Transparency Myanmar

transparency.myanmar@gmail.com

by Nehginpao Kipgen, www.huffingtonpost.com, 26th January 2010

မနှစ်က ဇန်နဝါရီလ ၂၀ ရက် နေ့တွင် ပထမဆုံး အာဖရိက နွယ်ဖွား အမေရိကန် တစ်ဦးသည် အမေရိကန် ပြည်ထောင်စု၏ ၄၄ ဦးမြောက် သမ္မတ အဖြစ် ရာထူး လက်ခံခဲ့ပါသည်။ ဤစာရေးသူသည် ဝါရှင်တန် ဒီစီ၏ အသည်းနှလုံး National Mall တွင် ဆောင်းရာသီ အအေးဒဏ်ကို အံတုရင်း ရောက်ရှိလာသော ထောင်ပေါင်း များစွာသော လူများတွင် တစ်ဦး အပါအဝင် ဖြစ်ပါသည်။

ကျွန်ုပ်သည်လည်း ကမ္ဘာပေါ်ရှိ သန်းပေါင်း များစွာသော လူများကဲ့သို့ပင် တက်ကြွ ဖျတ်လတ်သော Barack H.Obama ၏ အခမ်းအနား မိန့်ခွန်းကို နားထောင်ရန် အလွန် စိတ်အား ထက်သန် ခဲ့ပါသည်။ Obama သည် ၎င်း၏ မူဝါဒကို ဖော်ပြသော မိန့်ခွန်းတွင် အမေရိကန် ပြည်ထောင်စု အနေဖြင့် ရန်သူများရော  မိတ်ဆွေများပါ တန်းတူ ဆက်ဆံခြင်းဖြင့် ကမ္ဘာတစ်ဝှမ်းမှ အမေရိကန် အပေါ် အမြင် ပြောင်းစေရန် ထည့်သွင်း ပြောကြားခဲ့ရာ အများ၏ စိတ်ပါဝင်စားစွာ အလေးပေး နားထောင်မှုကို တွေ့ရှိခဲ့ရပါသည်။

အာဏာရှင် အစိုးရများကို ရည်ရွယ်၍ Obama က ဆွေးနွေးသော စကားကို ပြောကြားရာတွင် ''အကျင့်ပျက် ခြစားမှု၊ လိမ်ညာမှုနှင့် မိမိနှင့် သဘောထား မတူသူများ၏ အသံကို တိတ်နေ စေခြင်းအားဖြင့် အာဏာကို ဖက်တွယ် ထားသူများကို ပြောလိုပါတယ်။ ခင်ဗျားတို့ဟာ သမိုင်းရဲ့ မှားတဲ့ ဖက်မှာ နေနေကြတယ် ဆိုပေမယ့် ခင်ဗျားတို့ ဆုပ်ထားတဲ့ လက်သီးများကို လက်ဆွဲ နှုတ်ဆက်ဖို့ လိုလားတယ် ဆိုရင် ကျွန်တော်တို့က လက်ကို ဆန့်တန်းပြီး အသင့် ရှိနေပြီးသားပါ  '' ဟု ပြောကြားခဲ့ပါသည်။

Obama သည် ဒီမိုကရက်တစ် ပါတီ၏ သမ္မတဟောင်း အဖြစ် အမည် စာရင်း သွင်းရန် အကြို ရွေးကောက်ပွဲ အနိုင်ရရှိကတည်းက ဝါရှင်တန် အနေဖြင့် မြန်မာနိုင်ငံကို မည့်သို့ အကျိုးရှိရှိ ချဉ်းကပ်မလဲ ဆိုသည့် အချက် ကို ငြင်းခုံလျက် ရှိနေပြီ ဖြစ်ပါသည်။ ပြည်ပရောက် မြန်မာ အတိုက်အခံ အဖွဲ့ အများစုသည် သမ္မတ ဘွတ်ရှ် ၏ အရေးယူမှုနှင့် အထီးကျန် ဖြစ်စေခြင်း မူဝါဒကို များစွာ သဘောကျ ကြပါသည်။

အမြင် အမျိုးမျိုး၊ အကြံဥာဏ် အမျိုးမျိုး ရှိနေသည့် ကြားမှပင် Obama အစိုးရသည် မြန်မာ နိုင်ငံရေး ကျွမ်းကျင်သူ ပညာရှင်များ အပါအဝင် အဖွဲ့များစွာနှင့် ဆွေးနွေး တိုင်ပင်ခဲ့ပါသည်။ အမေရိကန် အနေဖြင့် မြန်မာနိုင်ငံကို အရေးယူမှုများမှ ဖယ်ခွာ၍ ဆက်ဆံရေး မူဝါဒကို ကျင့်သုံးရန် အကြံပြုသူ လူအနည်းစုတွင် စာရေးသူ ကျွန်ုပ်လည်း ပါဝင်ပါသည်။

၂၀၀၈ ခုနှစ် နိုဝင်ဘာ ၂၈ ရက်နေ့က China Post တွင် ကျွန်ုပ်သည် '' အမေရိကန် တို့ မြန်မာနိုင်ငံနှင့် ဆက်ဆံရေးတွင် အရေးယူ ပိတ်ဆို့မှုချဉ်း မဟုတ်ပဲ၊ အခြား ပြောင်းလဲ ဆက်ဆံကြည့်ပါ'' ဟူသော ခေါင်းစဉ်ဖြင့် ဆောင်းပါး ရေးသားခဲ့ပါသည်။ အဆိုပါ ဆောင်းပါးတွင် ပဋိပက္ခဖြင့် ချဉ်းကပ်ခြင်း၏ မထိရောက်မှုများကို ဖော်ပြခဲ့ပြီး၊ အမေရိကန် အစိုးရ အနေဖြင့် မြန်မာ ဗိုလ်ချုပ်များကို အထီးကျန်ပြုထားသော ၎င်း၏ သမားရိုးကျ မူဝါဒကို စွန့်ခွာပြီး၊ ဗိုလ်ချုပ်များနှင့် ထိတွေ့ ဆက်ဆံမှု စတင် ပြုလုပ်ရန် ခက်ခဲလိမ့်မည် ဖြစ်ကြောင်း ဖော်ပြခဲ့ပါသည်။ သို့သော် အမေရိကန် အစိုးရ အနေဖြင့် မြန်မာ့အရေး အတွက် အဖြေရှာရာတွင် အရေးယူ ပိတ်ဆို့မှု ပြုလုပ်ခြင်း သက်သက်ဖြင့် မထိရောက်နိုင်ကြောင်း သဘောပေါက်သင့်ပြီး။ အခြားတဖက်တွင် ထိတွေ့ ဆက်ဆံရေး ပြုလုပ်၍ ရနိုင်ကြောင်း ထောက်ပြခဲ့ပါသည်။

၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလတွင် ဟီလာရီ ကလင်တန် သည် နိုင်ငံခြားရေး ဝန်ကြီး အနေဖြင့် သူမ၏ ပထမဆုံး အာရှ ခရီးစဉ်ကို သွားရောက်ခဲ့ပါသည်။ Obama အစိုးရ၏ မြန်မာနိုင်ငံ အပေါ်ထားရှိသော မူဝါဒ ကိုသူမက အများသို့ ကျေညာချက် ထုတ်ပြန်ရာတွင် အရေးယူမှု ချမှတ်ထားသော မိမိတို့၏ ယခင် လမ်းကြောင်းသည် မြန်မာအစိုးရကို လွှမ်းမိုးနိုင်ခြင်း မရှိသည်မှာ ထင်ရှားနေပါသည် ဟု ဖော်ပြခဲ့ပါသည်။ ထို့အတူပင် မြန်မာနိုင်ငံ၏ အိမ်နီးနားချင်းများ ကျင့်သုံးနေသည့် မြန်မာတို့နှင့် ဆက်ဆံရေး မပြတ်တောက်စေရန် ဆက်ဆံရေးဝါဒ ကျင့်သုံးနေခြင်းသည်လည်း မြန်မာကို လွှမ်းမိုးနိုင်ခြင်း မရှိကြောင်း ထပ်လောင်း ပြောကြားခဲ့ပါသည်။

၂၀၀၈ ခုနှစ် နိုဝင်ဘာ နောက်ဆုံးရက် သတ္တပတ်များ၊ သမ္မတ ရွေးကောက်ပွဲ ကာလများက Bush အစိုးရသည် မြန်မာနိုင်ငံသို့ အထူး ကိုယ်စားလှယ် စေလွှတ်ရန် အမည်စာရင်း တင်သွင်းခဲ့ရာ မအောင်မြင်ခဲ့သော်လည်း၊ အဆိုပါ အကြံအစည်ကို ဝေဖန် သုံးသပ်သူများ၊ လေ့လာသူအများက ကြိုဆိုခဲ့ပါသည်။

၂၀၀၉ ခုနှစ် သြဂုတ်လ ၁၈ရက်နေ့က Washington Times တွင် ''ဖြစ်နိုင်သည့် ထွက်ရပ်လမ်း'' ခေါင်းစဉ်ဖြင့် ကျွန်ုပ်၏ အမြင်ကို ရေးသားသည့် ဆောင်းပါး၌ နိုင်ငံတကာ ချဉ်းကပ်မှု ပုံစံဖြင့် ဦးဆောင်မည့် အထူး ကိုယ်စားလှယ်၏ အရေးပါပုံကို ဖော်ပြခဲ့ပါသည်။ ဒေသ အကြောင်း နားလည်သူ အထူး ကိုယ်စားလှယ်ကို ရွေးချယ်ခြင်းတွင် ဥာဏ်ကြီးရန် လိုကြောင်း၊ အရှေ့ အာရှ၏ သံအမတ်အသစ် Kurt Campbell ကို တာဝန်ပေးလျှင် ဖြစ်နိုင်ကြောင်း ဖော်ပြခဲ့ပါသည်။ အထီးကျန်ပြုမှုကို နှစ်ပေါင်းများစွာ ကျင့်သုံးခဲ့ရာ မအောင်မြင်ခဲ့သည် ဖြစ်ရာ ထိတွေ့ ဆက်ဆံကြည့်ရန် အချိန် ဖြစ်ကြောင်း အကြံပြု ရေးသားခဲ့ပါသည်။

၂၀၀၉ ခုနှစ် စက်တင်ဘာလတွင် Obama အစိုးရသည် ၉လကြာ မူဝါဒ ပြန်လည် သုံးသပ် အပြီးတွင် မြန်မာ စစ်ခေါင်းဆောင်များ အပေါ် အရေးယူမှုများကို ဆက်လက်ထားရှိမည် ဖြစ်သော်လည်း ၎င်းတို့ ဆက်ဆံခြင်းကို စတင်မည် ဖြစ်ကြောင်း ကျေညာခဲ့ပါသည်။

အဆိုပါ မူဝါဒကို ကြိုဆိုသောအားဖြင့် ကျွန်ုပ်သည် Korea Times တွင် ၂၀၀၉ အောက်တိုဘာ ၉ ရက်နေ့က '' အမေရိကန် ပြည်ထောင်စုသည် မြန်မာတို့၏ ကွဲပြား ခြားနားမှုများကို နားလည်ရမည် '' ဟူသော ခေါင်းစဉ်ဖြင့် ဆောင်းပါး ရေးသားခဲ့ပါသည်။ မူဝါဒ အသစ်သည် အမေရိကန် အစိုးရ အတွက် ထိတွေ့ ဆက်ဆံမည့် အဖွဲ့များရော အရေးယူ ပိတ်ဆို့မည့် အဖွဲ့များကြား ဆက်ဆံရေးတွင် ပေါင်းကူးတံတား အဖြစ် ဖြည့်ဆည်းပေးမည် ဖြစ်ကြောင်း ဖော်ပြခဲ့ပါသည်။ ထိတွေ့ ဆက်ဆံရေး မူဝါဒကြောင့် ယခုအခါ Obama အစိုးရသည် အာဆီယံ အဖွဲ့ဝင်နိုင်ငံများ၊ တရုတ်၊ အိန္ဒိယ နှင့် ရုရှား တို့ဖြင့် အလုပ်လုပ်၍ ရပြီ ဖြစ်ပါသည်။ အရေးယူ ပိတ်ဆို့ရေးမူကိုလည်း ထားရှိခြင်းဖြင့် မိမိ၏ ရှေးရှေးကတည်းက မဟာမိတ် EU နှင့်လည်း အတူတူ အလုပ် လုပ်နိုင်ဦးမည် ဖြစ်ပါသည်။

လက်ရှိ အချိန်တွင်မူ ဝါရှင်တန်၏ ဦးစားပေး စာရင်းတွင် ပြည်တွင်းရော နိုင်ငံတကာ တွင်ပါ မြန်မာ့အရေးသည် အချိန် မပေးနိုင်ပဲ ချောင်ထိုးခံနေရပေသည်။ အီရတ်နှင့် အာဖဂန် နစ္စတန်ရှိ စိန်ခေါ်နေသော စစ်ပွဲများ၊ အီရတ်၏ နိုင်ငံရေး အုံကြွမှုများ၊ မြောက်ကိုးရီးယားနှင့် နျူကလီးယား အရေးများက အခြားကိစ္စများထက် အရေးကြီးနေပါသည်။

အမေရိကန် ပြည်တွင်းတွင် Obama အစိုးရ မတွက် မီးလောင်နေသော ကိစ္စရပ်များမှာ စီးပွားရေး နာလံထူမှု နှေးကွေးခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှု agenda ၏ မရေရာမှုများ ရှိနေပါသည်။ ယခုနှစ်တွင် ပြုလုပ်မည့် ကွန်ဂရက် ရွေးကောက်ပွဲ ကလည်း ရှိသေးသည်။ သေဆုံးသွားသော ဆီနိတ်တာ Edward M. Kennedy  နေရာတွင် ရီပတ်ဗလစ်ကင် အား ရှုံးနိမ့်ခြင်းမှာ အစိုးရအတွက် မနက် နှိုးစက်ပေးထားခြင်း ခံရသလိုပင် ဖြစ်နေပေသည်။

တစ်ချိန်တည်းတွင်ပင် မြန်မာစစ် အစိုးရသည် ယခုနှစ်တွင် အထွေထွေ ရွေးကောက်ပွဲ ကျင်းပရန် စီစဉ်နေပြီး၊ ရွေးကောက်ပွဲ ဥပဒေနှင့် ကျင်းပမည့် ရက်တို့ကိုမူ ကျေညာခြင်း မရှိသေးပါ။ အဓိက အတိုက်အခံ ပါတီ ဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ရန် ဆုံးဖြတ်ချက် မချသေးပေ။

မြန်မာ့ နိုင်ငံရေး အနာဂတ်သည် မသေချာမှုများ ရှိနေသေးသော်လည်း၊ အမေရိကန် အစိုးရ၏ ဆက်ဆံရေးကတော့ ဆက်လက် ရှိနေရေးသည် အရေးကြီးပါသည်။ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ ကြားတွင် အဓိပ္ပာယ် ရှိသော တွေ့ဆုံ ဆွေးနွေးမှု ရှိလာမှသာ အမျိုးသား ပြန်လည် ပေါင်းစည်းရေးအတွက် လမ်းစ ပေါ်မည် ဖြစ်ပါသည်။

နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန်နှင့် နှစ်ပေါင်း ငါးဆယ်ခန့် ပြဿနာ ဖြစ်နေသော တိုင်းရင်းသား အရေးများအတွက် ဗိုလ်ချုပ်များကို အမေရိကန် ပြည်ထောင်စု အနေဖြင့် ဆက်လက် ဖိအား ပေးနေရမည် ဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ ပဋိပက္ခ သဘာဝ သည် သမိုင်းကြောင်းနှင့် ချီသော တိုင်းရင်းသားများနှင့် ဆိုင်သော နိုင်ငံရေး ကိစ္စများ ရှိနေပေရာ အဖြေရှာရေးတွင် နက်နက်နဲနဲ ခွဲခြား စိတ်ဖြာရန်၊ စနစ်တကျ ချဉ်းကပ်ရန်နှင့် အားလုံးကို ထည်းသွင်း စဉ်းစား ကူညီပေးရန် လိုအပ် လှပါသည်။       

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment