Transparency Myanmar

transparency.myanmar@gmail.com

လွန်ခဲ့သော နှစ် ၃၀၊ တရုတ်နိုင်ငံ စီးပွားရေး တစ်ရှိန်ထိုး တိုးတက်နေချိန် ကာလအတွင်း ထောင်နှင့် ချီသော တရုတ်အစိုးရ အရာရှိကြီးများက အစိုးရ ဌာနဆိုင်ရာများမှ ရရှိသော ဝင်ငွေများအနက် ဒေါ်လာ ၅၀ ဘီလီယံခန့်အား မိမိတို့ ကိုယ်ကျိုးအတွက် အဓမ္မ ရယူကာ ပြည်ပနိုင်ငံများသို့ တိမ်းရှောင် ထွက်ပြေး သွားခဲ့ကြကြောင်း တရုတ်ပြည်၏ နာမည်ကျော် တရားရုံး တစ်ခုက ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ထုတ်ဖော် ပြောကြားပါသည်။

အဆိုပါ တရုတ် အရာရှိကြီးများသည် ပြည်ပမှ ရာဇဝတ် ဂိုဏ်းများနှင့် ဆက်သွယ်ပြီး အကူအညီများ ရယူကာ ငွေမည်းကို ငွေဖြူဖြစ်အောင် ပြုလုပ်ခြင်း၊ အိမ်ရာခြံမြေများ ဝယ်ယူခြင်း နှင့် မှတ်ပုံတင်အတုများ ပြုလုပ်ခြင်း အစရှိသည်များကို ပြုလုပ်လေ့ ရှိခဲ့ကြောင်း ပြည်သူ့ ရှေ့နေချုပ်ရုံးက လွှင့်တင်သော ဝက်ဘ်ဆိုက်မှ ဆောင်းပါးတစ်ပုဒ်အရ သိရပါသည်။

ထိပ်တန်းအစိုးရ ရှေ့နေရုံး တစ်ရုံး၏ အစီရင်ခံစာအရ အမေရိကန် ပြည်ထောင်စုနှင့် သြစတြေးလျကဲ့သို့သော နိုင်ငံများအပါအဝင် ဖွံ့ဖြိုးပြီး နိုင်ငံများသည် အဂတိ လိုက်စားသူ များ သွားရောက် ခိုလှုံရာ  နိဗ္ဗာန်ဘုံ တစ်ခုကဲ့သို့ ဖြစ်နေသည် ဟုလည်း သိရပါသည်။

ကိုယ်စားလှယ် ပေါင်းစုံ ပါဝင်သော အစိုးရ လုပ်ငန်း အဖွဲ့သည် အဂတိ လိုက်စားသော အစိုးရ အရာရှိများ၏ ခိုးဝှက်ပုံများနှင့် မည်သို့မည်ပုံ ပြည်ပသို့ လွတ်မြောက်အောင် ထွက်ပြေး သွားပုံများကို အခြေအမြစ် ကျကျ စုံစမ်းလျက် ရှိပါ သည်။

လေ့လာ စုံစမ်းချက်များ အရ တရုတ်နိုင်ငံမှ အရာရှိ ဝန်ထမ်း ၄၀၀၀ သည် ဒေါ်လာ ဘီလီယံ ၅၀ နှင့်အတူ ပြည်ပ နိုင်ငံများတွင် ခိုလှုံလျက် ရှိကြောင်း သိရသည်။ သို့သော် ခိုးယူ ထွက်ပြေးသူ အရာရှိ ၄၀၀၀ ရှိသည် ဟူသော အဖြေကို မည်သို့ တွက်ချက် ရယူခဲ့သည်ကိုမူ အတိအကျ မသိရှိရသေးပေ။

ကိုယ်စားလှယ် ပေါင်းစုံ ပါဝင်သော စုံစမ်းရေး အဖွဲ့တွင် ပြည်သူ့ လုံခြုံရေးဌာန၊ တရားရေးနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန တို့ ပါဝင်ကြောင်း၊ အဆိုပါအဖွဲ့သည် တရားဥပဒေ ချိုးဖောက်ကာ လွတ်မြောက် ထွက်ပြေးသွားသည့် အမှုကိစ္စများကို တားဆီး ကာကွယ်ရန် ဖြစ်ကြောင်း ကွပ်ကဲ ကြီးကြပ်ရေး ဌာန၏ ဝက်ဘ်ဆိုက်၌ ဖော်ပြထားပါသည်။

မည်သို့ ဆိုစေကာမူ အဂတိ လိုက်စားသော အရာရှိများကို ဖမ်းဆီးပြီး ဥပဒေအရ တရားစီရင်ရေး အတွက်သာ ဖြစ်သည်ဟု ဆိုသည်။ သို့သော် အဆိုပါ အရာရှိများကို မည်သို့ မည်ပုံ ဖော်ထုတ် ဖမ်းဆီးပြီး တရုတ်နိုင်ငံသို့ ပြန်ပို့ကာ မည်ကဲ့သို့ တရားစီရင်မည် ဟူသော အချက်ကိုမူ အသေးစိတ် ထုတ်ပြန်ထားခြင်း မရှိသေးပေ။

ကွပ်ကဲကြီးကြပ်ရေး ဝန်ကြီးဌာနသည် ယမန်နှစ်က ပြည်ပသို့ ခရီးထွက်ခွာ သွားကြသော အရာရှိများကို စောင့်ကြပ် စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ အမှုကိစ္စ ၁၀၃ ခုအတွက် အရာရှိ ၃၁၉ ဦး ထွက်ခွာ သွားခဲ့ကြသည်ကို တွေ့ရကြောင်း တရုတ်အစိုးရ အာဘော် ဖြစ်သော Global Times သတင်းစာက ဖော်ပြခဲ့သည်။

အရှေ့ ဇီကျန်ပြည်နယ် Whenzhou ခရိုင်အဆင့် ပါတီ အကြီးအကဲ ဖြစ်သူ Yang Xianghong ဆိုသူသည် အစိုးရ စရိတ်ဖြင့် ၂၀၀၈ ခုနှစ်က ပြင်သစ်နိုင်ငံသို့ သွားရောက်ခဲ့သည်။ ထို့နောက် တရုတ်ပြည်သို့ ပြန်လည် ဝင်ရောက်ရန် Yang Xianghong က ငြင်းပယ်ခဲ့သည်။ သူ၏ ဇနီးဖြစ်သူမှာ ယွမ်ငွေ သန်း ၂၀ (ဒေါ်လာ ၂ ဒဿမ ၉ သန်း) အား ငွေမည်းမှ ငွေဖြူ ဖြစ်အောင် ကြိုးပမ်းမှုဖြင့် တရုတ် ရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်း ခံခဲ့ရသည်။

မည်သို့ ဆိုစေကာမူ တရုတ် အရာရှိကြီးများ အနေဖြင့် ပိပိရိရိ ထွက်ပြေးသွားနိုင်မည့် နည်းလမ်းများ ရှိနေကြောင်း၊ ဥပမာ ပြည်ပ လုပ်ငန်းများအတွက် သွားရောက်သော ခရီးစဉ်များ၊ သက်သေခံ ကတ်ပြားအတု ပြုလုပ်ခြင်းများနှင့် ရာဇဝတ်ဂိုဏ်းများ၏ အကူအညီ ရယူနိုင်ခြင်းများဖြင့် ထွက်ခွာသွားနိုင်ကြောင်း တရုတ် လူမှုရေး သိပ္ပံ အကယ်ဒမီ မှ လေ့လာဆန်းစစ်သူ ပညာရှင်တစ်ဦးက ဆိုသည်။
AP သတင်းဌာနမှ Chinese Officials fled oversea with $ 50 Billion ကို ဘာသာပြန်ဆိုသည်။

0 comments:

Post a Comment