Transparency Myanmar

transparency.myanmar@gmail.com

          ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်း အလုပ်သမား ၆၀၀၀၀ နီးပါး၏ ရွှေ့ပြောင်း မှတ်ပုံတင် ကဒ်များမှာ ဇန်နဝါရီ(၂၀)တွင် သက်တမ်း ကုန်ဆုံးမည်ဖြစ်၍ လာမည့်ရက် အနည်းငယ်အတွင်း Work Permits မရရှိခဲ့လျှင် (သို့မဟုတ်) ၎င်းတို့အား နေထိုင်ခွင့်ပြုရန် ထိုင်းအစိုးရ၏ မူဝါဒ အလျင်အမြန် ပြောင်းလဲသွားခဲ့လျှင် ထိုင်းနိုင်ငံမှ ထွက်ခွာကြရလိမ့်မည်ဟု ထိုင်းနိုင်ငံတွင်းရှိ လူ့အခွင့်အရေး အဖွဲ့များ အဆိုအရ သိရ ပါသည်။

          ဇန်နဝါရီ ၂၀ တွင် မှတ်ပုံတင် သက်တမ်းကုန်ဆုံးမည့် ရွှေ့ပြောင်း အလုပ်သမား ၅၉၂၂၈ ယောက်သည် တရားဝင် အသိအမှတ်ပြု ခံရရန်အတွက် လျှောက်ထားခွင့် မရှိတော့ပါ။ အကယ်၍ ထိုင်းအစိုးရကသာ ၎င်းတို့၏ မှတ်ပုံတင် ကဒ်များကို နောက်တစ်နှစ် သက်တမ်းတိုး မပေးပါက နိုင်ငံတွင်းမှ ထွက်ခွာရဖွယ် ရှိသည်ဟု ဘန်ကောက်အခြေစိုက် Migrant Justice Programme မှ ညွှန်ကြားရေးမှူး Andy Hall က ပြောကြားပါသည်။

          အကယ်၍ ထိုင်းအစိုးရက မောင်းထုတ်ခဲ့လျှင်လည်း ပိုက်ဆံလိုနေသူတို့မှာ တရားမဝင် ပြန်ဝင် လာမည်သာ ဖြစ်သည်။ ၎င်းတို့အတွက် ပြေလည်နိုင်မည့် နည်းလမ်းကို အစိုးရက ရှာဖွေသင့်ပါသည်။ တရားမဝင် ဥပဒေမဲ့ အတင်းအကျပ် ခိုင်းစေခြင်း ခံရပါက ၎င်းတို့အတွက် အန္တရာယ် ကြီးမားလှသည် ဟု Andy Hall က ပြောကြားပါသည်။

          ရွှေ့ပြောင်း နေထိုင်သူ ၅၉၂၂၈ ဦးကို နှင်ထုတ်ခဲ့ပါက မည်သို့ ဖြစ်လာနိုင်သည်ကို အလေး အနက် စဉ်းစားပေးရန် ထိုင်းဝန်ကြီးချုပ် အဘီဆစ်ဗဲ့ဂျာဂျီဗားထံ တောင်းဆိုမည်ဟု MPT က ဆိုပါသည်။

          ၂၀၁၀ ဖေဖော်ဝါရီ ၂၈ အတွင်း တရားဝင် အသိအမှတ်ပြု ကဒ်ပြား မပြုလုပ်ရသေးသူများ နိုင်ငံတွင်းမှ ထွက်ခွာရမည်ဟု ထိုင်းအစိုးရက ၂၀၀၈ ဒီဇင်ဘာတွင် ကြေညာခဲ့ပါသည်။

          MPT နှင့် အခြား လူ့အခွင့်အရေး အဖွဲ့များက ပြောကြားရာတွင် ထိုင်းအစိုးရသည် မကြာမီ ကက်ဘိနက် အစည်းအဝေး ကျင်းပမည်ဖြစ်၍ ရွှေ့ပြောင်း နေထိုင်သူများသည် ၎င်းတို့၏ အလုပ် လုပ်ခွင့်ပါမစ် တရားဝင် သက်တမ်းတိုးရန် ကက်ဘိနက် ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းရမည်ဟု ဆိုပါသည်။

          ရွှေ့ပြောင်း အလုပ်သမားများ တရားဝင် အသိအမှတ်ပြုရေး လုပ်ငန်းစဉ်ကို နောက်ထပ် ၂ နှစ် ခွင့်ပြုရန် ထိုင်းအစိုးရအား လူ့အခွင့်အရေး အဖွဲ့များက တိုက်တွန်းထားပါသည်။ လက်ရှိ ထိုင်းနိုင်ငံထဲတွင် အလုပ်လုပ်ခွင့်ပါမစ် ရရှိထားသော ရွှေ့ပြောင်းအလုပ်သမား ၁၂၀၀၀ ခန့်သာ ရှိပါသည်။

          ထိုင်းနိုင်ငံထဲတွင် တရားမဝင် မြန်မာရွှေ့ပြောင်း အလုပ်သမား ၂ သန်းမှ ၃ သန်းခန့် အထိရှိ သည်ဟု ခန့်မှန်းထားသည့် အနက်မှ ၁၃၁၀၆၈၆ ဦးခန့်သာ ရွှေ့ပြောင်း အလုပ်သမားအဖြစ် မှတ်ပုံတင် ထားပါသည်။

          ရွှေ့ပြောင်း အလုပ်သမား အများစုမှာ မွန်၊ ကရင်၊ ရှမ်းစသော တိုင်းရင်းသားများဖြစ်၍ မြန်မာစစ်တပ်၏ ဖိနှိပ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှု များကြောင့် ထွက်ပြေး ရောက်ရှိ နေကြခြင်း ဖြစ်သည်။

          အဆိုပါ ရွှေ့ပြောင်း အလုပ်သမားများသည် မြန်မာနိုင်ငံသားအဖြစ် အထောက်အထားပြရန် အတွက် ကိုယ်ရေးရာဇဝင် အချက်အလက် အသေးစိတ်ကို မြန်မာအစိုးရထံ တင်ပြရပါသည်။ ယင်းကဲ့သို့ မြန်မာနိုင်ငံသားဖြစ်ကြောင်း အသိအမှတ်ပြု လုပ်ငန်းစဉ်အတွက် မြန်မာအစိုးရရုံးသို့ သွားရောက် ဆောင်ရွက်ပါက ၎င်းတို့၏ လုံခြုံမှုနှင့် မြန်မာနိုင်ငံတွင်းရှိ ၎င်းတို့၏ မိသားစုဝင်များ သွယ်ဝိုက်၍ ဒုက္ခရောက်နိုင်သဖြင့် အများစုမှာ စိုးရိမ်ပူပန်လျက်ရှိကြပါသည်။

          အဆိုပါ ရွှေ့ပြောင်းအလုပ်သမားများ အသိအမှတ်ပြုရေး လုပ်ငန်းစဉ်နှင့် အကျိုးရလဒ်များကို အလုပ်သမားများနှင့် အလုပ်ရှင်များပါ သိရှိသဘောပေါက်မှု အလွန်နည်းသည်ဟု လူ့အခွင့်အရေးအဖွဲ့ များကပြောကြားပါသည်။

          မြန်မာ့ရွှေ့ပြောင်း အလုပ်သမားများ မှတ်ပုံတင်ရေးကို တိုက်တွန်း အားပေးရန် ရည်ရွယ်၍ ထိုင်းနိုင်ငံတွင်းရှိ မြန်မာနိုင်ငံသားများ အသိအမှတ်ပြု လုပ်ငန်းဆောင်ရွက်ရန် တာဝန်ရှိ ပုဂ္ဂိုလ်များစေ လွှတ်ပေးရေးကို မြန်မာအစိုးရထံ လူ့အခွင့်အရေးအဖွဲ့များက တောင်းဆိုထားပါသည်။

          ထိုသို့ မြန်မာနိုင်ငံသားအဖြစ် အသိအမှတ်ပြုရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍ သတင်းအချက်အလက်နှင့် သဘောပေါက်နားလည်မှု အားနည်းသောကြောင့် ရွှေ့ပြောင်း အလုပ်သမား အများစုမှာ မှတ်ပုံတင်ရန် မကြိုးစားပဲ ဝေးဝေးရှောင်ကြသည် ဟုလည်း သိရပါသည်။

          ကမ္ဘောဒီယားနှင့် လာအိုအစိုးရများသည် အလားတူ လုပ်ငန်းစဉ်မျိုးကို ပြီးစီးအောင် ဆောင်ရွက်ရန်အတွက် အစိုးရ တာဝန်ရှိပုဂ္ဂိုလ်များကို ထိုင်းနိုင်ငံသို့ ယခင်နှစ်များကပင် စေလွှတ်ခဲ့ပါသည်။ သို့သော်လည်း မြန်မာအစိုးရက တောင်းဆိုမှုများကို ငြင်းဆန်ခဲ့ပြီး ရွှေ့ပြောင်း အလုပ်သမားများ အားလုံးကို နိုင်ငံသား အသိအမှတ်ပြု လုပ်ငန်းအတွက် မြဝတီ၊ တာချီလိတ်နှင့် ကော့သောင်းစသော နယ်စပ် စစ်ဆေးရေးဂိတ် ၃ ခုသို့ လာရောက် ဆောင်ရွက်ရန်ကိုသာ လိုလားနေသည်ဟု သိရှိရပါသည်။

0 comments:

Post a Comment