Transparency Myanmar

transparency.myanmar@gmail.com

Sky News.2010, 26th January 2010

ဗြိတိန်နိုင်ငံသည် ကာလ ကြာမြင့်စွာ စီးပွားရေး ကျဆင်းနေမှုကို အဆုံးသတ်ရန် တာစူနေကာ ထုတ်ပြန်လိုက်သော စာရင်း ဇယားများအရ နိုင်ငံသည် ပြန်လည် တိုးတက်အောင် နောက်ဆုံးတွင် လုပ်ဆောင်နိုင်ခဲ့ကြောင်းကို ပြသနေပါသည်။

၂၀၀၈ ဒုတိယ လေးလပတ်မှ စ၍ စီးပွားရေး အကျပ်အတည်းနှင့် ရင်ဆိုင်ခဲ့ရသော ဗြိတိန်နိုင်ငံသည် ယခု ပထမဆုံး အကြိမ် စီးပွားရေး ပြန်လည် တိုးတက် လာသည်ကို ယနေ့ ထုတ်ပြန်သော ၂၀၀၉ နောက်ဆုံး လေးလပတ် GDP  ဂျီဒီပီ အချက်အလက်များက ပြသလိမ့်မည် ဟု စီးပွားရေး ပညာရှင်များက မှန်းဆနေပါသည်။

အကယ်၍ ဗြိတိန်သည် ၂၀၀၉ နောက်ဆုံး လေးလပတ်တွင် တိုးတက်မှု မရှိခဲ့ပါက အလွန် အံ့​သြ တုန်လှုပ်မိမည် ဖြစ်ပြီး စီးပွားရေး သရုပ်ခွဲ လေ့လာ မှန်းဆခြင်းကို စွန့်လွှတ်ရန်ပင် စဉ်းစားမိလိမ့်မည် ဖြစ်သည်ဟု IHS Global Insight မှ ဗြိတိန် စီးပွားရေး ပညာရှင် အကြီးအကဲ  Howard Archer  က ပြောကြားပါသည်။

ဗြိတိန်သည် G 7 ဂျီဆဲဗင်း နိုင်ငံများ၌ စီးပွားရေး အကျပ်အတည်း အတွင်း ကျန်ရှိနေသော နောက်ဆုံး နိုင်ငံ ဖြစ်ပြီး ယခင် နှစ်ကုန်ပိုင်း ထုတ်ပြန်သော တတိယ လေးလပတ် ရလဒ်များအရ စီးပွားရေး ကျုံ့နေဆဲ ဖြစ်သဖြင့် များစွာ အံ့သြ ခဲ့ကြရပါသည်။

နောက်ဆုံး GDP အချက်အလက်များအရ အောက်တိုဘာလမှ ဒီဇင်ဘာလ အထိ စီးပွားရေး ၀.၄% တိုးတက်ခဲ့သည်ကို ပြသလိမ့်မည်ဟု မှန်းဆနေကြပြီး ၀.၂% ကျဆင်းနေခြင်းမှ မြင့်တက် လာခဲ့ခြင်း ဖြစ်သည်။

စီးပွားရေး ကျဆင်းနေမှု တရားဝင် အဆုံးသတ်သွားမည့် အလားအလာများ မြင်တွေ့ရပြီ ဖြစ်သော်လည်း ပြန်လည် သန်စွမ်း နလံထူလာပြီဟု အသေအချာ မပြောနိုင်သေးပါ။

IME နှင့် ကုလသမဂ္ဂ ၂ ဖွဲ့စလုံးက ယခု နှစ်အတွင်း နှစ်ထပ်ကွမ်း စီးပွားရေး ကျဆင်းမှု ဖြစ်လာနိုင်သည်ဟု သတိပေးကြကာ ပြည်သူလူထု၏ ငွေချေးငှားမှုမှာလည်း တစ်ချိန်လုံး မြင့်မားနေဆဲ ဖြစ်ပါသည်။

"တကယ်လို့ စီးပွားရေး အကျပ်အတည်း ကနေ လွတ်မြောက် လာခဲ့ရင်တောင် ခက်ခက်ခဲခဲ ကြိုးစားမှုနဲ့ ပြန်လည် စတင်ကြရလိမ့်မယ် ဆိုတဲ့ အချက်ဟာ အင်မတန် တန်ဖိုးရှိတဲ့ ထောက်ညွှန် ပြသမှု တစ်ခု ဖြစ်တယ်" ဟု Daiwa Capital Markets Europe မှ စီးပွားရေး ပညာရှင် Colin Ellis က ပြောကြားပါသည်။

ဘတ်ဂျက် လိုငွေပြမှု ကြီးမားနေခြင်း လျှော့ချရေး၊ ပုဂ္ဂလိက ကဏ္ဍ အလုပ်အကိုင်များ ဖွံ့ဖြိုးလာအောင် လုပ်ဆောင်ရေးနှင့် လုပ်ခများ တိုးပေးရန် အစပျိုးနေမှုများသည် လာမည့်နှစ် အနည်းငယ် အတွင်း ကြီးမားသော စိန်ခေါ်မှုများ ဖြစ်လာလိမ့်မည်။

စီးပွားရေး ကျုံ့ဝင်မှု ၃.၅ %  ရှိလိမ့်မည် ဟု ကြိုတင်၍ တရားဝင် ခန့်မှန်းခဲ့ကြသော်လည်း ၂၀၀၉  ခုနှစ် အတွင်း စီးပွားရေးသည် ၄.၇၅ % အထိ ကျုံ့ဝင် သွားခဲ့သည် ဟု သိရှိရပြီး ဗြိတိန်၏ စီးပွားရေး ကျဆင်းမှုသည် ထင်ထားသည်ထက် ပို၍ နက်ရှိုင်းကြောင်း ချန်ဆယ်လာ Alistair Darling က ဝန်ခံ ပြောကြား လိုက်ပါသည်။

တစ်နိုင်ငံလုံး၏ ထုတ်လုပ်မှုသည် ၂၀၁၀ အတွင်း ၁ % မှ ၁.၅ % အထိ အသင့်အတင့် ကြီးထွားလာလိမ့်မည် ဟု Mr Oarling က ၎င်း၏ ယခင် ခန့်မှန်းချက်နှင့် ပူးတွဲ၍ သုံးသပ်လိုက်ပါသည်။

ငွေကြေး အကြပ်အတည်းကြောင့် အလုပ်လက်မဲ့ ပြဿနာ ကြီးထွား လာခြင်းကို ဗြိတိန်က အပြင်းအထန် ကြိုးစား ဖြေရှင်းလျက် ရှိပြီး ယခုကဲ့သို့ လေးလပတ် ကာလ ၆ခုမျှ စီးပွားရေး ကျုံ့ဝင် ခဲ့ရမှုသည် ၁၉၅၅ မှစ၍ မှတ်တမ်းတင် ခဲ့သမျှတွင် အချိန်အကြာဆုံး စီးပွားရေး ကျဆင်းမှု ဖြစ်သည် ဟု သိရှိရပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment