Transparency Myanmar

transparency.myanmar@gmail.com

Mizzima, By Salai Pi Pi, 29th January 2010

          မကြာသေးမီက ထုတ်ဝေသော ကုလသမဂ္ဂ အစီရင်ခံစာတွင် မြန်မာနိုင်ငံအား ဆင်းရဲမွဲတေမှု တိုက်ဖျက်ရန်၊ စိုက်ပျိုးရေး ကဏ္ဍအား ဦးစားပေး လုပ်ဆောင်ရန် တိုက်တွန်းခဲ့သည်။ အဘယ်ကြောင့် ဆိုသော် စိုက်ပျိုးရေး ကဏ္ဍသည် တိုးတက်ရန် အလားအလာ အများကြီး ရှိသောကြောင့်ဟု ဆိုသည်။ သို့သော် စီးပွားရေး ကျွမ်းကျင်သူများက အာဏာရှင်စနစ် အောက်တွင် စိုက်ပျိုးရေး ပြုပြင် ပြောင်းလဲရေးများ ပြုလုပ်နိုင်လိမ့်မည် ဆိုသည်ကို သံသယ ရှိနေဆဲ ဖြစ်သည်။

          ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ရန်ကုန်မြို့တွင် ပြုလုပ်သော Myanmar Humanitarian Partnership Group အစည်းအဝေးတွင် ကျွမ်းကျင်သူ ပညာရှင် ၇၀ ခန့် တက်ရောက်ခဲ့ရာ ကုလသမဂ္ဂ အေဂျင်စီများ၏ ဌာနမှူးများ၊ သံတမန်များနှင့် ကူညီရေး လုပ်သားများ တက်ရောက်ကြပြီး၊ မြန်မာနိုင်ငံတွင် လက်ရှိ ကြုံတွေ့နေရသော စီးပွားရေး စိန်ခေါ်မှုများအတွက် အရေးတကြီး မြှင့်တင်ရန် လိုအပ်နေသော စိုက်ပျိုးရေး ကဏ္ဍကို မီးမောင်းထိုး ဆွေးနွေးခဲ့သည်။

          စီးပွားရေး တိုးတက်မှုနှင့် ဆင်းရဲ မွဲတေမှု လျော့ချရေးသည် ထုတ်ကုန် တိုးတက်မှုနှင့် သီးနှံ စိုက်ပျိုးရေး၊ ငါး လုပ်ငန်းနှင့် မွေးမြူရေး လုပ်ငန်း တိုးတက်မှုများ အပေါ်တွင် တည်မှီနေကြောင်း UNDP မူဝါဒ အကြံပေး Shafique Rahman က ကုလသမဂ္ဂ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ လူဦးရေ၏ ၇၀ % ကျော်သည် ကျေးလက်များတွင် နေထိုင်ကြရာ၊ ညွှန်းကိန်းများ အားလုံးက စိုက်ပျိုးရေး ကဏ္ဍ သည် တိုးတက်ရန် အလားအလာများ ရှိကြောင်း ညွှန်းဆိုနေသည်ဟု ဆက်လက် ဖော်ပြထားသည်။

          Myanmar Humanitarian Partnership Group အစည်းအဝေးသည် လစဉ် ကျင်းပပြီး ကုလသမဂ္ဂ အေဂျင်စီများ၊ NGO များ၊ အလှူရှင်များနှင့် မြန်မာနိုင်ငံရှိ လူသားချင်း စာနာ ထောက်ထားမှု အသင်းများမှ အဖွဲ့ဝင်များ တက်ရောက်ကြပြီး ပညာရေး၊ ကျန်းမာရေးမှ စ၍ စိုက်ပျိုးရေး ကဏ္ဍအထိ တိုးတက်မှုများနှင့် လူသားချင်း စာနာထောက်ထားသည့် အရေးကိစ္စများကို ဆွေးနွေးရန် ကျင်းပကြသည်။

          ပြီးခဲ့သည့် လက နိုဘယ်ဆုရ ပါမောက္ခ Joseph Stiglitz မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ပြီး နောက်ပိုင်း စိုက်ပျိုးရေးကဏ္ဍကို တိုးမြှင့်ရန် တောင်းဆိုမှုများ ပေါ်ထွက်လာခြင်း ဖြစ်သည်။ Stiglitz သည် မြန်မာ အစိုးရအား စီးပွားရေး တိုးတက်မှုအတွက် လယ်ယာကဏ္ဍ ချေးငွေစနစ်ကို ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်ရန်၊ ပညာရေးတွင် ပိုမို ရင်းနှီး မြှုပ်နှံရန်၊ နိုင်ငံရေးတွင် ပါဝင် လှုပ်ရှားလာရန် လမ်းဖွင့်ပေးရန်၊ အကြံ ပြုခဲ့သည်။

          မကြာသေးမီက အစည်းအဝေးတွင် Stiglitz ၏ စီးပွားရေး မူဝါဒများနှင့် ကျေးလက် ချေးငွေ၊ ဈေးကွက် တန်ဖိုး အကဲဖြတ်ခြင်း၊ စိုက်ပျိုးရေး မဟုတ်သော စီးပွားရေး ကဏ္ဍ၊ အခြေခံ အဆောက်အဦ များနှင့် တုံ့ပြန်မှုများကို အလေးပေး ဆွေးနွေးကြသည်။

          သြစတြေးလျ Macquarie University နှင့် Burma Economic Watch မှ Sean Turnell ကလည်း မြန်မာနိုင်ငံ၏ စီးပွားရေး စိန်ခေါ်မှုများ အတွက် စိုက်ပျိုးရေး ကဏ္ဍ တိုးတက်အောင် ပြုလုပ်ရန် လိုအပ်ပုံကို သဘောတူခဲ့ပြီး၊ သို့သော် ဘက်စုံ စီးပွားရေး ဖွံ့ဖြိုးမှုကို မမြှင့်တင်ဘဲ တစ်ခုတည်း လုပ်၍ မဖြစ်နိုင်ကြောင်း ဆိုသည်။

          မြန်မာနိုင်ငံ ကြီးပွား တိုးတက်ရေးအတွက် စိုက်ပျိုးရေး ကဏ္ဍသည် အရင်းအမြစ် ကောင်းတစ်ခု ဖြစ်နေဆဲ ဖြစ်ပြီး၊ လွန်ခဲ့သော နှစ်လေးဆယ် အတွင်း ၎င်း၏ စွမ်းအားဖြည့် မဟုတ်ပဲ ဖြစ်နိုင်သည့် စွမ်းအား အနည်းငယ်ကိုသာ အသုံးပြုနိုင်ခဲ့ကြောင်း Sean Turnell က ဆိုသည်။

          စိုက်ပျိုးရေး ကဏ္ဍ ပြုပြင် ပြောင်းလဲရေးသည် အကြီးအကျယ် လိုအပ်နေသော စီးပွားရေး ပြုပြင် ပြောင်းလဲမှုတွင် ကြီးမားသော လုပ်ငန်းစဉ်၏ အစိတ်အပိုင်း တစ်ခု ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး ကဏ္ဍအတွက် ဖြစ်နိုင်သော ပြုပြင် ပြောင်းလဲမှုတိုင်းသည် တိုင်းပြည်၏ နိုင်ငံရေးနှင့် သက်ဆိုင်သော စီးပွားရေး၏ ဗဟိုကို လာရောက် ရိုက်ခတ်သည်ဟု ၎င်းက ဖြည့်စွက် ပြောသည်။

          ဧရိယာ ၆၇၆၅၀၀ စတုရန်း ကီလိုမီတာ ကျယ်ဝန်းသော မြန်မာနိုင်ငံသည် တစ်ချိန်က အရှေ့တောင် အာရှ၏ ဆန်အိုးကြီး ဖြစ်ခဲ့ပြီး၊ အာရှတိုက်၏ အကြီးဆုံး ဆန်တင်ပို့သူ ဖြစ်ခဲ့သည်။ သို့သော် မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ကျင့်သုံးသော ဗိုလ်ချုပ်ကြီးနေဝင်း၏ စစ်အစိုးရ လက်ထက်တွင် မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် အဆင်းရဲဆုံး နိုင်ငံ တစ်နိုင်ငံ ဖြစ်လာခဲ့သည်။

          ယခု လက်ရှိ စစ်အစိုးရသည် ၁၉၈၈ အရေးအခင်း အပြီးတွင် ဈေးကွက် စီးပွားရေးစနစ် ကျင့်သုံးမည်ဟု ကြေညာခဲ့ပြီး စိုက်ပျိုးရေးကဏ္ဍ ပြုပြင် ပြောင်းလဲမှုကို အနည်းငယ်သာ စတင်နိုင်ခဲ့သည်။

          မကြာသေးမီက မြန်မာ့ စီးပွားရေး ပညာရှင် ဒေါက်တာ ဦးမြင့်သည် Stiglitz ၏ အကြံပေးချက်ကို ထပ်မံ ထင်ဟပ်စေလျက် တိုင်းပြည်ရှိ လယ်သမားများ၏ ဆင်းရဲ မွဲတေမှုကို တိုက်ဖျက်ရန် ဆန်အား အဓိကပို့ကုန် ဖြစ်လာရန် ကြိုးစားသင့်ကြောင်း အကြံပြုခဲ့သည်။

          တရားဝင် ကိန်းဂဏန်းများအရ ၁၉၃၈-၃၉ တွင် ဆန် တင်ပို့မှုသည် မြန်မာနိုင်ငံ ပို့ကုန် စုစုပေါင်း ၏ ၄၇ % ရှိခဲ့သော်လည်း ၂၀၀၇-၀၈ တွင် ပို့ကုန် စုစုပေါင်း၏ ၁.၂ % သာ ရှိခဲ့သည်။

          Turnell က ပြောကြားရာတွင် ယခု အချိန်တွင် မြန်မာ လယ်ယာ စိုက်ပျိုးရေး ကဏ္ဍသည် အရင်းအနှီး ငွေ ပြတ်လပ်မှုကို ကြုံတွေ့နေရကြောင်း၊ တိုင်းပြည်၏ စီးပွားရေးနှင့် ငွေကြေးဆိုင်ရာ အရင်းအမြစ်များကို အစိုးရကသာ လုပ်ကိုင်နေပြီး ရသည့် ငွေများကို စစ်အင်အား တိုးချဲ့ရာတွင် အသုံးပြုနေသည်ဟု ပြောကြားခဲ့သည်။

          လယ်သမားများ လိုအပ်သော ပစ္စည်း ဝယ်နိုင်မည့် လိုအပ်သော ချေးငွေအပါအဝင် ကျေးလက် စီးပွားရေးကို ဖြည့်ဆည်း ဆောင်ရွက်မည် ဆိုလျှင် အများဆုံး ဒေါ်လာ တစ်ဘီလီယံခန့် ကုန်ကျမည် ဖြစ်ပါကြောင်း၊ Turnell က တွက်ချက်ပြသည်။ ယခုမူ ထိုသို့ အသုံးပြု ရမည့်အစား အစိုးရသည် Mig 29 တိုက်လေယာဉ် ဝယ်ရာတွင် ဒေါ်လာသန်း ၆၀၀ အသုံးပြုခဲ့ပါသည်ဟု ၎င်းက ဆိုသည်။

          ထိုင်းနိုင်ငံ အခြေစိုက် Vahu Development Institute မှ မြန်မာ့စီးပွားရေး သုတေသန ပညာရှင် အောင်သူငြိမ်းက ပြောရာတွင် လယ်သမား တစ်ဦးလျှင် စိုက်ပျိုးစရိတ် တစ်ဧကလျှင် ကျပ်ငွေ ၇၀၀၀၀ မှ တစ်သိန်း (ကန်ဒေါ်လာ ၇၀-၁၀၀) လိုအပ်သော်လည်း အစိုးရက တစ်ဧကလျှင် ကျပ်ငွေ ၇၀၀၀ - ၈၀၀၀ သာလျှင် ထုတ်ချေးသည်။

          ချေးငွေ မလုံလောက်မှုကြောင့် လယ်သမားများသည် အပြင်မှ အတိုးနှုန်း မြင့်မားစွာဖြင့် ချေးရပြီး၊ အတိုး တစ်နှစ်လျှင် ၁၈၀ % ခန့် ပေးနေရပါသည်။ ထို့ကြောင့် ၎င်းတို့ အမြတ် မကျန်တော့ကြောင်း အောင်သူငြိမ်းက မဇ္ဇျိမသို့ ပြောသည်။ ထို့ကြောင့် အစိုးရသည် လယ်ယာကဏ္ဍ ပြုပြင် ပြောင်းလဲရေး မလုပ်နိုင်လျှင် ဆင်းရဲတွင်းမှ လွတ်နိုင်လိမ့်မည် မဟုတ်ဟု ၎င်းက ဆက်လက် ပြောသည်။

          ကုလသမဂ္ဂ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံရှိ ဆင်းရဲသား သန်းပေါင်းများစွာသည် ငွေချေးစားသူ များထံမှ အတိုးနှုန်း မြင့်မားစွာ ပေး၍ ငွေချေးနေရပြီး၊ ကြွေးသံသရာတွင် နစ်နေပြီး UNDP နှင့် ဘဏ်များ က လိုအပ်သည့် ပမာဏ၏ ၁၀ % လောက်သာ ချေးပေးနိုင်သည်ဟု သိရှိရသည်။

          မြန်မာနိုင်ငံ၏ ကျေးလက်ဒေသ မိုက်ခရိုငွေကြေး လိုအပ်ချက်မှာ အမေရိကန် ဒေါ်လာသန်း ၃၄၀ အတွင်း ရှိကြောင်း ကုလသမဂ္ဂ၏ အဆိုအရ သိရှိရသည်။

          အောင်သူငြိမ်းက ဆက်လက် ပြောကြားရာတွင် မြန်မာ့ လယ်ယာကဏ္ဍ မတိုးတက်ရသည့် အချက်တစ်ခုမှာ အစိုးရ ကိုယ်တိုင်ကြောင့် ဖြစ်ကြောင်း၊ အစိုးရသည် လယ်သမားများထံမှ ပြင်ပပေါက်ဈေးထက် လျော့ပေး၍ ဝယ်ယူခြင်း၊ တိုင်းပြည်ရိက္ခာအတွက် ဆန်ဈေးနိမ့်၍ ဝယ်ယူခြင်းများကို ပြုလုပ်ခြင်း ဖြစ်သည်။

          ထို့ကြောင့် ပညာရှင်များက လယ်ယာ စိုက်ပျိုးရေး ကဏ္ဍကို ဦးစားပေးရန် တောင်းဆိုနေသော် လည်း အောင်သူငြိမ်းကမူ မြန်မာအစိုးရသည် ချက်ချင်း အရေးယူ ဆောင်ရွက်မှု ပြုလိမ့်မည်ဟု မထင်ကြောင်း အစိုးရသည် နေပြည်တော် အပြီးသတ်ရေး၊ စစ်တပ် ခေတ်မီရေးနှင့် နျူကလီယာ ပါဝါ ရရှိရေးတို့ ကိုသာ ဦးစားပေးလိမ့်မည်ဟု ထင်ကြောင်း ပြောသည်။

          Turnell ကလည်း အဓိပ္ပါယ်ရှိသော လယ်ယာ စိုက်ပျိုးရေးကဏ္ဍ ပြုပြင် ပြောင်းလဲမှုများ ပြုလုပ် လိမ့်မည်ဟု မမျှော်လင့်ကြောင်း ဆိုသည်။

          ယခုအခါ အစိုးရသည် လမ်းညွှန် မြေပုံ ၇ ချက်အရ ယခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပပေးမည်ဟု ဆိုသော်လည်း၊ ဝေဖန်သူများက စစ်တပ် အုပ်ချုပ်ရေး အမြစ်တွယ်ရန်သာ ပြုလုပ်လိမ့်မည်ဟု ထင်ကြောင်း ပြောကြားခဲ့ကြသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment