Transparency Myanmar

transparency.myanmar@gmail.com

Irrawaddy News, 20th January 2010

          မြန်မာ အာဏာပိုင်များသည် အကြမ်းဖက်မှု နှိမ်နင်းရေး ဥပဒေသစ်ကို ရေးဆွဲပြီး ဖြစ်၍ ယခုနှစ်တွင် စတင် ကျင့်သုံးရန် အစီအစဉ် ရှိသည်ဟု ယခု အပတ်ထုတ် မြန်မာတိုင်းမ် ဂျာနယ်တွင် ဖော် ပြချက်အရ သိရှိရပါသည်။

          မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ နိုင်ငံ ဖြတ်ကျော် မှုခင်းများအကြောင်း ဌာန အကြီးအကဲ ရဲမှူးကြီး စစ်အေး၏ ဒီဇင်ဘာ ၁၈ ရက်တွင် ပြောကြားမှုကို အခြေခံ၍ ဖော်ပြထားသော သတင်းတွင် ပြည်ထဲရေး ဝန်ကြီးဌာနသည် အခြားဌာန များစွာနှင့် ပူးပေါင်း၍ အဆိုပါ ဥပဒေကို အကောင်အထည် ဖော်သွားမည်ဟု ဆိုပါသည်။

          အကြမ်းဖက် ဝါဒကို ငွေကြေးနှင့် ပစ္စည်း ထောက်ပံ့ ကူညီသူများကို အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ပြီး ယခု ဥပဒေသည် ပြည်သူလူထု၏ လုံခြုံရေးအတွက် အလွန် အရေးကြီးသည့် ဆောင်ရွက်ချက်တစ်ခု ဖြစ်သည်ဟု ရဲမှူးကြီး စစ်အေးက ပြောကြားခဲ့သည်ဟု သိရပါသည်။

          ဗုဒ္ဓဟူးနေ့တွင် ဧရာဝတီမှ ဆက်သွယ် မေးမြန်းခဲ့သော အကဲခတ်သမားများနှင့် ရှေ့နေများက မြန်မာ စစ်ဖက် အစိုးရသည် အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားမှုများကို ထိန်းချုပ်ရန် ကိရိယာ တစ်ခု အဖြစ် ယင်းဥပဒေကို အသုံးပြုလိမ့်မည်ဟု စိုးရိမ်ပူပန် နေကြပါသည်။

          ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင် လှုပ်ရှားမှု အပြီးတွင် ထိုင်းနိုင်ငံသို့ ထွက်ပြေးလာသူ မြန်မာရှေ့နေ စောကျော်ကျော်မင်းက အဆိုပါ ဥပဒေသည် အစိုးရကိုသာ အကျိုးရှိ စေလိမ့်မည်ဟု ဗုဒ္ဓဟူးနေ့တွင် ဧရာဝတီသို့ ပြောကြားခဲ့ပါသည်။

          အကယ်၍ ယခု ဥပဒေသည် စတင် ကျင့်သုံးပါက စစ်အာဏာရှင် အုပ်ချုပ်ရေးကို အမြစ်တွယ် စေမည့် ကိရိယာ တစ်ခုအဖြစ် အသုံးပြုလိမ့်မည်ဟု ၎င်းက ဆိုပါသည်။

          "ဗုံးခွဲမှုတွေ၊ ပစ်ခတ်မှုတွေကြောင့် သေကြေ ဒဏ်ရာရမှုတွေ ဖြစ်စေတယ် ဆိုရင်တော့ အကြမ်းဖက်မှုလို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ အကြမ်းမဖက်ဘဲ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး၊ လုပ်ဆောင်နေတဲ့ အတိုက်အခံတွေနဲ့ နိုင်ငံရေး အဖွဲ့အစည်းတွေကို ငွေကြေးပစ္စည်း ထောက်ပံ့တာကိုတော့ အကြမ်းဖက်မှုလို့ သတ်မှတ်လို့ မရပါဘူး" ဟု ၎င်းက ပြောကြားပါသည်။

          "တကယ်လို့ လက်နက်ကိုင် လှုပ်ရှားမှု ဆောင်ရွက်နေတဲ့ အဖွဲ့ဆီက ထောက်ပံ့ ကူညီမှုကို လက်ခံတယ် ဆိုရင်တော့ ဒါက နောက်ထပ် သီးခြား စဉ်းစားရမယ့် ကိစ္စတစ်ခုပါ" ဟု ရန်ကုန်မြို့နေ ရှေ့နေတစ်ဦးက ဗုဒ္ဓဟူးနေ့တွင် ပြောကြားပါသည်။

          "မြန်မာအစိုးရက အကြမ်းဖက်မှုကို ဘယ်လို အဓိပ္ပါယ် ဖွင့်ဆိုမလဲ ဆိုတဲ့ အချက်ပေါ်မှာ အားလုံး မူတည်နေပါတယ်" ဟုလည်း ၎င်းက ဆိုပါသည်။

          "တရားမဝင် အဖွဲ့တွေနဲ့ နာမည်ရ လက်နက်ကိုင် အဖွဲ့တွေကို အကြမ်းဖက် သမားတွေ အဖြစ် အစိုးရက ပုံမှန် ပြောကြားလေ့ ရှိသော်လည်း ယခုတိုင် အကြမ်းဖက် အဖွဲ့အစည်းများနှင့် အကြမ်းဖက်မှု နှိမ်နင်းရေး ဥပဒေကို တရားဝင် ကြေညာခြင်း မရှိသေးပါ" ဟု အဆိုပါ ရှေ့နေက ပြောဆိုခဲ့ပါသည်။

          "အကြမ်းဖက်မှု တားဆီး နှိမ်နင်းရေး ဥပဒေကို အစိုးရက ထုတ်ပြန် ကြေညာတော့မှာပါ။ သူတို့ အဆင့်သင့် ဖြစ်တယ် ဆိုရင်ပေါ့လေ" ဟု ၎င်းက ဖြည့်စွက် ပြောကြားပါသည်။

          KNU နှင့် All Burma Student's Democratic Front တို့ ကဲ့သို့သော အဖွဲ့များသည် အကြမ်းဖက်မှုနှင့် ဆက်နွယ် ပတ်သက်နေကြောင်း၊ ၎င်းတို့ထဲမှာ ငွေကြေး အကူအညီနှင့် သင်တန်း ပေးမှုများကို အကြမ်းဖက်မှုနှင့် အကြုံးဝင်သည် ဟု သတ်မှတ်မည် ဖြစ်ကြောင်း မြန်မာတိုင်းမ် သတင်းတွင် ဖော်ပြထားပါသည်။

          မည်သို့ပင်ဖြစ်စေ အကြမ်းဖက်မှု တားဆီး နှိမ်နင်းရေး ဥပဒေသည် ပြည်ပရောက် အတိုက်အခံ အဖွဲ့များနှင့် ဆက်သွယ်သည့် အစိုးရ ဆန့်ကျင်ရေး အဖွဲ့များ၊ နိုင်ငံရေး၊ လူမှုရေး လှုပ်ရှားသူများကို ရည်ရွယ်ခြင်း ဖြစ်ပုံ ရသည်ဟု အကဲခတ်သမား အချို့က ပြောကြားပါသည်။

          ၂၀၁၀ ရွေးကောက်ပွဲ ကာလအတွင်း လူထု စည်းဝေးပွဲများ အခြား လူမှုရေး မငြိမ်သက်မှုများ အပါအဝင် အစိုးရ ဆန့်ကျင်ရေး အတိုက်အခံများကို တားဆီးရေးအတွက် ယခု ဥပဒေကို အသုံးပြုရန် အစိုးရက ရည်ရွယ်ခြင်း ဖြစ်သည်ဟု အချို့က ထောက်ပြ ပြောဆိုပါသည်။

          KNU အထွေထွေ အတွင်းရေးမှူး ဇစ်ပိုရာစိန်က ပြောကြားရာတွင် အစိုးရ၏ အကြမ်းဖက်မှု တားဆီး နှိမ်နင်းရေး ဥပဒေသည် အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားမှုများကို တင်းကြပ်ရန်၊ အတိုက်အခံ ထောက်ခံ အားပေးသူများနှင့် ဒီမိုကရေစီ လှုပ်ရှားသူများကို ရွေးကောက်ပွဲကြို နိုင်ငံရေး လှုပ်ရှားမူများမှ တားဆီးရန် ရည်ရွယ်ခြင်း ဖြစ်သည်ဟု ဆိုပါသည်။

          မြန်မာနိုင်ငံတွင် တစ်ဦးချင်း ဖြစ်စေ၊ အဖွဲ့အစည်းဖြင့် ဖြစ်စေ ပြည်ပရောက် အတိုက်အခံ အဖွဲ့များနှင့် လက်နက်ကိုင် အဖွဲ့များထံမှ ဆက်သွယ်ခြင်း (သို့မဟုတ်) အကူအညီ လက်ခံခြင်း ပြုလုပ်ပါက တရားမဝင် အဖွဲ့အစည်း ဆိုင်ရာ ဥပဒေပုဒ်မ ၁၇/၁ အရ တရားစွဲဆိုခြင်း ခံရနိုင်ပြီး ဥပဒေ ချိုးဖောက်သူ များသည် ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်အထိ ပြစ်ဒဏ် ကျခံရနိုင်သည်ဟု ရှေ့နေများထံမှ သိရှိရပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment