Transparency Myanmar

transparency.myanmar@gmail.com

မွန်ပြည်နယ်၊ ဘုရားသုံးဆူ အနီး ပန်လန် ဂျပန် ကျေးရွာတွင် ပြုလုပ်သော ၆၃ ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနား မိန့်ခွန်းပြောကြားရာ၌ မွန်တိုင်းရင်းသား ခေါင်းဆောင်ကြီးက အခမ်းအနား တက်ရောက်လာသော ပရိသတ်အား အကယ်၍ မိမိတို့သာ မြန်မာ စစ်တပ်ကို ပြန်လည်တိုက်ခိုက်မည် ဆိုပါက အားပေး ထောက်ခံမှု ပြုမည်လောဟူ၍ မေးခွန်းထုတ်ခဲ့ကြောင်း စုံစမ်းသိရှိရပါသည်။

ဘန်ကောက် အခြေစိုက် ထိုင်း-မွန် လူထုအဖွဲ့အစည်း ခေါင်းဆောင် Nai Tang Rong (၈၂ နှစ်) က "တကယ်လို့ မြန်မာ စစ်အစိုးရ ဆီကသာ ကျွန်တော်တို့ လိုချင်တဲ့ လွတ်လပ်မှုမျိုး မရဘူးဆိုရင် စစ်အစိုးရကို တိုက်ခိုက်ဖို့ လိုအပ်မယ်လို့ ခင်ဗျားတို့ ထင်သလား" ဟု မွန်အမျိုးသားနေ့ မိန့်ခွန်းပြောရာတွင် ထည့်သွင်း ပြောဆိုခဲ့ပါသည်။

"တကယ်လို့ ခင်ဗျားတို့ကသာ စစ်အစိုးရကို တိုက်ဖို့လိုအပ်မယ်လို့ ထင်ရင် လက်ခုပ် တီးကြပါ" ဟု အခမ်းအနားသို့ တက်ရောက်သော ပရိသတ်ကြီးအား မေးလိုက်သည်။ Nai Tang Rong ၏ မေးခွန်း ပြီးဆုံးသည်နှင့် တစ်ပြိုင်နက်တည်း ပရိသတ်ကြီးကလည်း တစ်ပြိုင်နက်တည်း လက်ခုပ်တီး ကြကြောင်း သိရပါသည်။

အဖွဲ့ဝင် ၁၀၀ ခန့် ရှိပြီး အမျိုးသမီးများလည်း ပါဝင်သော မွန်အမျိုးသား လွတ်မြောက်ရေး တပ်ဖွဲ့ (MNLA) ကလည်း အဆိုပါ မွန်အမျိုးသားနေ့တွင် စစ်ရေးချီ လမ်းလျှောက်မှု ပြုလုပ်ပြီး မွန်အလံတော်ကို အလေးပြုကာ မွန်အမျိုးသား သီချင်းကို ဂုဏ်ပြု သီဆိုခဲ့ကြ ပါသည်။

မွန်ပြည်သစ်ပါတီ (NMSP) ဥက္ကဋ္ဌ နိုင်ထောမွန်က မြန်မာစစ်အစိုးရသည် ယခုအခါ မိမိတို့ကို ပူးတွဲ နယ်ခြားဒေသစောင့် တပ်ဖွဲ့သို့ ပူးပေါင်းပါဝင်ရန် တွန်းအား ပေးလျက် ရှိကြောင်း ပြောဆိုပါသည်။

"ဒီအချိန် မွန်ပြည်နယ်မှာ စစ်ရေးတပ်ဖွဲ့ တစ်ခုတည်းရှိမယ် ဆိုတဲ့ ကိစ္စကို ကျွန်တော်တို့ လက်မခံပါဘူး။ တကယ်လို့ တိုင်းရင်းသားတွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးအတွက် ညှိနှိုင်း လုပ်ဆောင်ပေးနိုင်မယ့် ဒီမိုကရက်တစ် အစိုးရတစ်ရပ် ထွက်ပေါ်လာမယ်ဆိုမှ အဲဒီအဆိုပြုချက်ကို ကျွန်တော်တို့ လက်ခံမှာ ဖြစ်ပါတယ်" ဟု ၎င်းက ပြောပါသည်။

မြန်မာ စစ်အစိုးရက ပြီးခဲ့သည့် ၂၀၀၉ ခုနှစ် ဇွန်လတွင် NMSP အနေဖြင့် မြန်မာစစ်တပ်၏ ထိန်းချုပ်မှု အောက်တွင် ရှိမည့် နယ်ခြားဒေသစောင့် တပ်ဖွဲ့သို့ ဝင်ရောက်ရန် အဆိုပြု တောင်းဆိုခဲ့သည်။

အဆိုပါ အဆိုပြုချက်ကို မွန်တို့က ပယ်ချခဲ့ပြီးနောက် ယခုကာလများအတွင်း မြန်မာစစ်တပ်နှင့် NMSP တို့ အကြား တင်းမာမှုများ ဖြစ်ပေါ်လျက် ရှိကြောင်းသိရပါသည်။

"ကျွန်တော်တို့ကို မွန်တွေက ပြောပါတယ်၊ သူတို့တတွေရဲ့ တပ်တွေကို နယ်ခြား ဒေသစောင့်တပ် အဖြစ် မလုပ်စေချင်ဘူးတဲ့။ သူတို့ပြောတဲ့အတိုင်း စစ်အစိုးရကို အကြောင်း ပြန်လိုက်ပါတယ်" ဟု နိုင်ထောမွန်က ပြောပါသည်။

"တကယ်လို့ စစ်အစိုးရကသာ ကျွန်တော်တို့ကို အတင်းဖိအားပေးမယ်၊ ဒါမှမဟုတ် အင်အားသုံးပြီး ကျွန်တော်တို့ နယ်မြေကို သိမ်းပိုက်ဖို့ ကြိုးစားရင် ကျွန်တော်တို့ ကတော့ တိုက်ရမှာပဲ။ ဒါပေမဲ့ သူတို့ဘက်ကစပြီး မတိုက်သေးသရွေ့ အပစ်အခတ် ရပ်စဲရေး သဘော တူညီချက်ကို ကျွန်တော်တို့ ဆက်လက် ထိန်းသိမ်းသွားမှာပါ" ဟု ၎င်းက ဖြည့်စွက် ပြောဆိုပါသည်။

ယခု ၂၀၁၀ ပြည့်နှစ်တွင် ကျင်းပမည့် ဒီမိုကရေစီ ရွေးကောက်ပွဲသည် လွတ်လပ်ပြီး မျှတမှု ရှိမည်မဟုတ်ကြောင်း၊ အကြောင်းမှာ စစ်အစိုးရ ရေးဆွဲသော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ လက်အောက်တွင် ဒီမိုကရေစီ မရှိသလို တိုင်းရင်းသားများ အခွင့်အရေးလည်း မရှိသောကြောင့် ဖြစ်ကြောင်း ၎င်းကပြောပါသည်။

Irrawaddy သတင်းဌာန၏ We will fight, says Mon leader ကို ဘာသာပြန်ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment