစ်သည်။ ထို့ပြင် မြန်မာ စစ်အစိုးရနှင့် KIA တို့သည် အပစ်အခတ် ရပ်စဲရေး ကိစ္စတွင်လည်း မရေရာ မသေချာ ဖြစ်နေသောကြောင့် ဖြစ်ပါသည်။

          မည်သို့ ဆိုစေကာမူ အဆိုပါ စတီးဝဲလ် (လီဒို) လမ်းမသည် မြန်မာနိုင်ငံ၏ အိမ်နီးချင်း တရုတ်ရော အိန္ဒိယ အတွက်ပါ အရေးပါသော ဆက်သွယ်ရေး လမ်းမ ဖြစ်ကြောင်း မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်းက အသိအမှတ်ပြု ပြောဆိုခဲ့ပုံများကို Hindustan Times သတင်းစာက ရေးသား ဖော်ပြသည်။

 DVB မှ Key trans-Burma trade route to reopen ကို ဘာသာပြန်ဆိုပါသည်။

0 comments:

Post a Comment