Transparency Myanmar

transparency.myanmar@gmail.com

Irrawaddy News, 27th January 2009

          ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် Tomas Ogea Quintana သည် ဖေဖော်ဝါရီ (၁၄) မှ (၂၀) အတွင်း မြန်မာနိုင်ငံသို့ လာရောက်မည် ဖြစ်သည်။ ၎င်းက တစ်နှစ်အတွင်း ဒုတိယအကြိမ် လာရောက်ရန် ယခင်နှစ်က တောင်းဆိုထားခဲ့ခြင်း ဖြစ်ပြီး မြန်မာ အစိုးရကမူ ယခု ခရီးစဉ်သည် အချိန်ကိုက် မဟုတ်ဟု ဆိုပါသည်။

          ပြီးခဲ့သော မတ်လက ၎င်း၏ လေ့လာ တွေ့ရှိချက်များကို ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီသို့ အစီရင်ခံစာ တင်ခဲ့သည်ဟု ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ ထိုင်းနိုင်ငံ ရုံးခွဲ၏ အဆိုအရ သိရပါသည်။

          အထိန်းသိမ်းခံ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ အပစ်ရပ် လက်နက်ကိုင် တပ်ဖွဲ့ ခေါင်းဆောင်များ စသူတို့နှင့် တွေ့ဆုံခွင့် ရရန် Quintana က မြန်မာ အာဏာပိုင်များကို တောင်းဆိုထားသည်ဟု အင်္ဂါနေ့က မြန်မာ ရေဒီယို အသံလွှင့်ဌာန တစ်ခုနှင့် အင်တာဗျူးတွင် ၎င်းက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။ ထို့အပြင် လူ့အခွင့်အရေး အနေအထားများကို လေ့လာရေးအတွက် ရခိုင်ပြည်နယ်သို့ သွားရောက်ရန် တောင်းဆို ထားသေးသည်ဟု ဆိုပါသည်။

          ကုလသမဂ္ဂသို့ မနှစ်က တင်သွင်းသော ၎င်း၏ အစီရင်ခံစာတွင် အမျိုးသား ပြန်လည် ပေါင်းစည်းရေးနှင့် ဒီမိုကရေစီ စနစ်သို့ ကူးပြောင်းရေးကို အမှန်တကယ် ရည်ရွယ်၍ ၂၀၁၀ ရွေးကောက်ပွဲများ မတိုင်မီ နိုင်ငံရေး အကျဉ်းသား (၂၁၅၆) ဦးစလုံးကို လွှတ်ပေးရန် Quintana က တောင်းဆိုထားပါသည်။

          ၂၀၀၈ မေလတွင် ဂျီနီဗာ အခြေစိုက် ကုလသမဂ္ဂ လူ့အခွင့်အရေး အဖွဲ့က ၎င်းအား ရာထူး ခန့်အပ်ချိန်မှ စ၍ Quintana သည် မြန်မာနိုင်ငံသို့ (၂) ခေါက် သွားရောက်ခဲ့ပြီး ၂၀၀၉ ဖေဖော်ဝါရီတွင် ဒုတိယအကြိမ် လာရောက်ခြင်း ဖြစ်သည်။ ၎င်း၏ အခွင့်အာဏာကို ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက အပ်နှင်းထားခြင်း ဖြစ်သည်။

          မနှစ်က ၎င်း၏ နောက်ဆုံး ခရီးစဉ်အတွင်း အင်းစိန်ထောင်တွင်းရှိ နိုင်ငံရေး အကျဉ်းသားများနှင့် သီးသန့် တွေ့ဆုံခဲ့ပါသည်။ ထို့အပြင် ကရင်ပြည်နယ်ရှိ အကျဉ်းထောင်သို့လည်း သွားရောက်ခဲ့ပြီး မြန်မာအစိုးရက ပေါ်တာ ဆွဲထားစဉ် ထွက်ပြေးရန် ကြိုးစားမှုဖြင့် ထောင်ကျနေသော အကျဉ်းသားများနှင့်လည်း တွေ့ဆုံခဲ့ပါသည်။

          Quintana က စစ်ဖက် အစိုးရအား ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ လူ့အခွင့်အရေး ဆိုင်ရာ ဆောင်ရွက်ချက် အဆင့် (၄) ဆင့် ပြုလုပ်ရန် တိုက်တွန်း ထားပါသည်။ အဆိုပါ အဆင့် (၄) ဆင့်မှာ နိုင်ငံရေး အကျဉ်းသားများ အားလုံးကို လွှတ်ပေးရန်၊ နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းများနှင့် ကိုက်ညီခြင်း မရှိသော ဥပဒေများကို ပြန်လည် သုံးသပ် ပြင်ဆင်ရန်၊ လွတ်လပ်မှုနှင့် တရားမျှတမှုကို အာမခံမည့် တရားသူကြီး အဖွဲ့ကို ပြန်လည် ဖွဲ့စည်းရန်၊ အရပ်သားတို့၏ အခွင့်အရေးများ အပါအဝင် ပြဿနာ ဖြစ်ပွားနေသော နယ်မြေများအတွင်း နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေများကို လေးစားရေး အတွက် တပ်မတော်ကို ပြင်ဆင် ဖွဲ့စည်းရန် စသည်တို့ ဖြစ်ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment